စန်လန်ကျွင်းငိုပြီ
Vol. 38 Ch. 528
စန်းလန်ကျွင်း မြစ်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယဲ့ကျွင်းလင်၏ အမူအရာက ထူးဆန်းနေသည်။
ထိုသူ၏ မသေမျိုးဘုရင် ကျင့်ကြံဆင့်နှင့် ထူးခြားသေသပ်သော ကျင့်စဥ်နည်းလမ်းများကို ပေါင်းစပ်လိုက်သောအခါ ပြန်လည်နိုးထရှင်သန်သူတစ်ဦးဖြစ်မည် ဧကန်မလွဲပင်။
ယဲ့ကျွင်းလင် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ရှေးခေတ်က ပုန်းကျန်ခဲ့တဲ့ ပါရမီရှင် ဘယ်လောက်ထိတောင် ရှိနေသေးတာလဲ?
ပေါ်လာတဲ့ပုံတွေကလည်း တစ်ယောက်ထက်တစ်ယောက် ပိုပြီးရုန်းရင်းဆန်ခတ်ဖြစ်လာပြီ။
ခွင်းလွင်ကမ္ဘာ၏ အထူးခြားဆုံး ခေတ်က လက်ကျန်တွေလို့ ဆိုရမှာပေါ့။
ပေါ်လာတဲ့ ပါရမီရှင်တိုင်းကလည်း နယ်ပယ်တစ်ခုချင်းစီမှာ ဦးဆောင်နိုင်တဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေကြတယ်။
လေးစားစရာပဲ။
“ဆရာသခင်၊ သူ့နောက် မြန်မြန် လိုက်ကြရအောင်! အဲဒီ အဘိုးကြီးကို လုံးဝထွက်ပြေးခွင့်မပြုနိုင်ဘူး! ဆရာသခင့်ဓားပျံက သူ့လက်ထဲမှာ ရှိနေတုန်းပဲ!” လီဝူကျယ်က စိုးရိမ်တကြီး ပြောသည်။
“ထူးဆန်းတယ်၊ ဘာလို့ အကြီးအကဲယဲ့က အခုထိ မလှုပ်ရှားသေးတာလဲ?” လင်တုရှီနှင့် အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက် ပြူးကြောင်ကြောင်လှည့်ကြည့်မိကြသည်။
ထိပ်တန်းမသေမျိုးဘုရင်အဆင့် ဓားပျံကို ယူသွားတာတောင် သူက ဂရုမစိုက်ဘူးလား?
အရမ်းကို ချမ်းသာတဲ့ပုံပဲ မဟုတ်လား?
“မတတ်နိုင်ဘူး သူကြိုးစားသမျှက အချည်းနှီးပဲဖြစ်မှာပဲလေ” ယဲ့ကျွင်းလင်က ရယ်မြူးရိပ်သန်းလျက် တက်တက်ကြွကြွဆိုသည်။
သူ တစ်ခုခုကို ရုတ်တရက် သတိရသွားသောကြောင့်ဖြစ်၏။ စန်းယွမ်ဓားသည် စနစ်မှဆုချထားသော ပစ္စည်းတစ်ခုဖြစ်ပြီး သူ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ အလိုအလျောက်အဆင့်မြင့်လာနိုင်သည့် သူကိုယ်တိုင်နှင့် ချိတ်ဆက်နေသောပစ္စည်းတစ်ခုဖြစ်လေရာ စနစ်ကိုအကူအညီတောင်းရုံမျှဖြင့် အရာအားလုံး လွယ်လင့်တကူ ပြီးစီးသွားနိုင်မည်။
“စနစ်၊ စန်းယွမ်ဓားကို ပြန်ယူပေးပါဦး"
ယဲ့ကျွင်းလင်က စနစ်ကိုအမိန့်ပေးလိုက်သည်။
“တင်! အမိန့်လက်ခံရရှိပါတယ်ရှင့်!”
“စနစ်မှ စန်းယွမ်ဓားကို အလိုအလျောက်ပြန်လည်ရယူခြင်း စတင်…”
“တင်! ပြန်လည်ရယူခြင်း အောင်မြင်ပါပြီ! ပိုင်ရှင်၊ စစ်ဆေးလိုက်ပါဦး!”
ယဲ့ကျွင်းလင် လက်တစ်ဖက်ကိုမြှောက်လိုက်ရာ တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းလာပြီး ရွှေရောင်ဓားပျံတစ်ခုက လေထဲတွင်ပေါ်ထွက်လာသည်။
ဓားကိုယ်ထည်မှ ဝိုက်ဖြာထွက်နေသော အလင်းရောင်သည် နေမင်းငယ်လေးတစ်စင်းကဲ့သို့ မျက်စိကျိန်းစပ်မတတ် တောက်ပလင်းချင်းလျက်ရှိကာ မြင့်မြတ်သောအရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်လျက်ရှိ၏။
အားလုံး - “???”
