အခန်း (၁၄၈၄)
Vol. 106 Ch. 1484
ဟန်မူယဲ့က မိုးကောင်းကင်ထက်မှာ ဓားကိုင်လျက် အရှေ့သို့ လျှောက်သွားနေသည်။
အရှေ့သို့ ခြေတစ်လှမ်း သူလျှောက်လိုက်သည့်အခါတိုင်း အလွန်ထက်ရှသော အရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ မြန်ဆန်စွာ စုဝေးသွားသည်။
ခြေဆယ်လှမ်း လှမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားအရှိန်အဝါက အချင်းမိုင်တစ်သောင်းကျယ်ပြောသော ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။
ငါးပေရှည်လျားသော ဓားက ကောင်းကင်ကို ဖြတ်တောက်သွားပြီး ကောင်းကင်အလွန်မှ ဟင်းလင်းပြင်ကို မျက်နှာမူလိုက်သည်။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းငုံ့လိုက်ကြသည်။
သူတို့မြင်နိုင်သည်မှာ ဓားကိုင်ထားသော ဟန်မူယဲ့၏ အရိပ် ဖြစ်သည်။
မိုင်တစ်သောင်းရှည်လျားသော ထိုဓားအလင်းက မိုးကောင်းကင်တစ်ခုလုံးကို နှစ်ပိုင်းဖြတ်တောက်လိုက်သည်။
ဓားအလင်း သိပ်သည်းသွားသည့်အခါ လောကတစ်ခွင်လုံး ထွန်းလင်းတောက်ပသွားသည်။ တစ်ချိန်တည်းမှာ ထိုဓားအလင်းကို မြင်လိုက်ရသော လူတိုင်းက စိတ်နှလုံးငြိမ်းချမ်းသွားကြသည်။
“ အဲ့ဒါ ဆရာဟန်ပဲ ”
စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ထိန်းချုပ်ထားသော လူငယ်တစ်ယောက်က ကောင်းကင်ပေါ်မှ ပုံရိပ်ကို မြင်သွားသောအခါ တီးတိုးရေရွတ်လိုက်သည်။
လူငယ်သည် ဆရာဟန်ကဲ့သို့ အဆုံးမဲ့သော ကောင်းကင်မိစ္ဆာသားရဲများကို သူမရင်ဆိုင်နိုင်ကြောင်း သိသည်။ သူ့မှာ ဆရာဟန်ကဲ့သို့ တိုက်ပွဲစွမ်းအားမရှိသလို ရဲစွမ်းသတ္တိလည်း မရှိချေ။
သို့ဖြစ်၍ သူက မိုးကောင်းကင်ပေါ်မှ ပုံရိပ်ကို အရိုအသေပေးလိုက်သည်။
“ အဲ့ဒါ ဓားအင်မော်တယ်လား ”
တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်ပြီး မိုးမြေကြားထဲမှာ လှည့်ပတ်နေသော ဓားအလင်းကို ကြည့်လိုက်သည်။ မယုံကြည်နိုင်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ထိုဓားအလင်း၏ ထွန်းလင်းတောက်ပမှုက မိုင်ပေါင်းဘီလီယံနှင့်ချီ ဖြန့်ကြက်သွားသည်။
အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ တိုက်ခိုက်နေကြသော ဟွမ်ကျစ်ဟူနှင့် တခြားလူများသည်ပင် ယင်း၏ တည်ရှိမှုကို အာရုံခံနိုင်ကြသည်။
သူတို့အားလုံးက ပြိုင်တူခေါင်းမော့လိုက်ကြပြီး အဝေးသို့ စိုက်ကြည့်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အကြည့်က ဟင်းလင်းပြင်အလွှာအထပ်ထပ်ကို ထိုးဖောက်သွားပုံပေါ်သည်။
ထိုနေရာတွင် ဓားစွမ်းအင်က တစ်ဟုန်ထိုး မြင့်တတ်သွားနေကြောင်း သူတို့အာရုံခံနိုင်ကြသည်။
ယင်းက စစ်မှန်သော ဓားစွမ်းအင်ဖြစ်ပြီး ထိုထဲမှာ အဆုံးမဲ့သော ထက်ရှမှုတို့ ကိန်းအောင်းနေသည်။
“ အဲ့ဒါ ငါ့မွေးစားအဖေ ဖြစ်ရမယ်… ”
ဟွမ်ကျစ်ဟူက သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး အဝေး၌ ဓားဝင်္ကပါထဲမှာ ချုပ်နှောင်ခံထားရသော အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲကို စိုက်ကြည့်လိုက်သည်။
“ သတ် ”
သူ၏ အော်သံထဲမှာ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
ဤလောကတွင် ထိုသို့အစွမ်းထက်သော ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်သူက သူ့မွေးစားအဖေမှလွဲ၍ တခြားလူမရှိနိုင်ပေ။
သို့ဖြစ်၍ သူတို့သည်လည်း သူတို့၏ တာဝန်ကို ကျေပွန်ရန် အကောင်းဆုံး ကြိုးစားကြရမည်။ သူတို့က သူတို့၏ တိုက်ပွဲမြေပြင်ကို ခုခံကာကွယ်ရန် ပိုပြီးအားစိုက်ထုတ်လိုက်ကြသည်။
