← Chapters

ရွှေပုဆိန်လား ငွေပုဆိန်လား

Vol. 38 Ch. 526

ရွှေပုဆိန်လား ငွေပုဆိန်လား

Vol. 38 Ch. 526

“သေ! ဒီအကြီးအကဲအတွက် သေပေးလိုက်စမ်း!” သူတော်စင်ကွမ်ချီသည် သွေးရောင်လွှမ်းသောမျက်လုံးများဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်သည်။

သူ၏ သွေးအနှစ်သာရနှင့် အသက်သွေးကြောကို အဆက်မပြတ် စတေးနေရသည်ဖြစ်သောကြောင့် သူ ဒီနေ့ အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင် ကျင့်ကြံဆင့်တွင် ရှေ့တိုးဖို့ ခက်ခဲသွားလိမ့်မည်။ သူ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်က သူ့ကို စောင့်ကြိုနေပေမည်။

ဤသို့ဖြင့် ချောင်ပိတ်မိနေသော သူတော်စင်ကွမ်ချီ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်- ယဲ့ကျွင်းလင်ကို သတ်ပြီး သူ့ဆုံးရှုံးမှုများအတွက် လက်စားချေမည်။

စစ်တုရင်ခုံထောင်ချောက်၏ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကို ကြည့်ရင်း လင်တုရှီနှင့် အခြားသူများအာခေါင်ခြောက်ကာ ဦးရေပြားများက ကြောက်စိတ်ဖြင့် ထုံထိုင်းကျဥ်တက်လာကြသည်။ “အကြီးအကဲယဲ့၊ သူ…”

“မစိုးရိမ်ပါနဲ့၊ ဆရာသခင်က သေချာပေါက် အဆင်ပြေလိမ့်မယ်!” လီဝူကျယ်က လက်ကိုဝှေ့ယမ်းက ဘာမှအရေးမပါသည့်မြင်ကွင်းကိုကြည့်နေသကဲ့သို့ အေးအေးဆေးဆေးရှိ၏။

"ဒါလောက်ကတော့ ဖြစ်နေကျ အေးဆေး"

သူသည် မရေမတွက်နိုင်သော မုန်တိုင်းများကို မြင်တွေ့ခဲ့ဖူးသူတစ်ဦးမှ လေပွေလေးကို ထိုင်ကြည့်နေသကဲ့သို့ ရှိ၏။

ကျန်သူများအတွက်တော့ ကျိုးကြောင်းမဆီလျော်လှ။

ဒါကို ဖြစ်နေကျမြင်ကွင်းလို့ ပြောလိုက်တာလား?

မင်း အတည်ပေါက်ကြီးလား?

ရုတ်တရက် အလင်းပေါက်ကွဲမှုသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ရွှေရောင်ဝင်းလက်သော ဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသော လူငယ်လေးတစ်ဦးက ပေါက်ကွဲမှုကြားမှ ထွက်ပေါ်လာကာ သူ၏မျက်လုံးများက နဂိုမူလအတိုင်း တောက်ပလင်းလက်နေခဲ့သည်။ နှင်းကဲ့သို့ ဖြူစင်သောဆံပင်များက လေနှင့်အတူလွင့်ပျံကာ ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပသော အလင်းရောင်ဖြင့် ဝန်းရံလျက်ရှိ၏။ အနက်ရောင်ဝတ်ရုံမှာတော့ ရွှေရောင်သံချပ်ကာတစ်ခုအဖြစ် ပြောင်းလဲကာ ဖြောင့်မတ်သောကိုယ်နေဟန်ထားနှင့် ‌ပေါင်းစပ်သော် မြင့်မြတ်ပြီး ဩဇာရှိသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။

ဤသည်မှာ မဖျက်ဆီးနိုင်သော အရှင်သခင်ခန္ဓာကျင့်စဥ်မှ ဆင့်ကဲပြောင်းလဲလာသည့် အကာအကွယ်ဝတ်စုံပင်။

