← Chapters

ကျင့်ကြံရေးလောကဆိုတာ ဒီလိုပါပဲ

Vol. 38 Ch. 527

ကျင့်ကြံရေးလောကဆိုတာ ဒီလိုပါပဲ

Vol. 38 Ch. 527

အဘိုးအို ပေါ်လာချိန် အခိုက်အတန့်တွင် လူတိုင်းအံ့သြမှင်တက်မိသွားကြ၏။

အထူးသဖြင့် အဘိုးအိုသည် တစ်ပုံစံတည်းတူညီသော ဓားပျံနှစ်ချောင်းကို ကိုင်ဆောင်ထားပြီး ၎င်းတို့၏ အရည်အသွေး အဆင့်များက မိုးနှင့်မြေကြီးကဲ့သို့ လုံးဝကွာခြားနေသောအခါ ယဲ့ကျွင်းလင်ကိုယ်တိုင်ပင် အမြင်မှောက်မှားလေသလားဟူသောအတွေးဖြင့် မယုံနိုင်စွာ ကြောင်တောင်တောင်ရပ်ကြည့်နေမိလေသည်။

ဒီအဘိုးကြီး ဘာတွေပြောနေတာလဲ?

ထိုသူ၏ ရုတ်တရတ်ဆန်သော ထွက်ပေါ်လာမှုကို ဘေးဖယ်စဥ်းစားလျှင်ပင် ထိပ်တန်းမသေမျိုးဧကရာဇ်အဆင့် ဓားပျံမှာ သူ့ခေါင်းထဲက ဆင်ခြင်တွေးခေါ်နိုင်စွမ်းကိုပါ ကွယ်ပျောက်စေတော့မတတ် ဆွဲဆောင်လျက်ရှိ၏။

၎င်းသည် ထိပ်တန်းအဆင့် မသေမျိုးဧကရာဇ်ဓားပျံတစ်ခုဖြစ်သည်!

ထိုအဆင့်ရှိ ဓားပျံ၏ ဖျက်ဆီးနိုင်သော စွမ်းအားက မူရင်းစန်းယွမ်ဓားထက် အဆ သောင်းပေါင်းများစွာ ပိုပြီး အားကောင်းသည်။

အရေးအကြီးဆုံးအချက်က လက်ရှိအချိန်တွင် သူ့လက်ထဲ မသေမျိုးမှော်ပစ္စည်းနှစ်လက်မှ တစ်လက်ကို ရွေးချယ်ပိုင်ခွင့် ရှိနေခြင်းပင်။

သူ ဒီလိုအခွင့်အရေးကို ရအောင်ဖမ်းဆုပ်ရမှာပေါ့။

ဒီလိုကြီးမားတဲ့ သွေးဆောင်မှုကို ဘယ်သူက ငြင်းဆန်နိုင်မတဲ့လဲ?

“လူငယ် တာအိုရောင်းရင်း၊ မင်းလွတ်ကျခဲ့တာက ဒီ ထိပ်တန်းမသေမျိုးဘုရင်အဆင့်ဓားပျံလား? ဒီ ထိပ်တန်းမသေမျိုးဧကရာဇ်အဆင့်ဓားပျံလား?"

အဘိုးအိုသည် ရင်းနှီးဖော်ရွေပြီး ကြင်နာဟန်ရသည့်အပြုံးဖြင့် တစ်ထပ်တည်းတူသောမေးခွန်းကိုသာ ထပ်မေးလာသည်။

သူ၏ ပင်လယ်ကဲ့သို့ နက်ရှိုင်းပြာ‌ဝေသော မျက်လုံးများအတွင်းမှ ထက်ရှသောအလင်းရောင်သည် ပင်လယ်ကြမ်းပြင်မှ ထိုးထွက်လာသော ရတနာ၏အလင်းရောင်ကဲ့သို့ မှိန်ဖျော့စွာတောက်ပနေကာ ရင်းနှီးဖော်‌ရွေဟန်ရှိသောမျက်နှာတွင် ရိုးသားစင်ကြယ်သည့်အပြုံးကို မပြတ်ထိန်းသိမ်ထား၏။

