← Chapters

အခန်း (၁၄၇၇)

Vol. 106 Ch. 1477

အခန်း (၁၄၇၇)

Vol. 106 Ch. 1477

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲဆယ်ကောင်နှင့် အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ရာကျော်သည် လေဟာနယ်ချိပ်ပိတ်ထားသော ဘေးပတ်ဝန်းကျင်မှ ကြယ်များထဲမှ ပျံသန်းထွက်လာကြသည်။

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါက အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူအားလုံးကို မျက်နှာဖြူဖျော့သွားစေပြီး တုန်ယင်သွားစေသည်။

“ သွားပြီ… ”

သုံးခွလှံကိုင်ထားသော ခေါင်းဆောင်၏ မျက်နှာပေါ်မှာ စိတ်ပျက်အားလျော့သော အမူအရာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ အန္တရာယ်ကပ်ဘေးထဲသို့ သူတို့ကျရောက်နေကြောင်း လူတိုင်းနားလည်ကြသည်။

“ ဝင်္ကပါဖွဲ့စည်းကြ ”

ခေါင်းဆောင်က အော်ပြောလိုက်သည့်အခါ သူ၏ လက်ထဲမှ သုံးခွလှံက အေးတိအေးစက် အပြာရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

သူက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ဝင်္ကပါအစီအရင်မှ ဝိညာဉ်အလင်း၏ အားဖြည့်ပေးမှုကြောင့် သူ၏ ပုံရိပ်က ပေတစ်ရာရှည်လျားသော စစ်ဗိုလ်ချုပ်အသွင် ပြောင်းလဲသွားသည်။

စစ်ဗိုလ်ချုပ်ထွက်ပေါ်လာသည်နှင့် နတ်ဘုရားအလင်းက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားပြီး မိုင်တစ်သောင်းကျယ်ဝန်းသော မိုးမြေဧရိယာကို ထွန်းလင်းသွားစေသည်။

“ သတ် ”

ခေါင်းဆောင်က ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ သုံးခွလှံကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အေးစက်စက် အရှိန်အဝါနှင့်အတူ ဝဲကတော့တစ်ခု ထွက်ပေါ်လာပြီး အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုဝဲကတော့ထဲတွင် အအေးဓာတ်က အဆုံးစွန်ထိ ဖွဲ့စည်းသွားပြီး ရေခဲပန်းပွင့်များကို ဖန်တီးလိုက်သည်။

သုံးခွလှံ၏ ထိပ်ဖျားက ထွန်းလင်းတောက်ပလာသည်။

ထိုလှံချက်က တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားကိုသာ ကိုယ်စားပြုခြင်း မဟုတ်ပေ။ ယင်းအစား လှံချက်က ဝင်္ကပါကို ဖွဲ့စည်းထားသော လက်ရွေးစင်တပ်ဖွဲ့တစ်ခုလုံးကို ကိုယ်စားပြုသည်။

“ ဂရောင်း ”

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများက ဟိန်းဟောက်လိုက်ကြပြီး ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်ကြသည်။

နတ်ဘုရားမီးတောက်… ။

ယင်းကို စည်းမျဉ်းစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ထဲတွင် မီးတောက်က မိုင်တစ်ထောင်အကွာအဝေးထိ ပျံ့နှံ့သွားပြီး ထိုဧရိယာတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

အောက်ဘက်တွင် တိုက်ပွဲဝင်္ကပါက ထိုမီးတောက်ဖြင့် တွေ့ဆုံသွားသည့်အခါ ဆီပူပူထဲသို့ ရေလောင်းချလိုက်သကဲ့သို့ ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။

ဝင်္ကပါ၏ အကာအကွယ်အလွှာပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

ထိုအက်ကွဲကြောင်းများ ထွက်ပေါ်လာသည့်အခါ ဝင်္ကပါအတွင်းမှာ ရှိနေကြသော ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။

သူတို့က အစောနက တိုက်ပွဲကြောင့် အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေကြသည်။ သို့ဖြစ်၍ ယခု သူတို့က နောက်ထပ် တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ရသောအခါ အားမရှိကြတော့ချေ။

ထို့ပြင် ဝင်္ကပါ၏ စုပေါင်းစွမ်းအားကို သူတို့၏ အရှေ့မှ ခေါင်းဆောင်ထံသို့ လွှဲပြောင်းပေးနေရသေးသည်။

“ ဗုန်း ”