အစောက ပေါက်ကွဲမှု၏စွမ်းအားမှာ ဤဝတ်စုံအား လုံးဝဥဿုံ မထိုးဖောက်နိုင်ခဲ့ခြင်းသာဖြစ်၏။

ယဲ့ကျွင်းလင်၏ မဖျက်ဆီးနိုင်သော အရှင်သခင်ခန္ဓာကျင့်စဥ်ကို ပြည့်စုံစွာ အသုံးပြုခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

“ဒါ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!” သူတော်စင်ကွမ်ချီက ထိတ်လန့်တကြား အော်သည်။

သူ ထုတ်လွှတ်ခဲ့သည်မှာ ကျင့်စဥ်တို့ ပေါင်းစပ်ဖွဲ့စည်းရာမှ ဖြစ်ပေါ်လာသော အစုံသုပ်တိုက်ကွက်ဖြစ်ပြီး ထိုအရောအစပ်စွမ်းအားဆိုသည်မှာ သာမန်သီးသန့်ကျင့်စဥ်များထက် အဆပေါင်းများစွာ ပိုဆိုအစွမ်းထက်သည်။ မသေမျိုးဧကရာဇ် ကျင့်ကြံဆင့်အောက်တွင် ထိုတိုက်ကွက်ကို မည်သူတစ်ဦးတစ်လေမှ တောင့်ခံနိုင်မည်မဟုတ်။

မသေလျှင်တောင် သေချာပေါက် သေလုတဲတဲအခြေအနေဖြင့် လွတ်ထွက်လာလိမ့်မည်။

ယခုတော့ ယဲ့ကျွင်းလင်သည် မသေရုံမက ဒဏ်ရာအနာတရလည်း တစိုးတစိမပါရှိ။ သူတော်စင်ကွမ်ချီ ထိတ်လန့်လို့မဆုံးနိုင်တော့ပေ။

ငါတို့နှစ်ယောက်စလုံးက လူသားတွေပဲမဟုတ်လား? မင်းကဘာလို့ ဒီလောက်ထူးခြားနေရတာလဲ?

လုံးဝ အားနည်းချက် မရှိဘူး!

“စစ်ထူယန် ပြောတာများ မှန်နေတာလား၊ ဒီကောင်လေးက ဟိုးအရင်ခေတ်က အားအကြီးဆုံး မသေမျိုးဧကရာဇ်လား? မဟုတ်ရင် သူ ဒီလောက်အစွမ်းထက်နေတာကို ဘာနဲ့အကြောင်းပြချက်ပေးမလဲ?"

သူတော်စင်ကွမ်ချီ၏ စိတ်က လုံးဝ ပြိုလဲလုနီးပါးဖြစ်ကာ မိမိ၏မှတ်ဉာဏ်များကိုပင် သံသယဝင်သွားမိသည်။

ရှေးခေတ်က စွမ်းအားရှင်များမှလွဲ၍ နောက်ပိုင်းမျိုးဆက် လူငယ်တစ်ဦးက ဒီအဆင့်အထိ ကြီးထွားတိုးတက်နိုင်လိမ့်မည်ဟု သူလုံးဝထင်မထားခဲ့။

သို့ပေမဲ့ ပြဿနာက ကောင်းကင်ဧကရာဇ်ယဲ့ဆိုသူကို သူတစ်ခါမှ မကြားဖူးရုံသာမက တစ်ဖက်လူငယ်ထံမှလည်း ပြန်လည်ရှင်သန်နိုးထလာသူတစ်ဦး၏ အရှိန်အဝါကို မခံစားမိခြင်းပင်။

“သတ်!”

ယဲ့ကျွင်းလင်သည် ဓားပျံဖြင့်ပြေးဝင်လာကာ ဓားထိပ်ဖျားက သူတော်စင်ကွမ်ချီဆီသို့ တည့်တည့်ချိန်ရွယ်ထားခဲ့သည်။

“စစ်တုရင်ရုပ်များ စစ်သားအဖြစ်သို့!”

