နိုးထလာခြင်း
Vol. 158 Ch. 2240
ကြယ်ကောင်းကင်တွင် အချိန်က ရပ်တန့်နေသလို အရာအားလုံးက ငြိမ်သက်အေးချမ်းမှု ပြန်လည်ရရှိလာပုံရလေသည်။
ငြိမ်သက်အေးချမ်းနေသော ကြယ်ကောင်းကင်တွင် လူတိုင်းက မဟာအင်ပါယာ၏ စွမ်းအားများဖြင့် ကာကွယ်ပေးခြင်းကို ခံစားရသည့် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူ့ကို မည်သူမှ လက်လှမ်းမမီနိုင်ပေ။
အားလုံးသော ကျင့်ကြံသူများက ရီဖူရှင်း မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံနေသည်အား ကြည့်ရုံသာ ကြည့်နေနိုင်ကြပေသည်။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက စီဝေ့အင်ပါယာနန်းတော်သခင်ထံမှ ထွက်ပေါ်နေဆဲ ဖြစ်ပြီး သူက စောင့်ကြည့်နေရန် အတွန့်ဆုတ်ဆုံး ဖြစ်နေသည်။ ရီဖူရှင်းအား ကြည့်နေသည့် ထိုမျက်လုံးများတွင် အမုန်းတရားများ အပြည့်ဖြစ်နေခဲ့သည်။ သူက အမုန်းတရားများ လွှမ်းခြုံနေသော အကြည့်တို့နှင့် ကြယ်ကောင်းကင်ကို ကြည့်နေခဲ့၏။
သူက အနည်းငယ်မျှ သည်းခံနိုင်ခြင်း မရှိပေ။ စီဝေ့မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် ထိုသို့ရွေးချယ်မှုမျိုး ပြုလုပ်ရသနည်း။
"နန်းတော်သခင်။" စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်စုက သူ့ထံသို့ ရောက်လာခဲ့ပြီး အကြီးအကဲများထဲမှ တစ်ယောက်က ပြောလိုက်သည်။ "နန်းတော်သခင် မဟာအင်ပါယာက ဒီလိုလုပ်ရတာ ရည်ရွယ်ချက် ရှိပါလိမ့်မယ်။ မဟာအင်ပါယာက ရွေးချယ်မှု လုပ်လိုက်ပြီဆိုကတည်းက ကျုပ်တို့က လေးစားပေးရမယ်လေ။"
ထိုအဘိုးအိုက နန်းတော်သခင်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော စီဝေ့အင်ပါယာနန်းတော်မှ အကြီးအကဲတစ်ယောက်ဖြစ်ကာ သူမှလွဲလျှင် ဤကဲ့သို့သော အခြေအနေမျိုး၌ မည်သူကမှ စကားမပြောရဲခဲ့ပေ။ သူက ရင်းနှီးနေသည့်အတွက်ကြောင့် နန်းတော်သခင်ကို ဖျောင်းဖျရဲခြင်း ဖြစ်ပေသည်။
စီဝေ့အင်ပါယာနန်းတော်သခင်က သူတို့ကို ဖြေးညင်းစွာ လှည့်ကြည့်လိုက်ပြီး မျက်လုံးများထဲဤ အေးစက်မှုတို့ ရှိနေသည်။ အဘိုးအိုက ထိုမျက်ဝန်းများကို မြင်သည့်အခါ သူ့ နှလုံးသားက အကြောက်တရားကြောင့် အခုန်မြန်သွားလေသည်။ ထိုမျက်ဝန်းများထဲမှ အားကောင်းလှသော အမုန်းတရားတို့အား သူ မြင်နိုင်ပေသည်။ သူသည် မဟာအင်ပါယာက ထိုသို့သော ရွေးချယ်မှုမျိုးကို ပြုလုပ်သွားပြီး နန်းတော်သခင်၏ စိတ်အခြေအနေကိုပင် ဖောက်လွှဲဖောက်ပြန် ဖြစ်စေသည်အထိ သက်ရောက်သွားစေလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်ထားဖူးခြင်း မရှိပေ။
စီဝေ့အင်ပါယာနန်းတော်သခင်က သူ သိထားသော နန်းတော်သခင် မဟုတ်တော့ပေ။
