← Chapters

ဆောရီး ငါအရင်ပြေးဦးမယ်

Vol. 38 Ch. 524

ဆောရီး ငါအရင်ပြေးဦးမယ်

Vol. 38 Ch. 524

ပင်လယ်အောက် တော်ဝင်မြို့တော်တုန်းကကဲ့သို့ ဒီတစ်ခေါက်လည်း သူမဆိုင်းမတွ တဟုန်ထိုးထွက်ပြေးခဲ့ရသည်။

“ကောင်းကင်ဧကရာဇ်ယဲ့၊ မင်းမှတ်ထားလိုက်၊ ဒီသခင်လေးက မင်းကိုကြောက်လို့ မဟုတ်ဘူး၊ ဒါကို ဗျူဟာကျကျ ဆုတ်ခွာခြင်းလို့ ခေါ်တယ်!”

စစ်ထူယန်သည် သူ၏နှလုံးသားထဲရှိ ရှက်ရွံ့မှုကို ဖိနှိပ်ပြီး သူ့ကိုယ်သူနှစ်သိမ့်သည့်အနေဖြင့် တိတ်တိတ်လေး ကြုံးဝါးလိုက်သည်။

ယဲ့ကျွင်းလင်၏ ခွန်အားကို မြင်တွေ့ပြီးနောက် စစ်ထူယန်သည် တစ်ဖက်လူမှာ လူသားမျိုးနွယ်မှ ပြိုင်ဘက်ကင်း မသေမျိုးဘုရင်တစ်ပါးဖြစ်ကြောင်း ကောင်းကောင်းသိနားလည်လိုက်ရသည်။ သူ အရဲကိုး၍ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် အနိုင်ရဖို့ အခွင့်အလမ်းက အလွန်နည်းပါးမည်။

ပြိုင်ဘက်ကို လှည့်စားခေါ်ယူပြီးပြီး အမိန့်လက်စွပ်ကို အသုံးပြုပါမှ သူအနိုင်ရနိုင်မည်။ မဟုတ်ပါက ကျန်နည်းလမ်းလည်းမရှိ။

သို့ပေမည့် အမိန့်လက်စွပ်ကို အခုချိန်တွင် ထုတ်ယူအသုံးပြုဖို့ မဖြစ်နိုင်။

ထိုအရာမှ ပစ်မှတ်ရန်သူ၏ ကျင့်ကြံဆင့်ကို ခေတ္တဗလာကျင်းပေးနိုင်သော အလင်းမျိုးနွယ်စု၏ အဖိုးတန်မှော်ရတနာဖြစ်၏။

သူ၏ မူလရည်ရွယ်ချက်မှာ ခွင်းလွင်ကမ္ဘာရှိ ပြန်လည်နိုးထရှင်သန်လာသူများကို စုစည်းစေပြီးမှ ဤပစ္စည်းကိုအသုံးပြုကာ ထိုရှေးဟောင်းစွမ်းအားရှင်အဖွဲ့ကို တစ်ပါတည်း အကုန်အစင်ရှင်းထုတ်ပစ်ဖို့သာဖြစ်၏။

အနာဂတ် ပြဿနာများကို အမြစ်ပြတ်ဖယ်ရှားပစ်ရန်အတွက် ရေရှည်ဖြေရှင်းနည်းတစ်ခုပင်။

အမိန့်လက်စွပ်ကို ကောင်းကင်ဧကရာဇ်ယဲ့အပေါ်တွင် အသုံးပြုလိုက်လျှင် နောက်ဆက်တွဲအစီအစဥ်အတွက် ဆက်သွားစရာမရှိတော့ပါချေ။

စစ်ထူယန်သည် အကျိုးအမြတ်ရမည်ဆိုလျှင် အမြင့်ဆုံးကိုသာရလို၏။

ကောင်းကင်ဧကရာဇ်ယဲ့ကို ကြက်ကလေးငှက်ကလေးလို တစ်ချက်တည်းနှင့်ရှင်းပစ်နိုင်မည့် အကျိုးအမြတ်မှာလည်း သူ့အတွက် အလွန်ဆွဲဆောင်မှုရှိသည်။