သူတော်စင်ကွမ်ချီသည် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင်နှင့် အဖြူရောင် စစ်တုရင်ရုပ်များစွာ ပျံ့နှံ့သွားသည်။ ထိုစစ်တုရင်ရုပ်များသည် သံချပ်ကာစစ်သည်များအဖြစ် ရုတ်ချည်းပြောင်းလဲကာ လက်နက်များကိုဝင့်ကိုင်လျက် ယဲ့ကျွင်းလင်ကိုရင်ဆိုင်ဖို့ အထူးပြင်ဆင်ထားကြလေ၏။

တိုက်ပွဲမာန်သွင်းသံများက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေတော့မတတ်။

“ကလေးဆန်လိုက်တာ။ ဒီလိုအချိန်မှာ လူသားဒိုင်းကာတွေကို သုံးချင်နေတုန်းပဲလား?”

တရကြမ်းချဥ်းကပ်လာသော တပ်ဖွဲ့ကို ကြည့်ရင်း ယဲ့ကျွင်းလင်သည် သူ၏ ဓားရှည်ကို ပေါ့ပေါ့ပါးပါးပင် တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းသည် နဂါးတစ်ကောင်ကဲ့သို့ မြေပြင်ထက် တဟုန်ထိုးပြေးလွှားကွေ့ပတ်သွားတော့၏။

သံချပ်ကာစစ်သည်တပ်ဖွဲ့မှာ နှစ်စက္ကန့်ပင်မကြာလိုက်ဘဲ ချက်ချင်းသေဆုံးပျက်ပြယ်သွားရသည်။

“သေစမ်း!”

ရွှေရောင် သက်တန့်အလင်းသည် ပိုးချည်မျှင်ပစ်လိုက်သကဲ့သို့ သူတော်စင်ကွမ်ချီဘက်သို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။

သူတော်စင်ကွမ်ချီ၏ မျက်နှာမှာ ထိတ်လန့်တကြားပြူးကြောင်နေကာ သူ့ခန္ဓာကိုယ်ကို ဓားအလင်းရောင် ထိမှန်လာသည်အား မလှုပ်မယှက်စိုက်ကြည့်နေသည်။ ထို့နောက် အမှုန်အမွှားပင်မကျန် ပြိုကွဲပျက်စီးသွားလေတော့၏။

“ငါတို့ အနိုင်ရသွားပြီ!”

လင်တုရှီတို့အဖွဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဓားကို ကိုင်ထားသော ပုဂ္ဂိုလ်ကို ကြည့်ရင်း သူတို့၏ မျက်လုံးများတွင် လေးစားကိုးကွယ်လိုစိတ်များလည်း ထပ်ဟပ်လာသည်။

ချင်ရူရန်သည် ပထမတော့ ထိတ်လန့်သွားကာ ထို့နောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သတိပြုမိလိုက်ပြီး တစ်စုံတစ်ခုအား ညွှန်ပြလာ၏။ “နေပါဦး! အဲဒီ စစ်သားလေးက ထူးဆန်းနေတယ်!”

“ဟင်?”

ဟုန်ချန်ယဲ့လည်း ညွှန်ပြရာသို့ ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ “အဲဒီ အကြီးအကဲက မျက်စိရှေ့တင် သေသွားပြီပဲကို၊ ဘာလို့ အဲဒီ သံချပ်ကာစစ်သည်က ပြေးနေတုန်းလဲ?”

