← Chapters

အခန်း (၁၄၈၃)

Vol. 106 Ch. 1483

အခန်း (၁၄၈၃)

Vol. 106 Ch. 1483

ဤအခိုက်အတန့်မှာ ထိုအံ့ဖွယ်ကိုးပါးတောင်သခင်က ဝိညာဉ်ကိုယ်ပွားတစ်ခုမျှသာ မဟုတ်ကြောင်း ဟန်မူယဲ့ နားလည်သဘောပေါက်သွားသည်။

ယင်းက သူ့ဘာသာ ဖန်တီးထားသောအရာဖြစ်ပြီး သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သူ၏ ဝိညာဉ်ကိုယ်ပွားက လက်နက်သန့်စင်ခြင်းပညာရပ်ဖြင့် မဟာတာအိုကို ရရှိခဲ့ပြီး အုပ်ချုပ်သူတစ်ပါး ဖြစ်လာသည်။

သို့သော်လည်း ယခု ဟန်မူယဲ့၏ အမြင်တွင် ထိုဝိညာဉ်ကိုယ်ပွားကို သူက ဖန်တီးခဲ့ခြင်းလော သို့မဟုတ် ဝိညာဉ်ကိုယ်ပွားက သူ့ကို ဖန်တီးခဲ့ခြင်းလော သူမသိတော့ပေ။

သူ့မှာ အချိန်လေဟာနယ်ကို ကပြောင်းကပြန်လုပ်နိုင်သော စွမ်းအားရှိမှသာလျှင် ထိုလျှို့ဝှက်ချက်ကို အဖြေရှာနိုင်လိမ့်မည်။

ဖြစ်နိုင်သည်မှာ အကယ်၍ သူသာ အစောနက မရပ်တန့်ခဲ့လျှင် နောက်ဆုံးရလဒ်ကို သူခံစားမိနိုင်လောက်သည်။

သို့သော်လည်း ထိုအတွက် သူပေးဆပ်ရမည့် တန်ကြေးက သူ့ကိုယ်ပိုင်စိတ်ဆန္ဒ၏ ပြိုကွဲပျက်စီးမှု ဖြစ်သည်။

အကယ်၍ သူ၏ ရုပ်ခန္ဓာကိုယ်က အုပ်ချုပ်သူဖြစ်လာမည်ဆိုလျှင် သူက သွေးချီစွမ်းအား၏ ဖိနှိပ်ခံရလိမ့်မည်။ ထို့ကြောင့် သူက တခြားလမ်းစဉ်ကို မဖြစ်မနေ ပြောင်းလဲခဲ့ရသည်။

လက်နက်သန့်စင်ခြင်းပညာရပ်ဖြင့် မဟာတာအိုကို ရှာဖွေမည်ဆိုလျှင် သူက နတ်ဘုရားတားမြစ်နယ်ပယ်ဆီသို့ ခြေချနိုင်လိမ့်မည်။ သို့သော်လည်း ထိုသို့သူမလုပ်ဆောင်ဝံ့ချေ။ အကယ်၍ ထိုသို့သူလုပ်ဆောင်လိုက်မည်ဆိုလျှင် သူက အသိစိတ်ဆုံးရှုံးသွားနိုင်ခြေရှိသည်။ ထိုအခါကျလျှင် သူက ဟန်မူယဲ့ဖြစ်နေဦးမည်လော သို့မဟုတ် အံ့ဖွယ်ကိုးပါးတောင်သခင် ဖြစ်လာမည်လော မသေချာတော့ပေ။

“ ရုပ်ခန္ဓာကိုယ်လမ်းစဉ်မှာရော လက်နက်သန့်စင်ခြင်းလမ်းစဉ်မှာရော ဆိုးကျိုးတွေနဲ့ အန္တရာယ်တွေ ရှိတယ် ”

“ ဒါဆိုရင် ဓားလမ်းစဉ်ကရော ”

ဟန်မူယဲ့၏ စိတ်ဝိညာဉ်သည် မူလဝိညာဉ်ဓား ဖြစ်သည်။ သူ၏ စိတ်နယ်ပယ်ထဲတွင် မူလဝိညာဉ်ဓားသုံးလက် ရှိသည်။ ယင်းတို့က အင်မော်တယ်ကွပ်မျက်ဓား၊ အင်မော်တယ်ချုပ်နှောင်ဓားနှင့် အင်မော်တယ်သုတ်သင်ဓားတို့ ဖြစ်ကြသည်။

