အခန်း (၁၄၈၀)
Vol. 106 Ch. 1480
ဒုစရိုက်နဂါး၏ အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် အရိုးဖြူဓားက သူ၏ လက်ထဲမှာ ပြန်ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ဓားက အရိုးဖြူတင်းပုတ်အဖြစ် ပြောင်းလဲသွားသည်။
အရိုးဖြူတင်းပုတ်ပေါ်တွင် အေးစက်စက် ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး တင်းပုတ်က ဟန်မူယဲ့၏ ဓားရှည်ကို ကန်ထုတ်လိုက်သည်။
“ ဗုန်း ”
အစိမ်းရောင်မိုးကြိုးသွားက ဟန်မူယဲ့၏ ဓားကို ထိခတ်သွားသည်။ ထိုအခါ ဓားက တုန်ယင်သွားပြီး ရုတ်တရက် အက်ကွဲသွားသည်။
ဟန်မူယဲ့က အံ့ဩတကြီး ပြောလိုက်လေရာ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။
“ ယင်ဝိညာဉ်မိုးကြိုး ”
ထုံးစံအားဖြင့် မိုးကြိုးနှင့် လျှပ်စီးသည် ဤလောက၏ အစွမ်းထက်ဆုံး ယန်စွမ်းအားဖြစ်ပြီး အလွန်သန်မာကြသည်။
ယန်စွမ်းအားက မိုးကြိုးကပ်ဘေးနှင့်အတူ သက်ရှိအားလုံးကို အစွမ်းမြှင့်တင်ပေးနိုင်သည်။
ယင်းက ကောင်းကင်ဘုံတာအိုအစွမ်းမှ အဆုံးမဲ့သံသရာစက်ဝန်း၏ မူလအစလည်း ဖြစ်သည်။
သက်ရှိအားလုံးသည် ကျင့်ကြံခြင်းအဆင့်မြှင့်တင်ရန် မိုးကြိုးများ၏ ထုဆစ်ပေးမှုကို တောင့်ခံကြရလိမ့်မည်။
ယန်စွမ်းအား အပြင်းထန်ဆုံး ကောင်းကင်ဘုံမိုးကြိုးသာလျှင် သက်ရှိများ၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်။
သို့သော်လည်း ယန်စွမ်းအားက အစွန်းရောက်သွားပြီး ယင်စွမ်းအား မွေးဖွားလာသည့်အခါ မိုးကြိုးက ယခင်ကဲ့သို့ ရက်စက်မကြမ်းတမ်းတော့ဘဲ သိမ်မွေ့နူးညံ့သွားလိမ့်မည်။
ဥပမာ အစောနက ဟန်မူယဲ့ ပြောလိုက်သော ယင်ဝိညာဉ်မိုးကြိုး ဖြစ်သည်။
ယင်းက အစွန်းရောက်ယန်စွမ်းအားမှ မွေးဖွားလာသော ယင်မိုးကြိုးတစ်မျိုး ဖြစ်သည်။
“ ဟား ဟား… မင်းက ဒီအင်မော်တယ်ဘုရင်ရဲ့ အစွမ်းထက်ဆုံး စွမ်းအားကို မမြင်ရသေးလို့ အဲ့လောက် မောက်မာထောင်လွှားနေတာပဲ… ဓားတာအိုဆိုတာ ငါ့အတွက် အပျော်ဆော့ကစားတာပဲ ရှိတယ် ”
ဒုစရိုက်နဂါးက အံ့တင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
သူ၏ အရိုးဖြူတင်းပုတ်က အောက်သို့ ကျဆင်းလာသည့်အခါ အစိမ်းရောင်မိုးကြိုးသွားများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို အလျှင်အမြန် ရစ်ပတ်သွားပြီး သံကြိုးများအဖြစ် ပြောင်းလဲသွားသည်။
မိုးကြိုးနဲ့ တိုက်ခိုက်တာလား… ။
ရှေးခေတ်ကာလတွင် ခွေသားရဲသည် ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်သော ဒုစရိုက်နဂါးကဲ့သို့ မသန်မာပေ။
သို့သော်လည်း ၎င်းတို့ကြားမှ ကွာခြားမှုက တိုက်ပွဲစွမ်းအားသာဖြစ်ပြီး သဘာဝလွန်စွမ်းအား မဟုတ်ပေ။
