← Chapters

အခန်း (၅၂၀)

Vol. 38 Ch. 520

အခန်း (၅၂၀)

Vol. 38 Ch. 520

သို့သော် ဆုများကတော့ အတုအယောင် မဟုတ်။ သူတော်စင်ကွမ်ချီကဲ့သို့ ရှေးဟောင်းစွမ်းအားရှင်တစ်ဦးတွင် ကောင်းကင်နှင့်မြေကြီး၏ သယံဇာတ ရတနာများ အမြောက်အများ စုဆောင်းထားပြီးရှိ၏။ အဖျားအနားလောက်ကို စွန့်ကြဲပေးကမ်းရုံမျှဖြင့် နစ်နာစရာမရှိ။

ထို့အပြင် ထိုဆုလာဘ်များသည် ရှေးခေတ်မသေမျိုးဧကရာဇ်များအတွက် အဆင့်နိမ့်ပစ္စည်းများဖြစ်သော်လည်း လက်ရှိခေတ်၏ ကျင့်ကြံသူများအတွက်တော့ ကြီးမားသောအကူအညီသာဖြစ်၏။

ဤသည်မှာ အလယ်ပိုင်းဒေသ ကျင့်ကြံသူများစွာ အလုအယက် အတိုးအကြိတ် လာရောက်ကြရသည့် အဓိကအကြောင်းရင်းလည်းဖြစ်သည်။

သူတော်စင်ကွမ်ချီသည် ကျင့်ကြံသူတို့၏ အချောင်လိုချင်သော စိတ်ဓာတ်ကို အသုံးချခဲ့ခြင်းသာ။

သာမန်လောကတွင်ပင် မည်မျှကြွယ်ဝချမ်းသာနေပြီးသား ဖြစ်စေကာမူ အခွင့်အရေး သေးသေးမွှားမွှားလေးတစ်ခုအတွက် အကြိတ်အနယ် ယှဥ်ပြိုင်ကြမြဲသာဖြစ်၏။ အပြိုင်အဆိုင် ပြင်းထန်သော ကျင့်ကြံမှုလောကတွင် ကျင့်ကြံရေးအရင်းအမြစ်များအတွက် ထိုမျှစိတ်အားထက်သန်ကြမည်မှာ ထူးဆန်းသည်ဟုတော့ မဆိုသာ။

သို့သော် စစ်တုရင်ပွဲတွင် ပါဝင်ခဲ့သော ကျင့်ကြံသူများ ပြိုင်ပွဲတစ်ကြိမ် ရှုံးနိမ့်သွားတိုင်း သူတို့၏ ကိုယ်ပိုင်ကံတရားကတော့ ပေးဆပ်မှုတစ်ခုအဖြစ် ကြွေလွင့်ပဲ့ပါသွားရပေမည်။

ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲ ပြီးဆုံးသည်နှင့် ထိုရိတ်သိမ်းရရှိပြီး ကံတရားတို့က သူတော်စင်ကွမ်ချီထံသို့ တရားဝင် လွှဲပြောင်း‌ရောက်ရှိလာလိမ့်မည်။ စာချုပ်စာတမ်းမပါပေသည့် ဖောက်ဖျက်လို့မရသော သဘောတူညီချက်တစ်ခုသာဖြစ်၏။ ကာယကံရှင်ကိုယ်တိုင်ကတော့ သိပင်မသိလိုက်ပါချေ။

သူတော်စင်ကွမ်ချီ၏ ခံယူချက်တွင် ဤဘဝခရီးလမ်းတစ်လျှောက်လုံး အစမှအဆုံးအထိ အရေးပါဆုံးသော့ချက်သည်ကား ကံတရားသာဖြစ်၏။

ကောင်းကင်ကို ဆန့်ကျင်အာခံနိုင်သော ကံတရားရှိသူများသည် ကောင်းကင်တာအို၏ ကောင်းချီးပေးခြင်းကိုခံယူရကာ ခရီးလမ်းတစ်လျှောက် အဆင်ပြေချောမွေ့စွာ ဆက်လက်လျှောက်လှမ်းနိုင်ပေမည်။

ကံဆိုးသူများကတော့ မကြာခဏ သေစေနိုင်သော ထောင်ချောက်များထဲသို့ ကျရောက်ကာ အဆုံးသတ်တွင် ပျက်စီးခြင်းကိုသာ ရင်ဆိုင်ကြရ၏။

ထို့ကြောင့် သူတော်စင်ကွမ်ချီ၏ အဓိကရည်ရွယ်ချက်မှာ ကောင်းကင်ကိုဆန့်ကျင်နိုင်သော ကြီးမားသန့်စင်သည့်ကံတရားအား ပိုင်ဆိုင်နိုင်ဖို့ပင်။

သို့ပေသည့် ကံတရားဆိုတာမျိုးက မွေးရာပါလက်ဆောင်မွန်ဖြစ်သည်။ ထိုမွေးရာပါကံကို မြှင့်တင်ချင်လျှင် အထူးနည်းလမ်းတစ်ချို့ကို သိရှိကျွမ်းကျင်ထားရမည်။