ဓားဝင်္ကပါတစ်ခုစီ၏ အပေါ်တွင် အလင်းစီးကြောင်းက ဝင်းလက်သွားသည့်အခါ မရေမတွက်နိုင်သော တိုက်ပွဲဓားများ ထွက်ပေါ်လာကြသည်။ ယင်းတို့က အရှေ့မှ ကောင်းကင်မိစ္ဆာသားရဲများကို ရက်စက်ကြမ်းကြုတ်စွာ ပိုင်းဖြတ်လိုက်ကြသည်။
“ ဓားတာအိုက တစ်ခုတည်း မဟုတ်ဘူး ”
ဆရာချင်းစုယန်က တီးတိုးရေရွတ်လိုက်သည်။ သူက ဓားကိုင်ထားလျက် ဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေသည်။
ဟန်မူယဲ့က ဒုစရိုက်နဂါးနှင့် တိုက်ခိုက်နေစဉ် သူက အနောက်ဆုတ်သွားခဲ့သည်။ ယခု သူက အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေဆီသို့ ပြန်ရောက်လာပြီး အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ဟန်မူယဲ့ထံမှ ဓားအလင်းကို သူအာရုံခံမိသောအခါ သူ့ကိုယ်ပိုင်ဓားအလင်းက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။
သူ၏ ဦးခေါင်းထက်တွင် အာခီမီတာအို၊ ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအိုက ပေါင်းစပ်သွားနေသည်။
ဤအခိုက်အတန့်မှာ ချင်းစုယန်က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်၏ မတာတာအိုကို ရှင်းလင်းစွာ နားလည်သွားသည်။
လင်းရှောင်နယ်မြေထဲတွင် မိုးမြေက ပေါင်းစည်းသွားနေသည်။
ဤတစ်ကြိမ်တွင် လင်းရှောင်နယ်မြေက ကြီးမားသော ရိုက်ခတ်မှုဒဏ်ကို မခံစားရပေ။ အဘယ့်ကြောင့်ဆိုသော် မိုးမြေ၏ မူလစွမ်းအားက အထက်အဆင့်သုံးဆင့် ကုန်းမြေဆီသို့ ဦးတည်သွားနေသောကြောင့် ဖြစ်သည်။ သို့ဖြစ်လေရာ လင်းရှောင်နယ်မြေက အနည်းငယ်မျှသာ တုန်ယင်သွားသည်။
လင်းရှောင်နယ်မြေထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြပြီး အထက်အဆင့်သုံးဆင့် ကုန်းမြေဆီသို့ ကြည့်လိုက်ကြသည်။
ထိုကုန်းမြေ၏ အလွန်တွင် ဓားအလင်းတစ်ခုက ကောင်းကင်တစ်ခွင် လှည့်ပတ်သွားနေသည်။
“ အဲ့ဒါ တိမ်မြူဓားအင်မော်တယ် ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်တစ်ယောက်က သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
လက်စသတ်တော့ ဓားအလင်းက စကြာဝဠာတစ်ခုလုံးကိုပင် အလင်းရောင်ပေးစွမ်းနိုင်သည်ကို။
“ အဲ့ဒါ အမတ်ချုပ်ဟန်ပဲ ”
ရှုကျီက မတ်တတ်ရပ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
ဤလောကက အကြီးအကျယ် ပြောင်းလဲသွားသည့်အခါတိုင်း အရေးကြီးအခိုက်အတန့်မှာ ဓားအလင်းတစ်ခု ပေါ်ထွက်လာလိမ့်မည်ကို သူသိသည်။
ထိုဓားအလင်းက ဟန်မူယဲ့ ဖြစ်သည်။
ဟန်မူယဲ့၏ ဓားက လောကကို ဖျက်ဆီးပစ်နိုင်သည်။
ထို့အတူ ဟန်မူယဲ့၏ ဓားက လောကကို ကယ်တင်ပေးနိုင်သည်။
“ ဘန်း ”
နောက်ဆုံးမှာတော့ ကောင်းကင်ယံမှ အက်ကွဲကြောင်းက အပြည့်အဝ ဖွင့်လှစ်သွားသည်။
ကောင်းကင်မိစ္ဆာသားရဲ တစ်ကောင်ပြီးတစ်ကောင်က ထိုအက်ကွဲကြောင်းထဲမှ တိုးထွက်လာကြသည်။
သို့သော်လည်း ၎င်းတို့က အက်ကွဲကြောင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ထွန်းလင်းတောက်ပသော ဓားအလင်းဖြင့် တွေ့ဆုံသွားကြသည်။
အေးစက်မှု… ။
ချောက်ချားမှု… ။
တောက်ပမှု… ။
ယင်းက ဓားအလင်းတစ်ခုမျှသာ မဟုတ်ပေ။ ယင်းက မိုးမြေကြားထဲမှ မိုးကြိုးသွားနှင့် ပိုပြီးဆင်တူသည်။
လောင်ကျွမ်းမှု… ။
ရက်စက်ကြမ်းတမ်းမှု… ။
“ ဝီး ”
ဓားဟိန်းသံက ပဲ့တင်ထပ်သွားသည်။
ဓားအလင်း ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်မိစ္ဆာသားရဲအားလုံးက အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။
နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော ကောင်းကင်ပုတီးစေ့များက မိုးရေစက်များသဖွယ် ရွာသွန်းကျလာသည်။
ဟန်မူယဲ့က ထိုကောင်းကင်ပုတီးစေ့များကို အလေးမထားချေ။
သူက လက်မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ဓားဝှေ့ယမ်းလိုက်သည်။
ထိုဓားထဲမှာ အစောနက သူစုဆောင်းထားခဲ့သော စွမ်းအင်အားလုံး ကိန်းအောင်းနေသည်။ ဓားက လေကြမ်းနှင့်အတူ ဟင်းလင်းပြင်ထဲမှာ ဖြတ်သန်းသွားသည်။
ဓားဖြတ်သန်းသွားသည့်အခိုက် လေဟာနယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။
ထို့နောက် ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းက ထိုစွမ်းအားကြောင့် ဖိသိပ်ခံလိုက်ရသည်။ ဤသည်မှာ အက်ကွဲကြောင်းက ပြန်ပိတ်သွားတော့မည့်အလားပင်။
“ ဂရောင်း ”
ထိုစဉ် ကျယ်လောင်သော ဟိန်းသံက အက်ကွဲကြောင်း၏ အနောက်မှ ပဲ့တင်ထပ်လာသည်။
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲက အက်ကွဲကြောင်းထဲမှ ခေါင်းပြူးထွက်လာသည်။ ဤသည်မှာ ၎င်းက ပြန်ပိတ်တော့မည့် အက်ကွဲကြောင်းထဲမှ အတင်းအဓမ္မ ရုန်းထွက်လာနေဟန် ရ၏။
သို့တိုင် ၎င်းက အပြင်သို့ ရောက်ရှိတော့မည့်အချိန် တောက်ပသော ဓားအလင်းက ၎င်း၏ ဦးခေါင်းကို တိုက်ရိုက် ဖြတ်တောက်သွားသည်။
ဦးခေါင်းပြတ်တောက်သွားသည့်အခါ ထိုကောင်းကင်မိစ္ဆာသားရဲက ကောင်းကင်ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။
အဆင့်တစ် ကောင်းကင်ပုတီးစေ့… ။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ထိုကောင်းကင်ပုတီးစေ့ကို သူ့ထံသို့ ဆင့်ခေါ်လိုက်သည်။
လက်ရှိ သူ့အတွက် ထိုအဆင့်တစ် ကောင်းကင်ပုတီးစေ့များသာ အနည်းငယ် အသုံးဝင်သည်။
သူ၏ ဓားချက်ကြောင့် အက်ကွဲကြောင်းထဲမှ ကောင်းကင်မိစ္ဆာသားရဲများက ကြောက်လန့်တုန်လှုပ်သွားကြပြီး နောက်ထပ် အရှေ့မထွက်လာဝံ့ကြတော့ချေ။
ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်သည်။ သူက ငါးပေရှည်လျားသော ဓားကို ဆုပ်ကိုင်လျက် အက်ကွဲကြောင်း၏ အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။
လူတစ်ယောက်က ဓားတစ်လက်နှင့်အတူ အဆုံးမဲ့သော ကောင်းကင်မိစ္ဆာသားရဲများ အရှေ့မတိုးဝံ့လာရန် တားဆီးထားလေသည်။
သူ၏ ခြေဖဝါးအောက်တွင် ကောင်းကင်နှင့် မြေပြင်က ဆက်လက် ပေါင်းစည်းသွားနေသည်။
ပိုမိုများပြားသော မူလစွမ်းအားက အဝေးသို့ လျှံကျသွားသည်။
အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲများက ယင်းတို့ကို လာရောက်မလုယက်နိုင်လေရာ ထိုမူလစွမ်းအားများက ကောင်းကင်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားကြသည်။
အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်ပုတီးစေ့များ… ။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့များသည်ပင် ထွက်ပေါ်လာကြသည်။
ထိုကောင်းကင်ပုတီးစေ့များက ကျင့်ကြံသူများအတွက် ဖော်မပြနိုင်အောင် အလွန်တန်ဖိုးကြီးမားသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ပုတီးစေ့များကို စတင်ရိတ်သိမ်းလိုက်ကြသည်။ လူအများစုက ကောင်းကင်ပေါ်မှ အက်ကွဲကြောင်း၏ အရှေ့မှ ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။
ထိုပုံရိပ်မရှိလျှင် မည်သူက ဤကဲ့သို့ ကောင်းကင်ပုတီးစေ့များကို လွတ်လပ်စွာ ကောက်ယူနိုင်လိမ့်မည်နည်း။