သူက အုပ်ချုပ်သူအဆင့်အတန်းကို ဓားလမ်းစဉ်ဖြင့် ရယူရန် အနည်းငယ် တုံ့ဆိုင်းနေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဓားဝိညာဉ်က မပြည့်စုံသေးပေ။

အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါ… ။

ယင်းကို မူလဝိညာဉ်ဓားလေးလက်ဖြင့်သာ ဖွဲ့စည်းနိုင်ပေသည်။

အင်မော်တယ်ဖျက်ဆီးဓားက မည်သည့်နေရာမှာရှိနေကြောင်း သူသိသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က အင်မော်တယ်ဖျက်ဆီးဓား ဖြစ်သည်။

ထိုအင်မော်တယ်ဖျက်ဆီးဓားကို တုံထျန်းအင်မော်တယ်ဘုရင်က သန့်စင်ခဲ့ခြင်း ဖြစ်သည်။

ဟန်မူယဲ့က ထိုဓား ပြန်ရောက်လာပြီး သူ့ကိုယ်ပိုင်ဓားဝင်္ကပါနှင့် ပေါင်းစပ်သွားမည့်အချိန်ကို အမြဲတမ်း စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့မှသာ စစ်မှန်သော အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါက ဤလောကထဲမှာ ထွက်ပေါ်လာနိုင်လိမ့်မည်။

သို့သော်လည်း ယခု သူက နောက်ထပ် မစောင့်ဆိုင်းနိုင်တော့ပေ။

သို့ဖြစ်၍ သူက လက်လျော့လိုက်သည်။

ဤလောကတွင် ကိစ္စတချို့က တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒအတိုင်း အမြဲတမ်း ဖြစ်မလာနိုင်ပေ။ တချို့အရာများကို လက်လွှတ်သင့်လျှင် လက်လွှတ်ရမည်။

“ ဂျိန်း ”

ကျယ်လောင်သော မိုးခြိမ်းသံက သူ၏ ခန္ဓာကိုယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာနေသည့်အလားပင်။

သူ၏ စိတ်နယ်ပယ်ထဲမှ ဓားသုံးလက်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲထွက်သွားကြသည်။

သူ၏ အစစ်အမှန်ဝိညာဉ်ဓားက ထွက်ပေါ်လာပြီး သူ၏ စိတ်နယ်ပယ်ထဲသို့ ဆင်းသက်သွားသည်။

အစိတ်အမှန်ဝိညာဉ်ဓားထဲတွင် တောက်ပသော ဓားအလင်းက ပေါ်လျှိုးလာသည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားက ထပ်မံ ကွဲထွက်သွားသည်။

မူလဝိညာဉ်ဓားသုံးလက်က အစစ်အမှန်ဝိညာဉ်ဓားနှင့် ပေါင်းစပ်သွားပြီး အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားသည်။

သို့သော်လည်း ထိုဓားဝင်္ကပါ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဟန်မူယဲ့က ယင်းကို အရပ်ရှစ်မျက်နှာဓားဝင်္ကပါအဖြစ် ချက်ချင်း ခွဲထုတ်လိုက်သည်။

ပင်လယ်လေးစင်းနှင့် ရှေးဦးအပျက်အစီးကုန်းမြေရှစ်ခုကြားတွင် ထိုဓားဝင်္ကပါက အဆုံးမဲ့စွာ ကျယ်ပြောသွားသည်။

ဓားဝင်္ကပါထဲဝယ် မရေမတွက်နိုင်သော မူလဝိညာဉ်ဓားများက အစစ်အမှန်ဝိညာဉ်ဓားများဖြင့် ပွတ်တိုက်သွားကြပြီး အချင်းချင်း ပေါင်းစပ်သွားကြသည်။ တဖြည်းဖြည်း ယင်းတို့က ဒြပ်ထည်ရှိလာကြသည်။

