← Chapters

မာနထိခိုက်

Vol. 38 Ch. 521

မာနထိခိုက်

Vol. 38 Ch. 521

“အား”

စစ်ထူယန်နှင့် တာပူတို့သည် ထူးဆန်းသောအမူအရာဖြင့်သာ ကြောင်တောင်တောင်စိုက်ကြည့်နေမိကြ၏။ ဤရိုက်ချက်က မြန်လွန်းနေသည် မဟုတ်ပါလော။

လွန်ခဲ့သည့် တခဏလေးကပင် ဒီအဘိုးကြီး အလွန်မာနကြီးနေခဲ့ကာ သူ၏စစ်တုရင်ကျွမ်းကျင်မှုသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းဟု ယူဆနေခဲ့သည်ပင်။ မည်သူတစ်ဦးတစ်ယောက်မှ ပထမအချီကိုပင် အနိုင်ရလိမ့်မည်မဟုတ်ဟု ယုံကြည်နေခဲ့သည်။

သို့ပေသည့် ရလဒ်ကတော့...

သူ့အစား ကျွန်တော်တို့အားလုံး အရှက်ရမိပါတယ်။

“မဖြစ်နိုင်ဘူး၊ ဒီလောကမှာ ဒုတိယမြောက် စစ်တုရင်သူတော်စင် ဘယ်လိုရှိနိုင်မလဲ? ပြီးတော့ သူက ဒီအကြီးအကဲရဲ့ စွမ်းအား ၇၀ ရာခိုင်နှုန်းကိုတောင် ကျော်လွန်နေတယ်…”

သူတော်စင်ကွမ်ချီ၏ မျက်နှာသည် ခံစားချက်မျိုးစုံ ဆက်တိုက်ပြောင်းလဲနေပြီး နှုတ်မှ စကားလုံးများကို ထပ်ခါတလဲလဲ ရေရွတ်နေသည်။ ဤဖြစ်ရပ်သည် သူ့အတွက် အတော်လေးပြင်းထန်သော ထိုးနှက်ချက်ဖြစ်ပေမည်။

ရှေးခေတ်တစ်ချိန်တုန်းက သူသည် စစ်တုရင်တာအိုတွင် ပြိုင်ဘက်မရှိ စွမ်းအားကြီးခဲ့သည်။ သူ၏စွမ်းအား ၇၀ ရာခိုင်နှုန်းပင်လျှင် လောကကို လွှမ်းမိုးနိုင်သည်။ စစ်တုရင်ပြိုင်ဘက်အားလုံးကို ဦးချိုးနှိပ်ကွပ်နိုင်သည်။

မထင်မှတ်ထားစွာပင် ယနေ့ခေတ်တွင် သူ့ကိုရင်ဘောင်တန်းနိုင်သော စစ်တုရင်သူတော်စင်အသစ်တစ်ဦး ပေါ်ထွက်လာခဲ့၏။ သူ့အတွက် ယုံကြည်မှုကို အကြီးအကျယ်ထိခိုက်စေသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

ထိုသူသည် သူ၏စွမ်းအား ၇၀ ရာခိုင်နှုန်းကို ကျော်လွန်နိုင်သောကြောင့် ဆိုလိုသည်မှာ ပြိုင်ဘက်၏ စစ်တုရင်ကျွမ်းကျင်မှုစွမ်းရည်သည် သူ့လောက်နီးနီး တိုးတက်နေပြီးဖြစ်၏။

မပြောကောင်း မဆိုကောင်း သူ့ထက်ပင် ပိုသာနေနိုင်သည်…

ဤအတွေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားမိသော်ငြား သူတော်စင်ကွမ်ချီ ချက်ချင်းပယ်ချငြင်းဆန်လိုက်သည်။ သူ၏နက်ရှိုင်းသောမျက်လုံးများသည် တလက်လက်တောက်ပလာပြီး အံတင်းတင်းကြိတ်လျက် ကြိမ်းဝါးပြောဆိုလိုက်၏။

“မဖြစ်နိုင်ဘူး၊ ဒီအကြီးအကဲကို ဘယ်သူမှ မနိုင်နိုင်ဘူး! ဒီအကြီးအကဲရဲ့ စစ်တုရင်ကျွမ်းကျင်မှုက ပြိုင်ဘက်ကင်းတယ်!”

“ဒီစကားက အရင်ကလည်း မှန်ခဲ့တယ်၊ အခုလည်း မှန်တယ်!”

