အခန်း (၁၄၇၉)
Vol. 106 Ch. 1479
“ ဓားတာအို ”
ဟန်မူယဲ့က တိုးညင်းစွာ အော်လိုက်သည်။
ဒုစရိုက်နဂါးက ဟန်မူယဲ့ကြောင့် အနည်းငယ် အံ့ဩသွားဟန် ရ၏။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ဒီကို ရောက်လာတဲ့ မင်းရဲ့ မိတ်ဆွေတွေထဲက တစ်ယောက်က ဓားတာအိုအကြောင်း နည်းနည်းသိထားတာကို ငါမြင်ခဲ့တယ်… ဒီတော့ မင်းလည်းပဲ ဓားတာအိုအကြောင်း နားလည်ထားမယ်လို့ ငါယုံကြည်တယ် ”
ဒုစရိုက်နဂါးက သူ၏ အရိုးဖြူဓားကို အရှေ့သို့ ညွှန်လိုက်သည်။ ထိုအခါ အရိုးဖြူဓားပေါ်မှ ရွှေရောင်နတ်ဘုရားအင်းကွက်များက ထွန်းလင်းတောက်ပသွားသည်။
“ မင်းကြောင့် ငါဓားဆွဲထုတ်ခဲ့တာကို နောင်တမရဖို့ မျှော်လင့်တယ် ”
သူ၏ စကားဆုံးသွားသည်နှင့် ဒုစရိုက်နဂါး၏ ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားအလင်းက သူ၏ အရိုးဖြူဓားထဲသို့ ဒလဟော စီးဆင်းသွားသည်။ ထိုအခါ ဓားဆန္ဒက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
ချောက်ချားဖွယ်ကောင်းသော အရိုးနဂါးတစ်ထောင်က အရိုးဖြူဓားထဲမှ ထွက်ပေါ်လာကြပြီး ဒီရေလှိုင်းအဖြစ် စုဝေးသွားကြသည်။ ထို့နောက် ၎င်းတို့အားလုံးက ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ဤတစ်ကြိမ်တွင် အစောနကကဲ့သို့ ကြယ်များကို အမှုန့်ဖြစ်စေနိုင်သော မြင်ကွင်းက မထွက်ပေါ်လာချေ။ သို့တိုင် ထိုအရိုးနဂါးတစ်ကောင်စီက ဓားဆန္ဒမှ ဖွဲ့စည်းသွားသော စည်းမျဉ်းတစ်ခု ဖြစ်သည်။
ဤအခိုက်အတန့်မှာ စည်းမျဉ်းတစ်ထောင်က စုဝေးသွားသည့်အခါ ယင်းက စကြာဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးက ရှိန်လောက်ဖွယ်ကောင်းသော ဓားတာအိုကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ ဓားတစ်ချက်က ဤလောက၏ အသန်မာဆုံးအဆင့် တိုက်ပွဲစွမ်းအား ဖြစ်လာသည်။
ဟန်မူယဲ့သိထားသော ပုဂ္ဂိုလ်များထဲတွင် စကြာဝဠာတစ်ခုကို ဓားတစ်လက်ဖြင့် ဖျက်ဆီးနိုင်သူက ဓားနတ်ဘုရားလုယွဲ့တစ်ယောက်တည်း ရှိသည်။
မှန်ပေသည်။ သူ့အရှေ့မှ ဒုစရိုက်နဂါး၏ ဓားတာအိုက အလွန်သန်မာသော်လည်း ယင်းက ဓားနတ်ဘုရားလုယွဲ့ကိုတော့ မယှဉ်နိုင်သေးပေ။ သူတို့နှစ်ယောက်ကြားမှ ကွာခြားမှုက ကောင်းကင်နှင့် မြေကြီးပမာ အလွန်ကြီးမားလှသည်။
အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့၏ မျက်လုံးထဲတွင် ဤဒုစရိုက်နဂါး၏ ဓားတာအိုက သာမန်ရွက်ကြမ်းရေကြိုအဆင့်မှာသာ ရှိသည်။
အကယ်၍ တစ်ဖက်လူက ရှေးခေတ်ကာလမှာ နာမည်ကျော်ကြားခဲ့သော ဒုစရိုက်နဂါးဟုတ်မနေလျှင် ဟန်မူယဲ့က အချိန်ကုန်ခံပြီး တစ်ဖက်လူဖြင့် ဓားပညာဖလှယ်လိမ့်မည် မဟုတ်ချေ။
