အခန်း (၁၄၇၈)
Vol. 106 Ch. 1478
ဟန်မူယဲ့၏ စိတ်အာရုံထဲတွင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ထိုဦးတည်ရာဆီသို့ ပျံသန်းသွားနေသည်။
အကယ်၍ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှင့် ကမ္ဘာဦးအုပ်ချုပ်သူတို့ အတူတကွ ပူးပေါင်းလိုက်မည်ဆိုလျှင် သူသည်ပင် ၎င်းတို့ကို ထိပ်တိုက် တိုက်ခိုက်ဝံ့တော့မည် မဟုတ်ချေ။
သူ၏ အကန့်အသတ်ကို ဟန်မူယဲ့ ကောင်းမွန်စွာ နားလည်ထားသည်။
ထို့ပြင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများ နောက်ထပ် ရှိနေသေးသည်လော သူမသိပေ။
“ ဝူး ”
အရှေ့တွင် ကြယ်စင်စုစကြာဝဠာမှ မဟာစစ်တပ်က စတင်စုဝေးလိုက်သည်။
သူတို့က ကောင်းကင်မိစ္ဆာသားရဲအများအပြားကို သတ်ဖြတ်ခဲ့လေရာ သူတို့ရရှိခဲ့သော အကျိုးအမြတ်များက မသေးငယ်ပေ။ တိုက်ပွဲဝင်္ကပါများကို စုဝေးလိုက်သည့်အခါ အပြုံးက လူတိုင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ယနေ့ သူတို့သတ်လိုက်သော အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲလေးကောင်ကို ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်လေးခု သို့မဟုတ် စစ်ချပ်ဝတ်လေးခုဖြင့် လဲလှယ်နိုင်သည်။
ထိုအခါကျလျှင် သူတို့၏ ကောင်းကင်ဝိညာဉ်နန်းတော်က နောက်ထပ် စွမ်းအားတိုးမြှင့်သွားလိမ့်မည်။
ယခင် သူတို့စုဆောင်းထားခဲ့သော အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်ပုတီးစေ့များဖြင့်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အကြီးအကျယ် တိုးမြှင့်သွားလိမ့်မည်။
ထို့ပြင် ယင်းက အမဲလိုက်တာဝန်တစ်ခုမျှသာ ရှိသေး၏။ အနာဂတ်တွင် နောက်ထပ် အမဲလိုက်တာဝန်အများကြီးကို လုပ်ဆောင်သည့်အခါ အခွင့်အလမ်းအများကြီးကို သူတို့ရရှိသွားကြလိမ့်မည်။
“ တစ်ခုခု လွဲမှားနေတယ် ”
ဟန်မူယဲ့က သူ့အရှေ့၌ စုဝေးသွားနေကြသော စစ်တပ်များကို လေ့လာကြည့်ရှုနေစဉ် စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
သူ၏ အမြင်တွင် ထိုတိုက်ပွဲဝင်္ကပါများက အစီအစဉ်တကျ မရွေ့လျားနေကြချေ။ ယင်းအစား ၎င်းတို့က နေရာပေါင်းစုံသို့ ပြန့်ကျဲသွားနေကြသည်။ သို့ဖြစ်၍ တိုက်ပွဲဝင်္ကပါများကြားမှ ဆက်သွယ်ချက်က တဖြည်းဖြည်း အားနည်းလာသည်။
သိပ်မကြာခင် ထိုစစ်သည်တော်ထောင်သောင်းချီက သူတို့ဘာသာ ကွဲထွက်သွားကြလိမ့်မည်။
ထိုသို့ဖြစ်သွားသည့်အခါကျလျှင် တိုက်ပွဲဝင်္ကပါများ၏ အင်အားက သိသိသာသာ ဆုတ်ယုတ်သွားလိမ့်မည်။ ထိုအခါ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်သည်ပင် သူတို့ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်လိမ့်မည်။