“အံ့သြစရာပဲ၊ ဒီလိုပွပေါက်မျိုးလည်း ရှိသေးတာကိုး! ဆရာသခင်က ထိပ်တန်းအဆင့် မသေမျိုးဧကရာဇ်အဆင့် ဓားပျံကို ရွေးမှာမဟုတ်လား?” လီဝူကျယ် တိုးတိုးလေးရေရွတ်လိုက်သည်။

ငါ့ဓားကိုရော မြစ်ထဲပစ်ချပြီး စမ်းကြည့်လိုက်ရကောင်းမလား!

ဟုန်ချန်ယဲ့သည် မေးစေ့ကိုပွတ်သပ်ကာ မျက်လုံးများကိုမှေးကျဥ်းလျက် အသေအချာစဥ်းစားနေသည်။

သူတော်စင်ကွမ်ချီ၏ စစ်တုရင်ပွဲ ဖြစ်ရပ်ပြီးပြီးချင်း ဤသို့သောကောင်းချီးမျိုးက ကောင်းကင်မှရုတ်တရတ်ကျလာသကဲ့သို့ ထွက်ပေါ်လာခြင်းကား ယုတ္တိမရှိဟု သူခံစားမိ၏။

အမှန်တကယ် ကောင်းမွန်သည့်အရာဖြစ်နေလျှင်တောင် ဘေးထွက်ဆိုးကျိုးကတော့ သေချာပေါက်ပါရှိလိမ့်မည်။

လူတိုင်း အဖြေကရှင်းနေပြီ ဟု တွေးထားမိကြသော်ငြား၊

ယဲ့ကျွင်းလင်သည် ရိုးသားစွာ တုံ့ပြန်လိုက်သည်။ “တာအိုရောင်းရင်း၊ ကျွန်တော်က ထိပ်တန်းအဆင့် မသေမျိုးဘုရင်အဆင့် ဓားပျံကို လွတ်ကျခဲ့တာပါ!”

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။

လင်တုရှီနှင့် အခြားသူများမှာ တိတ်တဆိတ် လေးစားမိသွားကြ၏။ အကြီးအကဲယဲ့က တကယ်ကို ရိုးသားတာပဲ!

“ဟင်?”

အဘိုးအို မျက်နှာနည်းနည်းပျက်သွားဟန်ရှိကာ အနည်းငယ်လည်း အံ့အားသင့်သွားပုံရသည်။ ထို့နောက် လက်လျှော့ချင်စိတ်မရှိသေးဟန်ဖြင့် ခိုင်မာပီသစွာ ထပ်မေးလာသည်။

“တာအိုရောင်းရင်း၊ တာအိုရောင်းရင်းက ထိပ်တန်းမသေမျိုးဘုရင်အဆင့် ဓားပျံကို လွတ်ကျခဲ့တာ သေချာလား၊ ဒီထိပ်တန်းမသေမျိုးဧကရာဇ်အဆင့် ဓားပျံကို မဟုတ်ဘူးလား?”

“သေချာ စဥ်းစားပါဦး!”

အားလုံး၏ရှေ့မှောက်တွင်၊

ယဲ့ကျွင်းလက စန်းယွမ်ဓားကို ပြတ်ပြတ်သားသားညွှန်ပြကာ ခိုင်မာစွာဆိုသည်။ “ကျွန်တော် ခုနက လွတ်ကျခဲ့တာက ဒီထိပ်တန်းမသေမျိုးဘုရင်အဆင့် ဓားပျံပါ!”