သူတော်စင်ကွမ်ချီသည် သူ့စိတ်ထဲရှိ သံသယပွားနေသော အတွေးများစွာကို အတင်းအကျပ် ဖိနှိပ်ချေမှုန်းကာ အေးစက်သော လှောင်ပြုံးတစ်ခုက သူ့နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။ “ဘယ်သူကများ ဒီလောက်အစွမ်းအစရှိနေရတာလဲ? ဒီအကြီးအကဲ သိချင်စမ်းတယ်!”

ထိုစကားအဆုံးတွင် အပြာရောင်ဝတ် အဘိုးအိုသည် စစ်ထူယန်ကို လေးနက်စွာလှမ်းကြည့်ကာ ပြော၏။ “တာအိုရောင်းရင်း စစ်ထူယန်၊ ခဏနားနေပါ၊ ဒီအကြီးအကဲက အဲ့ဒီပြိုင်ဘက်ကို ကိုယ်တိုင် သွားရောက်ရင်ဆိုင်ပါဦးမယ်။ ဒီနောက်ဆုံးအချီက ကောင်းကင်နှင့်မြေကြီးပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပါလိမ့်မယ်"

“ကောင်းပါပြီခင်ဗျာ”

စစ်ထူယန်က ညင်သာစွာ ပြောလိုက်သည်။

ဒီအချိန်မှာ သူဘာပြောနိုင်ဦးမှာလဲ? သေချာပေါက် ခေါင်းညိတ်သဘောတူရမှာပဲပေါ့။

ထို့နောက် သူတော်စင်ကွမ်ချီသည် သူ၏မျက်လုံးများကို မှေးမှိတ်လိုက်တော့၏။ သူ၏ကိုယ်ခန္ဓာသည် ရွှံ့စေးရုပ်တုကဲ့သို့ မလှုပ်မယှက်ငြိမ်သက်သွားကာ စိတ်အစဥ်သည် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပြိုင်ပွဲဆီသို့ အလုံးစုံလွင့်မျောချိတ်ဆက်သွား‌တော့သည်။

တစ်ချိန်တည်းမှာပင်။

စစ်တုရင်ခုံ နယ်နိမိတ်အတွင်းတွင်။

စကြဝဠာသည် ကျယ်ပြောလွတ်လပ်ကာ ကြယ်တာရာကောင်းကင်မှာ အဆုံးမရှိတောက်ပနေသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးသည် စစ်တုရင်ခုံ၏တစ်ဖက်တွင် ခြေချိတ်ထိုင်လျက်ရှိကာ သူ၏ရေတံခွန်ကဲ့သို့သော ဆံပင်ဖြူများက ပုခုံးပေါ်သို့ ပြန့်ကျဲကျဆင်းနေသည်။ မျက်နှာသွင်ပြင်မှာ ချောမောသန့်စင်ကာ မျက်လုံးအကြည့်များဝယ် ရှုပ်ထွေးစူးစမ်းမှု တစ်စွန်းတစ်စဖြင့် သူ၏မျက်နှာချင်းဆိုင်ရှိ တဖြည်းဖြည်း ခိုင်မာလာသော အဘိုးအို၏ ကိုယ်ပွားရုပ်ပံဒကို စူးစိုက်ကြည့်နေသည်။

“ဘာလို့ တတိယပွဲမစသေးတာလဲ? သူက ဘာနည်းဗျူဟာတွေ သုံးချင်နေသေးတာလဲ?" ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်သည်။

စစ်တုရင်ပွဲ၏ ဒုတိယအချီ စတင်ပြီး မကြာခင်တွင် ပြိုင်ဘက်၏အဆင့်သည် ပထမအချီထက် များစွာပို၍ အားကောင်းကြောင်းကို သူရှင်းရှင်းလင်းလင်း ခံစားမိသည်။

သို့သော် အင်အားကြီးသူနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်၏ သက်ရောက်မှုကြောင့် သူသည် တစ်ဖက်လူ အဆင့်မည်မျှတက်လာသနည်း ဆိုသည့်အချက်ကို ဂရုစိုက်နေစရာမလိုခဲ့။

မင်း ဘယ်လောက်ပဲ အားကောင်းပါစေ၊ ငါက မင်းကို ရင်ဆိုင်တဲ့အခါတိုင်း ပိုအားကောင်းလာမယ်!