“ ဆရာဟန်က ဒီကောင်းကင်ပုတီးစေ့တွေရဲ့ ဝေစုကို ရသင့်တယ် ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ တကယ်လို့ နောက်ထပ် အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံးကို ငါသန့်စင်နိုင်မယ်ဆိုရင် ငါ့ရဲ့ အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းက အခြေတည်ငြိမ်သွားလိမ့်မယ်… အဲ့ဒီအခါကျရင် အပေါ်ကို ငါသွားပြီး ဆရာဟန်နဲ့အတူ အက်ကွဲကြောင်းကို တားဆီးမယ် ”
ဝတ်စုံနက် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ လက်ထဲမှ ကောင်းကင်ပုတီးစေ့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
မရေမတွက်နိုင်သော လက်ရွေးစင်ကျင့်ကြံသူများအတွက်တော့ ထိုသို့ကာကွယ်ပေးခံရခြင်းက သူတို့အတွက် ညှဉ်းပန်းနှိပ်စပ်မှုတစ်မျိုး ဖြစ်သည်။
အစွမ်းထက်ကျင့်ကြံသူများက စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်သင့်သည်။
လင်းရှောင်နယ်မြေတွင် မရေမတွက်နိုင်သော ဓားဝင်္ကပါများက ကောင်းကင်ပေါ်သို့ စတင်မြှောက်တတ်သွားကြသည်။
ရှုကျီ၏ အမိန့်အောက်မှာ ဓားကျင့်ကြံသူအားလုံးက ဟန်မူယဲ့ကို ကူညီပေးရန် ရောက်ရှိလာကြသည်။
“ ဗုန်း ”
ထိုစဉ် ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းက နောက်တစ်ကြိမ် မြည်ဟိန်းသွားသည်။ ပေတစ်သောင်းရှည်လျားသော ဒုတိယအက်ကွဲကြောင်းက ဟန်မူယဲ့နှင့် မနီးမဝေးမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ အဆင့်တစ်နှင့် အထွတ်အမြတ် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများက အက်ကွဲကြောင်းနှစ်ခုစလုံးမှ ပျံသန်းထွက်လာကြသည်။
အကယ်၍ ထိုကောင်းကင်မိစ္ဆာသားရဲများသာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲသို့ ဝင်ရောက်လာကြမည်ဆိုလျှင် ၎င်းတို့က မူလစွမ်းအားကို တိုက်ရိုက် လုယက်ပြီး လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှ လက်ရွေးစင်ကျင့်ကြံသူများကို သတ်ဖြတ်ကြလိမ့်မည်။
ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ မရှောင်လွှဲနိုင်သော ကံကြမ္မာ ဖြစ်သည်။
သို့သော်လည်း ဟန်မူယဲ့က ထိုအခြေအနေကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ပြောင်းလဲပစ်ရန် ဆန္ဒရှိသည်။
သူက ဓားရှည်ကို ကိုင်မြှောက်လိုက်သည်။
ဤလောက၏ အလေးလံဆုံး ဓားရှည်က ဟင်းလင်းပြင်ကို တားဆီးလိုက်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်သည်။
သူ၏ အရှေ့တွင် တောင်တန်းဒေသတစ်ခု ထွက်ပေါ်လာဟန် ရ၏။ တောင်တန်းပေါ်တွင် မျှော်စင်များနှင့် ခန်းဆောင်များ ရှိသည်။
“ ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးပါ… ကျွန်တော့်မှာ မြင့်မားတဲ့ နားလည်နိုင်စွမ်း ရှိပါတယ် ”
ကောင်လေးတစ်ယောက်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိတ်တံခါးရှေ့မှာ မတ်တတ်ရပ်နေပြီး အသနားခံ အော်ပြောလိုက်သည်။
ထို့နောက် ဟန်မူယဲ့၏ အရှေ့မှ မြင်ကွင်းက မြန်ဆန်စွာ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ဓားအလင်းများအဖြစ် ပြောင်းလဲသွားသည်။
“ အကြီးအကဲတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဆီ ပြန်ရောက်လာတာ ကြိုဆိုပါတယ် ”
မရေမတွက်နိုင်သော တပည့်များက ကျယ်လောင်စွာ အော်ပြောလိုက်ကြစဉ် အံ့ဖွယ်ကိုးပါးတောင်ထွတ်ပေါ်မှ ခေါင်းလောင်းက ခြောက်ကြိမ်မြည်သွားသည်။
…..
