ထိုက်ချူမြေသို့
Vol. 38 Ch. 532
စန်းလန်ကျွင်းသည် စန်းမူပြည်နယ်ကို ကိုယ်လုံးတီးဖြင့် တစ်ပတ်ကြီးပတ်ပြေးပြီးနောက် အဝတ်များ ပြန်ဝတ်၍ ယဲ့ကျွင်းလင်ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ နဂိုမူလ ယဉ်ကျေးသိမ်မွေ့သော ပညာရှိအသွင်အပြင်ကို ပြန်လည်ထိန်းသိမ်းထားသည်မှာ မသိသူသာဆို ဆရာသခင်တစ်ပါးပေလား ဟု ထင်မှတ်ချင်စရာ။ တည်ကြည်သိမ်မွေ့သော ပုံပန်းသွင်ပြင်ဖြင့် ပညာရှိတစ်ဦး နေဝင်ချိန်တွင် အဝတ်မပါဘဲ ပြေးလွှားနေသည့် မြင်ကွင်းကို ဘယ်သူကများ မြင်ယောင်နိုင်ပါမည်နည်း။
“အကြီးအကဲ၊ အမိန့်အတိုင်း စန်းမူပြည်နယ် တစ်ပတ်အပြည့် ပြေးခဲ့ပြီးပါပြီ။” စန်းလန်ကျွင်းက ရိုသေစွာ ပြောသည်။
နီမြန်းနေသောမျက်နှာမှာ အတော်လေး စိတ်အားထက်သန်တက်ကြွနေဟန်။
ယဲ့ကျွင်းလင်၏ အမူအရာက ထူးဆန်းသွားသည်။ “ခဏလေး! ဘာလို့ ငါကပဲမင်းကို ဆုချလိုက်သလို ခံစားနေရတာလဲ?
“အကြီးအကဲကလည်း မနောက်ပါနဲ့၊ ဒါကျွန်တော့်အတွက် လုံးဝ ပြစ်ဒဏ်အကြီးစားပဲလေ။ အကြီးအကဲက ဒုတိယတစ်ပတ် ပြေးစေချင်တယ်ဆိုရင်လည်း ကျွန်တော် မဆိုင်းမတွ နာခံပါ့မယ်!” စန်းလန်ကျွင်းသည် ခိုင်မာပြတ်သားသော အကြည့်များဖြင့် ပြောသည်။
ထိုလေသံ၏နောက်ကွယ်တွင် မျှော်လင့်ချက်ရေးရေးလေးလည်း ပါဝင်နေခဲ့ပါ၏။
ယဲ့ကျွင်းလင်: "..."
ဒီတော့ အပြစ်ပေးမဲ့ရည်ရွယ်ချက်က ဆန့်ကျင်ဘက်အကျိုးသက်ရောက်သွားတာမျိုးလား?
“ဒီအချိန်ကစပြီး မင်းရဲ့ အတိတ်အမှားတွေကို ပြန်ပေးဆပ်ဖို့အတွက် ငါ့ဘေးမှာ တာဝန်ထမ်းဆောင်ရလိမ့်မယ်။”
ထိုကိစ္စအကြောင်း ဆက်ပြောနေဖို့ပျင်းလှသဖြင့် ယဲ့ကျွင်းလင် နောက်တစ်ဆင့်သို့သာဆက်သွားလိုက်သည်။
“အကြီးအကဲ အမိန့်အတိုင်းပါပဲ!” စန်းလန်ကျွင်းသည် အစပိုင်းတွင် တွန့်ဆုတ်နေသော်လည်း ယခုအခါ ထိုအခွင့်အရေးကို အားကောင်းသူတစ်ဦးနှင့် တွဲဖက်ဖြစ်ခွင့်ရရန် အခွင့်အလမ်းတစ်ခုဟုသာ မြင်လာခဲ့သည်။
ဤမျှငယ်ရွယ်သော်ငြား နက်နဲဆန်းကြယ်သည့် တာအိုကျင့်ကြံမှုနှင့် တွက်ဆကြည့်လိုက်လျှင် သူသည် ရှေးခေတ်က ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ရမည်။ ဤသို့ ကြောက်မက်ဖွယ် အလားအလာရှိသည့် ပုဂ္ဂိုလ်တစ်ဦး၏ နောက်လိုက်ဖြစ်ရခြင်းသည်ကား အနာဂတ်တိုးတက်ရာ တိုးတက်ကြောင်းဟု စန်းလန်ကျွင်းခံစားမိ၏။
ဟုန်ချန်ယဲ့ အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံးလိုက်သည်။ သူ့ဒုက္ခခံဖို့ လူသစ်တစ်ယောက် ရောက်လာပြန်လေပြီ။
“အကြီးအကဲယဲ့၊ ရွှယ်ထျန်းသူတော်စင်နယ်မြေကို လာရောက်လည်ပတ်ချင်ပါသလား? အရှင်သခင်ကြီးလည်း အရမ်းဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မယ်” လင်တုရှိုက ပြောသည်။
“ရှို့အာ၊ ငါ ရွှယ်ထျန်းသူတော်စင်နယ်မြေကို သွားမှာပါ၊ ဒါပေမယ့် အဲဒီမတိုင်ခင်၊ ထိုက်ချူသူတော်စင်နယ်မြေကို ကိုယ်တိုင် သွားရောက် လည်ပတ်ချင်သေးတယ်။” ယဲ့ကျွင်းလင်က ပွင့်ပွင့်လင်းလင်းဆိုသည်။
ထိုက်ချူသူတော်စင်နယ်မြေ!