စစ်တုရင်ရုပ်မှ ပြောင်းလဲလာသော သံချပ်ကာစစ်သည်တစ်ဦးသည် ယဲ့ကျွင်းလင်ကို တိုက်ခိုက်ရန် တပ်ဖွဲ့နှင့်အတူလိုက်မသွားဘဲ ဆန့်ကျင်ဘက်အရပ်တစ်ခုသို့ဦးတည်ကာ အသည်းအသန်ထွက်ပြေးနေသည်။

“အံ့သြစရာပဲ! အဲဒါက အယောင်ဆောင်ထားတဲ့ စစ်တုရင်သူတော်စင်လား!” လီဝူကျယ် ထအော်လိုက်သည်။

ယဲ့ကျွင်းလင် စိတ်ကျေနပ်စွာ လေတစ်ချက်ချွန်လိုက်သည်။ “သူမှာ လှည့်ကွက်တွေ အများကြီး ရှိတာပဲ၊ ဒါပေမယ့် ဘာအသုံးဝင်မှာလဲ?”

ထိုသို့ပြောကာ လက်ချောင်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်ပြီး စန်းယွမ်ဓားကို အသက်သွင်းလျက် ရွှေရောင်ဓားအလင်းတစ်ပြက်ကို လေထဲသို့ ပစ်သွင်းလိုက်သည်။

ရွှေရောင်အလင်းသည် မျက်စိကိုဖမ်းစားနိုင်သော အရှိန်အဝါအပြည့်ဖြင့်‌ လေဟာနယ်ကို ဖြတ်တောက်ပြေးဝင်သွားတော့၏။

အဝေးတွင်‌ ပြေးလွှားနေသော သံချပ်ကာစစ်သည်၏ မျက်နှာသည် တဖြည်းဖြည်း အိုမင်းရှုံ့တွလာကာ ကြောက်စိတ်မှာလည်း ဖုံးမနိုင်ဖိမရစွာ မျက်နှာထက် ထွက်ပေါ်လာတော့၏။

အမှန်တော့ ထိုအရာမှာ သူတော်စင်ကွမ်ချီ၏ ထွက်ပြေးလွတ်မြောက်ရေး အရန်အစီအစဥ်ဖြစ်ပြီး စစ်တုရင်ရုပ်ကိုယ်ပွားဟု ခေါ်ဆိုသည်။ အစောက သေဆုံးသွားသောခန္ဓာကိုယ်မှာလည်း သူ့ကိုယ်ပွားများထဲက တစ်ခုပင်။

ဤတစ်လျှောက်လုံးတွင် အစစ်အမှန်ဖြစ်ခဲ့သော သူ၏စစ်သားကိုယ်လေးမှာမူ အရှုပ်အထွေးများကြား အခွင့်အရေးယူကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေခဲ့လေသည်။

“အရမ်းကြောက်စရာကောင်းတယ်၊ လုံးဝအားနည်းချက်မရှိဘူး”

“ဒီကောင်က မကောင်းဆိုးဝါးပဲ!”

“စစ်ထူယန် ပြောတာ မှန်နိုင်တယ်၊ အဲဒီကောင်လေးရဲ့ အရင်ဘဝဇာစ်မြစ်က မသေမျိုးဧကရာဇ်ပဲဖြစ်မယ်။ ဒီလို ဖုံးကွယ်တည်ရှိနေတဲ့ ရှေးဟောင်းပုဂ္ဂိုလ်မျိုးကသာ မသေမျိုးဘုရင် ကျင့်ကြံဆင့်မှာ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကို ပြသနိုင်မှာပေါ့"

သူတော်စင်ကွမ်ချီ၏ စိတ်အစဥ်က ရှုပ်ထွေးနေသည်။ ခုနက ဖြစ်ပွားခဲ့သော ခွက်ခွက်လန်ရှုံးနိမ့်မှုပြီးနောက် သူသည် ကောင်းကင်ဧကရာဇ်ယဲ့ဆိုသော သီအိုရီကို ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ ယုံကြည်မိလာ၏။

ရုတ်တရက် ဓားချက်၏ ရွှစ်ခနဲအသံက နောက်ဘက်မှထွက်ပေါ်လာကာ အင်အားကြီးသော ဖိနှိပ်မှုတစ်ခုသည် သူတော်စင်ကွမ်ချီအပေါ် ကျရောက်လာသည်။

“မဖြစ်ဘူး! မလုပ်ပါနဲ့!”