သို့တိုင် ကောင်းကင်ဝိညာဉ်နန်းတော်မှ ကျင့်ကြံသူများက ယင်းကို လုံးဝ သတိမထားမိကြချေ။ သူတို့က သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ဆက်ပြီး ရွေ့လျားနေကြသည်။
“ သူတို့က အကန့်အသတ်မဲ့ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားတာလား ”
ချင်းစုယန်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူတို့၏ အရှေ့မှ ဟင်းလင်းပြင်ကို ပုံရိပ်ယောင်မြူခိုးအလွှာတစ်ခုက ဖုံးအုပ်ထားဟန် ရ၏။
အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူများက ထိုပုံရိပ်ယောင်မြူခိုးထဲမှာ အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။ သို့သော်လည်း ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်ကျင့်ကြံသူများက မည်သို့ကြောင့် လမ်းပျောက်နိုင်မည်နည်း။
ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများသည် တခြားကျင့်ကြံသူများထက် ပိုပြီးသာလွန်သော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ မည်သို့ဖြစ်ပါစေ စစ်ပွဲရုပ်သေးရုပ်များနှင့် စစ်ချပ်ဝတ်များကို ထိန်းချုပ်ရန်အလို့ငှာ သူတို့က အားကောင်းသော ဝိညာဉ်စွမ်းအားကို လိုအပ်ကြသည်။
ထို့ပြင် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက ဝိညာဉ်လှုပ်ခတ်ခြင်းကို ခုခံတားဆီးပေးနိုင်ပြီး သူတို့၏ သခင်ကို ဦးတည်ရာနှင့် တည်နေရာအား အကဲဖြတ်ပေးနိုင်သည်။
သို့ဖြစ်၍ လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် လမ်းပျောက်ရန် ဖြစ်နိုင်ခြေအနည်းဆုံး ပုဂ္ဂိုလ်များမှာ ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
“ ဒုစရိုက်နဂါး လှုပ်ရှားလိုက်တာဖြစ်မယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး လက်မြှောက်လိုက်သည်။
အလင်းလွှာတစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။
အလင်းလွှာပေါ်တွင် သူတို့အရှေ့မှ လေဟာနယ်က ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ဝေဝါးသော တိမ်တိုက်များက လေဟာနယ်ကို ဖုံးလွှမ်းထားကြသည်။
ယင်းက စည်းမျဉ်းချိုးဖြတ်စွမ်းအားများ၏ ထင်ရှားသော အပြောင်းအလဲဖြစ်သည်။
“ ဒီတော့ အဲ့ဒီလိုကို ”
ချင်းစုယန်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
“ အမတ်ချုပ်ဟန်က လှုပ်ရှားတော့မှာလား ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ့အရှေ့မှ အလင်းလွှာကို ချိုးဖြတ်လိုက်သည်။
“ ဒုစရိုက်နဂါး ဘာစီစဉ်နေတယ်ဆိုတာ ကျုပ်မသိဘူး… ဒါပေမဲ့ အဲ့ဒီယုတ်ညံ့တဲ့ နတ်သားရဲက ကောင်းတဲ့ကိစ္စကို ဆောင်ရွက်မှာတော့ မဟုတ်ဘူး ”
ဟန်မူယဲ့က ပုံရိပ်ယောင်နယ်မြေဆီသို့ ပျံသန်းသွားသည်။
“ ဒီနေရာကိုတော့ ခင်ဗျားတို့ဆီ ကျုပ်လွှဲခဲ့မယ် ”
ထိုစကားကို ကြားသောအခါ ဟွမ်ခြောက်က တိုးညင်းစွာ ပြောသည်။