ထို့ကြောင့် ဒုတိယအချီတွင် ပြိုင်ဘက်သည် အဆမတန် ပို၍ အားကောင်းနေခဲ့လျှင်ပင် ယဲ့ကျွင်းလင်က သူ့ကို ရာနှုန်းပြည့်ဖိနှိပ်နိုင်ဦးမည်ဖြစ်ကာ အဆုံးသတ်တွင်လည်း သေချာပေါက်အနိုင်ရပေဦးမည်။

သို့ပေမဲ့ တတိယအချီ စတင်သည်နှင့် သူ့မျက်နှာချင်းဆိုင်ရှိ အဘိုးအိုသည် လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုလုပ်လာသေးဘဲ ငြိမ်ဆိတ်နေခဲ့သောကြောင့် ယဲ့ကျွင်းလင် စတင်စိတ်ရှုပ်လာသည်။

ရုတ်တရက်။

သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အဘိုးအို၏ ကိုယ်ပွားသည် ခိုင်မာပြတ်သားလာကာ ရုပ်သေးကဲ့သို့ မျက်လုံးသေများကား စိတ်ဝိညာဉ်အလင်းရောင်များဖြင့် လက်ခနဲ ဖြစ်သွားသည်။ ထိုမျက်လုံးများက ယဲ့ကျွင်းလင်ကို မမှိတ်မသုန် စူးစိုက်ကြည့်နေသည်။

“ဒါဆို ဒီလူငယ်လေးပဲကိုး"

သူ၏အသိစိတ်ကို ကိုယ်ပွားနှင့် အောင်မြင်စွာ ချိတ်ဆက်ပြီးနောက် သူတော်စင်ကွမ်ချီသည် အရှေ့မှလူငယ်လေးကို သေချာအကဲဖြတ်စူးစမ်းမိ၏။

တစ်ချိန်တည်းမှာပင် သူသည် ကိုယ်ပွားသယ်ဆောင်ထားသော ယခင်ပြိုင်ပွဲမှ မှတ်ဉာဏ်များကိုလည်း လက်ခံရရှိလိုက်ကာ ယဲ့ကျွင်းလင်၏ စစ်တုရင်ကစားပုံအဆင့်ဆင့်ကို ပိုမိုရှင်းလင်းစွာ နားလည်သွားခဲ့သည်။

“ရှားပါးလှတယ်၊ နောက်ပိုင်းမျိုးဆက်တွေရဲ့ ခွင်းလွင်ကမ္ဘာဟာ စစ်တုရင်သူတော်စင်အသစ်တစ်ဦးကို မွေးဖွားပေးနိုင်ခဲ့တယ်၊ ဒါတင်မက သူ့ရဲ့အဆင့်က ဒီအကြီးအကဲရဲ့ အဆင့်နားကို နီးကပ်နေပြီ!”

“ဒါပေမယ့် စစ်တုရင်တာအိုမှာ ခြေတစ်လှမ်းရဲ့ ကွာခြားမှုက ချောက်ကမ်းပါးတစ်ခုလိုပဲ။ ဒီတစ်ကြိမ်မှာ ဒီအကြီးအကဲက ကိုယ်တိုင် ဦးဆောင်နေပြီဆိုတော့ မင်းရှုံးမှာ သေချာတယ်!”

သူတော်စင်ကွမ်ချီ၏ မျက်လုံးများက မာနဖြင့်တောက်ပနေကာ သူ၏စစ်တုရင်ကျွမ်းကျင်မှုတွင် အကြွင်းမဲ့ ယုံကြည်မှုရှိနေသည်။

ထို့အပြင် အတွေ့အကြုံနုနယ်သေးသော တက်သစ်စလူငယ်တစ်ဦးကို သင်ကြားပြသပေးရမည့် စီနီယာအကြီးအကဲတစ်ဦး၏ မာနနှင့် မောက်မာမှု အရိပ်အယောင်ကိုလည်း ဖော်ပြနေသည်။

ကလောက်!

သူတော်စင်ကွမ်ချီသည် အနက်ရောင် စစ်တုရင်ရုပ်တစ်ရုပ်ကို ကောက်ယူကာ စစ်တုရင်ခုံပေါ်တွင် ခိုင်မာစွာနေရာချသည်။ ထို့နောက် ဆိုသည်။ “လှုပ်ရှားလို့ရပါပြီ"

“အိုခေ၊ နောက်ဆုံးတော့ စတော့မယ်ပေါ့။ ပွဲမြန်မြန်ပြီးလေ ငါဆုမြန်မြန်ရလေပဲ"

ယဲ့ကျွင်းလင်၏ မျက်လုံးများက အတော်လေးစိတ်မရှည်လက်မရှည်ဖြစ်နေဟန် တူ၏။

“ဟမ့်!”

