အခန်း (၅၂၂)
Vol. 38 Ch. 522
သူတော်စင်ကွမ်ချီသည် တစ်ခုခု မှားနေသည်ဟု ခံစားမိလိုက်ပြီး သူ၏မျက်ခွံများက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လာသည်။ အကြီးအကဲ၏ စစ်တုရင်ကစားပုံသည် အစပိုင်းတွင် ပြတ်သားတည်ငြိမ်ခြင်းမှ နောက်ပိုင်းတွင် တုံ့ဆိုင်းတွန့်ဆုတ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားတော့၏။
သူ နားမလည်နိုင်သည်မှာ သူ၏ ပုံမှန်စစ်တုရင်လှုပ်ရှားမှုများကို စွမ်းအားထပ်ဆင့်တိုးကာ အသုံးပြုလိုက်တိုင်း ပြိုင်ဘက်က အလွယ်တကူ ဖြေရှင်းနိုင်နေသည်။ ယခင်အချီတွင် ပြသခဲ့သော အဆင့်သည် သူ၏စွမ်းအား ၇၀ ရာခိုင်နှုန်းနှင့်သာ ညီမျှသော်လည်း ဤအချီတွင် သူ၏စွမ်းအားအပြည့်အဝကို အသုံးပြုသည်ထိ ထိုလူငယ်က အမြဲမပြတ် အသာစီးရနိုင်နေခဲ့သည်ပင်။
ဖြစ်နိုင်တာက ပြိုင်ဘက်က ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တာလား?!
“ဒီခေတ်မှာ ဒီအကြီးအကဲထက် သာလွန်တဲ့ စစ်တုရင်သူတော်စင်တစ်ဦး ရှိလိမ့်မယ်ဆိုတာကို ဘယ်လိုပဲတွေးတွေး မယုံပေးနိုင်ဘူး!”
“မင်း လှည့်ကွက်တစ်ခုခု အသုံးပြုနေတာ ဖြစ်ရမယ်!”
သူတော်စင်ကွမ်ချီ၏ နှလုံးသားသည် စိုးရိမ်စိတ်များဖြင့်လေးလံလာကာ သူ့စိတ်သူ ဘယ်လိုပဲ နှစ်သိမ့်ဖို့ကြိုးစားပါသော်ငြား နောက်ထပ် စစ်တုရင်ရုပ်တစ်ခုမချမီ အကြာကြီးတုံ့ဆိုင်းတွေဝေနေဟန်က သူ၏အခက်တွေ့မှုကို ကောင်းကောင်းဖော်ပြထားလျက်သားရှိ၏။
အခြေအနေသည် ထိန်းချုပ်မရ ဖြစ်လာပြီး တဖြည်းဖြည်း ပြိုလဲပျက်စီးမှုသို့ ဆိုက်ရောက်ကာ သူတော်စင်ကွမ်ချီ၏ မာန်အပြည့်သွင်းထားသော စိတ်ဓာတ်သည်လည်း ရစရာမရှိအောင် ကွဲအက်သွားသည်။ နောက်ဆုံးတွင် အနက်ရောင် စစ်တုရင်ရုပ်ကို ကိုင်ထားသော လက်သည် တဆတ်ဆတ် တုန်ယင်လာတော့၏။
“အဘိုးကြီး မြန်မြန်လုပ်ဗျာ။ ကျွန်တော်ဆုယူရဦးမယ်!” မျက်နှာချင်းဆိုင်ရှိ အဘိုးအို မဆုံးဖြတ်နိုင်ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည် စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။
သူ၏အမြင်တွင် ပြိုင်ဘက်သည် AI ပုံရိပ်တစ်ခုမျှသာ!
ဖြစ်နိုင်တာက သူပဲ အရမ်းအစွမ်းထက်လွန်းသွားပြီး ပြိုင်ဘက်ကို ဆက်မလှုပ်ရှားနိုင်ဖြစ်စေတာလား?
“အလျင်မလိုစမ်းနဲ့!”
“ဒီအကြီးအကဲက အခြေအနေကို ပြောင်းပြန်လှန်နိုင်သေးတယ်!”