“ ဂရုစိုက်ဦး ”
ထို့နောက် သူက လေထဲသို့ ခုန်လိုက်သည်။
အခြားတစ်ဖက်တွင် ချင်းစုယန်သည်လည်း လှုပ်ရှားလိုက်သည်။
“ ဗုန်း ”
သုံးပေရှည်လျားသော ဓားတစ်လက်က ချင်းစုယန်၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ဓားဖျားက ရုတ်ချည်း အကန့်အသတ်မဲ့စွာ ရှည်လျားသွားသည်။
မိစ္ဆာနတ်ဘုရားပုံရိပ်က ဟွမ်ခြောက်၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ နတ်ဘုရားအလင်းနှင့် မိစ္ဆာချီက ၎င်းထံမှ ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားသည်။
“ ဘန်း ”
ဟွမ်ခြောက်က သူ၏ ခြေဖဝါးအောက်မှ ပုံရိပ်ယောင်နယ်မြေများကို တစ်ခုပြီးတစ်ခု ချေမွဖျက်ဆီးလိုက်သည်။
ချင်းစုယန်၏ အကန့်အသတ်မဲ့ဓားရှည်က သူ့အရှေ့မှ ပုံရိပ်ယောင်များကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ တပ်ဖွဲ့အများအပြားက ရုတ်ချည်း ရပ်တန့်သွားကြသည်။
“ တစ်ခုခုလွဲမှားနေတယ် ”
“ ငါတို့ရဲ့ ဦးတည်ရာက မှားယွင်းနေတယ် ”
တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ စစ်ပွဲရုပ်သေးရုပ်များကို အသက်သွင်းလိုက်ကြသည်။ ထိုအခါ ပေတစ်ထောင်ရှည်လျားကြသော ဧရာမပုံရိပ်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။
ရွှေရောင်အလင်း ထွန်းလင်းတောက်ပသွားသည့်အခါ ဝင်္ကပါများက အချင်းချင်း ပြန်လည်ချိတ်ဆက်သွားကြသည်။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် အလွန်အားကောင်းသော ရွှေရောင်အလင်းက ပြန်ပေါင်းစည်းသွားသော တိုက်ပွဲဝင်္ကပါအတွင်းမှ ထွက်ပေါ်လာသည်။
ချင်းစုယန်နှင့် ဟွမ်ခြောက်သည် ပုံရိပ်ယောင်ကို ချိုးဖြတ်ပြီးနောက် အရှေ့ဆက် မတိုးခဲ့ကြပေ။
“ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းတို့ ”
ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ဟွမ်ခြောက်နှင့် ချင်းစုယန်ကို လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်သည်။
“ အကာအကွယ်အတွက် အသင့်ပြင်ထားကြ ”
ကျယ်လောင်သော အော်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။
တိုက်ပွဲဝင်္ကပါအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည့်အခါ အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ကုန်းစွန်းမင်က ရွှေရောင်တိုက်ပွဲလှံကို ဆုပ်ကိုင်လျက် ဟွမ်ခြောက်နှင့် ချင်းစုယန်ကို လှမ်းကြည့်လိုက်သည်။
“ ဘယ်သူများလဲလို့ လက်စသတ်တော့ အံ့ဖွယ်ကိုးပါးမြို့တော်က ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်နဲ့ အင်မော်တယ်ဘုရင်ချင်းစုယန်ကို ”
ကုန်းစွန်းမင်က ဂါရဝပြုလိုက်သည်။
“ ကျုပ် ကုန်းစွန်းမင်က နှုတ်ဆက်ပါတယ် ”