လူတိုင်း ရင်ထဲ တုန်လှုပ်သွားသည်။
လျန်ချန်ပိမှ သူ၏ပုံစံအစစ်ကို ထုတ်ဖော်ခဲ့ခြင်းကြောင့် ယခု သူတို့အားလုံး ထိုက်ချူသူတော်စင်နယ်မြေအပေါ် ဆိုးရွားသော အထင်အမြင် ရှိကြသည်။ ဂိုဏ်းအတွင်း မသန့်ရှင်းသည့်ကိစ္စရပ်များ မလွဲမသွေ ရှိနေနိုင်သည်ပင်။
“အဲဒီ နှာဘူးအဘိုးအို…” ဟုန်ချန်ယဲ့၏ မျက်လုံးများက အရောင်တောက်ကာ အေးစက်လာပြီး သတ်ချင်ဖြတ်ချင်စိတ်များတိုးပွားလာသည်။
ချင်ရူရန်လည်း အကြည့်တစ်ချက်လက်ခနဲဖြစ်သွားသည်။ ထိုက်ချူသူတော်စင်နယ်မြေ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ကို သူမ သိလိုက်သည်။
“သွားကြစို့!” ယဲ့ကျွင်းလင်က ဆို၏။
သူ အရင်က အရှေ့ပိုင်းဒေသမှာ သတ်ဖြတ်ပညာပေးခဲ့သည့် ထာဝရသွေးမျိုးနွယ်စု စွမ်းအားရှင် အပြီးအပြတ်မသေဆုံးဘဲ ခန္ဓာကိုယ်အစစ်အား ထိုက်ချူသူတော်စင်နယ်မြေတွင် ဝှက်ထားခြင်းဖြစ်မည်ဟု ပြင်းပြင်းထန်ထန် သံသယ ရှိနေသည်။
အရေးကြီးဆုံးအချက်ကတော့ ထိုက်ချူမှာ သူဆိုင်းအင်လုပ်ဖို့ တာဝန်ရှိနေတာပါပဲ!
လမ်းတစ်လျှောက်လုံးတွင် စန်းလန်ကျွင်းသည် စကားစမြည်အနည်းငယ် ပြောဆိုခြင်းမှ ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး သိရှိခဲ့ရသည်။
“ဒါဆို၊ မြစ်ထဲမှာ ဓားပျံနဲ့ အသတ်ခံခဲ့ရတဲ့လူက အဲဒီ စစ်တုရင်သူတော်စင်ပဲပေါ့…” စန်းလန်ကျွင်းသည် သေဆုံးသွားသည့် စစ်တုရင်သူတော်စင်အတွက် သက်ပြင်းချသည်။
သူတော်စင်ကွမ်ချီသည် ရှေးခေတ်က ခွင်းလွင်တစ်ခွင် ကျော်ကြားသည့် စစ်တုရင်ပညာရှင်တစ်ဦးဖြစ်ပြီး အဲဒီတုန်းက အရေးကြီးပုဂ္ဂိုလ်များစွာ၏ အထူးဧည့်သည် ဖြစ်ခဲ့သည်။ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ပြီး အကွက်ကောင်းရှာတတ်သူဆိုလည်း မမှား။ တုနှိုင်းမဲ့ စစ်တုရင်ပညာရှင်တစ်ဦးနှင့် စစ်တုရင်ယှဥ်ပြိုင်ကစားရခြင်းဆိုသည်မှာ ထိုခေတ်ကစွမ်းအားရှင်များစွာ၏ အဖိုးမဖြတ်နိုင်သော ဂုဏ်အင်တစ်ရပ်သာဖြစ်၏။
ဒီလို ခေတ်သစ်ချိန်ခါကျမှ အလဲလဲအကွဲကွဲ ရှုံးနိမ့်သေဆုံးသွားရမည်ဟု မည်သူမှစိတ်ကူးဖူးခဲ့မည်မဟုတ်။ စန်းလန်ကျွင်း သူ့အတွက် အလွန်ဝမ်းနည်းမိရသည်။
ကံကောင်းထောက်မစွာဖြင့် သူ့အသက်လေးသူတော့ ရအောင်ဆယ်နိုင်ခဲ့ပါသေးသည်။
တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်က စစ်တုရင်စွမ်းရည်ပိုင်းမှာလည်း စစ်တုရင်သူတော်စင်ထက်ပင် သာလွန်နိုင်တာကို တွေးမိပြီး စန်းလန်ကျွင်း အလွန် တုန်လှုပ်မိသည်။ မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်နေတာပဲ!