အက်ကွဲကြောင်းများ ပိုမိုများပြားလာသည့်အခါ တိုက်ပွဲဝင်္ကပါက ပြိုကွဲပျက်စီးသွားသည်။

ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ သုံးခွလှံက ကောင်းကင်မိစ္ဆာသားရဲထံသို့ နောက်ဆုံးမှာ ရောက်ရှိသွားသည်။

“ ဝုန်း ”

ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က လှံချက်ကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး ရွှေရောင်ကောင်းကင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။

သို့သော်လည်း သူ့အဖွဲ့သားများထံသို့ သွားရောက်မကယ်တင်နိုင်မီ နောက်ထပ် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

နောက်ထပ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က လမ်းပိတ်ထားကြောင်း မြင်သောအခါ ခေါင်းဆောင်က စိတ်ပျက်အားလျော့စွာ အနောက်ဆုတ်သွားသည်။

သူ့အနောက်မှ တိုက်ပွဲဝင်္ကပါက ပျက်စီးသွားပြီ ဖြစ်၏။ သူ့ကိုယ်ပိုင်စွမ်းအားသည်လည်း မကြာမီ ကုန်ခမ်းသွားတော့မည်။

သူ၏ လက်ထဲမှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့နှစ်လုံး ရှိသော်လည်း ယင်းတို့က သူ၏ တိုက်ပွဲစွမ်းအားကို မမြှင့်တင်ပေးနိုင်ပေ။

“ အား… ”

ကောင်းကင်ပေါ်တွင် ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ သုံးခွလှံနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။

သူ၏ လက်ကျန်စွမ်းအားက သူ့လက်ထဲမှ ကမ္ဘာဦးအဆင့် တိုက်ပွဲလက်နက်ကို အသက်သွင်းပေးရန် မလုံလောက်ပေ။ သို့ဖြစ်၍ ဤကဲ့သို့ တဇွတ်ထိုး အရှေ့တတ်သွားခြင်းက သေလမ်းရှာခြင်းနှင့် မခြားပေ။

သူက သူ့ဂိုဏ်းမှ အဖွဲ့သားများနှင့်အတူ သေဆုံးရန် ဆုံးဖြတ်လိုက်သည်။ ယင်းက ဤအခိုက်အတန့်မှာ သူစဉ်းစားမိသော နောက်ဆုံးအတွေး ဖြစ်သည်။

သူက နောက်ထပ် ဘာမှမမျှော်လင့်တော့ပေ။

“ ရွှီး ”

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲထံသို့ သူပျံသန်းသွားသည်နှင့်ချက်ချင်း ဓားဟိန်းသံက ပဲ့တင်ထပ်လာသည်။

မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ဓားအလင်းက အဝေးမှ ပျံသန်းထွက်လာပြီး အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်သည်။

ထိုနေရာတွင် ကောင်းကင်ပုတီးစေ့တစ်လုံးသာ ကျန်ရှိတော့သည်။

အနီရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး စစ်ပွဲရုပ်သေးရုပ်နှစ်ခုကို ခေါ်ဆောင်လာသော ပုံရိပ်တစ်ခုက အဝေးမှ ဟင်းလင်းပြင်ပေါ်သို့ ဆင်းသက်လာသည်။ ထိုသူက အဆင့်နှစ် ကောင်းကင်ပုတီးစေ့ကို သူ၏ လက်ထဲမှာ ကိုင်ထားရင်း ပြောသည်။

“ ရှင့်မှာ ကောင်းကင်ပုတီးစေ့ရှိလား ”

“ လဲလှယ်ဖို့ ရှင်စိတ်ဝင်စားလား ”

ဟွမ်ကျစ်ဟူက ပုတီးစေ့ကို ကိုင်ထားရင်း ပြောသည်။

ကောင်းကင်ပုတီးစေ့နဲ့ လဲလှယ်ဖို့လား… ။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။

“ ကျွန်မက အံ့ဖွယ်ကိုးပါးမြို့တော်ကပါ… ရှင့်ရဲ့ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံးကို ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တစ်ခုနဲ့ လဲလှယ်နိုင်တယ်… ရှင်လဲလှယ်မလား ”

“ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နဲ့ဆိုရင် ရှင့်ရဲ့ တိုက်ပွဲစွမ်းအားက သိသိသာသာ တိုးမြှင့်သွားလိမ့်မယ် ”