ထိပ်တန်းမသေမျိုးဧကရာဇ်အဆင့် ဓားပျံက သူ့အတွက် အလွန်ဆွဲဆောင်မှုရှိသည် ဆိုပေသည့် သူ၏ မူရင်းလက်ဟောင်း စန်းယွမ်ဓားမှာ စနစ်မှဆုချထားသော ပစ္စည်းတစ်ခုဖြစ်သောကြောင့် အနာဂတ်အလားအလာကို ရှေးရှုကြည့်လျှင် ထိုမသေမျိုးဧကရာဇ်ဓားထက် ကျော်လွန်သွားနိုင်ချေရှိ၏။

နှမ်းစေ့လောက်ကို‌မက်မောပြီး ဖရဲသီးကိုဆုံးရှုံးရတာမျိုး အဖြစ်မခံနိုင်။

“မင်း၊ မင်း သေချာလား?”

“သေချာပါတယ်!”

“မင်း တကယ် သေချာတာလား?”

“သေချာပြီးသားပါ!”

“ကောင်းပြီ…”

အဘိုးအို၏ အပြုံးက အနည်းငယ် တင်းမာနေသည်။ သူ၏ မျက်လုံးများတွင်လည်း နားမလည်နိုင်သော အဓိပ္ပာယ်တစ်ခုဖြင့် လင်းလက်သွားသည်။

သို့သော်လည်း သူသည် ယဲ့ကျွင်းလင်၏ မယိမ်းယိုင်သော အကြည့်ကို မြင်သောအခါ နှလုံးသားမှာ ထိရှသွားပြီး လေးလည်းလေးစားမိသွား၏။

ဒီနေ့ခေတ်မှာ ဒီလိုမျိုး မြင့်မြတ်ဖြောင့်မတ်တဲ့ ကျင့်ကြံသူတစ်ယောက် တကယ် ရှိနေတာပဲ။

ရှားပါးရတနာလို့ ဆိုရမယ်!

“တာအိုရောင်းရင်း၊ ပစ္စည်းကိုယူလိုက်ပါ”

ဖျတ်ခနဲဆိုသလိုပင် သူ၏မူလလက်ဟောင်း စန်းယွမ်ဓားသည် ကန်ထဲလွှတ်လိုက်သော ငါးကလေးကဲ့သို့ သွက်လက်စွာပြေးထွက်လာသည်။ ဓားသွားကထွက်သော ချွင်ခနဲမြည်ဟည်းသံမှာ ကြည်လင်ပြီး ပြတ်သား၏။

ယဲ့ကျွင်းလင် လက်လှမ်းပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများတွင် နက်ရှိုင်းသောအဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသော အကြည့်တစ်ခု ချက်ချင်း လင်းလက်သွား၏။

“တာအိုရောင်းရင်းလည်း ကိုယ့်ပစ္စည်းကိုယ် ပြန်ရပြီဆိုတော့ ကျွန်တော်သွားပါဦးမယ်၊ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"

အဘိုးအိုက နွေဦးလေနုအေးလိုအပြုံးလေးဖြင့် လှည့်ထွက်မည်ပြု၏။

“နေဦး!”

ယဲ့ကျွင်းလင်သည် သူ့ကို ရုတ်တရက် တားလိုက်ပြီး စန်းယွမ်ဓားနှင့် အလွန်ဆင်တူသော နောက်ထပ် ဓားပျံတစ်လက်ကို လက်ညှိုးထိုးကာ သေချာတိကျသောလေသံဖြင့် ထပ်ပြောသည်။

“အဲဒါလည်း ကျွန်တော် လွတ်ကျခဲ့တဲ့ဟာပဲ!”

လူတိုင်း မျက်လုံးပြူးသွားသည်။ ဒီအပြုအမူက နည်းနည်း မျက်နှာမပြောင်လွန်းဘူးလား…

“ဟဲဟဲ၊ ဘာဖြစ်လဲ? ကောင်းတဲ့ပစ္စည်းတွေဆိုတာ လုယူဖို့ပဲလေ!” တစ်ချိန်က နတ်ဆိုးလမ်းစဥ်တွင် ကျင်လည်ခဲ့ဖူးသော ဟုန်ချန်ယဲ့က နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသောအပြုံးကိုတပ်ဆင်လျက် ဆရာဖြစ်သူ၏လုပ်ရပ်အား လုံးဝအားပေးထောက်ခံသည်။