ဟွမ်ခြောက်နှင့် ချင်းစုယန်သည် ကျင့်ကြံခြင်းစွမ်းအားအရဖြစ်စေ သို့မဟုတ် အဆင့်အတန်းအရဖြစ်စေ အင်အားစုအများအပြား၏ အလေးထားခြင်းခံရသည်။ ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ သူတို့နာမည်ကို မသိသူမရှိပေ။
“ ကုန်းစွန်းမင်လား ”
ဟွမ်ခြောက်က ပြုံးလိုက်သည်။
“ မင်းက ကြယ်စင်စုစကြာဝဠာက ကုန်းစွန်းမိသားစုရဲ့ လက်ရွေးစင်တစ်ယောက်လို့ ငါကြားဖူးတယ်… ဒါပေမဲ့ အခု ငါမြင်လိုက်ရတာတော့ မင်းက ငါ့သမီးလောက်တောင် မတော်ပါလား ”
သူ၏ အသံက မတိုးညင်းပေ။ သို့ဖြစ်၍ တိုက်ပွဲဝင်္ကပါအတွင်းမှ ကျင့်ကြံသူများက မျက်နှာမသာမယာဖြစ်သွားကြသည်။
သို့သော်လည်း တစ်ဖက်လူက ယခုလေးတင် သူတို့ကို ကယ်တင်ထားလေရာ ရိုင်းစိုင်းစွာ ပြန်တုံ့ပြန်ခြင်းက မသင့်လျော်ပေ။
“ ဟား ဟား… ဟွမ်ကျစ်ဟူရဲ့ နာမည်ကို ကျုပ်လည်း ကြားဖူးပါတယ်… တကယ်လို့ အခါအခွင့်သင့်မယ်ဆိုရင် အံ့ဖွယ်ကိုးပါးမြို့တော်ဆီ ကျုပ်လာလည်ပါမယ် ”
ကုန်းစွန်းမင်က အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ဟွမ်ခြောက်နှင့် ချင်းစုယန်ကို ကြည့်လိုက်သည်။
“ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဒီကို ရောက်နေတယ်ဆိုတော့ ဆရာဟန်ရော ဒီမှာ ရှိနေတာလား ”
ထိုစကားကို ကြားသောအခါ ဟွမ်ခြောက်နှင့် ချင်းစုယန်က ပြိုင်တူ ခေါင်းမော့လိုက်ကြသည်။ သူတို့၏ အကြည့်က အဝေးမှ ပုံရိပ်ယောင်နယ်မြေတစ်ခုဆီသို့ ကျရောက်သွားသည်။
ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများသည် သူတို့၏ အကြည့်နောက်သို့ လိုက်၍ ခေါင်းမော့လိုက်ကြသည်။
အဝေးတွင် ပုံရိပ်ယောင်အလင်းစီးကြောင်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
တစ်စုံတစ်ယောက်က ယင်းတို့ကို တစ်ချက်ကြည့်လိုက်သည်နှင့် ဝိညာဉ်တုန်လှုပ်သွားနိုင်သည်။
“ အဲ့ဒါ ဘာကြီးလဲ”
ကုန်းစွန်းမင်က တုန်ယင်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
“ ဗုန်း ”
ပုံရိပ်ယောင်နယ်မြေထဲတွင် ဓားဟိန်းသံက ပဲ့တင်ထပ်သွားသည်။
ရွှေရောင်အလင်းက ထွန်းလင်းတောက်ပသွားသည်။
“ သွားကြစို့… အဲဒီတိုက်ပွဲက ငါတို့ ဝင်စွက်ဖက်နိုင်တဲ့အရာ မဟုတ်ဘူး ”
ချင်းစုယန်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ကုန်းစွန်းမင်ကို လှည့်ကြည့်လိုက်သည်။
“ အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ အန္တရာယ်တွေ အများကြီး ရှိတယ်… မင်းရဲ့ ဝမ်လင်းနန်းတော်လည်း တာဝန်တချို့ ယူသင့်တယ် ”
“ တကယ်လို့ မင်းက အင်အားစုအသီးသီးက ကျင့်ကြံသူတွေကို ကယ်ဆယ်နိုင်မယ်ဆိုရင် အဲ့ဒါက ကြီးမားတဲ့ ကုသိုလ်အကျိုးဆောင်မှု ဖြစ်လိမ့်မယ် ”
ယင်းကို ကြားသောအခါ ကုန်းစွန်းမင်က ခေါင်းညိတ်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ ဒီဂျူနီယာ နားလည်ပါပြီ ”