မိုးကြိုးနှင့် လျှပ်စီး သဘာဝလွန်စွမ်းအားတွင် မည်သည့်နတ်သားရဲက ခွေသားရဲကို ယှဉ်ပြိုင်နိုင်လိမ့်မည်နည်း။
မိုးကြိုးသံကြိုးများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားနေကြောင်း ဟန်မူယဲ့ မြင်သောအခါ သူက ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
“ ဘန်း ”
ရွှေရောင်မိုးကြိုးက အစိမ်းရောင်မိုးကြိုးနှင့် ပွတ်တိုက်သွားသည်။ လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ တောက်ပသော အလင်းရောင်က အချင်းမိုင်တစ်ထောင်အထိ ပျံ့နှံ့သွားသည်။
တောက်ပသော မိုးကြိုးစွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဟန်မူယဲ့နှင့် ဒုစရိုက်နဂါး နှစ်ယောက်စလုံးက အဝေးသို့ ပြိုင်တူလွင့်စင်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်အလွှာများဖြင့် ဝင်ဆောင့်သွားကြသည်။
အဝေးမှ ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့၏ မျက်လုံးထဲမှာ တောက်ပသော နတ်ဘုရားအလင်း ပေါ်လျှိုးလာသည်။
အစွန်းရောက်ယန်မိုးကြိုးနှင့် အစွန်းရောက်ယင်မိုးကြိုး၏ တွေ့ဆုံမှုက ထိုသို့ကြီးမားသော ပေါက်ကွဲစွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်လော။
ဖြစ်နိုင်သည်မှာ ဤတိုက်ပွဲက မိုးကြိုးအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်လိမ့်မည်။
ထို့ကြောင့် သူက ဆက်လက် တိုက်ခိုက်ရန် အရှေ့သို့ ရွေ့လျားလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။
အဝေးသို့ လွင့်စင်သွားသော ဒုစရိုက်နဂါး၏ ဘေးပတ်ဝန်းကျင်တွင် ဧရာမပုံရိပ်သုံးခု တိတ်တဆိတ် ဆင်းသက်လာကြသည်။
ထိုပုံရိပ်သုံးခုစလုံးမှာ ဓားမော့သဏ္ဍာန် လက်လေးဖက်နှင့် ရက်စက်ကြမ်းကြုတ်သော မျက်နှာ ရှိကြသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ… ။
ထိုဧရာမပုံရိပ်သုံးခုက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများ ဖြစ်ကြသည်။
ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်။ သူ၏ အနောက်တွင် နောက်ထပ် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က တိတ်တဆိတ် မတ်တတ်ရပ်နေသည်။
“ ဗုန်း ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲသုံးကောင်က အေးစက်စက်အရှိန်အဝါ ကိန်းအောင်းနေသော ဓားမော့သဏ္ဍာန် လက်များဖြင့် ခုတ်ပိုင်းလိုက်ကြသည်။
ဒုစရိုက်နဂါးက ယင်ဝိညာဉ်မိုးကြိုးနှင့် သူ၏ လက်ထဲမှ အရိုးဖြူတင်းပုတ်ကို အသုံးပြု၍ ခုခံတားဆီးလိုက်သည်။ သို့သော်လည်း သူက ထိုဓားမော့အလင်းများကို အပြည့်အဝ မခုခံနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး အဝေးမှ ဟင်းလင်းပြင်တစ်နေရာမှာ ပြန်ဖွဲ့စည်းသွားသည်။