"လူငယ်လေးက မာန်တက်နေတာပဲ!”

ဆုလာဘ်ဆိုသည့်စကားကို ကြားသောအခါ သူတော်စင်ကွမ်ချီသည် အလွန်ဒေါသထွက်ကာ စိတ်ထဲမှလှောင်ရယ်လိုက်ရင်း တိတ်တိတ်လေးကြိတ်စဥ်းစားသည်။ “ဆုလာဘ်ရချင်တယ်? မင်းကြိုက်သလိုသာ စိတ်ကူးယဥ်နေလိုက်! မကြာခင် မင်းရဲ့ကံက ဒီအကြီးအကဲရဲ့လက်ထဲကို ရောက်လာလိမ့်မယ်!”

သူ မသိသည်မှာ ယဲ့ကျွင်းလင်သည် စနစ်ဆုလာဘ်ကို ရည်ညွှန်းနေခြင်းသာပင်…

ဤသို့ဖြင့်၊

နှစ်ဖက်စလုံးသည် စစ်တုရင်ခုံပေါ်တွင် တစ်ယောက်ကိုတစ်ယောက် အားထည့်ယှဥ်ပြိုင်ကြလေတော့၏။

မိမိ၏လက်ရည်တွင် ယုံကြည်မှုအပြည့်ရှိသော သူတော်စင်ကွမ်ချီသည် တစ်သက်တာလုံး သိမှတ်လေ့လာထားသော အသိပညာအားလုံးကို အသုံးပြုကာ သူ၏ စစ်တုရင်ခရီးလမ်းတစ်လျှောက်တွင် အပြင်းထန်ဆုံးသော သေကွင်းသေကွက် လှုပ်ရှားမှုများကို ထုတ်ဖော်အသုံးပြုလာသည်။

လှုပ်ရှားမှုတိုင်းက တည်ငြိမ်ရင့်ကျက်ကာ တောင်ကဲ့သို့ ခိုင်မာသည်။

အနက်ရောင် စစ်တုရင်ရုပ်များ၏ လမ်းကြောင်းသည် ကြမ်းကြုတ်ရက်စက်သော နဂါးနက်တစ်ကောင်အဖြစ် ဖွဲ့စည်းပုံဖော်လာကာ ပစ်မှတ်အားလုံးကို ကိုက်ဝါးဆုတ်ဖြဲရန်နှင့် စစ်တုရင်ခုံပေါ်ရှိ အဖြူရောင် စစ်တုရင်ရုပ်များကို အကြွင်းအကျန်မရှိ ဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားသကဲ့သို့ရှိ၏။

“နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ”

ယဲ့ကျွင်းလင်သည် အဖြူရောင် စစ်တုရင်ရုပ်တစ်ရုပ်ကို ကောက်ယူလိုက်ရင်း စိတ်ဝင်တစားပြုံးလိုက်သည်။

သူ၏အမူအရာသည် တည်ငြိမ်ပြီး အလောတကြီး မရှိပေ။ လှုပ်ရှားမှုပြုလုပ်သည့်အခိုက်အတန့်တိုင်းတွင် အင်အားကြီးသူနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်၏ သက်ရောက်မှုသည် မသိမသာ တိုးမြင့်လာကာ သူ၏စစ်တုရင်ကျွမ်းကျင်မှုသည်လည်း ပြိုင်ဘက်ထုတ်သုံးလိုက်သော အဆင့်နှင့်အတူ တစ်ပါတည်း တိုးတက်လာသည်။

အဖြူရောင် စစ်တုရင်ရုပ်များဖြင့် ဖွဲ့စည်းထားသော နဂါးဖြူသည် ပို၍ပင် ကြမ်းတမ်းလာကာ နဂါးနက်ကို ရစ်ပတ်နှိမ်နင်းရင်း တဖြည်းဖြည်း အသာစီးရလာသည်။

နဂါးနက်၏ ဖွဲ့စည်းမှုသည် တဖြည်းဖြည်း စတင်ပြိုကွဲလာကာ စစ်တုရင်ခုံပေါ်တွင် အဖြူရောင် စစ်တုရင်ရုပ်များ ပို၍ များပြားလာသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

All Chapters