သူတော်စင်ကွမ်ချီသည် ကျရှုံးခြင်းကို တစ်ခါမှရင်မဆိုင်ဖူးသည်ဖြစ်ရာ အလွန်အမင်းဖိစီးနေသော စိုးရိမ်စိတ်ကိုလည်း ဘယ်လိုလျှော့ချရမည်မှန်း မသိတော့ပါချေ။ ဤပြိုင်ပွဲ၏ အနိုင်အရှုံးကား သူ၏အနာဂတ်နှင့် သက်ဆိုင်နေသည်။
ဤသို့ဖြင့် စိတ်ဖိစီးမှုကြောင့် အမှားများက ဆက်တိုက်တိုးပွားလာတော့၏။ ခြေတစ်လှမ်းများသည်နှင့် လမ်းကြောင်းတစ်ခုလုံး လွဲချော်သွားခဲ့သည်။
မကြာခင်အချိန်တွင် စစ်တုရင်ခုံပေါ်ရှိ အဖြူရောင် စစ်တုရင်ရုပ်များသည် အနိုင်ယူတော့မည့် အနေအထားကို ဖွဲ့စည်းလာကာ ဤအချီတွင် ယဲ့ကျွင်းလင်သာ အနိုင်ရရှိသူဖြစ်ကြောင်း စတင်အချက်ပေးလာတော့၏။
“ဟူး ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ!” ယဲ့ကျွင်းလင်သည် စစ်တုရင်ရုပ်ကို ဂွက်ခနဲစ်ချလိုက်ကာ လက်နှစ်ဖက်ကိုဖြန့်လျက် ပုခုံးတစ်ချက်တွန့်ပြသည်။
“ဒီအကြီးအကဲ ရှုံးသွားပြီ…”
သူတော်စင်ကွမ်ချီ တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ၏စိတ်ပျက်အားငယ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲသည်။
“မဖြစ်နိုင်ဘူး!!!” သူစိတ်မထိန်းနိုင်စွာ စတင်ငိုကြွေးလေသည်။
ထို ငိုကြွေးသံနှင့်အတူ စစ်တုရင်နယ်နိမိတ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာကာ စတင်ပြိုကွဲလာတော့၏။
“ဘာဖြစ်နေတာလဲ?!”
ယဲ့ကျွင်းလင် ထိတ်လန့်သွားသောအမူအရာဖြင့် ရုတ်တရက် ထရပ်သည်။
ခွမ်း!
သူတော်စင်ကွမ်ချီသည် စစ်တုရင်ခုံကို မှောက်ချလိုက်ကာ ရှက်ဒေါသလွှမ်း၍ နီမြန်းနေသောမျက်နှာကြီးဖြင့် ယဲ့ကျွင်းလင်ကို လက်ညှိုးငေါက်ငေါက်ထိုးသည်။ “အားလုံး မင်းကြောင့်ပဲ! ဒီအကြီးအကဲရဲ့ အစီအစဥ်တွေအားလုံး မင်းကြောင့် ပျက်စီးသွားပြီ!”
“မင်း ဆိုးဆိုးဝါးဝါး သေဆုံးရပါစေ! အသေဆိုးနဲ့ သေပါစေ!!!”
မျက်ရည်များဖြင့် ပြည့်လျှံနေသော မျက်လုံးများမှာ နီရဲကွဲအက်လျက်ရှိကာ လေသံတွင် မုန်းတီးမှုများ အပြည့်ပါဝင်နေသည်။
ထို့နောက် သူတော်စင်ကွမ်ချီ၏ ကိုယ်ပွားသည် လေထဲတွင် ပျောက်ကွယ်သွားတော့၏။
ယဲ့ကျွင်းလင်၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
အဖြစ်အပျက်များ၏ ရုတ်တရက်ဆန်သော အလှည့်အပြောင်းကြောင့် သူတဖြည်းဖြည်း သဘောပေါက်လာသည်။ ဤထူးဆန်းသော မသေမျိုး အခွင့်အရေးမှာ တစ်စုံတစ်ဦးထံမှ လျှို့ဝှက်စွာ ကြိုးကိုင်ခြယ်လှယ်ခံနေရသည်ပင်။
မျက်နှာချင်းဆိုင်မှ အဘိုးအိုသည် ဤဖြစ်ရပ်တစ်ခုလုံး၏ ကြိုးကိုင်ခြယ်လှယ်သူသာ ဖြစ်ပေတော့၏။
“အဘိုးကြီး ခင်ဗျားကများ ကျုပ်ကို လက်ညှိုးထိုးပြီး ကျိန်ဆဲရဲတယ်? ငါ ဒီကိစ္စတစ်ခုလုံးကို အဆုံးထိစုံစမ်းပြီးမှ ခင်ဗျားကိုပါ အသက်နှုတ်ပေးမယ်!”
ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တန်းနှစ်ခုသည် ယဲ့ကျွင်းလင်၏မျက်လုံးများမှ ထွက်ပေါ်လာကာ အေးစက်စက်လေးသံဖြင့် ကြိမ်းဝါးသည်။
[တင်! ဂုဏ်ယူပါတယ်၊ တာဝန်ပြီးဆုံးပါပြီ ပိုင်ရှင်။ ဆုလာဘ်- အရှုံးမရှိ ဓားနှလုံးသား!]
သူ၏စိတ်ထဲတွင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
အပြင်လောကတွင်မူ။
လူတိုင်း၏မျက်စိရှေ့တွင် တည်ရှိနေခဲ့သော ရွှေရောင် စစ်တုရင်ခုံ ပုံရိပ်ကြီးကား ရုတ်တရက် မှေးမှိန်သွားကာ ကွဲအက်ပျက်စီးတော့မည့် တဖျစ်ဖျစ်အသံများကို ခပ်တိုးတိုး ကြားသိနိုင်ပေ၏။
ဤထူးခြားသော အဖြစ်အပျက်သည် လူတိုင်းကို မှင်တက်သွားစေသည်။
“ဘာတွေဖြစ်နေတာလဲ?!”