လင်တုရှီ ကြက်သီးထသွားသည်။ ဆရာတပည့်တွေက တစ်လှေတည်းစီးတွေပါလား။

“တစ်ခုခု မှားနေပြီ” ချင်ရူရန်က မျက်မှောင်ကြုတ်လျက် ရေရွတ်သည်။ သူမ၏ဆဌမအာရုံက လွဲမှားနိုင်စရာအကြောင်းမရှိ။

ထိုအချိန်တွင် ယဲ့ကျွင်းလင်၏ စကားများကို ကြားလိုက်ရသော အဘိုးအိုမှာ လည်‌ချောင်းထဲကျောက်တုံးကျသကဲ့သို့ နင်သွားရကာ မဲ့ပြုံးမပြုံးဘဲ မနေနိုင်တော့ပေ။

ဒီလိုဖြစ်နေရမှာပေါ့!

ကျင့်ကြံရေးလောကရဲ့ အတိုက်အခိုက် အတက်အကျတွေကို ခံစားကြည့်ပြီးရင် ရိုးသားမှုနဲ့သမာဓိဆိုတာ ချောင်ကပ်သွားမှာ ထုံးစံပါပဲ။

ဒီလောကမှာ လူကိုသတ်ပြီး ပစ္စည်းကိုလုယူတာ ထူးဆန်းနေတဲ့ကိစ္စမှ မဟုတ်တော့တာ။

နောက်ပြီး ထိပ်တန်းမသေမျိုးဧကရာဇ်အဆင့်ဓားပျံကို ဘယ်သူကမမက်မောဘဲနေမှာတဲ့လဲ?

အဘိုးအိုမှာ အစောပိုင်းကတော့ မိမိ၏လုပ်ရပ်အတွက် အပြစ်ရှိသလို နောက်‌ကျောမလုံသလိုလို ခံစားခဲ့ရသေး၏။

ငါသက်သက် အတွေးလွန်နေခဲ့မိတာပဲ။

ကောင်လေး ဒါ မင်းဘာသာရွေးချယ်လိုက်တဲ့လမ်းပဲ!

နောက်မှ ဒီအဘိုးကြီးကို အပြစ်တင်မယ်လို့မတွေးပါနဲ့။

အဘိုးအိုသည် ချက်ချင်းဆိုသလိုပင် တအံ့တသြဟန်လုပ်လျက် မေးသည်။ “တာအိုရောင်းရင်း၊ ဒီဓားပျံကလည်း တာအိုရောင်းရင်းလွတ်ကျခဲ့တာပဲလို့ ပြောနေတာလား?"

ယဲ့ကျွင်းလင်က ခပ်တည်တည် ခေါင်းညိတ်သည်။ “ဟုတ်ပါတယ်”

“ဒီတစ်ခုလည်း ပိုင်ရှင်ရှိတယ်ဆိုတော့၊ ဒီအဘိုးအိုက သေချာပေါက် လက်လွှဲပေးပါ့မယ်”

အဘိုးအိုသည် သူ၏လက်ဖျားကို ဝှေ့ယမ်းလိုက်ရဦ နေမင်းတစ်စင်းကဲ့သို့ တောက်ပလင်းလက်သော ထိပ်တန်းမသေမျိုးဧကရာဇ်အဆင့် ဓားပျံသည် အဆုံးမဲ့ မသေမျိုး အလင်းရောင်ကို ထုတ်လွှတ်လျက် ယဲ့ကျွင်းလင်ရှေ့သို့ ပျံဝဲရောက်ရှိလာခဲ့၏။ လူတိုင်း မနာလိုအားကျစွာ ငေးမောနေမိကြသည်။

“တာအိုရောင်းရင်း၊ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”

“နေဦး!”