ကောင်းကင်မိစ္ဆာသားရဲသုံးကောင်က အနောက်မှ ပျံသန်းလိုက်သွားကြပြီး ၎င်းတို့၏ ဓားမော့လက်များဖြင့် ခုတ်ပိုင်းလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ဓားမော့အလင်းများက ဟင်းလင်းပြင်ထဲမှာ အတူတကွ စုဝေးသွားကြပြီး လှောင်ချိုင့်တစ်ခုအဖြစ် ဖွဲ့စည်းသွားကြသည်။
ဒုစရိုက်နဂါးက လှောင်ချိုင့်ထဲမှာ ချုပ်နှောင်ခံလိုက်ရသည်။
“ ကောင်လေး… ငါသူ့ကို ငါ့ရဲ့ မူလစွမ်းအားတစ်ဝက် ပေးလိုက်တယ်… ဒါကြောင့် သူက အသင်္ချေလောကရဲ့ မိုးမြေကို ဆယ်ကြိမ် ဖြတ်သန်းသွားလာနိုင်လိမ့်မယ် ”
အဝေးမှ ဒုစရိုက်နဂါးက အော်ပြောလိုက်သည်။
“ ကောင်းကင်မိစ္ဆာသားရဲတွေရဲ့ နောက်ကွယ်က အင်အားစုက အရမ်းသန်မာတယ်… အတိတ်မှာ သူတို့က ကြယ်စင်စုစကြာဝဠာကိုတောင် အမြစ်ဖြတ်သုတ်သင်ပစ်နိုင်တယ်… မင်း သူတို့ကို မတားဆီးနိုင်ဘူး ”
“ ထွက်ပြေးတော့ ”
ဒုစရိုက်နဂါး၏ အသံထဲမှာ ရူးသွပ်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
ကြယ်စင်စုစကြာဝဠာကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်တဲ့ အင်အားစုလား… ။
ဒုစရိုက်နဂါးက သူ့ရဲ့ မူလစွမ်းအားတစ်ဝက်ကို ဓားနတ်ဘုရားလုယွဲ့ဆီ ပေးလိုက်တယ်လား… ။
ထို့ကြောင့် ဒုစရိုက်နဂါးဆီမှာ ရှေးခေတ်မှ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး၏ တိုက်ပွဲစွမ်းအား မရှိတော့ခြင်း ဖြစ်သည်။
“ မင်းတို့တွေ သူ့ကို ဘယ်ခေါ်သွားမှာလဲ ငါသိချင်မိတယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။
သူ့အနောက်မှ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ဟန်မူယဲ့နောက်သို့ နီးကပ်စွာ လိုက်ပါလာပြီး ၎င်း၏ ဓားမော့လက်များဖြင့် ခုတ်ချလိုက်သည်။
“ ထွက်သွားစမ်း ”
ဟန်မူယဲ့က အော်ပြောလိုက်ပြီး သူ၏ အနောက်ကို ဓားဖြင့် ထိုးသွင်းလိုက်သည်။
“ ထင် ”
တစ်ဖက်လူထံမှ တွန်းကန်အားကို အသုံးပြု၍ သူက ပိုမိုမြန်ဆန်စွာ ရွေ့လျားသွားသည်။
သူ့အနောက်မှ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၎င်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ဟန်မူယဲ့ကို အမြန်လိုက်ဖမ်းသည်။
“ ကောင်လေး… မြန်မြန် ထွက်ပြေးတော့… အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးရဲ့ တိုက်ပွဲစွမ်းအား ရှိတယ်… မင်း သူတို့ကို အနိုင်မယူနိုင်ဘူး ”
လှောင်ချိုင့်ထဲမှာ ချုပ်နှောင်ခံထားရသော ဒုစရိုက်နဂါးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဟန်မူယဲ့က အမူအရာမပြောင်းလဲသွားဘဲ ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူက လက်မြှောက်လိုက်သည့်အခါ ဓားအလင်းတန်းတစ်ခုက သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။
“ ရတနာလေး… အနောက်ကိုသွား… ”