“ ရွှီး ”
ဓားဟိန်းသံနှင့်အတူ အပြာရောင်ဓားအလင်းတစ်ခု ပေါ်လျှိုးလာသည်။
ထိုဓားအလင်း ပေါ်ထွက်လာသည်နှင့်ချက်ချင်း ဒုစရိုက်နဂါးက မျက်လုံးမှေးကျဉ်းလိုက်သည်။ အံ့အားသင့်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
သူ၏ ဓားအလင်းက မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပခြင်း မရှိပေ။
သို့တိုင် မှိန်ဖျော့သော ထိုဓားအလင်းက ဒုစရိုက်နဂါး၏ ဝိညာဉ်ကို တုန်လှုပ်သွားစေမည့် အင်အားကို သယ်ဆောင်လာသည်။
ထိုစွမ်းအားက ဓားတာအို၏ လွှမ်းမိုးဖိနှိပ်မှု ဖြစ်သည်။
တစ်နည်းဆိုရသော် ဟန်မူယဲ့၏ ဓားတာအိုက ဒုစရိုက်နဂါး၏ အထက်မှာ ရှိသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
ဓားအလင်း တစ်ခါဝင်းလက်သွားတိုင်း ဟင်းလင်းပြင်စွမ်းအားက ကျုံ့သွားသည်။
ဓားအလင်းက ဆယ်ကြိမ် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ သူ့အရှေ့မှ ပုံရိပ်ယောင်လောကက ကြည်လင်ရှင်းလင်းသွားသည်။
ထို့နောက် လောကတစ်ခုလုံးက အပြာရောင်အလင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
ယင်းက ဟင်းလင်းပြင်ထဲမှ စည်းမျဉ်းများနှင့် မိုးမြေစွမ်းအားကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်နိုင်သော အစစ်အမှန်ဓားဆန္ဒ ဖြစ်သည်။
“ ဝီး ”
ကြည်လင်တောက်ပသော ဓားအလင်းက အရိုးဖြူနဂါးထံမှ ဓားဆန္ဒနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မိုးမြေကြားထဲမှ စွမ်းအင်အားလုံးက ချက်ချင်း အရည်ပျော်သွားဟန် ရ၏။
ဓားအလင်းက တိမ်တိုက်အားလုံးနှင့် မြူခိုးကို ရှင်းလင်းဖယ်ရှားလိုက်သည်။
အရိုးဖြူဓားစွမ်းအားက လေထဲမှာ ဖုန်မှုန့်အဖြစ် လွင့်ပြယ်သွားသည်။
“ ဝီး ”
ကြည်လင်တောက်ပသော ဓားအလင်းက စကြာဝဠာဆီသို့ ပြန်ဝင်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ဒုစရိုက်နဂါး၏ ဦးခေါင်းပေါ်မှ ကောင်းကင်က ရုတ်တရက် အရောင်ပြောင်းသွားသည်။
သူ့အရှေ့မှ ဟင်းလင်းပြင်ထဲတွင် တောက်ပသော ဓားအလင်းက ရုတ်ချည်း ပေါ်လျှိုးလာပြီး သူ၏ ရင်ဘက်တည့်တည့်ဆီသို့ ဝင်ရောက်လာသည်။
ဓားအလင်းက သူ၏ ဝတ်ရုံကို ဖောက်ထွင်းသွားပြီး သူ၏ ရင်ဘက်ပေါ်သို့ ကျရောက်လာသည်။ တစ်ချိန်တည်းမှာ ဓားအလင်းထံမှ အစွန်းရောက်အအေးဓာတ်က သူ၏ နှလုံးသားထဲသို့ စိမ့်ဝင်သွားဟန် ရ၏။
သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာသော်လည်း ထိုဓားအလင်းကြောင့် သူက နာကျင်မှုကို ခံစားသွားရဆဲပင်။