အဘိုးအိုသည် နောက်တစ်ကြိမ် အခေါ်ခံလိုက်ရချိန်တွင် နှလုံးသားတွင် နိမိတ်မကောင်းသောခံစားချက်တစ်ခု လှိုက်တက်လာပါသော်ငြား အပြစ်ကင်းစင်သောအပြုံးကို ဆက်လက်ထိန်းသိမ်းထားမြဲဖြစ်သည်။

“တာအိုရောင်းရင်း၊ ဘာကိစ္စများ ရှိပါသေးလို့လဲ?"

ယဲ့ကျွင်းလင်သည် စန်းယွမ်ဓားနှစ်ချောင်းကို ယှဥ်ကိုင်ထားလျက် လှောင်ပြုံးပြုံးသည်။ “အလျင်စလိုထွက်မသွားပါနဲ့ဦး၊ ကျွန်တော် ပြပွဲတစ်ခု ပြပေးဦးမယ်လေ"

ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် ဓားရှည်များကို သူ၏ပါးစပ်ထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ထိုးထည့်ပြီး ဂျွတ်ခနဲကိုက်ချလိုက်သည်။

“အံ့မခန်းပဲ!”

ကျိပါရှောင်က တအံ့တသြ အာမေဋိတ်ပြုသည်။ “အကြီးအကဲယဲ့ရဲ့ သွားတွေက အရမ်းအရည်အသွေးကောင်းတာပဲ!”

စကားအဆုံးတွင် နားရင်းကိုတစ်ချက်အရိုက်ခံလိုက်ရပြီး ဦးနှောက်ထိပါ တကျီကျီအသံမြည်လာသည်။ ကျိပါရှောင်သည် နာကျင်မှုဖြင့် ဦးခေါင်းနောက်ဘက်ကို ဖိကိုင်ကာ ဦးထုပ်နှင့်လူကို ခံပြင်းစွာမော့ကြည့်မိ၏။ “အစ်ကိုကြီး၊ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ!”

လီဝူကျယ်က စိတ်တိုတိုဖြင့်ပြန်ဟောက်သည်။ “မင်း မျက်စိကန်းနေလား! အဲ့ဓားတွေက အတုတွေပဲ!”

“အတု?!”

လူတိုင်း အကြီးအကျယ် အံ့အားသင့်သွားသည်။

ယဲ့ကျွင်းလင်သည် သူကိုက်ဖြတ်လိုက်သော ဓား အပိုင်းအစနှစ်ခုကို မြေပြင်ထက်ပစ်ချလိုက်သည်။ မူလက မျက်စိကျိန်းလောက်အောင် တောက်ပနေသော ဓားပျံများမှာ ချက်ချင်း အရောင်အဆင်းမှိန်ကျမှိုင်းညို့ပြီး အသုံးမဝင်သော သံအပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။

“အဘိုးကြီး၊ ကျုပ်ကိုလှည့်စားရဲတယ်? နောက်ဆက်တွဲရလဒ်တွေကိုရော တောင့်ခံနိုင်ပါ့မလား?" ယဲ့ကျွင်းလင်သည် အေးစက်စွာ ပြောလိုက်သည်။

တစ်ဖက်လူ၏လှည့်ကွက်မှာ အတော်လေးပိရိသည်ဟုဆိုရမည်။ ဓားပျံများမှာ အစစ်နှင့်ခွဲခြားမရအောင်တူညီကာ အရှိန်အဝါကလည်း တစ်ထပ်တည်းကျလောက်အောင်အထိ။

သို့သော်လည်း စန်းယွမ်ဓားသည် စနစ်မှ မူပိုင်ထုတ်လုပ်ပေးထားသော ပစ္စည်းတစ်ခုဖြစ်သောကြောင့် ကိုင်လိုက်သည်နှင့် ပုံမှန်မဟုတ်ကြောင်းကို ချက်ချင်းတွေ့ရှိခဲ့ရသည်ပင်။

(စနစ်ကထုတ်ပေးထားတဲ့ မှော်လက်နက်တွေဆို သူ့စိတ်ထဲကနေ အဆင့်တွေ အမျိုးအစားတွေ အသုံးပြုပုံတွေ အကုန်မြင်ကြည့်လို့ရပါတယ်။ ဒါကြောင့် အတုမှန်းတန်းသိသွားတာပါ)