သို့ပေမဲ့ ဤစစ်ဆင်ရေးကို အမြင့်ဆုံးထိဆွဲတင်နိုင်ဖို့ရာ ရန်သူအင်အားကို စုနိုင်သမျှစုပြီး လက်စွပ်စွမ်းအားကို အကောင်းဆုံးအသုံးချခြင်းက ပိုလို့သင့်တော်မည်။

ဤသို့ဖြင့်၊

ယဲ့ကျွင်းလင်၏ ရန်လိုသောချဥ်းကပ်မှုကို ရင်ဆိုင်ရသောအခါ စစ်ထူယန်သည် သူ၏ ဒေါသကို မြိုချရုံမှတစ်ပါး တစ်ခြားမတတ်နိုင်ခဲ့ပဲ မျက်နှာချင်းဆိုင်မဆုံမိအောင် ရှောင်ရှားထွက်ပြေးဖို့သာ ရှိတော့လေသည်။

သူက ကြောက်လို့ထွက်ပြေးနေတာမဟုတ်ဘူး၊ ခွင်းလွင်ကမ္ဘာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မယ့်အခွင့်အရေး လက်ထဲရောက်တဲ့အထိစောင့်နေတာ။

ဤသို့ဖြင့် မဟာမိတ်အသစ်ဖြစ်သော သူတော်စင်ကွမ်ချီကို စစ်ထူယန်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ စွန့်လွှတ်ခဲ့သည်။

မဟာမိတ်ဆိုတာ ထပ်ရှာရင်ရမှာပဲလေ!

ခြုံပြောရမည်ဆိုလျှင် စစ်ထူယန်သည် တစ်ဖက်လူထွက်ပေါ်လာလာချင်းပင် အရမ်းလျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကာ အမြန်ဆုံးထွက်ပြေးနိုင်ဖို့အတွက် မိမိ၏အနှစ်သာရသွေးကိုပင် မီးရှို့အသုံးပြုခဲ့ရသည်။ နိဗ္ဗာန်ကမ္ဘာ၏ ထိပ်တန်း ထွက်ပြေးလွတ်မြောက်ခြင်း တာအိုကျင့်စဥ် ၅ ခုထဲမှ တစ်ခုဖြစ်သော… သန့်စင်အရိပ်ကျင့်စဥ်ကို အသုံးပြုခဲ့ရ၏။

သန့်စင်အရိပ်ကျင့်စဥ်သည် နိဗ္ဗာန်ကမ္ဘာတွင် နာမည်ကြီးသော ထွက်ပြေးလွတ်မြောက်ခြင်း တာအိုကျင့်စဥ်တစ်ခုဖြစ်ပြီး အလင်းမျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်ဝင်များသာ ၎င်းကို ကျင့်ကြံရန် အရည်အချင်းပြည့်မီသည်။

အဆင့်မြင့်သည်နှင့်အမျှ အသုံးဝင်ပုံကလည်းထိရောက်သည်။ သုံးလိုက်သည်နှင့် ဖျတ်ခနဲပျောက်ကွယ်သွားမည်။

အသက်တစ်ရှူစာ ကာလလေးအတွင်းမှာပင် စစ်ထူယန်သည် စန်းမူပြည်နယ်မှ လှစ်ခနဲထွက်ခွာကာ နောက်ထပ် ကြီးမားစည်ကားသော ပြည်နယ်တစ်ခု၏ လူသူပြတ်လပ် ဝေးလံခေါင်းပါးသည့် နေရာလေးတစ်ခု၌ ခြေချလိုက်မိ၏။

အရှိန်က မကြုံစဖူး ထူးဆန်းလှပါတကား ဆိုရလောက်သည်အထိ လျင်မြန်လွန်းလှသဖြင့် မသေမျိုးဧကရာဇ်များပင် တဝါးဝါး သြချသွားပေမည်။

စစ်ထူယန်တို့နှစ်ဦး တစ်ပြိုင်တည်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူတော်စင်ကွမ်ချီသည် ရုပ်ထုကဲ့သို့ နေရာတွင်‌ တောင့်တင်းရပ်ကျန်ခဲ့တော့၏။

မင်းတို့ငါ့ကို လာနောက်နေကြတာလား?!