ဟွမ်ကျစ်ဟူက စကားပြောနေရင်း အောက်ဘက်မှ ဝင်္ကပါအပျက်အစီးကို လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ တုန်ယင်သွားပြီး သူ၏ လက်ထဲမှ ကောင်းကင်ပုတီးစေ့နှစ်လုံးကို အမြန်ပစ်ပေးလိုက်သည်။

ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး ပုတီးစေ့များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့အနောက်မှ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှစ်ခုက အရှေ့သို့ ပျံသန်းသွားကြသည်။

သူတော်စင်အဆင့်နှင့် အထက်အဆင့် စစ်ပွဲရုပ်သေးရုပ်များမှာ ကိုယ်ပိုင်အသိစိတ်ရှိကြပြီး သူတို့ဘာသာ တိုက်ခိုက်နိုင်ကြသည်။

ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များ၏ စိတ်ဝိညာဉ်က အတိတ်မှ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ထက် အများကြီး ပိုသန်မာသည်။

အလဲအလှယ်ပြီးဆုံးပြီးနောက် ဟွမ်ကျစ်ဟူက အမြန်ထွက်ခွာသွားသည်။

ခေါင်းဆောင်က သူ့အရှေ့မှ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှစ်ခုကို ကြည့်နေရင်း တစ်ခဏကြာ မိန်းမောတွေဝေသွားသည်။

“ ဘန်း ”

အဝေးတွင် ပုံရိပ်အများအပြားက အရှေ့သို့ ပျံသန်းသွားနေကြသည်။ တစ်ချိန်တည်းမှာ ဓားအလင်းများက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများပေါ်သို့ ကျဆင်းသွားသည်။

ကောင်းကင်မိစ္ဆာသားရဲများ၏ ခုခံမှုက အလွန်သန်မာသည်။ အထူးသဖြင့် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ခုခံမှုက အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်သည်။

သို့သော်လည်း ထိုဓားအလင်းများ၏ ထက်ရှမှုက ကောင်းကင်မိစ္ဆာသားရဲများ၏ ခုခံမှုကို တိုက်ရိုက် ထိုးဖောက်သွားသည်။

အရေးကြီးသည်မှာ ထိုလူများက အင်မော်တယ်ဘုရင်အဆင့်မှာ မဟုတ်ကြပေ။

သို့တိုင် သူတို့က ကောင်းကင်မိစ္ဆာသားရဲများ၏ ခုခံမှုကို အလွယ်တကူ ဖြတ်တောက်နိုင်ကြသည်။

“ စစ်ချပ်ဝတ်ရဲ့ စွမ်းအား ”

ခေါင်းဆောင်က တီးတိုးရေရွတ်လိုက်ပြီး သူ့အရှေ့မှ စစ်ပွဲရုပ်သေးရုပ်နှစ်ခုကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

“ ဟား ဟား… ငါ့ရဲ့ ယုထင်းအင်မော်တယ်နန်းတော်က ဒီတစ်ကြိမ် သေချာပေါက် ထွန်းလင်းတောက်ပတော့မယ် ”

ဤနေရာက အကန့်အသတ်မဲ့ဟင်းလင်းပြင်ဖြစ်လေရာ ကောင်းကင်ဘုံစာရင်းကို မမြင်နိုင်ပေ။ သို့သော်လည်း ဤကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှစ်ခုဖြင့်ဆိုလျှင် သူတို့၏ တိုက်ပွဲစွမ်းအားက အကြီးအကျယ် မြင့်တတ်သွားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

ဘေးပတ်ဝန်းကျင်၌ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများက စတင်အနောက်ဆုတ်သွားနေကြပြီ ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်က ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်နှစ်ခုနှင့်အတူ အောက်သို့ ဆင်းသက်သွားသည်။

“ သတ် ”

သူအော်ပြောလိုက်သည့်အခါ စစ်ပွဲရုပ်သေးရုပ်နှစ်ခုက သူ့ကို ကျော်ဖြတ်သွားကြပြီး ယုထင်းအင်မော်တယ်နန်းတော်မှ အဖွဲ့သားများကို တိုက်ခိုက်နေကြသော ကောင်းကင်မိစ္ဆာသားရဲများထံသို့ ပျံသန်းသွားကြသည်။

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများက အနောက်ဆုတ်သွားကြပြီဖြစ်သော်လည်း အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက တန်ဖိုးရှိနေဆဲပင်။

