ဆွမ်ဧကရာဇ်ကို ရုပ်သေးရုပ် ဧကရာဇ် လုပ်လိုက်တာ ပိုမကောင်းဘူးလား
Vol. 61 Ch. 906
ဆွမ်ဧကရာဇ်နှင့် မုဟုန်ကွမ်းတို့ သဘောထားကွဲလွဲသွားသည်ကို သိရှိပြီးနောက် လင်ဟူဂိုဏ်းမှ တပည့်များသည် မုဟုန်ကွမ်းနှင့် ပူးပေါင်းရန်အတွက် သူ့အား ရှာဖွေရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြ၏။
သို့သော်လည်း မုဟုန်ကွမ်းသည် လုံးဝ ပေါ်မလာပဲ ပျောက်ကွယ်သွားပုံရသဖြင့် မုန်ထျန်းတို့အုပ်စု စိတ်မရှည် ဖြစ်လာခဲ့ကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် မုန်ထျန်းတို့ နောက်ဆုံး၌ မုဟုန်ကွမ်း၏ တည်နေရာကို စုံစမ်းနိုင်ခဲ့သည့်။
တိုင်ချူးကျောင်းမှ နှင်ထုတ်လိုက်သည့်အချိန်မှစ၍ မုဟုန်ကွမ်းသည် ရန်ခရိုင်အနီးရှိ တာအိုကျောင်းတစ်ကျောင်းတွင် တကိုယ်တည်း ကျင့်ကြံနေခဲ့သည်။
မုဟုန်ကွမ်း၏ တိကျသော တည်နေရာကို သိရှိပြီးနောက် မုန်ထျန်းလည်း သူ့လူများကို ချက်ချင်း ဦးဆောင်ကာ ထိုတာအိုကျောင်းသို့ သွားရောက်ခဲ့သည်။
မုဟုန်ကွမ်း နေထိုင်သည့် တာအိုကျောင်းသည် တောင်ငယ်တစ်လုံး၏ ထိပ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် လူသူနည်းပါးကာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။
မုန်ထျန်းနှင့် သူ၏အဖော်များ တောင်ထိပ်သို့ ရောက်ရှိသောအခါ သူတို့ ကြားရသည်က လေတိုက်၍ သစ်ရွက်များ တရှဲရှဲမြည်သံများသာ ဖြစ်သည်။
အကြောင်းရင်းကို မသိသော်လည်း
ဤတာအိုကျောင်းတွင် တစ်ခုခု မှားယွင်းနေသည်ဟု မုန်ထျန်း ခံစားမိခဲ့သည်။ သို့သော် ထိုအပေါ်၌ အာရုံမစိုက်ပဲ သူ၏လူများနှင့်အတူ ကျောင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
တာအိုကျောင်း၏ အပြင်ဘက်သည် မယုံနိုင်လောက်အောင် တိတ်ဆိတ်နေသော်လည်း အတွင်း၌မူ တာအိုဘုန်းကြီး အတော်များများ ရှိနေကြ၏။ ဧည့်သည်များ ရောက်လာသည်ကို မြင်သောအခါ ဘုန်းကြီးတစ်ပါး ချက်ချင်း ရှေ့ထွက်လာပြီး
“ဒကာတို့ ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာကြတာပါလဲ။”
မုန်ထျန်းက ပွင့်ပွင့်လင်းလင်းပင်
“ကျုပ်တို့က မုဟုန်ကွမ်းကို ရှာဖို့လာတာ။သူ ဒီဘုန်းကြီးကျောင်းမှာ တည်းနေတယ်လို့ ကြားတယ်။”