အလင်းစီးကြောင်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး မရေမတွက်နိုင်သော စကြာဝဠာများဆီသို့ ဖြန့်ကြက်သွားကြသည်။

ဤအခိုက်အတန့်မှာ ဓားအားလုံးက အသက်ရှိလာကြသည်။

အရင်ဆုံး ဓားအလင်းက ကွဲထွက်သွားသည်။ ထို့နောက် ယင်းတို့က ပြန်စုဝေးသွားကြသည်။

ဓားအလင်းတစ်ဘီလီယံက ဓားအလင်းတစ်ရာအဖြစ် စုဝေးသွားကြသည်။ ထို့နောက် ဓားအလင်းတစ်ရာက အချင်းချင်း ပြန်စုဝေးသွားကြပြီး ငါးဆယ်သာ ကျန်ရှိတော့သည်။

ဟန်မူယဲ့က သူ့အရှေ့မှ ဓားအလင်းငါးဆယ်ကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ မဟုတ်ဘူး ”

သူက သိမ်မွေ့စွာ ရေရွတ်လိုက်သည်။ ထိုအခါ ဒြပ်ထည်ရှိသော ဓားရှည်တစ်လက်က ရုတ်တရက် အက်ကွဲသွားပြီး သိမ်မွေ့သော ပုံရိပ်ယောင်ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ကောင်းကင်ဘုံတာအိုက ငါးဆယ်ရှိပြီး… တစ်ခုက လွတ်မြောက်နေတယ်… ဓားနတ်ဘုရားလုယွဲ့က ဘယ်သူလဲ ငါသိပြီ ”

“ ဓားနတ်ဘုရားလုယွဲ့… ခင်ဗျားက ကျုပ်ရဲ့ ဓားပဲ ”

ဓားနတ်ဘုရားလုယွဲ့က အင်မော်တယ်ဖျက်ဆီးဓား ဖြစ်သည်။

ထိုသူက သူလက်လျော့ခဲ့သော အင်မော်တယ်ဖျက်ဆီးဓား ဖြစ်သည်။

သို့ဖြစ်၍ သူ၏ ဓားဝင်္ကပါကို ဖွဲ့စည်းထားသည်မှာ ဓားအလက်ငါးဆယ် မဟုတ်ပေ။ ယင်းအစား ဓားလေးဆယ့်ကိုးလက်သာ ဖြစ်သည်။

အပိုဓားအလင်းရောင်က ဓားနတ်ဘုရားလုယွဲ့ကြောင့် သူ့ဆီ ပြန်ရောက်လာသော ဓားအလင်းဖြစ်သည်။

ထိုဓားအလင်းက အချိန်နှင့် လေဟာနယ်ကို ပြောင်းပြန်လှန်နိုင်ပြီး မိုးမြေကို ဖျက်ဆီးပစ်နိုင်သည်။

ထိုဓားအလင်းကြောင့် ဟန်မူယဲ့၏ ကိုယ်ပိုင်ဓားလမ်းစဉ်ထဲတွင် ပျောက်ဆုံးနေသော အပိုင်းအစက နောက်ဆုံးမှာ ပြီးပြည့်စုံသွားသည်။

ထိုဓားအလင်းက အလွန်အမင်း သန်မာသည်မှာ ဟန်မူယဲ့၏ လက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုဓားအလင်းက သူ့ကိုယ်ပိုင်ဓားလမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဤမတိုင်ခင်အထိ ဟန်မူယဲ့ လုံးဝမသိခဲ့ပေ။

သူ၏ ဓားလမ်းစဉ်က လေးဆယ့်ကိုးပိုင်း ခွဲထွက်သွားပြီး တစ်ပိုင်းက လွတ်မြောက်နေသည်။ သို့ဖြစ်၍ လွတ်မြောက်နေသော တစ်ပိုင်းက ကောင်းကင်ဘုံတာအို၏ ချို့ယွင်းချက်တစ်ခု ဖြစ်လာသည်။

သို့ဖြစ်၍ ဤလောကထဲတွင် မည်သည့်မူလစွမ်းအားမှ၊ မည်သည့်စည်းမျဉ်းမှ ထိုဓားအလင်းကို မတောင့်ခံနိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက ကောင်းကင်ဘုံတာအို၏ ချို့ယွင်းချက်ဖြစ်နေသောကြောင့် ဖြစ်သည်။