ထိုသည်မှာ သူ၏ သစ္စာရှိမှုက အပြီးတိုင် ပြိုပျက်သွားသောကြောင့် ဖြစ်နိုင်ပေသည်။ နှစ်ပေါင်းများစွာ လေးစားကြည်ညိုခဲ့ရသော မဟာအင်ပါယာက ယခု သူ့ကို သစ္စာဖောက်သွားခဲ့သည်။ ဤသည်က ယခု နန်းတော်သခင် ခံစားနေသည့် ခံစားချက်ပင် ဖြစ်သည်။ သူက သစ္စာတရားကို ဆုံးရှုံးသွားပြီး သူ့စိတ်အခြေအနေက အပြည့်အဝ ပြောင်းလဲသွားတော့သည်။ ဤရုတ်တရက် ဆန်လှသော အပြောင်းအလဲက နန်းတော်သခင်ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်ကိုပင် လွတ်ထွက်သွားစေရန် လုံလောက်ပေသည်။
"နန်းတော်သခင်။" အခြားသူများက သူ့ကို ခေါ်လိုက်သည်။ နန်းတော်သခင်နှင့် ယှဥ်လျှင် သူတို့က အများကြီးပို၍ ခံသာသေးသည်။ သူတို့၏ စိတ်က ထိုမျှ ပြင်းပြင်းထန်ထန် သက်ရောက်ခံရခြင်းမျိုး မရှိပေ။ ထို့အပြင် သူတို့က မဟာအင်ပါယာ၏ အမွေအနှစ်အတွက် မျှော်လင့်ချက်အချို့ထားရှိလျှင်ပင် ရဲတင်းလှသော မျှော်လင့်ချက်တစ်ခုသာ ဖြစ်နိုင်ပြီး အမှန်တကယ် ဖြစ်လာနိုင်မည့် တစ်စုံတစ်ခု မဟုတ်ပါချေ။
သူတို့က နန်းတော်သခင်၏ အပြောင်းအလဲကို မြင်သည့်အခါ သူ့ကို ဖျောင်းဖျရန် ကြိုးစားရမည်မှာ သူတို့ တာဝန်ဖြစ်လေသည်။ အဆူံးမှာတော့ ဤသည်က မဟာအင်ပါယာ၏ ဆန္ဒသာဖြစ်ပြီး စီဝေ့အင်ပါယာနန်းတော်က မဟာအင်ပါယာ၏ ဆန္ဒကို ထိန်းသိမ်းစောင့်ရှောက်ပေးကြသူများ ဖြစ်လေသည်။
"မင်းတို့အားလုံး ပါးစပ်ပိတ်ထား။" စီဝေ့အင်ပါယာနန်းတော်သခင်က လူတိုင်းကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ လူတိုင်းသည် သူ၏ ကြီးမားလှသော အပြောင်းအလဲကို ခံစားမိကြပြီး အချိန်တစ်ခုထိ အားလုံး တိတ်ဆိတ်သွားကြပေသည်။ စီဝေ့အင်ပါယာနန်းတော်သခင်က ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "မင်းတို့ ကျုပ်ကို နန်းတော်သခင်အဖြစ် အသိအမှတ်ပြုသေးတယ်ဆိုရင် သူ အမွေအနှစ်ကို ဆက်ခံပြီးသွားတာနဲ့ ချက်ချင်း သတ်ပစ်လိုက်ကြ။ အမွေအနှစ်က စီဝေ့ကြယ်ကမ္ဘာနဲ့ စီဝေ့အင်ပါယာနန်းတော်တို့ပဲ သက်ဆိုင်တယ်။ အပြင်လူတွေနဲ့ မဆိုင်ဘူး။"
လူတိုင်းက သူ၏ စကားများကို ကြားသောအခါ သူတို့၏ နှလုံးသွေးများက တဒိတ်ဒိတ် ဆောင့်တက်လာတော့သည်။ ကြည့်ရသည်မှာ နန်းတော်သခင်က စိတ်ပိုင်းဖြတ်ပြီးပုံရလေသည်။ မည်သူကမှ သူ့စိတ်ကို မပြောင်းလဲနိုင်တော့ပေ။
မည်သူကမှ သူ့ကို ဖျောင်းဖျရန် မကြိုးစားတော့ဘဲ အရာအားလုံးကို ကံကြမ္မာပေါ် ပုံအပ်ထားရုံသာ တတ်နိုင်ပေသည်။ သို့သော် မဟာအင်ပါယာက ဤနေရာကို ချုပ်ကိုင်လွှမ်းမိုးထားသည့်အတွက် နန်းတော်သခင်အနေနှင့် ရီဖူရှင်းအား သတ်ဖြတ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ မဟာအင်ပါယာ၏ စိတ်စွမ်းအားက ထိုနေရာ၌ တည်ရှိနေသေးလား မည်သူမှ သေချာမသိပါချေ။
မဟာအင်ပါယာ၏ စိတ်စွမ်းအားက ထိုနေရာ၌ အမှန်တကယ်ရှိနေပါလျှင် နန်းတော်သခင်၏ အပြုအမူက မဟာအင်ပါယာကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်သည်။