မုန်ထျန်းသည် ညီညွတ်ခြင်းအဆင့်မှ ကျင့်စဉ်ကျင့်သူ တစ်ဦးသာဖြစ်သည်။ သူ၏အဆင့်သည် မုဟုန်ကွမ်းလောက် မမြင့်မားပေ။ သို့သော် သူသည် မုဟုန်ကွမ်းအား အောက်ကမ္ဘာမှ ဌာနေသားတစ်ဦးအဖြစ်သာ သဘောထားပြီး လေးစားမှုမရှိသဖြင့် မုဟုန်ကွမ်း၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
မုန်ထျန်း၏ စကားကို ကြားသောအခါ ကြိုဆိုသည့် ဘုန်းကြီးက ချက်ချင်းပင်
“ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ။”
ထိုဘုန်းကြီး စကားဆုံးပြီးသည်နှင့် မုန်ထျန်းတို့ အုပ်စုကို ကျောင်း၏ နောက်ဖေးခြံဝင်းသို့ ခေါ်ဆောင်သွား၏။
ထိုအချိန်တွင် ကျောင်း၏ နောက်ဖေးခြံဝင်းအတွင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများအောက်တွင် ဆံဖြူ အဘိုးအိုတစ်ဦး ထိုင်နေသည်။ ဤလူကို မြင်လျှင် မုန်ထျန်း၏ မျက်လုံးများထဲတွင် အထင်မကြီးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
မုန်ထျန်း၏ အမြင်တွင် ဤမျှ အသက်ကြီးမှ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခြင်းသည် အရည်အချင်း မရှိခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်၏။
အကယ်၍ လင်ဟူဂိုဏ်း၏ အရေးပါသော အစီအစဉ်သာ မရှိပါက အသက်ကြီးနေပြီဖြစ်သော ကောင်းကင်လူသား တစ်ဦးကို စည်းရုံးရန် အတွက် သူ အပင်ပန်းခံမည် မဟုတ်ပေ။ လင်ဟူဂိုဏ်းတွင် ကောင်းကင်လူသား စွမ်းအားရှင်များ ပေါများလှသည်။
ကျောက်ခုံတန်းပေါ်တွင် ထိုင်နေသော မုဟုန်ကွမ်းက ခြံဝင်းထဲသို့ ဝင်ရောက်လာသော လူများကို လှမ်းကြည့်လိုက်ပြီးနောက်
“လူကြီးမင်းတို့ ကျုပ်ဆီကိုဘာကိစ္စနဲ့ရောက်လာကြတာလဲ။”
မုန်ထျန်းက ဘာမှမတုံ့ပြန်ပဲ မုဟုန်ကွမ်း ထိုင်နေသော ကျောက်ခုံ၌ ဝင်ထိုင်လိုက်ပြီး
“မုဟုန်ကွမ်း။ ခင်ဗျား တစ်သက်တာမှာ မူလအစကမ္ဘာ နယ်ပယ်ကို တက်လှမ်းချင်စိတ် ရှိလား။”
ထိုသို့ပြောနေစဉ် မုန်ထျန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး လျင်မြန်စွာပင်
“အိုး။ ဟုတ်သားပဲ။ ကျုပ်မေ့တော့မလို့။
ထျန်းချန်တိုက်ကြီးက လူတွေက မူလအစကမ္ဘာ၏ နယ်ပယ်ကို မသိကြဘူး။ ကောင်းကင်လူသား နယ်ပယ်ကိုပဲ သိကြတာ။”
မုန်ထျန်းက ဆက်၍
“မူလအစကမ္ဘာ နယ်ပယ်ဆိုတာ ကောင်းကင်လူသား စွမ်းအားရှင်တွေ အထက်က အဆင့်တစ်ခုပဲ။ မူလအစကမ္ဘာ နယ်ပယ်ကို တက်လှမ်းနိုင်ရင် သက်တမ်းကို နှစ်တစ်ထောင် ထပ်တိုးတာက ပြဿနာကြီးတစ်ခု မဟုတ်ဘူး။”
ထိုသို့ကြားလျှင် မုဟုန်ကွမ်းက ပြုံးလျက်
“ခင်ဗျားက ဒီအဘိုးကြီးကို နောက်နေတာလား။”