ကြည်လင်တောက်ပသော ဓားအလင်းက မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့အနောက်မှ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ လည်ပင်းကို ဖြတ်တောက်သွားသည်။
အဲ့ဒါ ဘယ်လိုဓားအလင်းလဲ… ။
ယင်းက အချိန်နှင့် လေဟာနယ်ကို လျစ်လျူရှုနိုင်သည်။
ထိုဓားအလင်း၏ အရှေ့တွင် မူလစွမ်းအားနှင့် စည်းမျဉ်းအားလုံးက စက္ကူတစ်ရွက်နှယ် ဖြတ်တောက်ခံလိုက်ရသည်။
ဟန်မူယဲ့၏ လက်ဖဝါးထဲမှ ပျံသန်းထွက်သွားသော ဓားအလင်းက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ လည်ပင်းကို ဖြတ်တောက်ရန် တစ်စက္ကန့်၏ အပိုင်တစ်ထောင်ပုံတစ်ပုံမျှသာ ကြာမြင့်ခဲ့သည်။
ဓားအလင်းတန်းက ဟန်မူယဲ့၏ လက်ထဲသို့ ပြန်ရောက်လာသည့်အခါ ဓားမော့လက်လေးဖက်ရှိသော ဧရာမပုံရိပ်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ထို့နောက် ၎င်း၏ နေရာမှာ ရွှေရောင်မီးလျှံများ ထုတ်လွှတ်နေသော ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့… ။
ထိုသို့ကောင်းကင်ပုတီးစေ့က ယခင်လောကတစ်သောင်းယှဉ်ပြိုင်ပွဲများထဲမှာ တစ်ခါမှ မထွက်ပေါ်လာဖူးသောအရာ ဖြစ်သည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး ပုတီးစေ့ကို ဖမ်းယူလိုက်သည်။
ထိုကောင်းကင်ပုတီးစေ့ကို ဆုပ်ကိုင်ထားစဉ် အလွန်အားကောင်းသော စွမ်းအားက ယင်းထဲမှ ပေါ်လျှိုးလာနေကြောင်း ချက်ချင်း သူခံစားမိသွားသည်။
မူလစွမ်းအား… ။
ဤတစ်ကြိမ်တွင် သူက မူလစွမ်းအားကို ရှင်းလင်းစွာ အာရုံခံနိုင်သွားသည်။
တခြားကောင်းကင်ပုတီးစေ့များနှင့် နှိုင်းယှဉ်လျှင် ဤအထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့ထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားက အဆပေါင်းများစွာ ပိုပြီးသိပ်သည်းသည်။
ဤပုတီးစေ့အတွင်းမှာ အနည်းဆုံး အမျိုးအစားမတူညီသော မူလစွမ်းအားတစ်ရာ ပါဝင်သည်။ ယင်းတို့က အပြန်အလှန် ယှက်ထွေနေကြပြီး ပေါင်းစည်းနေကြသည်။
ထိုပုတီးစေ့အတွင်းထဲမှ မူလစွမ်းအားက ဟန်မူယဲ့ကဲ့သို့ အထွတ်အထိပ် ပညာရှင်အတွက်ပင် အလွန်အမင်း အသုံးဝင်သည်။
ရွှေရောင်ပုတီးစေ့ကို ဆုပ်ကိုင်ထားစဉ် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ဝမ်းသာခြင်းအရိပ်အယောင် စိုးစဉ်းမျှ မထွက်ပေါ်လာချေ။ ယင်းအစား သူက တည်ကြည်လေးနက်နေသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို စကြာဝဠာအဆင့် အုပ်ချုပ်သူများသည်ပင် သတ်ဖြတ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
အကယ်၍ သူ့ဆီမှာ ထိုဓားအလင်းမရှိလျှင် ထိုကောင်းကင်မိစ္ဆာသားရဲကို သတ်ဖြတ်ရန် ဟန်မူယဲ့က အချိန်အတော်ကြာ တိုက်ခိုက်ရလိမ့်မည်။