အပြင်လောကမှ ကျင့်ကြံသူများသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများရှိရာသို့ ကြည့်နေကြပြီး ထိုကျင့်ကြံသူများကို ဂရုဏာသက်နေကြသည်။ စီဝေ့အင်ပါယာနန်းတော်သခင်က စိတ်လွတ်သွားသည်မှာ အံ့သြစရာ ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်နှင့် သူက ထို့ထက်ပို၍ တိုးတက်နိုင်ချေက မရှိတော့သည့် အခြေအနေ ဖြစ်နေခဲ့သည်။ သို့သော် သူက အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က သူ့အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သော်လည်း မဟာအင်ပါယာက အမွေအနှစ်ဆက်ခံသူအဖြစ် သူ့ကို မရွေးချယ်ခဲ့ဘဲ ရီဖူရှင်းအား ရွေးချယ်ခဲ့သည်။ ထိုသို့အဖြစ်မျိုးက မည်သူ့ထံ၌ ဖြစ်နေပါစေ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်သူကမှ တိတ်တိတ်လေး လက်ခံလိုက်နိုင်မည် မဟုတ်ပေ။
အခြားအင်အားစုများမှ ကျင့်ကြံသူများသည်လည်း သက်ပြင်းချလိုက်သည်။ ၎င်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ပင် ဖြစ်သည်။ ယခု ပိုင်ဆိုင်ရမည့် တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီလား။
ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုများ၏ မည်သည့် တန်ခိုးရှင်ကမှ ထိုကဲ့သို့သော တစ်စုံတစ်ယောက်က ထွက်ပေါ်လာပြီး မဟာအင်ပါယာ၏ အမွေအနှစ်ကို လုယူသွားလိမ့်မည်ဟု နည်းနည်းလေးမှ စိတ်ကူးမကြည့်ခဲ့ကြဖူးပေ။
ထို့အပြင် ထိုသူက မဟာအင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ခဲ့သူလည်း ဖြစ်သည်။ အရာအားလုံးက ထိုကဲ့သို့သာ ဖြစ်သင့်သလိုပင် ထင်မှတ်ရသည်။
"ကျုပ်တို့ သွားကြမလား။" ရှန်ကလန်မှ ကျင့်ကြံသူများက မေးလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
နတ္ထိဘုံမှ အင်အားစုများကလည်း စိတ်ထဲကနေ ကြိတ်ကာ သက်ပြင်းချလိုက်ကြပြီး သူတို့၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးနေသည်။ ရီဖူရှင်းက မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံသွားနိုင်ခဲ့ပြီး အဆုံး၌ ရလဒ်နှစ်မျိုးသာ ထွက်လာနိုင်သည်။ တစ်ခုမှာ သူက အသတ်ခံရပြီး အမွေအနှစ်ကို သူ့ထံမှ ယူဆောင်သွားကြခြင်း ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လျှင်ပင် သူတို့အလှည့် ဖြစ်လိမ့်မည် မဟုတ်ပေ။
နောက်ထပ် ဖြစ်နိုင်ချေမှာ မဟာအင်ပါယာက ရီဖူရှင်းအား ကာကွယ်ရန် ဤနေရာအတွင်း အကာအကွယ်များ ချန်ရစ်ခဲ့ပြီး တိုက်ခိုက်သူများကို သတ်ပစ်ခြင်း ဖြစ်သည်။ ထိုသို့သာ ဖြစ်လာခဲ့လျှင် သူတို့က ဤနေရာ၌ လုံခြုံခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက မဟာအင်ပါယာ၏ စွမ်းအားကို အမှန်တကယ် ရရှိသွားလျှင် သူက ဤနေရာ၌ သူတို့အား ချက်ချင်း ရင်ဆိုင်လိမ့်မည်မှာ ဖြစ်နိုင်ပေသည်။
