မြင်တာနဲ့ပြေး
Vol. 38 Ch. 523
တစ်ချိန်တည်းမှာပင်။
စစ်ထူယန်တို့နှစ်ဦးလည်း နေရာတွင် မလှုပ်မယှက်ထိုင်ရင်း တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
သူတော်စင်ကွမ်ချီ၏ပုံရိပ်ကြီး မလှုပ်မယှက် ငြိမ်သက်နေသည်ကို မြင်သောအခါ ကိုယ်ရံတော်ဖြစ်သော တာပူသည် စိတ်မထိန်းနိုင်စွာ အရှေ့သို့တိုးကပ်ကြည့်ပြီး မျက်လုံးမှိတ်ထားသော အဘိုးအိုကို လက်ညှိုးထိုးကာ စစ်ထူယန်ဘက်သို့လှည့်၍ ညည်းညူသည်။ “သခင်လေး၊ ဒီအဘိုးအိုကို ကြည့်ပါဦး၊ သူက တစ်လက်မတောင် မလှုပ်သေးဘူး။ ဒီ စစ်တုရင်ပွဲက အရမ်းကြာနေပြီမဟုတ်လား?"
စစ်ထူယန်က အေးစက်စက်သာတုံ့ပြန်၏။ “ရမ်းမပြောနဲ့။ တာအိုရောင်းရင်း သူတော်စင်ကွမ်ချီရဲ့ စစ်တုရင်ကျွမ်းကျင်မှုက ထူးချွန်ထက်မြက်တာပဲ၊ သူ သေချာပေါက် အနိုင်ရလိမ့်မယ်။ အချိန်တစ်ခုတော့ ယူရမှာပေါ့။ ငါတို့အလုပ်ကက စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရုံပဲ”
ရုတ်တရက် သူတော်စင်ကွမ်ချီ၏ မျက်ခွံများသည် ထိန်းချုပ်မရအောင် တုန်ယင်လာကာ သူ၏မျက်နှာတွင် သိသာထင်ရှားသော အမူအရာပြောင်းလဲမှုများ တစ်ကွက်ပြီးတစ်ကွက် ဖြစ်ပေါ်လာသည်။
ထိုပြောင်းမှုကို သတိထားမိလိုက်ပြီး တာပူကရုတ်တရတ်ထအော်သည်။ “ပွဲက ပြီးတော့မယ့်ပုံပဲ”
ထိုအချိန်တွင် သူတော်စင်ကွမ်ချီသည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်ဟလိုက်သည်။ တမုဟုတ်ချင်းပင် သူ၏မျက်လုံးအိမ်များ ထွက်ကျလုနီးပါး ပြူးထွက်လာကာ အလွန်စိတ်မသက်မသာနေဟန်ဖြင့် သွေးတစ်ပွက်အန်ချလိုက်သည်။
တာပူမှာ ဘာတစ်ခွန်းမှမတုံ့ပြန်နိုင်မီ သူ၏မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေပွသွားလေတော့၏။ သွေးညှီနံ့ပြင်းပြင်းကို ရှူရှိုက်လိုက်ရသည့်တစ်ခဏတွင် တာပူမှာ မျက်နှာကြီးကို အရေခွံချွတ်ပစ်ချင်စိတ်ပါ ဝင်လာရသည်။
“အား!”
တာပူသည် မျက်နှာမှ သွေးများကို အမြန်သုတ်ကာ သူတော်စင်ကွမ်ချီကို ဒေါသတကြီးကြည့်သည်။ “ခင်ဗျား ဒါသက်သက်လုပ်တာ မဟုတ်လား?!”