အကယ်၍ ထိုဓားအလင်းသာ ဒြပ်ထည်ရှိလာမည်ဆိုလျှင် ယင်းက ဤလောကထဲမှ အရာအားလုံးကို ပိုင်းဖြတ်နိုင်လိမ့်မည်။

ယခု ထိုဓားမှာ ဓားအလင်းရောင်သာ ကျန်ရှိတော့သည်။

“ ဓားနတ်ဘုရားလုယွဲ့က ဒီစကြာဝဠာရဲ့ အပြင်ကို ထွက်သွားပြီ… ဒါပေမဲ့ သူက အချိန်လေဟာနယ်ကို ထိန်းချုပ်ပြီး ဒီပုံရိပ်ယောင်ဓားအလင်းကို ငါ့ဆီ လာပေးခဲ့တယ် ”

“ ပြီးတော့… ငါ့ရဲ့ ဝိညာဉ်ကိုယ်ပွားက ငါ့အတွက် ရတနာခုနစ်ပါးကို ပြင်ဆင်ပေးထားတယ်… သူက ဓားတစ်လက်နဲ့ ကောင်းကင်ကို ပိုင်းဖြတ်ခဲ့ပြီး အခြားလက်တစ်ဖက်နဲ့ ကောင်းကင်ကို ပြုပြင်ခဲ့တယ်… သူက ငါ့ကို ဘာပြောချင်နေတာလဲ ”

ဟန်မူယဲ့၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ အသိစိတ်ထဲမှ ဓားရှည်အားလုံးက အချင်းချင်း ပွတ်တိုက်သွားကြပြီး နောက်ဆုံးမှာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ တိမ်တိုက်ပုံရိပ်များက ဓား၏ ကိုယ်ထည်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ဓားပေါ်တွင် အလင်းတန်းများက ကြက်ခြေခတ်သဏ္ဍာန် ယှက်ထွေသွားကြသည်။

အလင်းတန်းတစ်ခုစီက ဝိညာဉ်စွမ်းအား၏ တုံ့ပြန်မှုကို ကိုယ်စားပြုသည်။

စွမ်းအင်အားလုံးက ဓားသွားပေါ်မှာ စုဝေးသွားကြသည်။

ထိုဓားက သဘာဝစွမ်းအားဖြင့် ပျိုးထောင်ခံထားရပြီး အလွန်အမင်း ထက်ရှသည်။

ထိုဓားရှည် ထွက်ပေါ်လာသည့်အခိုက် မိုးမြေ၏ အဆုံးမဲ့စွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော စီးဝင်သွားသည်။

“ ဂျိန်း ”

မူလက ဖြည်းဖြည်းချင်း ပေါင်းစည်းသွားနေသော အထက်အဆင့်သုံးဆင့် ကုန်းမြေက ရုတ်တရက် မိုးကြိုးအများအပြားဖြင့် ထိမှန်သွားပြီး ပေါင်းစည်းနေသော အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

ထို့နောက် မိုးကြိုးသွားများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကြသည်။

သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ ဓားရှည်ပုံရိပ်က အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဓားရှည်က မိုးကောင်းကင်ပေါ်မှ ကျဆင်းလာနေသော မိုးကြိုးသွားများကို ဖြတ်တောက်လိုက်သည်။

ဓားက ထိုမိုးကြိုးသွားများကို တောင့်ခံနိုင်ရုံသာမက ယင်းတို့ကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

ယင်းက ဓား၏ အနှစ်သာရဖြစ်သည်။

ထိုဓားအလင်းရောင်ကို မည်သည့်အရာမှ မဖုံးလွှမ်းနိုင်ပေ။ မိုးကြိုးသွားများသည်ပင် ထိုသို့မစွမ်းဆောင်နိုင်ပေ။

ဓားအလင်းနှင့် မိုးကြိုးသွားများ၏ တွေ့ဆုံမှုက အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