“ဒီအကြီးအကဲက မသေချင်သေးဘူး!”

သူတော်စင်ကွမ်ချီ ငယ်သံပါအောင် အော်လိုက်သည်။ သေခြင်းကို ကြောက်ရွံ့ငြင်းဆန်လိုသော အတွင်းစိတ်က မိုးရာသီကာလ ရေလွှမ်းသကဲ့သို့ ပေါက်ကွဲထွက်လာ၏။ ဤသို့ဖြင့် အရှေ့ဘက်တွင် တဟုန်ထိုးစီးဆင်းနေသော မြစ်ကို မြင်သောအခါ ပြင်းပြသောရှင်သန်လိုစိတ်ဖြင့် ခွန်အားအလုံးစုံကို ပုံအောအသုံးပြုပြီး တစ်ချက်မြင့်မြင့်ခုန်လိုက်သည်။ မြစ်ထဲသို့ ခုန်ဆင်းပြီး ရေစီးကြောင်းနှင့်အတူ ‌မျောပါထွက်ပြေးရန် ရည်ရွယ်ထားသည်ပင်။

ထိုသို့ အရေးကြီးသော အခိုက်အတန့်တွင်။

သူတော်စင်ကွမ်ချီ၏ ရှေ့ခြေထောက်သည် မြစ်ထဲသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ နောက်ခြေထောက်ကို ဓားပျံက ကပ်သီးလေးဖမ်းမိလိုက်သည်။

“အား!!!”

အော်သံမှာ ရုတ်တရက် တိခနဲရပ်တန့်သွားသည်။

နီရဲသော သွေးစီးကြောင်းက မသေမျိုးစွမ်းအင်တို့ကို သယ်ဆောင်လျက် ပျံ့နှံ့သွားကာ မြစ်တစ်ခုလုံးကို အလွန်ပူပြင်းဆူပွက်စေသည်။ သူတော်စင်ကွမ်ချီမှာ ဓားချက်ဖြင့် သေဆုံးသွားရလေပြီ။

ခွင်းလွင်ကမ္ဘာ၏ ရှေးဟောင်းခေတ်မှ နောက်ဆုံးသော စစ်တုရင်သူတော်စင်၏ ကျဆုံးမှုအား မှတ်ကျောက်တင်ရမည့် အချိန်ကျလေပြီ။

သူတော်စင်ကွမ်ချီ၏ မှော်ကျင့်စဥ်အသုံးပြုမှုနှင့် ထွက်ပြေးလွတ်မြောက်ရေးနည်းလမ်းများမှာ အတော်လေးတော့ပညာစုံကာ ချီးကျူးဖွယ်ကောင်းသည်ဟု ဆိုရပေမည်။

သူ၏ ယခင်ခွန်အားအရ သူသည် ထိပ်တန်းအဆင့် မသေမျိုးဘုရင်များထဲတွင် ပါဝင်နှင့်ပြီးသားဖြစ်သော်လည်း သနားစရာကောင်းစွာပင် ခွင်းလွင်၏ တစ်ဦးတည်းသော အားနည်းချက်မရှိသည့်လူနှင့်မှ တွေ့ဆုံကြုံကိုက်ခဲ့ရခြင်းသာ။

“နောက်ဆုံးတော့ ပြီးသွားပြီ” လူတိုင်း မြစ်ကမ်းနားသို့ တိုးကပ်ကြည့်ကာ တဟုန်ထိုးစီးဆင်းနေသော မြစ်ရေအဟုန်ကိုအမြင်တွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြ။

ဒီအဘိုးကြီးက တော်တော်လည်း ပြဿနာရှာနိုင်သကိုး။

“အဟမ်း အဟမ်း"

ကျိပါရှောင်သည် လည်ချောင်းတစ်ချက်ရှင်းကာ ကောင်းကင်ထက်ရှိပုံရိပ်ကို လေးစားအားကျစွာမျှော်ကြည့်ရင်း ဆိုသည်။ “အကြီးအကဲယဲ့၊ အရှင့်အပေါ်မှာ ကျွန်တော့်ရဲ့ လေးစားအထင်ကြီးစိတ်ဟာ ဒီတဟုန်ထိုးစီးဆင်းနေတဲ့ မြစ်လိုပဲ အဆုံးမရှိတော့သလို၊ သန်မာအားကောင်းတဲ့ရေစီးကြောင်းလိုပဲ ရပ်တန့်မရတော့ပါဘူး!”