မုဟုန်ကွမ်း သူ၏စကားကို မယုံကြည်ဟု ထင်သဖြင့် မုန်ထျန်းက အနည်းငယ် စိတ်မရှည်စွာဖြင့်
“အဲ့ဒါကြောင့်ပဲ အောက်ကမ္ဘာက လူတွေနဲ့ ဆက်ဆံရတာကို မကြိုက်တာ။ သူတို့က ဘာမှကို နားမလည်ကြဘူး။”
မုန်ထျန်းက ဆက်၍
“ကျုပ်ခင်ဗျားကို တည့်တည့်ပဲ ပြောလိုက်မယ်။ ကျုပ်တို့က ဒီကမ္ဘာက မဟုတ်ဘူး။ ကျုပ်တို့က မြူခိုးဒေသက လာတာ။”
“မြူခိုးဒေသမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေက အစွမ်းအထက်ဆုံး မဟုတ်ဘူး။ ကောင်းကင်လူသား အထက်မှာ အဆင့်တွေရှိသေးတယ်။”
“ခင်ဗျားသာ ကျုပ်တို့နဲ့အတူ ရပ်တည်ဖို့ ဆန္ဒရှိမယ်ဆိုရင် မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတာနဲ့ ကျုပ်တို့က ခင်ဗျားကို မူလအစကမ္ဘာ နယ်ပယ် အဆင့်ထိရောက်အောင် ကူညီပေးနိုင်တယ်။”
“အခွင့်အရေးက တစ်ခါပဲ ရှိတယ်။ ဘယ်လိုရွေးချယ်မလဲဆိုတာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။”
မုဟုန်ကွမ်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်ဟန်ဆောင်ကာ
“မြူခိုးဒေသ ဟုတ်လား။ အဲဒါက ဘယ်နေရာလဲ။”
မုန်ထျန်းက စိတ်မရှည်စွာဖြင့် ဆက်ရှင်းပြလိုက်သည်။
“ဒီတိုက်ကြီးရဲ့ အနောက်ဘက်အစွန်ဆုံးမှာ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာတစ်ခု မရှိဘူးလား။ အဲဒီနေရာက မြူခိုးဒေသပဲ။”
“ကျုပ်တို့က မြူခိုးဒေသက ကျင့်ကြံသူတွေ။ လင်ဟူဂိုဏ်းက လာတာ။ လင်ဟူဂိုဏ်းက မြူခိုးဒေသမှာ ထိပ်တန်းအင်အားကြီးတွေထဲက တစ်ခုပဲ။ ကျုပ်တို့ လင်ဟူဂိုဏ်းမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ ကျုပ်တို့ လင်ဟူဂိုဏ်းကို ဝင်ရင် အနာဂတ်မှာ မရေမတွက်နိုင်တဲ့ ကျင့်စဉ် အရင်းအမြစ်တွေကို ရနိုင်တယ်။”
မုဟုန်ကွမ်းက
“ကျုပ်လို အဘိုးကြီးတစ်ယောက်အတွက် ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ဘယ်လိုအခြေအနေတွေ ရှိနေလို့လဲ။”
“ခင်ဗျားတို့တွေက ဒီလောက် အစွမ်းထက်နေမှတော့ ကျုပ်လို အဘိုးကြီး ကောင်းကင်လူသား တစ်ယောက်ကို ဘာလို့ တန်ဖိုးထားနေမှာလဲ။”
မုန်ထျန်းက
“ခင်ဗျားက တော်တော် သတိကြီးတာပဲ။ ခင်ဗျားလုပ်ရမှာက ကျုပ်တို့ဘက်က ရပ်တည်ပေးပြီး ရှဧကရာဇ်ကို ချေမှုန်းပေးရုံပဲ။ ခင်ဗျားကို ဘာလို့ စည်းရုံးနေရသလဲဆိုရင် အဓိကကတော့ ခင်ဗျားမှာ အလားအလာအချို့ ရှိနေသေးလို့ပဲ။”