ပိုပြီးအရေးကြီးသည်မှာ ယခု ထိုကောင်းကင်မိစ္ဆာသားရဲများထံတွင် မည်သည့်တိုက်ပွဲစိတ်ဆန္ဒမှ မရှိကြတော့ချေ။ ရှင်းလင်းစွာပင် ယင်းက သူတို့အတွက် အမဲလိုက်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်သည်။

“ နှင်းမုန်တိုင်း ဝင်္ကပါ ”

လေထဲမှ ခေါင်းဆောင်က အော်ပြောလိုက်သည်။

အောက်ဘက်တွင် ဝင်္ကပါက ပြိုကွဲလုနီးပါး အခြေအနေမှာ ရှိသည်။ သို့သော်လည်း သူတို့က ခေါင်းဆောင်၏ အမိန့်ပေးသံကို ကြားလိုက်သောအခါ စိတ်ဓာတ်တတ်ကြွသွားကြသည်။

“ ဘန်း ”

အဆုံးမဲ့သော လေနှင့် နှင်းက ပေါ်ထွက်လာပြီး အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများကို ဖုံးလွှမ်းသွားသည်။

ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်သည့်အခါ နှင်းမုန်တိုင်းထဲမှ ဝိညာဉ်အလင်းက ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ခုဆီသို့ ပျံသန်းသွားပြီး ပေါင်းစပ်သွားသည်။

စစ်ပွဲရုပ်သေးရုပ်က ပေတစ်ရာရှည်လျားသွားပြီး လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ၎င်းက အရှေ့မှ အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ထံသို့ ဦးတည်သွားသည်။

…..

မရေမတွက်နိုင်သော ဖရိုဖရဲ ဥက္ကာပျံများကြားတွင် ဟန်မူယဲ့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။

သူ၏ အနောက်တွင် ဟွမ်ခြောက်၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် ဆရာချင်းစုယန်သာ လိုက်ပါလာကြသည်။

တခြားလူများသည်တော့ သူတို့က သူတို့၏ နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းအားကြောင့် ဟန်မူယဲ့နောက်သို့ မလိုက်နိုင်ကြချေ။

သူတို့က ဟွမ်ကျစ်ဟူနှင့်အတူ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ဖမ်းကြသည်။

ဟန်မူယဲ့နှင့် သူ၏ အုပ်စုသည်တော့ သူတို့က အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများအတွက် ရောက်လာကြခြင်း မဟုတ်ပေ။

“ ဗုန်း ”

အရှေ့မှ ဟင်းလင်းပြင်ထဲတွင် အလင်းလွှာများက တုန်ခါသွားကြသည်။

ဟင်းလင်းပြင်ထဲတွင် စစ်ပွဲရုပ်သေးရုပ်များက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများကို ဝိုင်းရံလိုက်ကြသည်။ ကောင်းကင်မိစ္ဆာသားရဲများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသော်လည်း စစ်ပွဲရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။ နောက်အခိုက်အတန့်မှာ ၎င်းတို့က ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။

“ အဲ့ဒါ ကြယ်စင်စုစကြာဝဠာက ဝမ်လင်းနန်းတော်မလား ”

“ သူတို့ရဲ့ တိုက်ပွဲစွမ်းအားက တကယ် အံ့ဩစရာပဲ ”

ဆရာချင်းစုယန်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။

သူတို့အရှေ့မှ ဟင်းလင်းပြင်ထဲတွင် ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက အနည်းဆုံး အရေအတွက်တစ်သောင်း ရှိကြသည်။ ထို့ပြင် သူတို့ထဲမှ အများစုက ကမ္ဘာဦးအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ထိုသို့စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ထုတ်လုပ်ပေးနိုင်လိမ့်မည်။

အကယ်၍ အံ့ဖွယ်ကိုးပါးမြို့တော်သာ တခြားအင်အားစုအားလုံးကို မဖိနှိပ်ထားလျှင် ဝမ်လင်းနန်းတော်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ သေချာပေါက် နံပါတ်တစ်ဖြစ်လိမ့်မည်။

ဟွမ်ခြောက်က သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည်။ ယခု သူက ယခင်ကဲ့သို့ မောက်မာထောင်လွှားပုံမပေါ်တော့ချေ။