ထိုသို့သူမခံစားခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှကြာသွားခဲ့ပြီလဲ။
ဒုစရိုက်နဂါးက ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။
“ ဒီလောကမှာ ငါ့အရှေ့မှာ ဓားထုတ်ရဲတဲ့လူ အနည်းစုပဲ ရှိတယ် ”
ဟန်မူယဲ့က လွမ်းဆွေးတမ်းတသော လေသံဖြင့် ပြောသည်။
ထိပ်ဆုံးမှာ ရပ်နေခြင်းက အမှန်တကယ် အထီးကျန်လှသည်။ ဤလောကတွင် သူဓားထုတ်ရန် ထိုက်တန်သောလူက မရှိသလောက် နည်းပါးသလို သူ့အရှေ့၌ ဓားထုတ်ဝံ့သော လူသည်လည်း မရှိသလောက် ရှားပါးသည်။
ပြိုင်ဘက်ကင်းခြင်းက အမှန်တကယ် အထီးကျန်စရာကောင်း၏။
သူ၏ အရှေမှ ဟန်မူယဲ့ကို ကြည့်နေရင်း ဒုစရိုက်နဂါးက အကြီးအကျယ် ဒေါသထွက်သွားသည်။ ဤအခိုက်အတန့်မှာ သူက တစ်ဖက်လူကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ဆန္ဒပြင်းပြလာသည်။
အဲ့ဒီအမူအရာ… ။
အဲ့ဒါ ငါလုပ်သင့်တဲ့ အမူအရာမဟုတ်ဘူးလား… ။
“ သတ် ”
ဖော်မပြနိုင်သော ဒေါသက သူ၏ နှလုံးသားထဲမှာ တလိပ်လိပ် မြှောက်တတ်လာသည်။ ဒုစရိုက်နဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ထဲမှ ဓားဖြင့် နောက်တစ်ကြိမ် ထိုးသွင်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ဓားဆန္ဒကို မထုတ်လွှတ်ခဲ့ပေ။ ယင်းအစား သူက ဓားဆန္ဒကို သူ၏ ဓားခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။ ထို့နောက် လျှပ်တစ်ပြက်အတွင်းမှာ သူက ဟန်မူယဲ့၏ အနောက်မှာ ထွက်ပေါ်လာသည်။
ဓားဖြင့် အနီးကပ် တိုက်ခိုက်ခြင်း… ။
ယင်းက တစ်စုံတစ်ယောက် မိမိ၏ ဓားကျင့်ကြံခြင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိမှသာ လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
အစွမ်းထက်ပုဂ္ဂိုလ်များသည် အသင်္ချေကမ္ဘာများကို ဖြတ်ကျော်နိုင်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ကြသည်။ သို့ဖြစ်၍ ဤကဲ့သို့ အနီးကပ်တိုက်ခိုက်ခြင်းက အဝေးမှ တိုက်ခိုက်ခြင်းထက် အများကြီး ပိုအန္တရာယ်များသည်။
“ ထန် ”
ဒုစရိုက်နဂါး၏ ဓားက ဟန်မူယဲ့၏ ကျောပေါ်သို့ တိုးဝင်လာသည်နှင့် ဓားအလင်းတစ်ခု ပေါ်လျှိုးလာပြီး ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
“ ကျုပ်တကယ်ပဲ သံသယဖြစ်မိတယ်… ခင်ဗျားက ခင်ဗျားရဲ့ ဓားတာအိုအပေါ် ဘယ်လောက်တောင် ယုံကြည်ချက်ရှိလို့ ကျုပ်နဲ့ အနီးကပ် တိုက်ခိုက်ရဲတာလဲ ”