သူတို့အတွက် ယခု ဤနေရာ၌ ဆက်နေစရာ အကြောင်း မရှိတော့သည်မှာ သေချာပေသည်။
"သွားကြစို့။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ရုတ်တရက် လူအများက အဝေးသို့ ထွက်ခွာသွားကြကာ ကြယ်ကောင်းကင်ကို ချန်ရစ်ခဲ့ကြသည်။ သူတို့က ဤပဋိပက္ခများ၏ အဝေးမှ မြန်မြန် ထွက်သွားချင်နေသည်။
သူတို့က အနာဂတ်၌ အခွင့်အရေး ရှာတွေ့ခဲ့လျှင် ရီဖူရှင်းနှင့် ကျိန်းသေရင်ဆိုင်ကြမည် ဖြစ်သည်။
ယခု သူတို့က အလျင်လိုနေကြပေသည်။ သူတို့သည် ရီဖူရှင်းကို တစ်ယောက်တည်း အများကြီး တိုးတက်ခွင့် ပေးမထားနိုင်ပေ။ သူတို့အပေါ် သူ၏ ခြိမ်းခြောက်မှုက အလွန် ကြီးမားလှသည်။
မကြာခင်၌ လူအများ ထွက်ခွာသွားကြပေသည်။
နောက်တစ်နေရာတွင် အင်ပါယာကြယ်များ၏ ကောင်းချီးများ ရရှိထားသည့် အခြားခုနစ်ယောက်က လေ့လာ ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့က ကြယ်ကောင်းကင်အတွင်းရှိ ပုံရိပ်ကို ကြည့်လိုက်ကြပြီး ရီဖူရှင်းက နက်ရှိုင်းစွာ အိပ်မောကျနေသလို ထင်မှတ်ရကြောင်း မြင်တွေ့လိုက်ကြရသည်။ သူက ထိုအခိုက်အတန့်တွင် မည်သို့ ဖြစ်နေသည်ကို မည်သူမှ မသိပေ။
"လော့ဆု။"
ပြင်ပခရမ်းရင့်ကောင်းကင်မှ ကျင့်ကြံသူများက ထိုနေရာ၌ ရှိနေခဲ့သည်။ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လော့ဆုကို ခေါ်လိုက်သည်။ သူမက တုန့်ပြန်လိုက်၏။ "အဖေ။"
"ဘယ်လိုဖြစ်သွားရတာလဲ။" လော့ဆု၏ အဖေက ပြင်ပခရမ်းရင့်ကောင်းကင်မှ အရှင်လော့ ဖြစ်သည်။ သူက ထူးချွန်လှသော ကျင့်ကြံခြင်းနှင့် နတ်ဂီတတေးသွားကို ကျွမ်းကျင်ပေသည်။
"အရင်က သမီး အင်ပါယာကြယ်ကို လေ့လာတဲ့အခါ ရန်ဟောင်ရီရဲ့ အကူအညီနဲ့ အင်ပါယာကြယ်တွေထဲက တစ်ခုရဲ့ စွမ်းအားကို ဆက်ခံနိုင်ခဲ့တယ်။ သမီး စွမ်းအားဆက်ခံနိုင်ခဲ့တဲ့ အဲဒီအင်ပါယာကြယ်ကို အင်ပါယာရီက ပထမဆုံး ထောက်လှမ်းဆက်သွယ်နိုင်ခဲ့တာ။" လော့ဆုက ရှင်းပြလိုက်သည်။
အရှင်လော့က မယုံကြည်နိုင်မှုဖြင့် ထိတ်လန့်သွားပြီး ရီဖူရှင်း ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူသည် ဤမဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံနိုင်ခဲ့သော အဖြူရောင်ဆံပင်နှင့် လူငယ်လေးက သူ့သမီးလော့ဆုကို ကူညီပေးခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကြည့်ရသည်မှာ ထိုလူငယ်လေး အန္တရာယ် ကျရောက်လာပါက သူတို့က တတ်စွမ်းသရွေ့ ကူညီပေးကြရပေလိမ့်မည်။
ထိုစကားများကို ကြားသည့်အခါ လူအများက အနည်းငယ် အံ့အားသင့်သွားကြပြီး သူတို့က သိချင်စိတ်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့ကြားတွင် အရှင်ထိုက်ဟွာလည်း ပါဝင်ပြီး သူသည် အင်ပါယာကြယ်အတွင်းမှ စွမ်းအားက နတ်ဂီတတေးသွားဖြစ်ကြောင်း ရှင်းလင်းစွာ အာရုံခံမိပေသည်။