သူတော်စင်ကွမ်ချီသည် ဘဝကို စစ်တုရင်တာအို လေ့လာခြင်းအတွက် မြှုပ်နှံရည်စူးထားကာ ရလဒ်အဖြစ် စစ်တုရင်တာအိုလောကတွင် ပြိုင်စံရှားဟူသောနာမည်ကိုပင် ဆွတ်ခူးနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် စည်းမျဥ်းစည်းဘောင်ကို ထည့်မတွက်သော အရူးတစ်ယောက်ဆိုလည်း မှန်၏။ သူသည် သူ၏ကိုယ်ပိုင် တာအိုစွမ်းရည်နှင့် စစ်တုရင်ကျွမ်းကျင်မှုများကို ပေါင်းစပ်ပြီး မသေမျိုးကျင့်စဥ်ပညာ အသစ်တစ်ခုအား တီထွက်နိုင်ခဲ့သည်။

အထူးတလည် ရည်ညွှန်းဖော်ပြရလျှင် လက်ရှိကျင်းပနေသော ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲသည် ပြိုင်ဘက်၏စွမ်းအားကို တိုက်ရိုက်ဖျက်ဆီးနိုင်စွမ်း မရှိသော်ငြား ကံတရားကို လျှို့ဝှက်စွာ ခိုးယူနိုင်သော ကျောစိမ့်ဖွယ်စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်။

သူတော်စင်ကွမ်ချီသည် ဤတစ်ချီကို အတော်လေး စိတ်အားထက်သန်စွာ မျှော်လင့်ချက်ထားထားသည်။ အလယ်ပိုင်းဒေသ တစ်ခွင်လုံး၏ ကံတရားကို ရိတ်ယူပေါင်းစည်းထားသော သူ၏ကံသည် မည်မျှပင် ကြီးမားထည်ဝါလိုက်မည်နည်း?

သာမန်ကျင့်ကြံသူများ၏ ကံတရားကိုတော့ သူအထင်မကြီး။ ပါရမီရှင်များ၏ အလာလမ်းကိုသာ သူစောင့်မျှော်နေတတ်လေ့ရှိ၏။

တာအိုစွမ်းရည်မြင့်မားသူများလည် ကံအဆင့်အတန်းတွင်လည်း အချိုးညီမြင့်မားကြသည်ပင်။

သာမန်ကျင့်ကြံသူများနှင့်ယှဥ်လျှင် မိုးရေစက်နှင့် သမုဒ္ဒရာကဲ့သို့။

ဤအစီအစဥ်၏ အဆုံးသတ်တွင် သူသည် ကောင်းကင်ထက်တွင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပေတော့မည်။

မသေမျိုးဧကရာဇ်သာမက ပို၍မြင့်သောအဆင့်အတန်းများကိုလည်း မျှော်မှန်းနိုင်ဖွယ်ရှိ၏။

စစ်ထူယန်၏ နောက်တွင် ရပ်နေသော ပိန်ရှည်ရှည်လူသားသည် သူတော်စင်ကွမ်ချီ၏ မျှော်လင့်တကြီးအမူအရာကိုကြည့်ရင်း မနေနိုင်စွာ တိုးတိုးဆိုလိုက်မိ၏။ “ဒါဆို တစ်ယောက်ယောက်က ဒီစစ်တုရင်ပွဲကိုအနိုင်ရသွားရင် ဆရာကြီးရဲ့ ကြိုးစားအားထုတ်မှုတွေလည်း အချည်းနှီးဖြစ်သွားမှာပေါ့နော်"

မှန်သည်။ စစ်တုရင်ပွဲကို ဖြေရှင်းရန် တစ်စုံတစ်ဦးက ပြိုင်ပွဲသုံးချီစလုံးကို အရှုံးမရှိ ရှင်းလင်းနိုင်ဖို့ လိုအပ်သည်။ ထိုသို့ အနိုင်ရသွားမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲတစ်ခုလုံး ပျက်သုဥ်းပြိုကွဲကာ ရိတ်သိမ်းစုဆောင်းထားသော ပြိုင်ပွဲဝင်တို့၏ကံတရားများလည်း ပိုင်ရှင်ဆီသို့သာ အလိုအလျောက် ပြန်လည်နေရာကျသွားလိမ့်မည်။

စည်းစိမ်ဥစ္စာကိုပါ ရင်းနှီးထားရသော သူတော်စင်ကွမ်ချီကတော့ အပြတ်အသတ် ဆုံးရှုံးနစ်နာမည်မလွဲ။

“တာပူ၊ အပြောအဆို မရိုင်းစမ်းနဲ့!” စစ်ထူယန် အေးစက်စက် တစ်ချက်ဟောက်လိုက်သည်။

“ဟုတ်ကဲ့…” တာပူလည်း ခေါင်းငုံ့ကျသွားသည်။

ထူးဆန်းသည်မှာ သူတော်စင်ကွမ်ချီသည် စိတ်မဆိုးရုံသာမက ခေါင်းကိုပင် အနောက်လှန်၍ အားရပါးရ ရယ်မောလိုက်သေးသည်။ အလွန်ရယ်ရသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့။