“သူတော်စင်ကွမ်ချီ၊ မဟုတ်မှလွဲရော…” အပြာရောင်ဝတ် အဘိုးအို၏ ဆိုးရွားသောတုံ့ပြန်မှုကို မြင်သောအခါ၊ စစ်ထူယန်သည် မျက်မှောင်ကြုတ်သည်။ ရလဒ်ကို ကြိုတင်ခန့်မှန်းလို့ရနေပြီပင်။
“ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ? ဒီအကြီးအကဲဟာ စစ်တုရင်တာအိုလမ်းကို စတင်လျှောက်လှမ်းခဲ့ချိန်ကစလို့ တစ်ကြိမ်တစ်ခါမှ မရှုံးဖူးဘူး။ ဒီအကြီးအကဲ သူတော်စင်ကွမ်ချီရဲ့နာမည်ဟာ စစ်တုရင်လောကတစ်ခုလုံးမှာ ပဲ့တင်ထပ်နေခဲ့တယ်၊ ပြိုင်ဘက်ကင်းတဲ့ စစ်တုရင်သူတော်စင်အဖြစ် တစ်လျှောက်လုံး ချီးကျူးခံခဲ့ရတယ်။ တစ်နေ့တစ်အချိန်မှာ ဒီအကြီးအကဲရဲ့ ရှုံးနိမ့်ခြင်းကင်းတဲ့ ဒဏ္ဍာရီမှတ်တမ်းကို တစ်စုံတစ်ဦးက အဆုံးသတ်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ…”
သူတော်စင်ကွမ်ချီ၏ မျက်နှာသည် သွေးမရှိတော့လသို ဖြူဖတ်နေကာ သူ၏စိတ်ဝိညာဉ်သည် အားအင်ပြတ်လပ်ကုန်ခမ်းလျက်ရှိ၏။ ထို့နောက် ကြောက်ရွံ့မှုလက်ကျန်ဖြင့် တုန်တုန်ရီရီ မှတ်ချက်ချသည်။ “စစ်တုရင်ကျွမ်းကျင်မှုအပိုင်းမှာ ဒီလူငယ်လေးက ထိတ်လန့်စရာပဲ!”
စစ်တုရင်ပွဲကို ပြန်လည်အမှတ်ရမိသောအခါ ပြိုင်ဘက်၏ ကစားပုံအဆင့်သည် သူ့ထက် အမြဲတမ်းပိုမိုသာလွန်နေပြီး အတိမ်အနက် ခန့်မှန်းမရသော ရေအိုင်တစ်ခုကဲ့သို့ ခံစားချက်ကို ပေးစွမ်းသည်။ သူ၏နှလုံးသားတစ်ခုလုံးအား အမှောင်ထုကြီးဖြင့် လေလံအုပ်ဆိုင်းထားသည့်နှယ် ခံစားရ၏။
သူကိုယ်တိုင် သေချာတိကျစွာ ဆင်ယင်ဖွဲ့စည်းထားသော ဤထောင်ချောက်သည် လုံးဝ မအောင်မြင်ရုံသာမက ပြင်းထန်သော ရှုံးနိမ့်မှုကြောင့် သူ၏ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာအခြေအနေကိုပါ သိသာထင်ရှားစွာ သက်ရောက်ထိခိုက်စေသည်။
အပြတ်အသတ် အလဲအကွဲကို ရှုံးနိမ့်ခဲ့ရတာပဲ။
စိတ်ဓာတ်ကျနေသော သူတော်စင်ကွမ်ချီကို ကြည့်ရင်း စစ်ထူယန်သည် တစ်ဖက်ပြိုင်ဘက်အား ရုတ်တရက် စိတ်ဝင်စားသွားသည်။ ဒီလို ဝါရင့် စစ်တုရင်သူတော်စင်ကို ဒီလောက်ထိ ထိခိုက်စေတဲ့ အဲ့ဒီလူငယ်လေးက ဘယ်သူများလဲ?
စစ်ထူယန်သည် ဤကဲ့သို့သော ပါရမီရှင်အား သူ့ဘက်ပါအောင်မခေါ်နိုင်လို့မဖြစ်ဟု တက်ကြွစွာအတွေးဝင်မိသည်။
“သူတော်စင်ကွမ်ချီ၊ လူကြီးမင်းရဲ့ စွမ်းအားကို သုံးပြီး ဟိုဘက်လူရဲ့ ပုံရိပ်ကို ဖော်ပြပေးနိုင်မလား? ကျွန်တော် မြင်ချင်ပါတယ်”
သူတော်စင်ကွမ်ချီသည် စိတ်ပျက်လက်ပျက်ဖြင့်သာ လက်ကိုဝှေ့ယမ်းဖော်ပြလိုက်သည်။ “မင်း ကိုယ်တိုင်ကြည့်! ဒီ ကလေးပဲ!”