ထျန်းယွမ်ပြည်နယ်၊ ထိုက်ချူသူတော်စင်နယ်မြေ။
ရိုးရှင်းသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ဟိုဘက်သည်ဘက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက် ရင်ထဲတွင် မငြိမ်မသက်မှုများနှင့် စိုးရိမ်မှုများ ပြည့်သိပ်နေသည်။
မကြာသေးမီက လျန်ချန်ပိနှင့်သူ ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို ရုတ်တရက် ခံစားမိသည်။ ကာယကံရှင်၏အလိုမပါဘဲ အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်၏။ လျန်ချန်ပိသည် သူ ကိုယ်တိုင် ပြောင်းလဲပေးထားသည့် သွေးကျွန်ဖြစ်ပြီး သူ့ထက် မျိုးနွယ်တစ်ဆင့်သာ ပိုနိမ့်သည့်နေရာတွင်ရှိသည်။ နောက်ပိုင်း ပြောင်းလဲခံခဲ့ရသည့် သွေးကျွန်များ၏ ခွန်အားသည် ပထမဆုံး ပြောင်းလဲခဲ့သူကို ကျော်လွန်နိုင်ခြင်း မရှိပေ။
ထို့အပြင် လျန်ချန်ပိသည် ထိုက်ချူ၏ အဓိကသူတော်စင်တစ်ဦးဖြစ်သောကြောင့် သူ့ သေဆုံးမှုက ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်ကို ဒေါသထွက်ပြီး စိတ်မအေးဖြစ်စေခဲ့သည်။ လျန်ချန်ပိသည် ဉာဏ်အလင်းမသေမျိုးအရှင်တစ်ပါးဖြစ်ပြီး ထာဝရသွေးမျိုးနွယ်၏ စွမ်းရည်တစ်စိတ်တစ်ပိုင်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် သူ့ကိုရင်ဘောင်တန်းနိုင်သူ ဘယ်နှစ်ယောက်ရှိနိုင်မည်နည်း?
သို့တိုင် နားမလည်နိုင်စွာ သေဆုံးပျောက်ကွယ်သွားခဲ့သည်။
တရားခံကဘယ်သူလဲ? အခုရော သူ့ဆီလာနေလောက်ပြီလား?
ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်သည် စိတ်ထဲတွင် စိုးရိမ်တကြီးနေသော်လည်း သူ၏ လက်ရှိ ခွန်အားနှင့် သူ့နောက်ကွယ်မှ ထာဝရသွေးအရှင်ကို စဥ်းစားမိလိုက်သည့်အခါ ယုံကြည်မှုအပြည့် ဖြစ်သွားခဲ့သည်။
“ဟမ့်၊ ဘယ်သူပဲဖြစ်ပါစေ၊ ထိုက်ချူသူတော်စင်နယ်မြေကို ကျူးကျော်ဖို့ ဝံ့ရဲရင် ပြန်လမ်းမရှိစေရဘူး!”
ထိုက်ချူသူတော်စင်နယ်မြေအရှင်သခင်သည် လက်များကို နောက်ဘက်တွင်ပစ်၍ ခပ်မတ်မတ်ရပ်လိုက်ကာ မျက်လုံးများတွင် သွေးဆာသောအနီရောင်အလင်းတို့ လင်းလက်လာသည်။
ရုတ်တရက် ကောင်းကင်ဝယ် မိုးခြိမ်းသကဲ့သို့ ကျယ်လောင်ရှင်းလင်းသော အသံတစ်ခုသည် အဝေးမှလွင့်ပျံလာကာ ထိုက်ချူသူတော်စင်နယ်မြေ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
“ရွှယ်ထျန်းဂိုဏ်းရဲ့ အကြီးအကဲ ယဲ့ကျွင်းလင် လာရောက်လည်ပတ်ပါတယ်!”
စာစဉ်ပြီး၏