ရယ်သံသည် တောင်တန်းများနှင့် လွင်ပြင်များတစ်လျှောက်ရှိ မက်မွန်ပင်များကို လှုပ်ခါစေကာ ကြွေလွင့်လာသော ပွင့်ဖတ်များသည် အိပ်မက်ဆန်သော မြင်ကွင်းတစ်ခုကို ဖန်တီးလျက်ရှိ၏။

စစ်ထူယန် မျက်ခုံးပင့်လိုက်သည်။ “လူကြီးမင်းဘာကြောင့်များ ဒီလောက်ရယ်မောနေပါလိမ့်"

“ဒီအဘိုးအို နည်းနည်းစိတ်လွတ်သွားတာပဲ။ တောင်းပန်ပါတယ်ခင်ဗျာ” သူတော်စင်ကွမ်ချီသည် အားရပါးရရယ်မောမှုကြောင့် သူ၏မျက်လုံးထောင့်မှ ကျလာသော မျက်ရည်များကို အသာသုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည်။ “ခွင်းလွင်ကမ္ဘာမှာ ဒီအဘိုးအိုက စစ်တုရင်ကျွမ်းကျင်မှုမှာ ဒုတိယနေရာလို့ ဆိုလိုက်ရင် ပထမလို့ဝင်ပြောရဲတဲ့သူ တစ်ကောင်တလေတောင်ရှိမှာမဟုတ်ဘူး!”

“အခုခေတ်ဆို ပိုတောင်ဆိုးဦးမပေါ့ဗျာ!”

“အခွင့်အရေး သုံးကြိမ်စလုံးကို အောင်နိုင်ဖို့အသာထား၊ ပထမတစ်ခုကိုတောင် ထိုးဖောက်နိုင်ကြမှာမဟုတ်ဘူး!”

သူတော်စင်ကွမ်ချီ၏ လေသံသည် ခိုင်မာပြတ်သားက ကြီးမားသော ယုံကြည်မှုကို ဖော်ပြနေသည်။ “ပထမအချီမှာ ထားခဲ့တဲ့ ကိုယ်ပွားက ကျုပ် စစ်တုရင်လောကထဲ စဝင်ကာစအဆင့်၊ ဒါပေမဲ့ သူတော်စင်အဆင့်ကို တက်လှမ်းစပြုနေပြီ!”

“ပြီးတော့ ဒုတိယအချီ ကိုယ်ပွားက ဒီအဘိုးအို တတ်ကျွမ်းထားတဲ့ စစ်တုရင်တာအိုရဲ့ ၇၀ရာခိုင်နှုန်းပဲ!”

သူတော်စင်ကွမ်ချီ လေးနက်သောအမူအရာဖြင့် မုတ်ဆိတ်ကိုပွတ်သပ်ကာ “တတိယအချီဆိုရင်တော့ ဟဲဟဲ…”

စကားမဆုံးသေးခင်ပင် စစ်ထူယန်နှင့် တာပူ နားလည်သွားသည်။

အတိုချုပ်ပြောရလျှင်-

ဒီအဘိုးအိုက အနူတောမှာ လူချောလာလုပ်နေတာပဲ!

စစ်တုရင်ပွဲရဲ့ တတိယအချီကို ရောက်ဖို့ ဝေးလို့၊ ပထမနှစ်ချီကိုတောင် ဘယ်သူမှ အနိုင်ရနိုင်မှာ မဟုတ်ဘူး။

ရုတ်တရက်။

သူတော်စင်ကွမ်ချီသည် တစ်ခုခုကို ခံစားမိပုံရပြီး မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲသွားကာ မျက်ဆံများ ရုတ်ချည်းကျုံ့ဝင်သွားသည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လာသည်။ “ဒါ ဒါ မဖြစ်နိုင်ဘူး!!!”

စစ်ထူယန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ ဒီအဘိုးကြီး ဘာထကြောင်တာလဲ?

“သူတော်စင်ကွမ်ချီ ဘာများဖြစ်လို့…”

သူတော်စင်ကွမ်ချီသည် စိတ်မငြိမ်မသက်ဖြစ်နေသော အမူအရာဖြင့် ချွေးစက်များသည် နဖူးထက်သီးထလာကာ တမုဟုတ်ချင်း ညှိုးငယ်စိတ်ပျက်သွားသောမျက်နှာဖြင့် ဆိုလာ၏။ “တစ်စုံတစ်ဦးက ဒီအဘိုးအိုက သတ်မှတ်ထားတဲ့ ပထမစစ်ဆေးရေးပွဲနှစ်ခုကို ဆက်တိုက် ဖောက်ထွင်းပြီးသွားပြီ၊ ပြီးတော့ အခု တတိယအချီကို ကစားဖို့တောင် ပြင်ဆင်နေပြီ!”

All Chapters