ထို့ပြင် ထိုကောင်းကင်မိစ္ဆာသားရဲ ထွက်မပြေးနိုင်ရန်လည်း သူဆောင်ရွက်ရလိမ့်မည်။
ဤလောက၏ အထွတ်အထိပ် ပညာရှင်များထဲတွင် မည်သူကမှ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။ များသောအားဖြင့် သူတို့က အသက်လု၍ ထွက်ပြေးသွားကြလိမ့်မည်။
“ ဘုရားရေ… အဲ့ဒီကောင်လေးက ဒီလောက်တောင် သန်မာတာလား… ”
ဒုစရိုက်နဂါးက အံ့အားသင့်စွာ အော်ပြောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
အစောနက သူသည် ထိုသို့ဓားပညာရှင်တစ်ယောက်ကို အနီးကပ် ရင်ဆိုင်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်မဟုတ်ပါလော။
ဘယ်လောက် ရူးမိုက်လိုက်တဲ့ ငါလဲ… ။
ထို့နောက် သူ၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းပေါ်သို့ ကျရောက်သွားသည်။
သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒီဓားအလင်း… ဘာလို့ အဲ့ဒီထဲမှာ အချိန်လေဟာနယ်စွမ်းအားက ရှိနေတာလဲ ”
ထိုအခိုက်အတန့်မှာ တခြားအထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲသုံးကောင်က အနောက်လှည့်လိုက်ကြပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ကြသည်။
၎င်းတို့ထဲမှ တစ်ကောင်က မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခံလိုက်ရပြီး ၎င်း၏ ကောင်းကင်ပုတီးစေ့က သိမ်းဆည်းခံလိုက်ရသည်။ သို့ဖြစ်လေရာ ၎င်းတို့က ဟန်မူယဲ့ထံမှ ခြိမ်းခြောက်မှုကို ခံစားမိသွားကြသည်။
ဟန်မူယဲ့ကို ၎င်းတို့ စိုက်ကြည့်လိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်းတို့၏ မျက်လုံးထဲမှာ သိပ်သည်းသွားသည်။
“ ဂရောင်း ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်က ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်ကြပြီး ၎င်းတို့၏ အရှေ့မှ လေဟာနယ်အလွှာများကို ဖျက်ဆီးပစ်လိုက်ကြသည်။
အရေအတွက်များပြားသော ဓားမော့အလင်းများက ၎င်းတို့၏ အရှေ့မှ ဥက္ကာပျံများနှင့် ကြယ်များကို အပိုင်းပိုင်း ပိုင်းဖြတ်သွားပြီး ဟန်မူယဲ့ထံသို့ ပျံသန်းသွားကြသည်။
“ ဝှီး ”
လေဟာနယ်က အပိုင်းပိုင်း ဆုတ်ပြဲသွားသည်။ ထို့နောက် ဟန်မူယဲ့ မတ်တတ်ရပ်နေသော ဟင်းလင်းပြင်ထံသို့ မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ဆင်းသက်လာကြသည်။
ထိုအလင်းစီးကြောင်းများက ဟန်မူယဲ့ကို သတ်ဖြတ်ရန် မရည်ရွယ်ပေ။ ယင်းအစား ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ချိပ်ပိတ်ရန်သာ ဖြစ်သည်။
ထိုနည်းစနစ်က အစောနက ဒုစရိုက်နဂါးကို ချုပ်နှောင်ခဲ့သော လေဟာနယ်လှောင်ချိုင့်နှင့် ဆင်တူသည်။ သို့သော်လည်း ဤတစ်ကြိမ်နည်းစနစ်က ယခင်တစ်ခေါက်ထက် အများကြီး ပိုအစွမ်းထက်ပြီး ပိုနက်နဲသိမ်မွေ့သည်။