ကောင်းကင်က ဖရိုဖရဲဖြစ်သွားပြီး မြေကြီးက တုန်ယင်သွားသည်။

မရေမတွက်နိုင်သော မူလစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

ဓားရှည်က မြန်ဆန်စွာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

မိုးကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ အံ့ဩသော အရိပ်အယောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဖြစ်နိုင်သည်မှာ ဤမတိုင်ခင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲမှာ မည်သည့်အုပ်ချုပ်သူမှ ထိုသို့အောင်မြင်မှုမျိုး မရရှိဖူးဟန် ရ၏။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေပေါ်တွင် အုပ်ချုပ်သူနယ်ပယ်ဆီသို့ တတ်လှမ်းမည်ဆိုလျှင် လောကတစ်သောင်းထံမှ မူလစွမ်းအားကို ကောင်းချီးအနေဖြင့် ရရှိလိမ့်မည်ဟု ဟန်မူယဲ့ လုံးဝ မမျှော်လင့်ထားပေ။

ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းရည်များကို အလွန်မြန်ဆန်စွာ မြှင့်တင်ပေးနိုင်သည်။

ဤအခိုက်အတန့်မှာ အချင်းချင်း ပေါင်းစည်းသွားနေကြသော အထက်အဆင့်သုံးဆင့် ကုန်းမြေများ၏ မူလစွမ်းအားက ဟန်မူယဲ့တစ်ယောက်တည်းထံသို့ တိုးဝင်သွားနေသည်။

ရလဒ်အနေဖြင့် မည်သည့်ကောင်းကင်ပုတီးစေ့မှ သို့မဟုတ် မည်သည့်ကောင်းကင်မိစ္ဆာသားရဲမှ မထွက်ပေါ်လာတော့ချေ။

မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက ဟန်မူယဲ့ရှိနေသော တည်နေရာဆီသို့ အမြန်ချဉ်းကပ်လာကြသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် ဟွင်းသွမ်းက ချက်ချင်း ရွေ့လျားလိုက်ကြပြီး အရှေ့မှာ မတ်တတ်ရပ်လိုက်ကြသည်။

မည်သူမှ သူတို့၏ ခုခံကာကွယ်မှုကို မချိုးဖြတ်နိုင်ကြချေ။

“ ဘန်း ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူ၏ လက်ထဲမှ ဓားမော့ကို ရက်စက်ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မိုင်တစ်ထောင်ဧရိယာအတွင်းမှ ကျင့်ကြသူထောင်သောင်းချီက သေကြေပျက်စီးသွားကြသည်။

အဆုံးမဲ့သော မူလစွမ်းအားက ဟန်မူယဲ့ရှိနေသော တည်နေရာဆီသို့ စီးဆင်းသွားသည်။

အဝေးတွင် ရေမှင်စာနှင့်အတူ မတ်တတ်ရပ်နေကြသော မဟာမိစ္ဆာများက မျက်နှာဖြူဖျော့သွားကြသည်။

ကံကောင်းသည်မှာ အစောနက ၎င်းတို့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို အမှန်တကယ် မတိုက်ခိုက်ခဲ့ကြချေ။ သို့မဟုတ်လျှင် ၎င်းတို့အားလုံးက တစ်ဖက်လူ၏ လက်သီးတစ်ချက်ဖြင့် သေကြေပျက်စီးသွားကြလိမ့်မည်။

၎င်းတို့က ခေါင်းလှည့်လိုက်ကြပြီး ရေမှင်စာကို ကြည့်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ စိတ်ရှုပ်ထွေးသော အမူအရာက ၎င်းတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ထိုနတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ၎င်းတို့အကိုကြီး၏ အကြွင်းအကျန်ဝိညာဉ်ဖြစ်ကြောင်း ၎င်းတို့အားလုံး သိထားကြသည်။ ယခု တစ်ဖက်လူက ထိုမျှအစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေလေသည်။

“ သွားကြစို့… အဲ့ဒီကောင်လေးက ဓားတာအိုနဲ့ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်လာပြီ ”

ရေမှင်စာက ဟန်မူယဲ့၏ ဦးခေါင်းထက်မှ ဓားရှည်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