ဟုန်ချန်ယဲ့နှင့် အခြားသူများမှာ ပြောစရာစကားမရှိတော့စွာ ကြောင်ကြည့်နေမိကြသည်။

သို့သော် အဓိကလူထံမှ အာရုံစိုက်မှုကိုတော့ မရရှိလိုက်ပါ။

ထိုအချိန်တွင် ယဲ့ကျွင်းလင်က မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးနေသောအမူအရာဖြင့် မြစ်ပြင်ကျယ်ကို နဝေတိမ်တောင် စစ်ဆေးကြည့်ရှုနေသည်။

“ထူးဆန်းတယ်၊ ငါ့ဓား ဘယ်ရောက်သွားလဲ?”

မှန်သည်။ စန်းယွမ်းဓားမှာ သူတော်စင်ကွမ်ချီကိုသတ်ပြီးနောက် သခင်ရှိရာသို့ပြန်မလာဘဲ မြစ်ထဲသို့ခုန်ဆင်းကာ ပင်လယ်ကြမ်းပြင်အောက်ချလိုက်သော ကျောက်တုံးကဲ့သို့ စုန်းစုန်းမြုပ်ပျောက်ကွယ်သွားခြင်းပင်။

စန်းယွမ်းဓားမှာ ထိပ်တန်းအဆင့် မသေမျိုးဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုဖြစ်ပြီး သူ၏အားအကိုးရဆုံး လက်နက်လည်းဖြစ်၏။ ဒီလိုအရေးကြီးနေချိန်မှ ‌ပျောက်ဆုံးသွားလို့မဖြစ်။

ရအောင်ပြန်ရှာရမယ်!

ယဲ့ကျွင်းလင်မှာ မြစ်ထဲသို့ ကိုယ်တိုင်ဆင်းရှာတော့မလို တလှုပ်လှုပ်တရွရွဖြစ်နေသည်။

ရုတ်တရက်။

မြစ်ပြင်သည် တောက်ပသော အဖြူရောင် အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး ထိုအလင်းရောင်မှာ နှိုင်းယှဥ်မရနိုင်လောက်အောင် မျက်စိကျိန်းစပ်စေ၏။

ထို့နောက် ပညာရှိလူကြီးမင်းတစ်ဦးနှယ် ဝတ်ဆင်ထားသော သိမ်မွေ့ယဥ်ကျေးဟန်ရှိသည့် အဘိုးအိုတစ်ဦးသည် ရေပြင်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူသည် ကြင်နာပြီး ရင်းနှီးဖော်ရွေတတ်သော မျက်နှာသွင်ပြင်ရှိကာ ခန္ဓာကိုယ်တစ်ခုလုံးသည် မယုံနိုင်လောက်အောင် မြင့်မြတ်သော အရှိန်အဝါအား ထုတ်လွှတ်လျက်ရှိ၏။ သူ၏လက်ထဲတွင် တစ်ပုံစံတည်းတူညီသော စန်းယွမ်ဓားနှစ်ချောင်းရှိကာ အံ့သြဖွယ်ကောင်းသော မသေမျိုးစွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

“လူငယ် တာအိုရောင်းရင်း~”

“မင်းပျောက်ဆုံးနေတာက ဒီထိပ်တန်းမသေမျိုးဘုရင်အဆင့် ဓားပျံလား၊ ဒါမှမဟုတ် ဒီထိပ်တန်းမသေမျိုးဧကရာဇ်အဆင့် ဓားပျံလား?"

All Chapters