ဓားရှည်ကို ဆုပ်ကိုင်လိုက်စဉ် အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။
ဤအခိုက်အတန့်မှာ သူက ပထမဆုံး ဓားကိုင်ခဲ့စဉ်က ခံစားချက်ကို ပြန်ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ငယ်ဘဝပုံရိပ်များက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
သူက ဓားဆုပ်ကိုင်လိုက်ပြီဆိုမှတော့ အရှေ့သို့ ထွက်ရတော့မည်။
အရှေ့သို့ ခြေတစ်လှမ်း သူလျှောက်လိုက်သည်နှင့် ဓားတိုတစ်လက်က သူ၏ ဘယ်လက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားတိုက ပုံရိပ်ယောင်ဓားအလင်းတစ်ခုသာ ဖြစ်၏။
သူ၏ ညာဘက်လက်ထဲတွင် ဓားရှည်ကို ဆုပ်ကိုင်ထားပြီး သူ၏ ဘယ်လက်ထဲတွင် ဓားတိုကို ဆုပ်ကိုင်ထားသည်။ ထို့နောက် သူက ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားနေရင်း သူ၏ လက်ထဲမှ ဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်သည်။
ယင်းက အတိတ်မှ အတိုင်းပင်။
ဟင်းလင်းပြင်ထဲတွင် ဓားအလင်းများက ကြက်ခြေခတ်သဏ္ဍာန် ယှက်ထွေသွားကြသည့်အခါ မရေမတွက်နိုင်သော ကောင်းကင်ပုတီးစေ့များက ကျဆင်းလာကြသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ကြောက်လန့်တကြား အနောက်ဆုတ်သွားပြီး လေဟာနယ်အက်ကွဲကြောင်းထဲသို့ ပြန်ဝင်သွားသည်။
သို့သော်လည်း အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ခြေတစ်လှမ်း နောက်ကျသွားလေရာ ၎င်းက ဓားအလင်းဖြင့် နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။
ထို့နောက် အဆင့်တစ် ကောင်းကင်ပုတီးစေ့တစ်လုံးက သူ၏ လက်ထဲသို့ ကျဆင်းလာသည်။
သူက ကောင်းကင်ပုတီးစေ့ကို တိုက်ရိုက် ဖျစ်ညှစ်လိုက်သည်။
ထိုအခါ အလွန်အားကောင်းသော မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
ယင်းက သူ့အား ဆက်လက် တိုက်ခိုက်ရန် စွမ်းအားထောက်ပံ့ပေးသည်။
အောက်ဘက်တွင် ဓားဝင်္ကပါများက တစ်ခုပြီးတစ်ခု မြှောက်တတ်လာကြသည်။
“ တိမ်မြူဓားအင်မော်တယ် ”
“ ဓားအင်မော်တယ်ကို ဂါရဝပြုပါတယ်… ကျွန်တော်တို့က ဆရာရှုကျီရဲ့ အမိန့်အရ တိုက်ပွဲမှာ လာရောက်ကူညီပေးကြတာပါ ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်အားလုံးက ဂါရဝပြုလိုက်ကြပြီး အော်ပြောလိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။
မူလစွမ်းအားက သူ၏ ဘေးပတ်ပတ်လည်တွင် ပရမ်းပတာ လှုပ်ခတ်သွားသည်။
သူက ဤအခွင့်အရေးကို အသုံးချ၍ မူလစွမ်းအားကို သန့်စင်လိုက်သည်။
…..