အသင်္ချေဓားမော့အလင်းများက ဟင်းလင်းပြင်ထဲမှာ ယှက်ထွေသွားကြပြီး ဟန်မူယဲ့ရှိနေသော လေဟာနယ်ကို တသီးတခြား ခွဲထုတ်လိုက်သည်။
အကယ်၍ လေဟာနယ်စွမ်းအားက အလုံအလောက်မသန်မာလျှင် သို့မဟုတ် အချိန်စည်းမျဉ်းကို နားမလည်ထားလျှင် တစ်စုံတစ်ယောက်က ထိုသို့အခြေအနေဖြင့် ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့သွားလိမ့်မည်။ နောက်ပိုင်းမှာ စကြာဝဠာက ပျက်စီးသွားပြီး ထိုသူက အချိန်လေဟာနယ်၏ အနက်ပိုင်းထဲမှာ နစ်မြုပ်သွားလိမ့်မည်။
“ သတ် ”
ဟန်မူယဲ့က တုံ့ဆိုင်းမနေပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ အနက်ရောင်ဓားတစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ဓားပေါ်တွင် နတ်ဘုရားအင်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်။
ယင်းက အစစ်အမှန်ဝိညာဉ်ဓားဖြစ်ပြီး ယင်းပေါ်မှာ နတ်ဘုရားအင်းသင်္ကေတတစ်ရာကျော် ရှိသည်။ သို့ဖြစ်လေရာ ယင်းက စကြာဝဠာအဆင့် တိုက်ပွဲလက်နက်တစ်ခု ဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် စကြာဝဠာအဆင့် တိုက်ပွဲလက်နက်တစ်ခု၏ စွမ်းအားက နောက်ဆုံးမှာ ထွက်ပေါ်လာသည်။
နတ်ဘုရားအင်းသင်္ကေတ(၁၃၀)ကျော်က စည်းမျဉ်းတစ်ရာကျော်အဖြစ် ဟင်းလင်းပြင်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်၏ စွမ်းအားက ဤလေဟာနယ်၏ တောင့်ခံနိုင်စွမ်းအကန့်အသတ်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။
အကယ်၍ ၎င်းတို့က ဤလေဟာနယ်ကို ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် တည်ငြိမ်စေမည်ဆိုလျှင်ပင် ယင်းက စက္ကန့်ပိုင်းသာ ကြာမြင့်လိမ့်မည်။
ဟန်မူယဲ့၏ လက်ဖဝါးထဲတွင် စိမ်းပုပ်ရောင်စွမ်းအားက ဓားအလင်းနှင့် ရောယှက်သွားသည်။
နောက်အခိုက်အတန့်မှာ မှေးမှိန်သော စွမ်းအင်လှိုင်းတစ်ခုက ဓားအလင်းထဲမှ ပေါ်လျှိုးလာသည်။
“ အို… စကြာဝဠာကပ်ဘေး… ဒီကောင် ရူးသွားပြီလား ”
ဒုစရိုက်နဂါးက တုန်ယင်သွားပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
လေဟာနယ်လှောင်ချိုင့်ကို စောင့်ကြပ်ပေးနေသော ကောင်းကင်မိစ္ဆာသားရဲက ရုတ်တရက် ခေါင်းမော့လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ အကြောက်တရားအရိပ်အယောင် ထွက်ပေါ်လာသည်။
မည်သို့ဖြစ်ပါစေ စကြာဝဠာကပ်ဘေး၏ စွမ်းအားက ဤလောကထဲမှ သက်ရှိအားလုံးကို တုန်လှုပ်ချောက်ချားစေရန် လုံလောက်သည်။
“ ဗုန်း ”
ကပ်ဘေးစွမ်းအားက ဓားကိုယ်ထည်ထဲသို့ ပေါင်းစပ်သွားသည်နှင့် ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ဓားထုတ်လိုက်သည်။
ထိုအခါ ဟင်းလင်းပြင်တစ်ခုလုံး ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။