ဘာတွေဖြစ်နေတာလဲ?!
“အကြီးအကဲယဲ့ရဲ့ နည်းလမ်းတွေက တကယ်ကို မယုံနိုင်စရာပဲ!” လင်တုရှီသည် အကြီးအကျယ်အံ့အားသင့်ကာ စိတ်ပါလက်ပါချီးကျူးသည်။
“အရမ်း မှော်ဆန်တယ်၊ သူ ဘယ်လိုများလုပ်ခဲ့တာလဲ?” ချင်ရူရန်လည်း အံ့အားသင့်သွားသည်။ ဒီလုပ်ရပ်ကိုတော့ လိုက်တွေးဖို့ဉာဏ်မမီတော့သလို ဆဌမအာရုံလည်း မကယ်နိုင်တော့။
ဟုန်ချန်ယဲ့က မေးသည်။“ဆရာသခင်၊ အဘိုးကြီးကအခုလောက်ဆို အတော်ဝေးဝေးရောက်လောက်ပြီ။ ကျွန်တော်တို့ သူ့နောက် လိုက်သင့်သေးလား?”
“မလောပါနဲ့” ယဲ့ကျွင်းလင်၏ မျက်လုံးများက တဖျတ်ဖျတ်လက်နေကာ ဓားကိုထိန်းချုပ်၍ မြစ်ထဲပြန်လည်ဝင်ရောက်စေသည်။
စန်းယွမ်ဓား၏ ပိုင်ရှင်ဖြစ်သော ယဲ့ကျွင်းလင်သည် အရှုံးမရှိ ဓားနှလုံးသားကို ပိုင်ဆိုင်ထားပြီးဖြစ်လေရာ ထိုစွမ်းရည်သည် ဓားကျင့်စဥ်ပညာရပ်များ၏ စွမ်းဆောင်ရည်ကို တိုးတက်စေရုံသာမက လူကိုယ်တိုင်မသွားရောက်ဘဲ ဓားပျံကိုစေလွှတ်လိုက်ရုံမျှဖြင့် ဓား၏ပတ်ပတ်လည်တွင်ရှိသောပတ်ဝန်းကျင်ကို ခံစားသိမြင်နိုင်စွမ်း ရှိလာသည်။
တစ်ဖက်လူသည် ရေလမ်းခရီးဖြင့်ထွက်ပြေးခြင်းကို အားသာသည်ဖြစ်လေရာ လူကရေထဲတွင်ရှိနေသရွေ့ သူဖြတ်သန်းသွားသော ရေလမ်းကြောတစ်လျှောက် အရှိန်အဝါတစ်စွန်းတစ်စ ကျန်ရှိနေခဲ့ပေဦးမည်။
ထိုလမ်းကြောင်းအတိုင်းလိုက်ပြီး အရင်းအမြစ်ကို ရှာဖွေတွေ့ရှိနိုင်သည်။
ဖြန်း~
ယဲ့ကျွင်းလင်၏ အမိန့်အောက်တွင် ဓားပျံသည် ရေထဲသို့ငုပ်လျှိုးလျက် လျင်မြန်စွာခရီးနှင်ကာ အရှိန်အဝါလမ်းကြောင်းတစ်လျှောက် တရကြမ်းလိုက်သည်။
စန်းမူပြည်နယ်၏ မြစ်ကြောင်းများမှာ အချင်းချင်း ချိတ်ဆက်သွယ်ယှက်ထားသည်။ ဤတာအိုပြည်နယ်သည် အလယ်ပိုင်းဒေသတွင် မြစ်ချောင်းအင်းအိုင်ပေါများသည့် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသော အစိတ်အပိုင်းတစ်ခုသာဖြစ်၏။
ရေအရင်းအမြစ် ကြွယ်ဝသောကြောင့် အပင်များလည်း အားကောင်းစွာပေါက်ရောက်သည်။ ဤသို့ သက်ရှိစွမ်းအင်များဖြင့် ပြည့်ဝပေါကြွယ်သောကြောင့် စန်းမူပြည်နယ်ဟု ခေါ်တွင်ခဲ့ခြင်းဟု ဆို၏။
စန်းလန်ကျွင်းသည် ရေလမ်းကြောင်းတစ်လျှောက် နဂါးကဲ့သို့ လွတ်လပ်စွာ ကူးခတ်နေရင်း အနောက်မှလူများကို မျက်ခြေဖြတ်ရန်အတွက် လမ်းကြောင်းများလည်း မကြာခဏပြောင်းလဲသည်။
ဤသို့ ခန့်မှန်းတွက်ချက်မရသော အမြန်နှုန်းနှင့် သဘာဝပထဝီ ကျွမ်းကျင်မှု၏ အားသာချက်တွေကြောင့် စန်းလန်ကျွင်းသည် မိမိအနောက် ဘယ်သူမှအမီမလိုက်နိုင်ဟု အပြည့်အဝယုံကြည်ထား၏။
စန်းမူ၏ ရာပေါင်းများစွာသော မြစ်လမ်းကြောင်းများအားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်တောက်ထိန်းချုပ်ပြီး သိမ်းကြုံးရှာဖွေနိုင်မှသာ သူ့ကိုမိချင်မိနိုင်မည်။
မသေမျိုးဘုရင်အဆင့်လောက်နှင့်တော့ သူ့ကို အမီမလိုက်နိုင်သေး။
“ငါ့ကံက တကယ်ကောင်းတာပဲ။ နိုးလာတာ မကြာသေးဘူး၊ ထိပ်တန်းမသေမျိုးဘုရင်အဆင့် ဓားပျံတစ်ခုက ငါ့လက်ထဲ တန်းတန်းမတ်မတ် ရောက်လာတယ်။ ကောင်းကင်ဘုံက မျက်နှာသာပေးနေတာပဲ!”