အလင်းမျိုးနွယ်စုရဲ့ တော်ဝင်မျိုးနွယ်ဝင် ဂုဏ်သိက္ခာရှိတဲ့ ပါရမီရှင်တစ်ဦးက ဒီလို ကြောက်လန့်တုန်ရီပြီး ထွက်ပြေးသွားတာလား?!

အ‌စောကပေးခဲ့တဲ့ ကတိတွေသစ္စာတွေကရော ဘယ်ရောက်သွားတာလဲ?

သူတော်စင်ကွမ်ချီသည် စစ်ထူယန်၏ ချက်ချင်းထွက်ပြေးစွန့်ခွာမှုကို အလွန်စိတ်ပျက်မိပြီး အခြေအနေကိုလည်း လုံးဝ နားမလည်နိုင်တော့ပေ။

သူတို့ ပူးပေါင်းလိုက်တာနဲ့ ဒီပါရမီရှင်သစ်လေးကို နှိမ်နင်းဖို့က ဘာတွေခက်ခဲနေမှာမလို့လဲ?

“ဒီအကြီးအကဲရဲ့ အမြင်အရတော့ တစ်စုံတစ်ဦးက အရင်က မင်းရဲ့ ဇာစ်မြစ်အကြောင်း ကောလဟာလတွေ ဖြန့်ခဲ့တာကြောင့် စစ်ထူယန်က အထင်လွဲသွားပုံပေါ်တယ်…”

သူတော်စင်ကွမ်ချီ အတွေးများလှည့်ပတ်နေပြီး ဒီဖြစ်နိုင်ချေက ပိုအလေးသာသည်ဟု တွေးလိုက်မိ၏။ ထို့နောက် မျက်လုံးများက စူးရှတောက်ပလာကာ လှောင်ပြုံးဖြင့်ဆိုသည်။ “လူငယ်လေး၊ မင်း တခြားသူတွေကို လှည့်စားလို့ရနိုင်ရင်ရမယ်၊ ဒါပေမယ့် ဒီအကြီးအကဲကိုတော့ လှည့်စားလို့မရဘူး!”

“ဟင်?”

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ သူသည် အနီးအနားမှ အလွန်လျင်မြန်စွာ လွတ်မြောက်သွားသော ချီစွမ်းအင်တစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသော်ငြား လျင်မြန်လွန်း၍ ခန့်မှန်းရခက်ခဲနေသည်ပင်။

သို့ပေသည့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲ၏ ကြိုးကိုင်သူက မိမိ‌ရှေ့မှောက်ရောက်ရှိနေသည့်အတွက် ဒီပုဂ္ဂိုလ်ကို အရင် ကိုင်တွယ်ရမည်။

“အဘိုးကြီး စစ်တုရင်ခုံနယ်နိမိတ်ထဲမှာ ကျုပ်ကိုကျိန်ဆဲခဲ့တာ ခင်ဗျားမလား!”

ယဲ့ကျွင်းလင်က ခပ်မဲ့မဲ့ပြုံးလျက် မေးခွန်းထုတ်ကာ ကိုင်ဆောင်ထားသော ရွှေရောင်ဓားပျံကို ဝင့်မြှောက်ပြလိုက်သည်။ ၎င်း၏ထိပ်ဖျားက အဝေးတစ်နေရာရှိ အပြာရောင်ဝတ် အဘိုးအိုကို ချိန်ရွယ်ထားလျက်သား။

အရှေ့ဘက်မှ ဦးတည်လာနေသော အားကောင်းလှသည့် ချီစွမ်းအင်ကို ခံစားမိသောအခါ သူတော်စင်ကွမ်ချီ၏ မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားသည်။ နဖူးတွင် ချွေးသီးချွေးပေါက်များ ဖုံးလွှမ်းလာကာ အံတင်းတင်းကြိတ်လျက် ရေရွတ်လိုက်၏။ “ထူးခြားတယ်၊ ဒီအရွယ်နဲ့ ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာကိုး”

“ဒါပေမယ့် ဒီအကြီးအကဲကို သတ်ဖို့က အဲဒီလောက် မလွယ်ဘူး!”