အဘိုးအို၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် တောင့်တင်းသွားကာ မျက်နှာအသားအရည်များပါ တုန်ယင်သွားသည်။

ဒီလို အားနည်းချက်မရှိ စင်းလုံးချောတုပထားသည့်ပစ္စည်းကို တစ်ဖက်လူဖောက်မြင်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့။

သူသည် စန်းယွမ်ဓား အတုနှစ်ခုကို တမင်တကာ ဖန်တီးခဲ့ပြီးမှ လှည့်ကွက်ကို အပြစ်အနာအဆာမရှိအောင် အစီအစဥ်ချခဲ့ခြင်းဖြစ်၏။ ဘယ်တစ်ခုကို ရွေးချယ်သည်ဖြစ်စေ၊ ဒါမှမဟုတ် နှစ်ခုစလုံးကို ယူသည်ဖြစ်စေ၊ အဆုံး၌ အကျိုးအမြတ်ရသူက သူသာဖြစ်လိမ့်မည်။

ဒီလူက ဘယ်လိုလုပ် မြင်နိုင်တာလဲ?

“တာအိုရောင်းရင်း၊ ဒီအဘိုးအို ရှင်းပြတာကို နားထောင်ပါဦး”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် အဘိုးအိုသည် မြစ်ထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်ကာ လက်သင်္ကေတတစ်ခုကို ဖန်တီးပြီး ရေလမ်းခရီးဖြင့် ထွက်ပြေးလွတ်မြောက်ခြင်း နည်းလမ်းကို မိုင်ထောင်ချီအထိ တိုးချဲ့အသုံးပြုလိုက်သည်။

အဘိုးအို၏ အမည်က စန်းလန်ကျွင်း ဖြစ်ပြီး ရှေးခေတ်တစ်ချိန်က နာမည်ကြီးလူလိမ်တစ်ဦးဖြစ်၏။ သူသည် အမျိုးမျိုးသော ရေ-ဒြပ်စင် တာအိုကျင့်စဥ်များကို တတ်မြောက်ကျွမ်းကျင်ထားပြီး ရေနှင့်ပက်သက်သော ကိစ္စရပ်တိုင်းတွင် ပါရမီရှင်တစ်ဦးဖြစ်သည်။ နောက်ဆုံးတွင် သူ၏ အလွန်မြင့်မားသော ဉာဏ်ရည်ကိုအသုံးပြုကာ ကောင်းကင်ကိုလှည့်ဖျားပြီး ပင်လယ်ကိုဖြတ်သန်းခြင်းဟု ခေါ်သော အထူးနည်းလမ်းတစ်ခု ဖန်တီးခဲ့သည်။

ထိုနည်းလမ်းဖြင့် အမှိုက်သရိုက် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး အမျိုးမျိုးသော မှော်ရတနာများကို ဖန်တီးနိုင်သည်။ အတုဖြစ်သည့်တိုင် မှော်ရတနာစွမ်းရည်အဆင့်နှင့် အရှိန်အဝါတို့က အစစ်အမှန်များကို ထည့်သွင်းထားခြင်းဖြစ်လေရာ အားနည်းချက်ကိုရှာဖွေရန် အလွန်ခက်ခဲလှအောင် စေ့စပ်ကျန၏။

ကောင်းကင်ကိုလှည့်ဖျားပြီး ပင်လယ်ကိုဖြတ်သန်းခြင်း ဟူသော အထူးမှော်ကျင့်စဥ်၏အားကိုးဖြင့် စန်းလန်ကျွင်းသည် အမျိုးမျိုးသော လှည့်ကွက်အစီအစဥ်များကို စတင်အကောင်အထည်ဖော်တတ်သည်။