ကြယ်စင်စုစကြာဝဠာ၏ တိုက်ပွဲစွမ်းအားက မည်မျှသန်မာကြောင်း ဟန်မူယဲ့ထံမှ သူကြားဖူးသော်လည်း ဤတစ်ကြိမ်က ယင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ကြယ်စင်စုစကြာဝဠာမှ ထိုရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက သာမန်ကျင့်ကြံခြင်းစွမ်းအားကိုသာ ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့၏ တမူထူးခြားသော ရုပ်သေးရုပ်များနှင့် ချပ်ဝတ်များဖြင့်ဆိုလျှင် သူတို့အားလုံးက အစွမ်းထက်လက်ရွေးစင်များအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။

ထို့ပြင် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များအပေါ် သူတို့၏ ထိန်းချုပ်နိုင်စွမ်းက တခြားစကြာဝဠာများထက် အများကြီး သာလွန်သည်။

အံ့ဖွယ်ကိုးပါးမြို့တော်မှ ဓားကျင့်ကြံသူများသည် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များ၏ အကူအညီကြောင့် ယခင်ကထက် အများကြီး ပိုသန်မာလာကြသည်။ သို့သော်လည်း စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များအပေါ် သူတို့၏ ထိန်းချုပ်နိုင်စွမ်းက ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်များကိုတော့ မယှဉ်နိုင်ပေ။

ကံကောင်းသည်မှာ သူတို့က ဓားကျင့်ကြံသူများ ဖြစ်ကြသည်။ ဓားတာအိုသည်သာ သူတို့အတွက် အဓိကဖြစ်ပြီး စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက ပြင်ပအထောက်အပံ့များသာ ဖြစ်သည်။

အံ့ဖွယ်ကိုးပါးမြို့တော်၏ စစ်မှန်သော အင်အားက သူတို့၏ ဓားကျင့်ကြံခြင်းပေါ်မှာ အဓိကအခြေခံသည်။

“ ဗုန်း ”

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်၏ လွတ်လမ်းများက ပိတ်ဆို့ခံလိုက်ရသည်။ ထို့နောက် စစ်ပွဲရုပ်သေးရုပ်ဒါဇင်ခန့်က တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး တိုက်ခိုက်လိုက်ကြသည်။ ဝိညာဉ်အလင်းက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။

လေကြမ်းများဖြင့် တိုက်ခတ်ခံလိုက်ရသော ဥက္ကာပျံအစုအဝေးများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး ကြယ်အပိုင်းအစများက ဖုန်မှုန့်ဖြစ်သွားကြသည်။

အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲတွင် တိုက်ပွဲများက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ဤနေရာမှာ သူတို့ကို ကန့်သတ်ချုပ်နှောင်ထားမည့် စည်းမျဉ်းများ မရှိပေ။ သို့ဖြစ်၍ သူတို့က လွတ်လပ်စွာ အစွမ်းကုန် ထုတ်လွှတ်နိုင်ကြသည်။

“ ဒီတစ်ကြိမ်တော့ ငါတို့ နည်းနည်းထောပြီ ”

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်က ဝိုင်းရံသတ်ဖြတ်ခံလိုက်ရပြီး ၎င်းတို့၏ ကောင်းကင်ပုတီးစေ့များက သိမ်းဆည်းခံလိုက်ရကြောင်း ဟွမ်ခြောက် မြင်သွားသောအခါ မနာလိုသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အဆင့်နှစ် ကောင်းကင်ပုတီးစေ့များက အလွန်တန်ဖိုးကြီးမားသည်။

ဟွမ်ခြောက်သည်ပင် သူ၏ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ရန် အဆင့်နှစ် ကောင်းကင်ပုတီးစေ့များစွာကို လိုအပ်သည်။

“ အခွင့်အလမ်းတွေက အမြဲတမ်း အန္တရာယ်တွေနဲ့ ဒွန်တွဲနေတတ်တယ် ”

ဟန်မူယဲက နူးညံ့စွာ ရေရွတ်လိုက်ပြီး အဝေးမှ ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ပုံရိပ်ယောင်စိတ်ခံစားမှုက ထွက်ပေါ်နေသည်။

“ သတိထားဦး… ဖရိုဖရဲလေဟာနယ်စွမ်းအားကို ငါအာရုံခံမိတယ် ”

ဟွင်းသွမ်း၏ အသံက ဟန်မူယဲ့၏ ဘေးမှာ ထွက်ပေါ်လာသည်။

ဖရိုဖရဲလေဟာနယ်သည် ဒုစရိုက်နဂါး ပိုင်ဆိုင်ထားသောစွမ်းအား ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲတစ်ကောင်က ထိုနေရာမှာ ရှိနေသည်လော။

All Chapters