စန်းလန်ကျွင်းသည် အထူးပျော်ရွှင်နေပြီး ယဲ့ကျွင်းလင်၏ ကူကယ်ရာမဲ့နေလောက်မည့် သနားစရာမျက်နှာကို စိတ်ကူးဖြင့်မြင်ယောင်ကြည့်နေသည်။
အတွေးနဲ့တင် လန်းဆန်းလိုက်တာ!
လိမ်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ!
လမ်းကြောင်းကို အကြိမ်ကြိမ် ပြောင်းလဲပြီးနောက် စန်းလန်ကျွင်းသည် ငါးကဲ့သို့ ရေမှ ခုန်ထွက်လာကာ ကမ်းတစ်ဖက်တွင် လတ်ဆတ်သော လေကို တစ်ဝကြီးရှူရှိုက်သည်၊ သူ၏ အိုမင်းသော မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် သက်ဝင်တက်ကြွလျက်ရှိ၏။
“ဒီအဘိုးအို ရတနာအသစ်ကို ကြည့်ပါရစေဦး!”
စန်းလန်ကျွင်းသည် သူ၏ သိုလှောင်အိတ်ကို ထုတ်ကာ သတိကြီးကြီးဖြင့် ရှာဖွေလိုက်သည်။
ရလဒ်အနေဖြင့် အချိန်အကြာကြီး ရှာဖွေပြီးနောက်တွင်ပင် စန်းယွမ်ဓားက ကိုယ်ထင်ပြမလာခဲ့။
“ဓား ဘယ်ရောက်သွားလဲ?”
“ဒီအဘိုးအိုရဲ့ဓား ဘယ်ရောက်သွားလဲ?!”
စန်းလန်ကျွင်း၏ စိတ်ထဲတွင် မေးခွန်းများစွာပြည့်လျှံလာကာ အမူအရာက ထိတ်ထိတ်ပျာပျာဖြစ်လာသည်။
သူသည် မှော်စွမ်းအင်ကို အသုံးပြုပြီး စန်းယွမ်ဓားကို ဖိနှိပ်ငြိမ်သက်စေပြီးနောက် သိုလှောင်အိတ်ထဲထည့်သိမ်းလိုက်သည်ကို ရှင်းရှင်းလင်းလင်းကြီး သတိရနေပါသည်။
အခု ဘာလို့ ပျောက်သွားတာလဲ?
“ထူးဆန်းတယ်၊ ဒါက လုံးဝကို မကြုံဖူးတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်ပဲ!” စန်းလန်ကျွင်း မယုံကြည်နိုင်သေးပေ။
ဒါ ဘာသဘောလဲ?
ငါဒီလောက် ကြိုးစားခဲ့တာတွေအကုန် အချည်းနှီးဖြစ်သွားတာလား?
ထိုအချိန်တွင် အနောက်မှမြစ်ကြောင်းက လှုပ်ရှားလာသည်။
“ဟင်?” စန်းလန်ကျွင်း အန္တရာယ်ကို ခံစားမိဟန်ဖြင့် အလိုအလျောက် နောက်သို့ လှည့်လိုက်ရာတွင် ရွှေရောင်အလင်းတန်းတစ်ခုက လေဟာနယ်ကို ဖြတ်တောက်ကျော်လွန်ကာ ပြင်းစွာသောအရှိန်အဝါဖြင့် သူ့ထံတိုက်ရိုက်ဦးတည်လာသည်ကို တွေ့လိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ!!!”