မျက်စိတစ်မှိတ်အတွင်းမှာ ဝမ်လင်းနန်းတော်က တိတ်တဆိတ် ထွက်ခွာသွားသည်။
ထိုအချိန်တွင် အဝေး၌ ဟန်မူယဲ့က ပေတစ်သောင်းရှည်လျားသော ရွှေရောင်အရိုးနဂါးတစ်ကောင်နှင့် တိုက်ခိုက်နေသည်။
“ နဂါးမီကျောင်း… ဟား ဟား… မတွေ့ရတာ အချိန်အတော်ကြာသွားပြီ ”
ရယ်မောသံက အရိုးနဂါး၏ ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်လာသည်။
အဖြူရောင်အရိုးက ခန္ဓာကိုယ်ဖြစ်ပြီး ရွှေရောင်မှော်အင်းကွက်များက ၎င်း၏ အရိပ်ဖြစ်သည်။
၎င်းက ပုံရိပ်ယောင်ထဲမှ တည်ရှိမှုတစ်ခုဖြစ်ပြီး ရွှမ်မင်မြွေသားရဲမှ အသွင်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
မှန်ပေသည်။ ဝိညာဉ်ပုံရိပ်နဂါးက ရွှမ်မင်မြွေသားရဲမှ တစ်ဆင့်ပြီးတစ်ဆင့် ဆင့်ကဲပြောင်းလဲသွားခဲ့သော နတ်သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းကို နဂါးဟုခေါ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်က မြွေခန္ဓာကိုယ်ဖြစ်နေဆဲပင်။
၎င်း၏ ခန္ဓာကိုယ်က အရိုးစုဖြစ်ပြီး ၎င်း၏ အရိုးအဆစ်တစ်ခုစီတိုင်းတွင် နတ်သားရဲဝိညာဉ်များက လှည့်ပတ်နေကြပြီး နာကျင်စွာ အော်ဟစ်ညည်းညူနေကြသည်။
၎င်း၏ ဦးခေါင်းက ဟန်မူယဲ့ အသွင်ပြောင်းလဲထားသော ရွှေစစ်ချပ်ဝတ်ဗိုလ်ချုပ်နှင့် တွေ့ဆုံသွားသည်။ ထိုအခါ ကြမ်းတမ်းသော အားလှိုင်းဂယက်များက အဝေးသို့ ပျံ့လွင့်သွားပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသည်။
သူတို့၏ အနီးနားမှ ကြယ်တစ်လုံးက ထိုစွမ်းအင်လှိုင်းများကြောင့် ချက်ချင်း ဖုန်မှုန့်ဖြစ်သွားသည်။
အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော ပုံရိပ်ယောင်နယ်မြေက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထိုနယ်မြေအတွင်းမှ ကြယ်များသည်ပင် ပင်လယ်ပြင်ပေါ်မှ ဂျယ်လီငါးများသဖွယ် နိမ့်ချည်မြင့်ချည် လှုပ်ခါသွားကြသည်။
ဟန်မူယဲ့က အရိုးဖြူနဂါး၏ တိုက်ခိုက်မှုကို ခုခံတားဆီးလိုက်ပြီး လက်သီးတစ်လုံးပြီးတစ်လုံး ထိုးလွှတ်လိုက်သည်။
သူက ကြောက်ရွံ့မနေပေ။
သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက ဤအဆင့်သို့ ရောက်ရှိလာပြီးနောက် သူ၏ လက်သီးချက်တိုင်းမှာ စည်းမျဉ်းချိုးဖြတ်စွမ်းအားက အလိုအလျောက် ကိန်းအောင်းသွားသည်။
ဤလောက၏ အထွတ်အထိပ် သဘာဝလွန်စွမ်းအားတချို့နှင့် ထိပ်တန်းရတနာတချို့သာလျှင် သူ၏ ရုပ်ခွန်အားကို ခုခံနိုင်လိမ့်မည်။
“ ဗုန်း ”
ဟန်မူယဲ့၏ ရွှေရောင်စစ်ဗိုလ်ချုပ်က လက်သီးထိုးလွှတ်လိုက်ပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။