သူ၏လက်ဖျားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အနည်းငယ် မှုန်ဝါးနေသော ပုံရိပ်တစ်ခု လေထဲတွင် ထွက်ပေါ်လာသည်။ ၎င်းသည် သူတော်စင်ကွမ်ချီ၏ မှတ်ဉာဏ်ထဲမှ ယဲ့ကျွင်းလင်ဖြစ်၏။
ဤရင်းနှီးသော ပုံရိပ်ကို မြင်သောအခါ စစ်ထူယန်၏ မျက်နှာသည် ရုတ်တရက် အကြီးအကျယ်ပျက်ယွင်းသွားပြီး ကြောက်လန့်တကြား ထအော်လိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!”
“ရောင်းရင်းက သူ့ကို သိနေတာလား!”
သူတော်စင်ကွမ်ချီ၏ မျက်နှာသည် မှောင်မည်းနေကာ သူ၏စိတ်နှလုံးမှာ ဒေါသဆိပ်တက်လျက်ရှိ၏။ ထိုကောင်လေး၏ ခန္ဓာကိုယ်ကို စိစိညက်ညက်ကြေအောင်ကြိတ်၊ အရေခွံခွာပြီး အဆီထုတ်ကာ လူသားမီးအိမ်ထွန်းထားချင်စိတ်အား မနည်းထိန်းချုပ်ထားရသည်။
“ခင်ဗျား မမှတ်မိတော့ဘူးလား? သူက ခင်ဗျားတို့ခေတ်ရဲ့ အသန်မာဆုံး မသေမျိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ်ယဲ့ပဲ!”
စစ်ထူယန်က ကြောက်လန့်တကြား ထရပ်သည်။ သူ့နှလုံးသားထဲရှိ အန္တရာယ်ခံစားမှုသည် တဖြည်းဖြည်းပိုမိုပီပြင်လာကာ ချက်ချင်းထွက်ပြေးဖို့ကိုသာ တိုက်တွန်းစေခိုင်းနေတော့၏။
သူတော်စင်ကွမ်ချီ မှင်တက်သွားပြီး သူ၏မျက်နှာတွင် ရှုပ်ထွေးမှုများ အပြည့်ပေါ်လွင်လာသည်။
အသန်မာဆုံး မသေမျိုးဧကရာဇ်?
ကောင်းကင်ဧကရာဇ်ယဲ့?
ဒီလို ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်အကြောင်း ဒီအကြီးအကဲက တစ်ခါမှ မကြားဖူးတာ ဘယ်လိုဖြစ်နိုင်မှာလဲ?
“တာအိုရောင်းရင်း စစ်ထူယန်၊ ဒီအကြီးအကဲကို လှည့်စားဖို့ မကြိုးစားနဲ့! ဒီအကြီးအကဲ ရှင်သန်ခဲ့တဲ့ ခေတ်မှာ ကောင်းကင်ဧကရာဇ်ယဲ့ဆိုတာ လုံးဝမရှိဘူး!”
သူတော်စင်ကွမ်ချီက အခိုင်အမာ ဆိုလာသည်။
စစ်ထူယန်လည်း ဆတ်ခနဲစိတ်တိုသွားတော့၏။
ဘာကိုဆိုလိုတာလဲ၊ အဘိုးကြီး? ဒီသခင်လေးကိုများ မေးခွန်းပြန်ထုတ်နေတာလား?
ငါ့အထင်တော့ မင်းပဲ စစ်တုရင်ပွဲရှုံးပြီး ချီလမ်းကြောင်းသွေဖည်သွားတာဖြစ်လိမ့်မယ်။
ဒီလောက် အရေးကြီးတဲ့ အချက်အလက်ကို မင်း ဘယ်လိုများ မေ့နိုင်တာလဲ?
“သူတော်စင်ကွမ်ချီ၊ ခင်ဗျား အခုမမှတ်မိနိုင်ဘူးဆိုရင် ဒီသခင်လေးက မှတ်မိအောင်ကူညီပေးမယ်!”