“စိတ်ဝိညာဉ်စွမ်းအင် ဒီလောက် ရှားပါးတဲ့ ကမ္ဘာမှာ ကောင်းကင်လူသားအဆင့်အထိ ကျင့်ကြံနိုင်တာက ခင်ဗျားရဲ့ အရည်အချင်းကို သက်သေပြဖို့ လုံလောက်နေပြီ။”
“ကျုပ်ပြောစရာရှိတာ ပြောပြီးပြီ။ အခု ခင်ဗျားရဲ့ ရွေးချယ်မှုကို လုပ်ရမယ့် အပိုင်းပဲ။ ခင်ဗျားသာ လင်ဟူဂိုဏ်းကို ဝင်ရင် ခင်ဗျားတစ်သက်မှာ မမြင်ဖူးလောက်တဲ့ ကြီးကျယ်တဲ့ ပစ္စည်းတစ်ခုကို ကျုပ် အခုချက်ချင်း ပေးမယ်။”
ထိုစကားများကို ကြားလျှင် မုဟုန်ကွမ်းအဖြစ် အသွင်ယူထားသော လုချန်း စိတ်ဝင်စားသွားပြီး
“အိုး။ အဲ့ဒါက ဘာလဲ။”
မုန်ထျန်းက
“ခင်ဗျားသာ အခုချက်ချင်း လင်ဟူဂိုဏ်းကို ဝင်ဖို့ သဘောတူရင် ကျုပ် အဲဒါကို ချက်ချင်းပေးမယ်။”
လုချန်းက မဆိုင်းမတွပင် သဘောတူလိုက်ပြီး
“ကောင်းပြီ။ ကျုပ်လက်ခံတယ်။”
လုချန်း စကားဆုံးသည်နှင့် မုန်ထျန်းက သူ၏ အင်္ကျီအတွင်းမှ အပြာရောင်အလင်းများ ထုတ်လွှတ်နေသော ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။
ထိုအပြာရောင်ကျောက်တုံးကို ထုတ်ယူလိုက်သည်နှင့် ကြွယ်ဝပေါများသော စိတ်ဝိညာဉ်စွမ်းအင်များကို လုချန်း ခံစားလိုက်ရ၏။ ထိုအရာက ဘာလဲဆိုသည်ကို သူ ချက်ချင်း နားလည်သွားသည်။
ထိုအရာက ကျင့်စဉ်လောကတွင် အသုံးများသော ငွေကြေးတစ်ခုဖြစ်သည့် စိတ်ဝိညာဉ်ကျောက်တုံးဖြစ်ကြောင်း မုန်ထျန်း ရှင်းပြရန်မလိုပဲ သူသိလိုက်သည်။
ထို့နောက် မုန်ထျန်းက ထိုစိတ်ဝိညာဉ်ကျောက်တုံးကို လုချန်းဆီ ပေးလိုက်ပြီး
“ဒါက ကျင့်စဉ်လောကမှာ အသုံးများတဲ့ စိတ်ဝိညာဉ်ကျောက်တုံးပဲ။ အရောင်းအဝယ်အတွက် သုံးလို့ရရုံတင်မကပဲ စွမ်းအားကိုလည်း စုပ်ယူလို့လည်း ရတယ်။”
“ခင်ဗျားတို့ရဲ့ အဆင့်နိမ့်ကမ္ဘာက စိတ်ဝိညာဉ်စွမ်းအင်က သိပ်နည်းတယ်။ ဒီအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးလေးကတောင် ခင်ဗျားရဲ့ ပုံမှန် စွမ်းအင်စုပ်ယူမှု တစ်နှစ်စာ လောက် ရှိတယ်။”
လုချန်းက စိတ်ဝိညာဉ်ကျောက်တုံးကို လှမ်းယူလိုက်ပြီးနောက် အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ကို ချက်ချင်း စုပ်ယူလိုက်သည်။ သူ၏ စုပ်ယူနှုန်းမှာ အလွန်မြန်ဆန်ပြီး အချိန်တိုအတွင်းမှာပင် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုလုံးကို စုပ်ယူပြီးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ မုန်ထျန်း မှင်တက်သွား၏။ စိတ်ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် ထိတွေ့ဖူးသော ကောင်းကင်လူသားတစ်ဦးက ကျောက်တုံးတစ်ခုလုံးကို ဤမျှ လျင်မြန်စွာ စုပ်ယူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထိုအချိန်တွင် လုချန်းက မုန်ထျန်းကို ကြည့်ကာ