သူက တစ်ဖက်လူ၏ ခွန်အားကြောင့် အနောက်ဆုတ်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူက အရှိန်ယူရန် အနောက်ဆုတ်သွားခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ရုပ်ခွန်အားတွင် နာမည်ကျော်ကြားသော နဂါးမီကျောင်းကို ဒုစရိုက်နဂါးတစ်ကောင်က မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။
ဟန်မူယဲ့က အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည့်အခါ သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး သူ့အရှေ့မှ အရိုးဖြူနဂါးကို တွန်းထုတ်လိုက်သည်။
ထို့နောက် အရိုးဖြူနဂါးပုံရိပ်က ဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီး အေးစက်ခက်ထန်သော လူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ လူငယ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှစ်ပေရှည်သည်။
လူငယ်၏ လက်ထဲတွင် အရိုးဓားရှည်တစ်လက်ကို ကိုင်ထားသည်။ သူ၏ အရိုးဓားက နတ်ဘုရားအလင်းဖြင့် ထွန်းလင်းတောက်ပနေပြီး အရိုးခိုက်ခိုက်တုန်စေနိုင်သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
ဟန်မူယဲ့က ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းလိုက်သည်။
“ မင်းက စိတ်ဝင်စားစရာပဲ ”
ဒုစရိုက်နဂါးက ဟန်မူယဲ့ကို စူးစမ်းလိုစွာ ကြည့်လိုက်ပြီး အေးတိအေးစက် ပြောသည်။
“ မင်းက နဂါးမီကျောင်းရဲ့ စွမ်းအားကို သန့်စင်ရဲတယ်… ပြီးတော့ အခုထိ မင်းက ဘာဆိုးကျိုးမှ မခံစားရဘူး… ဒီလိုအဖြစ်အပျက်က အရမ်းရှားပါးတယ် ”
“ မင်းဘာကြောင့် ဒီကိုရောက်လာတာလဲဆိုတာ ငါသိတယ် ”
“ တကယ်လို့ မင်းက ငါ့ရဲ့ အရိုးဖြူဓားအောက်မှာ ဆယ်ကွက်ခုခံနိုင်မယ်ဆိုရင် ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် ”
လူငယ်၏ စကားဆုံးသွားသည့်အခါ သူ၏ လက်ထဲမှ အရိုးဖြူဓားရှည်က အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ဓားသွားပေါ်တွင် ဓားဆန္ဒအလင်းက ရေးတေးတေး ပေါ်လျှိုးလာသည်။
ဓားမြည်သံက နဂါးဟိန်းသံနှင့် ဆင်တူသည်။ ထို့နောက် နဂါးပုံရိပ်များနှင့် နတ်သားရဲပုံရိပ်များက ဓားသွားပေါ်မှာ ထွက်ပေါ်လာကြသည်။
ထိုအရိုးဖြူဓားကို နတ်သားရဲများ၏ ကျောရိုးများဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ထိုအရိုးဖြူဓားကို အာရုံမစိုက်နိုင်သေးပေ။ အလွန်ထက်ရှသော ဓားဆန္ဒက သူ၏ ဓားခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
သူ့ကိုယ်ပိုင် ဓားတာအိုအမွေအနှစ်နှင့် ဓားနတ်ဘုရားလုယွဲ့ ချန်ထားခဲ့သော ဓားပညာမှလွဲလျှင် ဤဒုစရိုက်နဂါး၏ ဓားဆန္ဒက အစွမ်းထက်ဆုံး ဖြစ်သည်။
ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်ပြီး ဝိညာဉ်ပုံရိပ်နဂါးဟု နာမည်ကျော်ကြားသော ဤဒုစရိုက်နဂါး၏ ဓားတာအိုက မည်မျှသန်မာကြောင်း ဟန်မူယဲ့ သိချင်မိသည်။