ဟန်မူယဲ့က တိုးညင်းစွာ ပြောသည်။ ထို့နောက် သူက လက်ထဲမှ ဓားကို ရုတ်ချည်း ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းက အရိုးဖြူဓားကို တွယ်ကပ်လိုက်ပြီး သူ့ထံသို့ ဆွဲလိုက်သည်။ ထိုအခါ ဒုစရိုက်နဂါး၏ လက်ထဲမှ ဓားရှည်က အပြင်သို့ ဆွဲယူခံလိုက်ရသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ဓားရှည်ကို ဖမ်းဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာ ဝိညာဉ်စွမ်းအားက ဓားရှည်ထဲသို့ ဝင်ရောက်သွားသည်။
သူက နောက်ပိုင်းတွင် ပစ္စည်းများထံမှ မှတ်ဉာဏ်များကို စူးစမ်းလေ့လာခြင်း မပြုလုပ်တော့ပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် အမှန်တကယ် သူစူးစမ်းချင်လာသည်။ ဒုစရိုက်နဂါး၏ ဓားကျင့်ကြံခြင်းက သာလွန်ထူးခြားသော်လည်း ယင်းက သူနှင့် ထိပ်တိုက် တိုက်ခိုက်ရန် မလုံလောက်သေးပေ။
သို့ဆိုလျှင် မည်သည့်အရာက သူ့ကို ထိုမျှယုံကြည်ချက်ရှိစေသနည်း။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ”
သူ၏ လက်က ဗလာဖြစ်နေသည်ကို မြင်သွားသောအခါ ဒုစရိုက်နဂါးက အလန့်တကြား ရေရွတ်လိုက်သည်။
တစ်ဖက်လူ၏ ဓားကျင့်ကြံခြင်းက မည်မျှသန်မာသောကြောင့် သူ၏ လက်ထဲမှ ဓားကို လုယက်နိုင်သနည်း။
သူ၏ လက်ထဲမှ ဓားကို နောက်ဆုံးအကြိမ် လုယက်ခဲ့သူက…
“ ဝီး ”
အရိုးဖြူဓားက ဓားဟိန်းသံနှင့်အတူ တုန်ခါလာသည်။
ဓားထဲမှ မှတ်ဉာဏ်ပုံရိပ်များက ဟန်မူယဲ့၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
သွေးလွှမ်းခြင်း… ကြောက်စရာကောင်းခြင်း…
ဤဓားဖြင့် သုတ်သင်ခံလိုက်ရသော နတ်သားရဲများ၏ ကျောရိုးများက ဓားအတွက် အာဟာရဓာတ်များ ဖြစ်လာကြသည်။
ထိုအရိုးဖြူဓားကို နတ်သားရဲ(၉၉၉)ကောင်၏ ကျောရိုးများဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။
“ မင်း… မင်း ငါ့ရဲ့ ဝိညာဉ်အမှတ်အသားတွေကို မြင်နိုင်တယ်လား ”
ဒုစရိုက်နဂါးက မျက်နှာဖြူဖျော့သွားပြီး သူ၏ မျက်လုံးက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
အထွတ်အထိပ်အဆင့် ဝိညာဉ်စွမ်းအား ရှိသူများသည်သာ ထိုသို့လုပ်ဆောင်နိုင်လိမ့်မည်။
သို့သော်လည်း ဤလောကထဲမှာ ဒုစရိုက်နဂါး၏ ဝိညာဉ်ခြယ်လှယ်ခြင်းအတတ်ပညာထက် သာလွန်သော တစ်စုံတစ်ယောက်က အမှန်တကယ် ရှိနေသည်လော။
မဖြစ်နိုင်တာ… အဲ့လိုပုဂ္ဂိုလ်တွေက ရှေးခေတ်ကတည်းက ပျောက်ကွယ်သွားကြပြီ မဟုတ်ဘူးလား…
သူက ရှေးဦးအပျက်အစီးမြေမှာ အချိန်နှင့်လေဟာနယ်ကို ထိန်းချုပ်နိုင်သော ဝိညာဉ်စွမ်းအားကြောင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
မည်သို့ကြောင့် တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားက သူ့ထက် သာလွန်နေရသနည်း။