စစ်ထူယန်က လေးနက်စွာ ပြောကြားဖော်ပြလာသည်။ “ကောင်းကင်ဧကရာဇ်ယဲ့ဆိုတာ တစ်ချိန်က ရှေးဟောင်းခေတ်ရဲ့ အမှောင်မျိုးနွယ် ပုန်ကန်ထကြွမှုကို ဖိနှိပ်ခဲ့ပြီး သက်ရှိသတ္တဝါအားလုံးကို ကယ်တင်ပေးခဲ့တဲ့ စွမ်းအားရှင်ပဲ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ခေတ်တူ ကျင့်ကြံဆင့်တူတွေ တစ်ယောက်မှ မယှဥ်နိုင်တဲ့အထိ ပြိုင်ဘက်ကင်းတယ်"
“အခု၊ မင်း မှတ်မိပြီလား?”
ထိုစကားကို ကြားသောအခါ။
သူတော်စင်ကွမ်ချီ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာသည်။
ထို့နောက် ကြောင်တောင်တောင်မျက်နှာပေးဖြင့်သာ စစ်ထူယန်ကို စိုက်ကြည့်နေခဲ့မိ၏။
မဟုတ်သေးဘူး၊ ဒါတွေက ဘာတွေလဲ?
အဲ့လောက် ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ကြီးတစ်ခုလုံးကို ဒီအကြီးအကဲမကြားဖူးတာ ဖြစ်သင့်သလား?
အလိမ်အညာပဲ ဖြစ်ရမယ်!
ဒီအကြီးအကဲ မှတ်မိသလောက်တော့ ခွင်းလွင်ကမ္ဘာမှာ ဒီလိုလူမျိုး လုံးဝမရှိခဲ့ဘူး!
သူတော်စင်ကွမ်ချီသည် တစ်ခဏတာ အသက်ပြင်းပြင်းရှူသွင်းပြီး စိတ်တည်ငြိမ်သွားပြီးနောက် လေးနက်သောလေသံဖြင့် တုံ့ပြန်လိုက်သည်။ “တာအိုရောင်းရင်း စစ်ထူယန်၊ မင်းတော့ အလိမ်အညာတွေကြား လှည့်စားခံလိုက်ရပြီပဲ။ သူက မင်းပြောတဲ့ ကောင်းကင်ဧကရာဇ်ယဲ့ လုံးဝမဟုတ်ဘူး၊ ပြီးတော့ ရှေးဟောင်းခေတ်တုန်းက အမှောင်မျိုးနွယ်ရဲ့ ပုန်ကန်ထကြွမှုဆိုတာလည်း မရှိခဲ့ဘူး!”
စစ်ထူယန် ခဏတာ မှင်တက်သွားသည်။ ထို့နောက် မျက်စိရှေ့ရှိ အပြာရောင်ဝတ် အဘိုးအိုကို ပြန်လည်စစ်ဆေးကာ ထိုအကြည့်မှာ စာနာစိတ်အပြည့်ဖြင့် သနားကြင်နာလျက်ရှိ၏။
ဒီအဘိုးအိုဘဝကလည်း တကယ်ကို သနားစရာကောင်းလိုက်တာ။
ဒီလိုမျိုး အလဲထိုး အနိုင်ယူခံလိုက်ရပြီး မှတ်ဉာဏ်တွေကိုပါ ဆုံးရှုံးသွားရတဲ့အထိ အထိနာသွားရသလား? ကောင်းကင်ဧကရာဇ်ယဲ့လို အထင်ကြီးစရာ ပုဂ္ဂိုလ်မျိုးကိုပါ မေ့လျော့သွားတယ်တဲ့လေ။
အခုတော့ သူ့အတိတ်သမိုင်းကိုပါ သူပြန်ငြင်းဆိုနေပြီ။
သမိုင်းကိုမေ့လျော့ခြင်းဆိုသည်မှာ မွေးရပ်မြေကို သစ္စာမဲ့ခြင်းနှင့်မခြား။
သူတော်စင်ကွမ်ချီလည်း ဆွံ့အနေမိသည်။
ဘာတွေဖြစ်နေတာလဲ?
ဘာလို့ အဲ့ကောင်လေးက သူ့ကိုအရမ်းသနားစာနာသလို ကြည့်နေရတာလဲ?