ပြိုင်ပွဲအစီအရင် ပြိုကွဲကျရှုံးမှုမှ တန်ပြန်သက်ရောက်မှုကြောင့် သူတော်စင်ကွမ်ချီ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေက အလွန်ဆိုးရွားနေသည်။ သို့သော် အရှေ့မှရန်သူက ပိုလို့အရေးကြီးနေလေရာ တားမြစ်ထားသော တာအိုကျင့်စဥ်ကို မဖြစ်မနေ အသုံးပြုဖို့မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဝုန်း!!!

အလွန်ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်တစ်သုတ်က သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ လေးဘက်လေးတန်ကို လေမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားသည်။ မြေကြီးသည် တစ်လက်မချင်း ကွဲအက်သွားကာ ပျံသန်းမွှေနှောက်လာသော သဲနှင့်ကျောက်တုံး လေပွေများကြောင့် သဲမုန်တိုင်းကြီးတစ်ခုတိုက်ခတ်နေသကဲ့သို့ အရာရာမှုန်ဝါးလာသည်။

သူတော်စင်ကွမ်ချီ ခေါင်းပြန်မော့သောအခါ မျက်လုံးများသည် သွေးနီရောင်ရဲရဲဖုံးလွှမ်းကာ မျက်နှာတစ်ပြင်လုံးမှာလည်း ဖောင်းကြွနေသော သွေးကြောများဖြင့် အရိုင်းဆန်လျက် ကြောက်ခမန်းလိလိ ထူးဆန်းနေခဲ့သည်။

သူသည် သူ၏သွေးအရင်းအမြစ်ကိုသာမက အသက်သွေးကြောကိုပါ လောင်ကျွမ်းစေလျက် ဤတိုက်ကွက်ကို အစွမ်းကုန်ထုတ်သုံးလာခြင်းဖြစ်၏။

ဤအခြေအနေအတိုင်း ခဏလောက်ကြာကြာ နေလိုက်လျှင်ပင် သူတော်စင်ကွမ်ချီ သက်တမ်းကုန်ဆုံး၍ သေဆုံးသွားနိုင်သည်။

ကံကောင်းစွာဖြင့် ဤကြီးမားသော ပေးဆပ်မှုက ပြိုင်ဘက်ကင်းသော ကြောက်မက်ဖွယ်စွမ်းအားတိုးမြင့်မှုကို ရရှိနိုင်သည်။ ထိုနည်းလမ်းကို အသုံးပြုနေစဥ်ကာလအတွင်း သူ၏အခြေအနေက နဂိုမူလ အထွဋ်အထိပ်စွမ်းရည်ကိုပင် ‌ကျော်လွန်အားသာသွားနိုင်၏။

“ဒီအကြီးအကဲဟာ စစ်တုရင်တာအိုကနေတဆင့် မသေမျိုးဖြစ်လာခဲ့ပြီး ဒီလမ်းကို အချိန်အကြာကြီး တစိုက်မတ်မတ် လျှောက်လှမ်းခဲ့တယ်။ ရှည်လျားပြီး ဝေးလံတဲ့နှစ်တွေတစ်လျှောက် ဒီအကြီးအကဲဟာ သူ့ကိုယ်ပိုင် အားသာချက်တွေကို ပေါင်းစပ်ပြီး စစ်တုရင်တာအိုနဲ့ ဆက်စပ်တဲ့ မသေမျိုးကျင့်စဥ်တွေကို အဆက်မပြတ်ဖန်တီးခဲ့တယ်"

“သာမန် မသေမျိုးအရှင်တစ်ပါး ရောက်လာရင်တောင် ဒီအကြီးအကဲဟာ စစ်တုရင်-တာအိုကျင့်စဥ်ကို သုံးပြီး သူတို့နဲ့ ရင်ဆိုင်နိုင်တယ်!”

“လူငယ်လေး၊ မင်းက ဒီအကြီးအကဲရဲ့ ဘဝနဲ့ချီတဲ့ အစီအစဥ်ကို ဖျက်ဆီးခဲ့တယ်၊ နောက်ပြီး ဒီအကြီးအကဲကို ဒီလိုအကျပ်အတည်းထဲအထိပါ တွန်းပို့ခဲ့သေးတယ်၊ မင်း ဒီနေ့ သေကိုသေရစေ့မယ်!!”

All Chapters