လွန်ခဲ့သောနှစ်များမှ ထိုကောင်လေးက ယခု ၎င်းမော်ကြည့်ရန်သာ တတ်စွမ်းသော အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာချေ၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ၎င်းစိတ်ကူးယဉ်နေခဲ့သော ထိုအဆင့်ဆီသို့ ထိုကောင်လေးက အမှန်တကယ် ခြေချနိုင်သွားသည်။

ကမ္ဘာဦးအုပ်ချုပ်သူ… ။

“ ဝုန်း ”

ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားသည်။

“ ဗုန်း ”

မိုးမြေက ဦးညွတ်လိုက်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ ဦးခေါင်းထက်မှ ဓားရှည်ကို ဖမ်းဆုပ်လိုက်သည်။

ထိုဓားက ဖော်မပြနိုင်အောင် လေးလံသည်။

ဓားက အလွန်အမင်း လေးလံလေရာ ယင်းကို ကိုင်နိုင်ရန်ပင် သူမနည်းကြိုးစားနေရ၏။

ဓားက အလျားငါးပေရှိပြီး ဓား၏ မျက်နှာပြင်က နက်မှောင်သည်။

သူက ဓားရှည်ကို တရွတ်တိုက် ဆွဲလျက် ဖြည်းညင်းစွာ လျှောက်သွားသည်။

ဤအခိုက်အတန့်မှာ အချင်းမိုင်တစ်သန်းအတွင်းမှ သက်ရှိအားလုံးက နှလုံးတုန်ယင်သွားကြသည်။

သူတို့က ဓားအလင်း၏ ပြိုင်ဘက်ကင်းထက်ရှမှုဖြင့် ဖိနှိပ်ခံလိုက်ကြရသည်။

ယင်းက ဤစကြာဝဠာ၏ အထက်ရှဆုံးစွမ်းအား ဖြစ်သည်။

အလွန်လေးလံသော ထိုဓား၏ အရှေ့တွင် လောကက ခုတ်ပိုင်းခံရရန် အသင့်စောင့်ဆိုင်းနေသော သစ်သားတုံးနှင့် မခြားပေ။

ထိုဓားက ဤလောက၏ အလေးလံဆုံးအရာ ဖြစ်သည်။

ထိုဓားက ဤလောက၏ အထက်ရှဆုံးအရာ ဖြစ်သည်။

ထိုဓားက ရှေးခေတ်ကာလမှစ၍ မျက်မှောက်ခေတ်အထိ အသန်မာဆုံးစွမ်းအား ဖြစ်သည်။

ထိုဓားကိုယ်တိုင်က ဟန်မူယဲ့ ဖြစ်သည်။

ယင်းက ဓားတာအိုအုပ်ချုပ်သူဖြစ်သည်။

သူက ဓားတာအိုဖြင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့်အတန်းကို ရရှိသွားခဲ့သည်။

နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်နောက် ဟန်မူယဲ့၏ ကျင့်ကြံခြင်းက နောက်ဆုံးမှာ ဤလောက၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ယင်းက ကမ္ဘာဦးအုပ်ချုပ်သူ ဖြစ်သည်။

ထိုနယ်ပယ်က ဤလောက၏ ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်သည်။

ယင်းက မသေမျိုးဖြစ်ပြီး ပြိုင်ဘက်ကင်းတန်ခိုးရှင် ဖြစ်သည်။ ယင်းက မရေမတွက်နိုင်သော စကြာဝဠာများကို အုပ်ချုပ်နိုင်သည့် အထွတ်အထိပ်စွမ်းအား ဖြစ်သည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်က ဓားရှည်နှင့် ပေါင်းစပ်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ဓားအဖြစ် ပြောင်းလဲသွားနေဟန် ရ၏။

ဤအခိုက်အတန့်မှာ သူက အချင်းမိုင်ပေါင်းဆယ်ဘီလီယံအတွင်းမှ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သွားသည်။

မိုးမြေကြားထဲမှ မရေမတွက်နိုင်သော အလွှာများက အချင်းချင်း ပေါင်းစည်းသွားကြသည်။

သူ၏ စွမ်းအင်အားလုံးက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားပြီး သူက ဓားတာအိုအုပ်ချုပ်သူဖြစ်လာသည်နှင့် သူမြင်လိုက်ရသော အရာအားလုံးက ယခင်ကနှင့် လုံးဝ ကွာခြားသွားသည်။