ဒုစရိုက်နဂါးက မည်မျှမယုံကြည်နိုင်ဖြစ်နေပါစေ ဟန်မူယဲ့က သူမြင်ချင်သော မြင်ကွင်းများကို မြင်တွေ့ပြီးပြီ ဖြစ်သည်။
“ ဝီး ”
ဓားအလင်းတစ်ခုက သူ၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည့်အခါ သူ၏ ဝိညာဉ်က တုန်ခါသွားသည်။ သူက ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ထိုဓားအလင်းကို ခုခံတားဆီးလိုက်သည်။
“ ဓားနတ်ဘုရားလုယွဲ့လား ”
“ ခင်ဗျားရဲ့ ဓားပညာက သူ့ဆီကနေ သင်ထားတာလား ”
“ ခင်ဗျားက သူ့ထက် သာလွန်သွားပြီး ဒီစကြာဝဠာထဲမှာ နောက်ထပ် နေစရာမလိုတော့ဘူးလို့ ခင်ဗျားကို သူပြောခဲ့တာလား ”
ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ကိုးရိုးကားရားအမူအရာ ထွက်ပေါ်လာသည်။
အကယ်၍ သူသာ ဓားနတ်ဘုရားလုယွဲ့၏ ဓားပညာကို ကိုယ်တိုင်မမြင်ဖူးဘဲ ယခု ဒုစရိုက်နဂါးနှင့် သူမတိုက်ခိုက်ဖူးလျှင် သူ၏ မျက်နှာပေါ်မှာ ထိုသို့အမူအရာ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။
သူ့အရှေ့မှ ဒုစရိုက်နဂါးက ဓားနတ်ဘုရားလုယွဲ့ထက် သာလွန်သည်လော။
တိုက်ပွဲစွမ်းအားတွင် ဒုစရိုက်နဂါးက ဓားနတ်ဘုရားလုယွဲ့ထက် အများကြီး အားမနည်းချေ။
သို့သော်လည်း ဓားတာအိုတွင် ဓားနတ်ဘုရားလုယွဲ့က ဒုစရိုက်နဂါးကဲ့သို့ ပုဂ္ဂိုလ်မျိုးကို လက်တစ်ဖက်မြှောက်ရုံဖြင့် ချက်ချင်း အနိုင်ယူနိုင်ပေသည်။
သူတို့က အဆင့်မတူကြပေ။
ဟန်မူယဲ့ခန့်မှန်းမိသည်မှာ ဓားနတ်ဘုရားလုယွဲ့၏ ဓားကျင့်ကြံခြင်းက ဓားတစ်ချက်ဖြင့် ဗလာလေဟာနယ်ကို မွေးဖွားနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး သူ၏ ဓားချက်က ဤလောကထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ယင်းက စိတ်ကူးယဉ်ဆန်သောအဆင့် ဖြစ်သည်။
ယင်းက လက်နက်သန့်စင်ခြင်းပညာရပ်၏ အသက်ဓာတ်ဖန်တီးခြင်းနှင့် ဆင်တူသည်။
ဟန်မူယဲ့ကဲ့သို့ ဓားကျင့်ကြံသူအတွက်တော့ ဓားနတ်ဘုရားလုယွဲ့၏ ဓားကျင့်ကြံခြင်းက သူ၏ အန္တိမပန်းတိုင် ဖြစ်သည်။
ဒုစရိုက်နဂါး၏ ဓားကျင့်ကြံခြင်းက ဆရာချင်းစုယန်နှင့် အဆင့်တူမှာသာ ရှိသည်။ သို့ဖြစ်၍ သူ့ဆီမှာ ဓားနတ်ဘုရားလုယွဲ့ကို စိန်ခေါ်နိုင်သော အရည်အချင်း မရှိပေ။
“ ဓားနတ်ဘုရားလုယွဲ့ကို မင်းသိတာလား ”
ဟန်မူယဲ့၏ စကားကို ကြားသောအခါ ဒုစရိုက်နဂါးက အံ့ဩသွားသည်။
“ မင်း သူ့ဆီမှာ ဘယ်နှစ်ကွက် ခုခံနိုင်ခဲ့လဲ ”
ဒုစရိုက်နဂါး၏ မျက်နှာပေါ်မှ အံ့ဩသော အမူအရာကို မြင်သွားသောအခါ ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