“ခင်ဗျားဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ထပ်ရှိသေးလား။”
ထိုမေးခွန်းကို ကြားသောအခါ
မုန်ထျန်းက အေးစက်စွာ ရယ်မောလိုက်ပြီးနောက်
“စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဆို လုံလောက်ပြီ။ ခင်ဗျားက ဘယ်လောက်များများ လိုချင်သေးလို့လဲ။ အချိန်တန်လို့ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပြယ်သွားပြီး လင်ဟူဂိုဏ်း ဒီကမ္ဘာကို ရောက်လာတဲ့အခါ ဂိုဏ်းရဲ့ တာဝန်တွေကို ခင်ဗျား ထမ်းဆောင်နိုင်တယ်။ အဲဒီအခါကျရင် ခင်ဗျားလိုချင်သလောက် စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း ရနိုင်မှာပါ။”
လုချန်းလည်း ထိုကိစ္စအပေါ်တွင် ဆက်လက် အာရုံမစိုက်တော့ချေ။ ခဏအကြာတွင် ဤလူများကို ရှင်းလင်းပြီးသွားပါက သူတို့ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်ရှိ မရှိကို သူသိရမည် ဖြစ်သည်။ လက်ရှိအချိန်တွင် သူ၏ အရေးကြီးဆုံး အလုပ်က ဤလူများထံမှ သတင်းအချက်အလက်များကို ထုတ်ယူရန် ဖြစ်သည်။
ထို့နောက် လုချန်းက
“ခင်ဗျားတို့က ဘာလို့ ဆွမ်ဧကရာဇ်ကို ချေမှုန်းချင်ကြတာလဲ။ ဧကရာဇ်ကို ခင်ဗျားတို့ရဲ့ ရုပ်သေးရုပ်အဖြစ် ထားတာက ပိုမကောင်းဘူးလား။”
လုချန်း၏ စကားကို ကြားသောအခါ
မုန်ထျန်းသည် ရပ်တန့်သွားပြီး ကမ္ဘာသစ်တစ်ခု၏ တံခါး ရုတ်တရက် ပွင့်သွားသကဲ့သို့ ဖြစ်သွား၏။
ဟုတ်ပါသည်။ အဘယ်ကြောင့် ဧကရာဇ်နှင့် သူတို့ တိုက်ရိုက်မဆွေးနွေးခဲ့ကြသနည်း။ သူ့အား လင်ဟူဂိုဏ်းထံ သစ္စာခံရန် စည်းရုံးလိုက်လျှင် လင်ဟူဂိုဏ်းသည် ရှနိုင်ငံတော်ကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရှနိုင်ငံတော်တစ်ခုလုံး လင်ဟူဂိုဏ်း၏ လက်အောက်ခံ ဖြစ်လာမည် မဟုတ်ပါလား။
သို့သော် ပြဿနာတစ်ခုကို မုန်ထျန်း လျင်မြန်စွာ စဉ်းစားမိလိုက်သည်။
ထို့နောက် သူက
“ဧကရာဇ်ရဲ့ အင်အားက ဒီကမ္ဘာမှာတော့ ယှဉ်နိုင်သူနည်းတယ်။ သူက လင်ဟူဂိုဏ်းရဲ့ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာဖို့ ဆန္ဒရှိချင်မှ ရှိမှာ။”
…………..