ပုံရိပ်ယောင်နှင့် အစစ်အမှန်… ။

ပေါ့ပါးမှုနှင့် လေးလံမှု… ။

တချို့လောကများက စစ်မှန်ပြီး တချို့လောကများက ပုံရိပ်ယောင်ဖြစ်သည်။

တချို့လောကများက အလားအလာရှိပြီး တချို့လောကများက အသက်ဓာတ်ကုန်ခမ်းနေသည်။

“ ရွှီး ”

ဓားအလင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည့်အခါ မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များက ရပ်တန့်သွားကြသည်။ ကောင်းကင်ပေါ်မှ ဓားအလင်းက သူတို့အားလုံးကို အလိုအလျောက် ဦးညွတ်သွားစေရန် ဖိအားပေးလိုက်သည်။

သို့ဖြစ်၍ အစောနက မူလစွမ်းအားလုယက်ရန် အမြန်ရောက်ရှိလာကြသော ပုဂ္ဂိုလ်များက ယခု ခေါင်းငုံ့လိုက်ကြရသည်။

မည်သူမှ ထိုဓားရှည်ကို တိုက်ရိုက် မော်မကြည့်ဝံ့ကြချေ။

မိုးမြေကြားထဲမှ မူလစွမ်းအားနှင့် အထက်အဆင့်သုံးဆင့် ကုန်းမြေများ၏ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအားကြောင့် ဟန်မူယဲ့၏ အုပ်ချုပ်သူဓားက မည်သူမှ စိတ်ကူးမယဉ်နိုင်အောင် အစွမ်းထက်သွားသည်။

အကယ်၍ ရှေးဟောင်းနဂါးမီကျောင်းက သူ့အရှေ့မှာ အဟန့်အတားဖြစ်လာမည်ဆိုလျှင် သူက ဓားရှည်ဖြင့် ၎င်းကို ပိုင်းဖြတ်ပစ်လိမ့်မည်။

အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ မိုးမြေက တစ်ခုတည်းဖြစ်သွားသည့်အခါ ယင်းက အဝေးမှ အလွန်ကျယ်ပြောသော လင်းရှောင်မဟာနယ်မြေနှင့် တွေ့ဆုံသွားသည်။

ထိုကုန်းမြေနှစ်ခု အပြည့်အဝ ပေါင်းစည်းသွားသည့်အခါကျလျှင် စစ်မှန်သော လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေက ထွက်ပေါ်လာလိမ့်မည်။

ထိုအခါကျလျှင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက ထွက်ပေါ်လာကြလိမ့်မည်။

နောက်ဆုံးမှာ ထိုကောင်းကင်မိစ္ဆာသားရဲများက ကုန်းမြေ၏ မူလစွမ်းအားကို စုပ်ယူကြလိမ့်မည်။ ထို့နောက် ကောင်းကင်နှင့် မြေပြင်က ပြိုကွဲပျက်စီးသွားပြီး လောကတစ်သောင်းကုန်းမြေများက သူတို့၏ မူလနေရာဆီသို့ အသီးသီးပြန်ရောက်သွားကြလိမ့်မည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။

မိုးမြေက ပေါင်းစည်းသွားနေသည်နှင့်အမျှ ထိုအက်ကွဲကြောင်းက အလျှင်အမြန် ကြီးမားလာနေသည်။

ဖြစ်နိုင်သည်မှာ ထိုအက်ကွဲကြောင်း၏ အပြင်ဘက်တွင် အဆုံးမဲ့သော အင်အားစုများက အထဲသို့ ဝင်ရောက်လာရန် အသင့်စောင့်ဆိုင်းနေကြဟန် ရ၏။

ဟန်မူဟဲ့က ဓားရှည်ကို တရွတ်တိုက် ဆွဲလျက် ကောင်းကင်ပေါ်သို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။

သူက အက်ကွဲကြောင်း၏ အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ဓားရှည်ကို သူ၏ အရှေ့မှာ ထောင်လိုက်သည်။

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေဆီ ဘယ်အင်အားစုတွေ ဝင်ရောက်လာချင်လဲ ငါမြင်စမ်းချင်တယ် ”

All Chapters