ဤနတ်သားရဲက ဓားနတ်ဘုရားလုယွဲ့၏ အရူးလုပ်ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ဓားနတ်ဘုရားလုယွဲ့၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားအရ သူက ဒုစရိုက်နဂါးကို လှည့်စားရန် လိုအပ်မည်လော။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကြည်လင်သော အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
“ ဓားနတ်ဘုရားလုယွဲ့က ခင်ဗျားကို ဓားသိုင်းသင်ပေးသွားတယ်ဆိုတော့ ခင်ဗျားဆီကနေ သူဘာလဲလှယ်သွားခဲ့လဲ ”
ဟန်မူယဲ့က ဒုစရိုက်နဂါးကို ကြည့်လိုက်ပြီး မေးသည်။
ဒုစရိုက်နဂါးက မျက်မှောင်ကြုတ်သွားသည်။ သူက ထိုမေးခွန်းကို ဖြေရန် ဆန္ဒမရှိသော်လည်း ပြောပြလိုက်ဆဲပင်။
“ အချိန်လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ မူလစွမ်းအားနည်းနည်းပါပဲ ”
အချိန်လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ မူလစွမ်းအား… ။
ငါထင်ထားတာ တကယ်မှန်နေတာပဲ… ။
ဒါကြောင့် ဓားနတ်ဘုရားလုယွဲ့က ခေတ်အသီးသီးနဲ့ လေဟာနယ်အမျိုးမျိုးကို ဖြတ်သန်းသွားလာနိုင်တာပေါ့… ။
“ ခင်ဗျား သူ့ကို အချိန်လေဟာနယ်မူလစွမ်းအား ဘယ်လောက်တောင် ပေးလိုက်တာလဲ ”
ဟန်မူယဲ့က ဒုစရိုက်နဂါးကို စိုက်ကြည့်လိုက်သည်။
ဒုစရိုက်နဂါးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အော်ပြောလိုက်သည်။
“ အဲ့ဒါ မင်းနဲ့ဘာဆိုင်လို့… ”
သူ၏ စကားမဆုံးခင်မှာ ဟန်မူယဲ့က သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
ဒုစရိုက်နဂါးက လက်မြှောက်လိုက်ပြီး လက်ဟန်သင်္ကေတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ ဟန်မူယဲ့၏ လက်ထဲမှ အရိုးဖြူဓားက အပိုင်းပိုင်းအစစ ပြိုကွဲသွားပြီး သူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ထို့နောက် သူက အရိုးဖြူဓားကို မြှောက်လိုက်ပြီး ဟန်မူယဲ့၏ ဓားကို တွန်းလှန်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဟန်မူယဲ့၏ ဓားအလင်းက ပေါက်ကွဲသွားပြီး ထွန်းလင်းတောက်ပသော အေးစက်စက်အလင်းကို ထုတ်လွှတ်လိုက်သည်။
“ ရွှီး ”
ဓားအလင်းက ဒုစရိုက်နဂါး၏ လက်ထဲမှ ဓားရှည်ကို တိုက်ရိုက် ဖျက်ဆီးလိုက်ပြီး သူ၏ လည်ပင်းထံသို့ ချိန်ရွယ်လိုက်သည်။
အနီးကပ်တိုက်ပွဲမှာ ထိုဓားအလင်းက ဒုစရိုက်နဂါး၏ စိတ်ကူးယဉ်နိုင်စွမ်းထက် အမှန်တကယ် ကျော်လွန်နေသည်။
“ ပြောစမ်း ”
ဟန်မူယဲ့က တင်းမာခက်ထန်စွာ ပြောသည်။ အေးစက်စက်အရှိန်အဝါက သူ၏ ဓားဖျားမှ ထွက်ပေါ်လာသည်။