“တာအိုရောင်းရင်း စစ်ထူယန်၊ မင်းကသာ တကယ်လှည့်စားခံလိုက်ရတာပါ။ ရှေးဟောင်းခေတ်တုန်းက ကောင်းကင်ဧကရာဇ်ယဲ့ဆိုတဲ့ ပုဂ္ဂိုလ် လုံးဝမရှိခဲ့ပါဘူး။ မင်းက ဒီအကြီးအကဲကိုယ်တိုင် သက်သေခံပေးနေတာကို မယုံဘူးလား"
သူတော်စင်ကွမ်ချီက စိတ်ရှည်လက်ရှည် ရှင်းပြသည်။
စစ်ထူယန်က ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလာ၏။ “ဟုတ်ပါတယ်၊ လူကြီးမင်းပြောတာမှန်ပါတယ်။ လူကြီးမင်း ပျော်သလိုသာနေပါတော့"
သူတော်စင်ကွမ်ချီ- “…”
မင်းငါ့ကို လာနောက်နေတာလား?
အကဲဖြတ်ပေးရရင် သရုပ်ဆောင်လည်း လုံးဝမကောင်းဘူးနော်။
ထို့နောက် သူတော်စင်ကွမ်ချီ ဘယ်လိုပဲထပ်မံရှင်းပြပါစေ၊ စစ်ထူယန်က ဟုတ်တယ် ဟုတ်တယ် ဟုသာပြန်ဖြေသည်။ သူ၏မျက်နှာမှာ အပြုံးတစ်ခုကို အမြဲတပ်ဆင်ထားကာ မျက်လုံးအစုံမှာ သနားစရာ သူငယ်ပြန်နေသည့်အဘိုးကြီးတစ်ယောက်ကို စာနာပေးနေသကဲ့သို့...
စစ်ထူယန်၏ အတွေးပုံရိပ်ဝယ် ယဲ့ကျွင်းလင်တစ်ယောက် ပင်လယ်အောက် မင်းနေပြည်တော်သို့ ရောက်ရှိလာပြီး ကြောက်မက်ဖွယ် ပြိုင်ဘက်ကင်းခွန်အားဖြင့် ဘိုးဘေးကြီး ပင်လယ်ဝေလငါးကို အလွယ်တကူ သတ်ပစ်ခဲ့သည့်ပုံရိပ်ကိုသာ တဝဲလည်လည် မြင်ယောင်နေမိသည်။ ထိုအချိန်က ထိုသူအသုံးပြုခဲ့သော ခွန်အားအဟုန်မှာ ကောင်းကင်ဧကရာဇ်တစ်ပါး၏ သံသယဝင်စရာမရှိသော သက်သေသာဓကသာ ဖြစ်ပေတော့၏။
မသေမျိုးဘုရင်အဆင့်လောက်ပဲ ရှိတဲ့သူတစ်ယောက်က မသေမျိုးအဆင့် ပြိုင်ဘက်ကင်းကျင့်စဥ်ကို သာမန်အတိုင်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပါ့မလား?
ဒါ့အပြင် သူ့တပည့်ထဲက တစ်ယောက်က ဆရာသခင်ရဲ့ နောက်ကြောင်းဇာစ်မြစ်ကို သေသေချာချာပြောပြပေးခဲ့တာပဲ။ မှားနိုင်စရာ ရှိမတဲ့လား?
ငါ့အထင်တော့ ဒီအဘိုးကြီးပဲ စိတ်လွတ်ရူးသွပ်သွားတာ။
ရူးတယ်ဆိုပါစေဦး၊ ဒီလောက်ကြီး အတိတ်မေ့သွားတာကျ မလွန်လွန်းဘူးလား!