“ကြည့်ပါဦး၊ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ခုံကြီး ပြိုလဲတော့မယ်!”
“မဟုတ်မှ အကြီးအကဲယဲ့က စစ်တုရင်ပွဲကို အဆုံးထိဖောက်ထွင်းသွားတာလား?”
“ဖြစ်နိုင်တယ်!”
ထင်မြင်ချက်များစွာဖြင့် တောင်တန်းသည် ရှုပ်ထွေးပွေလီစွာ ဆူညံပွက်လောရိုက်လာတော့၏။
“မဖြစ်နိုင်တာ၊ ဆရာသခင်က စစ်တုရင်သူတော်စင်ကို တကယ် အနိုင်ယူနိုင်လိုက်တာလား?” လီဝူကျယ်လည်း အလွန်အံ့ဩသွားသည်။
“ဒီ…” ဟုန်ချန်ယဲ့ကတော့ မသေချာမှုနှင့် သံသယကို ခံစားနေရဆဲ။
သူ၏ယခင်အတွေ့အကြုံများနှင့် ပေါင်းစပ်တွေးခေါ်ကြည့်လိုက်သော် တစ်ဖက်လူသည် ထုံးစံအတိုင်း စွမ်းအားကိုလျှို့ဝှက်ထားခြင်းများလားဟု သံသယဝင်လာမိသည်။
ဂျွတ်~
မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ ပြတ်သားသောအသံတစ်ခု ပဲ့တင်ထပ်လာကာ ရွှေရောင် စစ်တုရင်ခုံ ပုံရိပ်မှာ အဆုံးတိုင် ကွဲကြေပျက်စီးသွားတော့၏။
ဖျတ်ခနဲဆိုသလိုပင်၊
မသေမျိုးအလင်းရောင်ဖြင့် ဝန်းရံထားသော လူငယ်တစ်ဦးသည် လေထဲတွင် ပေါ်ထွက်လာကာ နှင်းဖြူရောင်ဆံပင်များက လေနှင့်အတူဝဲပျံလျက် မျက်လုံးများက အစွမ်းကုန်တောက်ပလင်းလက်နေသည်။
“ဆရာသခင်!”
“အကြီးအကဲယဲ့!”
အံ့အားသင့်အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်သည် လူအုပ်ကို လှည့်ပတ်ကြည့်ကာ လေးနက်စွာပြော၏။ “မင်းတို့ ဘာမေးချင်လဲဆိုတာ ငါသိတယ်။ ဟုတ်တယ်၊ ငါ အနိုင်ရခဲ့တယ်!”
ဤစကားလုံးများ၏ အဆုံး၌၊
တောင်တန်းတစ်ခုလုံးသည် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် အစွမ်းကုန် ဆူညံလာသည်။
စစ်တုရင်သူတော်စင်ကို အပြတ်အသတ်အနိုင်ယူပေးခဲ့သူတစ်ဦး ထွက်ပေါ်လာလေပြီ။
လူအုပ်ထဲတွင် တစ်ဝက်အဆင့် စစ်တုရင်သူတော်စင်ဖြစ်သော အဘိုးအိုဟွမ်သည် အလွန်စိတ်လှုပ်ရှားလာပြီး မျက်လုံးအစုံတွင် မျက်ရည်များ ပြည့်လျှံစီးဆင်းကျလာတော့၏။ ထို့နောက် မသဲမကွဲ ရေရွတ်လိုက်သည်။ “ဒီခေတ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ စစ်တုရင်သူတော်စင်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်ခဲ့တယ်၊ ဒီအကြီးအကဲ နောင်တမရှိဘဲ သေနိုင်ပါပြီ…”
လူတိုင်း၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဥ်လျှင် ယဲ့ကျွင်းလင်က များစွာ ပိုတည်ငြိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အရေးကြီးသော ကိစ္စတစ်ခုကို လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။
တရားခံကို ရှာဖွေဖမ်းဆီးရန်!
“ခုနက အရှိန်အဝါဟာ ဟိုဘက်ကလာတာပဲ!” ယဲ့ကျွင်းလင်သည် ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ဖြတ်ကျော်၍ အရပ်မျက်နှာတစ်ခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်ထွက်ခွာသွားတော့၏။
“ထူးဆန်းတယ်၊ ဆရာသခင် ဘယ်ကိုသွားနေတာလဲ?” ပျောက်ကွယ်သွားသော ရုပ်ပုံကို ကြည့်ရင်း ဟုန်ချန်ယဲ့က မရေမရာမေးလိုက်သည်။
“ငါလည်းမသိဘူး” လီဝူကျယ်က စိတ်ရှုပ်ထွေးစွာ ခေါင်းခါသည်။
ချင်ရူရန် မျက်မှောင်ကြုတ်သွားသည်။ သူမစိတ်ထဲတွင် တစ်စုံတစ်ခုက ပုံမှန်မဟုတ်သကဲ့သို့ စတင်ခံစားလာရလေသည်။