ဥပမာအားဖြင့် မှော်ရတနာအတုများကို ယူပြီး အစစ်အမှန်တန်ဖိုးကြီးများနှင့် လဲလှယ်ခြင်း၊ သို့မဟုတ် လမ်းပေါ်မှာ ပေါက်ဈေးထက်နည်းသော ဈေးဖြင့် ရောင်းချခြင်း၊ ဤသို့ဖြင့် မကြာခဏဆိုလျှင် အကျိုးအမြတ်ကြီးကြီးရတတ်သည်။

အလိမ်ခံရသူများ တစ်စထက်တစ်စ များပြားလာခြင်းကြောင့် စန်းလန်ကျွင်းမှာ လူထု၏ဒုက္ခအိုးဆိုလည်း မမှား။

မသေမျိုးဘုံကို စတင်ဖန်တီးတည်ဆောက်ချိန်တွင် စန်းလန်ကျွင်းသည် မသေမျိုးတစ်ပါးဖြစ်သော်ငြား သူ၏ ရန်သူများကို ရှောင်ရှားရန်အတွက် မသေမျိုးဘုံသို့ မလိုက်ဝံ့ခဲ့။ မိသွားပါက အကုန်ပြန်ပြီး တာဝန်ယူပေးရမည်ပင်။

ဤသို့ဖြင့် စန်းလန်ကျွင်းသည် ခွင်းလွင်ကမ္ဘာတွင် ကျန်နေခဲ့ရန် ရိုးရှင်းစွာ ရွေးချယ်ခဲ့သည်။ ကျန်စွမ်းအားရှင်များလိုပင် မိမိကိုယ်ကိုယ် ဂူအောင်းပိတ်ဆို့ကာ အချိန်အကြာကြီး အိပ်ပျော်နေခဲ့ပြီး သင့်တော်သော အချိန်ကာလတစ်ခုတွင်မှ သူ၏ အလိမ်အညာလှည့်ကွက်များကို လူသစ်လေးများထံ ပြန်လည်အသုံးချဖို့ အတွေးရှိထား၏။

လူတွေကိုလိမ်ရတာ ပျော်ဖို့ကောင်းသည်။ အမြဲတမ်းလိမ်နေရတော့ အမြဲတမ်းပျော်စရာကောင်းလှသည်။

မိမိထံမှ အလိမ်ခံရသူများကိုလည်း တစ်ခါတလေသော်မှ သနားစာနာစိတ်မဝင်မိခဲ့။ သူတို့၏လောဘစိတ်ကြောင့် အပြစ်ပေးခံရခြင်းဟုသာ တွေးထားလိုက်သည်။

သို့သော် မတွေ့မမြင်ဖူးသော လူသစ်ကောင်လေးတစ်ဦးထံမှ ဤသို့ ပေါ်တင်ကြီးအဖော်ထုတ်ခံရလိမ့်မည်ဟုတော့ လုံးဝမျှော်လင့်မထားခဲ့။

ယဲ့ကျွင်းလင်၏ အားကောင်းသော ချီစွမ်းအင်ကို ခံစားမိသောအခါ စန်းလန်ကျွင်းသည် တည့်တည့်တိုက်ခိုက်လို့ မရနိုင်ကြောင်းသိသဖြင့် ချက်ချင်းလှည့်ထွက်ပြေးဖို့ကိုသာ ရွေးချယ်လိုက်သည်။

ကြီးမားသော မြစ်ချောင်းများနှင့် ရေကန်များ ရှိနေသရွေ့ ရေ-ဒြပ်စင် မှော်ကျင့်စဥ်များကို ကျွမ်းကျင်သော သူသည် ရေကန်ထဲမှငါးတစ်ကောင်ကဲ့သို့ ဝေဟင်ထက်မှငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်စွာကူးခတ်နိုင်ဦးမည်ပင်။

“ကောင်ကလေး၊ မင်းက ဒီအဘိုးအိုနဲ့ ယှဥ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူး”

“မင်းရဲ့ ဓားပျံကိုတော့ ဒီအဘိုးအိုက မင်းအစား သိမ်းထားပေးပါ့မယ်!”

“ဟာဟားဟားဟား၊ ဟီးဟီးဟီးဟီး~”

All Chapters