သူ့သမီး နတ်မိမယ်ထိုက်ဟွာသည်လည်း မှော်ဂီတတွင် ထူးခြားသော ပါရမီရှိကာ အောင်မြင်မှုများစွာ ရသည်ထိ အရည်အချင်းရှိလှသည်။
သို့ဆိုလျှင် သူတို့က ရင်းနှီးမှုအကြောင်း ပြောပါက သူ့သမီးသည် ရီဖူရှင်းနှင့် တုန်းဟွာအခမ်းအနားအတွင်း ပညာဖလှယ်ဖူးခဲ့သည်။ ရီဖူရှင်းက မည်သည့်အတွက်ကြောင့် သူ့သမီးအစား လော့ဆုကို အကူအညီပေးခဲ့ရသနည်း။
၎င်းက သူ့ကို အံအားသင့်စေသည်။
နတ်မိမယ်ထိုက်ဟွာသည် သူ့ဖခင်၏ မျက်လုံးများထဲမှ အဓိပ္ပါယ်ကို နားလည်လိုက်သည့်အတွက် ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိပေသည်။ ရီဖူရှင်းသည် အစက သူမကို အကူအညီပေးလိုခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့မိသည်။ ယခု သူမက ရီဖူရှင်း လော့ဆုကို အင်ပါယာကြယ်၏ စွမ်းအား ဆက်ခံနိုင်ရန် အကူအညီပေးခဲ့သည်ကို ကြည့်နေရန်သာ တတ်နိုင်ပေသည်။ သူသည် သူမက ကောင်းမွန်လှသော အခွင့်အရေးကို ဆုံးရှုံးသွားရသည်ဟု တွေးနေပေလိမ့်မည်။
သူမက သူမ၏ အဖေကို စိတ်ချင်းဆက်သွယ်ကာ အဖြစ်အပျက်များအား ရှင်းပြလိုက်သည်။ အရှင်ထိုက်ဟွာက တစ်ခွန်းမှလွဲ၍ အများကြီး မပြောခဲ့ပေ။ "ဖြစ်ပြီးသွားပြီဆိုတော့ စိတ်ထဲ ထည့်မနေပါနဲ့တော့။"
"အင်း။" နတ်မိမယ်ထိုက်ဟွာက ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် အရှင်ထိုက်ဟွာကလည်း ရီဖူရှင်းကို မည်သို့ ရင်ဆိုင်ရမည်အား စဥ်းစားနေခဲ့သည်။ သူ့ခံစားချက်အရ ရီဖူရှင်း၏ အလားအလာက နင်ဟွာထက် အများကြီး ပိုမြင့်ပေသည်။ သူက အသတ်မခံခဲ့ရလျှင် သူ့အနာဂတ်တွင် ထူးခြားသော အောင်မြင်မှုများစွာ ရရှိပေလိမ့်မည်။
သို့သော် ရီဖူရှင်းက တုန်းဟွာနယ်မြေသခင်အိမ်တော်နှင့် ရန်ငြိုးရန်စ ရှိနေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ယခုတွင် နယ်မြေသခင်အိမ်တော်က သူ့သမီးနှင့် နင်ဟွာအား ပေါင်းစည်းစေချင်နေပုံရသည်။
ထို့ကြောင့် သူ့အတွက် ဤကိစ္စက အချိန်နှင့်အမျှ စိတ်ရှုပ်နေရပြီး မကြာခင်၌ ပြတ်သားသော ဆုံးဖြတ်ချက်အချို့ ချမှတ်ရပေလိမ့်မည်။
အားလုံးသော ကျင့်ကြံသူများက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ကြည့်ရသည်မှာ အချိန်အကြာကြီး ရှိပြီးနောက်၌ ကောင်းကင်ထက်တွင် မျောလွင့်နေသော ရီဖူရှင်းက သူ၏ မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်လာခဲ့သည်။
ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးများက ထိုပုံရိပ်အပေါ်၌ ကပ်ငြိနေခဲ့သည်။ ရီဖူရှင်းက ပြောင်းလဲသွားပုံရသည်။ သန့်စင်မြင့်မြတ်သော အလင်းများအောက်၌ သူ့တစ်ကိုယ်လုံးက နတ်ရောင်ဝါ အလင်းလွှာဖြင့် လွှမ်းခြုံခံထားရသလိုပင်။ ထိုသို့သော ခမ်းနားထည်ဝါသည့် မြင်ကွင်းမှာ သူ့ကို ငယ်ရွယ်သော မဟာအင်ပါယာတစ်ပါးအဖြစ် ထင်မှတ်ရစေပေသည်။
***