ယခင်က မြင်တွေ့ခဲ့ရသော စွမ်းအားပြသမှုကြောင့် စစ်ထူယန်သည် ယဲ့ကျွင်းလင်ကို သူ၏ နံပါတ်တစ် ရန်သူအဖြစ် စွဲမြဲခိုင်မာစွာ သတ်မှတ်ထားပြီး ကောင်းကင်ဧကရာဇ်ယဲ့ဆိုသည့် နောက်ကြောင်းရာဇဝင်ကိုလည်း အခိုင်အမာ ယုံကြည်ထားခဲ့သည်။
ဤသို့ဖြင့် သူတော်စင်ကွမ်ချီ သနားစဖွယ် ရှင်းပြချက်များမှာလည်း အရာမရောက်တော့။
သနားစရာကောင်းသော သူတော်စင်ကွမ်ချီသည် ရှေးဟောင်းခေတ်မှ တရားဝင် ပြန်လည်နိုးထရှင်သန်သူတစ်ဦး ဖြစ်သော်ငြား သူ၏စကားများမှာ အရူးချီးပန်းဟုသာ သတ်မှတ်ခံနေရလေသည်။
ထိုအချိန်တွင်၊
မိုးခြိမ်းသံတစ်ချက် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ရှင်းလင်းသော မိုးခြိမ်းသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်ထွက်ပေါ်လာကာ သိပ်သည်းသော သတ်ဖြတ်လိုစိတ်များဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအား ခြုံလွှမ်းသွားလေတော့၏။
“အဘိုးကြီး၊ ခင်ဗျားပုန်းနေတာ ကျုပ်သိတယ်နော်၊ သေဖို့ပြင်ထား!”
ထို့နောက် အဝတ်လိုက်ဆုတ်ဖြဲလိုက်သကဲ့သို့ ဗြိခနဲအသံတစ်ချက်က ကောင်းကင်ကို ဖြတ်၍ ပဲ့တင်ထပ်ထွက်ပေါ်လာကာ သူတို့အခြေချရာနေရာအား ပိတ်ဆည်းတည်ဆောက်ထားသော ရှုပ်ထွေးသော အစီအရင်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
တောင်တန်းနှင့် လွင်ပြင်များတစ်လျှောက်ရှိ မက်မွန်ပင်များလည်း ညှိုးနွမ်းပုပ်သိုးသွားတော့၏။
သူတို့အားလုံး အသံလာရာသို့ ခေါင်းလှည့်ကြည့်မိသောအခါ ယဲ့ကျွင်းလင်သည် ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်တည်လျက် ရွှေရောင် မသေမျိုးဓားကို ကိုင်စွဲထားသည်အား မြင်တွေ့လိုက်ရသည်။ မျက်လုံးများသည် တောက်ပသော အလင်းတန်းနှစ်ခုကဲ့သို့ စူးရှထက်မြက်ကာ ဖျက်ဆီးဖိနှိပ်နိုင်စွမ်း အပြည့်အဝပါရှိ၏။
သူတော်စင်ကွမ်ချီသည် ထိတ်လန့်မှုနှင့်အတူ ဒေါသတကြီးတုံ့ပြန်သည်။ “မင်းက အရမ်းလွန်နေပြီ! ဒီအကြီးအကဲရဲ့အစီအစဥ်ကို ဖျက်ဆီးရုံမကလို့ အတင့်ရဲပြီး ဒီအထိလိုက်လာရသလား!”
“တာအိုရောင်းရင်း စစ်ထူယန်၊ ဒီအကြီးအကဲနဲ့ ပူးပေါင်းပြီး ဒီမောက်မာတဲ့လူကို ရှင်းလင်းပေးပါ!”
ပြီးခဲ့သည့် အကြိမ်ကတည်းက စွဲမြဲကျန်ရစ်ခဲ့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် တာပူမှာ ကြောက်စိတ်ဖြင့်တုန်ယင်လာသည်။ “သခင်လေး၊ သူ၊ သူ ဒီကို ရောက်နေပြီ”
စစ်ထူယန်သည်လည်း ယဲ့ကျွင်းလင်ကို မြင်သောအခါ၊ ကြောင်ကို မြင်သော ကြွက်ကဲ့သို့ တုန်ယင်ထိတ်လန့်သွားသည်။
ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ နံဘေးရှိကိုယ်ရံတော်ကို ကောက်ဆွဲကာ လက်သင်္ကေတတစ်ခုအား ပုံဖော်လိုက်ပြီး လျှို့ဝှက်ကျင့်စဥ်တစ်ခုအား အသက်သွင်းလိုက်တော့၏။
“ပြေး!”
ဝှစ်~
ရုပ်ပုံနှစ်ခုသည် နေရာမှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထွက်ပြေးနေစဥ်မှာပင် စစ်ထူယန်သည် တစ်ကြိမ်မကတော့သော ဤအတွေ့အကြုံမှာ မိမိနှင့်အလွန်ရင်းနှီးကျွမ်းဝင်နေလေပြီဟု အတွေးဝင်မိရတော့၏။