← Chapters

အခန်း (၅၂၉)

Vol. 38 Ch. 529

အခန်း (၅၂၉)

Vol. 38 Ch. 529

စန်းလန်ကျွင်း၏ မျက်လုံးများ အပ်ပေါက်လေးကဲ့သို့ ကျဥ်းမြောင်းသွားပြီး သေချာကြည့်လိုက်သော် သူယခုလေးတင်လုယူခဲ့သော စန်းယွမ်ဓားဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူ လုယူထားတဲ့ရတနာက ဘာလို့ အသက်ဝင်လာသလိုမျိုး အနောက်ကနေလိုက်ထိုးနေရတာလဲ?!

စဥ်းစားနေဖို့ အချိန်မရှိ။ စန်းလန်ကျွင်း ခုခံဖို့ အမြန်ပြင်ဆင်ရသည်။

ကောင်းကင် ရေဒိုင်း!

အလင်းဖြင့်ပိတ်ဆည်းသော ရေဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။ စာလုံးသင်္ကေတများစွာဖြင့် ဖုံးအုပ်လျက် မသေမျိုးအလင်းတန်းကို ထုတ်လွှတ်နေသော ရေဖြင့်ဖွဲ့စည်းသည့် ဒိုင်းကာတစ်ခု။

စန်းလန်ကျွင်း၏ အားအကောင်းဆုံး ခုခံမှုဖြစ်ပြီး မသေမျိုးဘုရင်များစွာ၏တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ခဲ့ဖူးသော ကျင့်စဥ်တစ်ခုလည်းဖြစ်၏။

နှစ်ပေါင်းများစွာ ဒီလောက်ထိလိမ်လည်လှည့်ဖျားလာတာ ကာကွယ်ရေးနည်းလမ်းတစ်ခုတလေမှ မကျွမ်းကျင်ထားရင် သူလည်ပင်းပြတ်တာကြာပေါ့။

ရလဒ်အနေဖြင့်၊

ဓားပျံ၏ ရွှေရောင်အလင်းတန်းသည် အားကောင်းသော နဂါးတစ်ကောင်ကဲ့သို့ အရာရာကို ဖြတ်တောက်ထိုးဖောက်ကာ စန်းလန်ကျွင်း အပြည့်အဝ အသက်သွင်းထားသော ကောင်းကင် ရေဒိုင်းကာအား အဟုန်ဖြင့် ထိုးခွဲဖျက်ဆီးလိုက်သည်။

“မကောင်းတော့ဘူး!”

စန်းလန်ကျွင်းသည် လင်ပိုရေပေါ်ခြေလှမ်းများကို ထုတ်သုံးကာ သူ၏ပုံသဏ္ဌာန်သည် ခန့်မှန်းမရစွာ ပြောင်းလဲနေပြီး ဓားပျံ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားသည်။

သို့သော် စန်းယွမ်ထားသည် မျက်လုံးများပေါက်နေသကဲ့သို့ စန်းလန်ကျွင်းရှောင်လိုက်သောဘက်အား တိကျစွာထိုးချလိုက်သည်။

ရွှပ်!

သွေးများ ဖြန်းခနဲပျံ့ထွက်လာပြီး အော်သံကျယ်ကျယ်တစ်ခုလည်း ထွက်ပေါ်လာသည်။

စန်းလန်ကျွင်း၏ ဘယ်ဘက်ပခုံးသည် သွေးများ ဖုံးလွှမ်းနေပြီး သက်ရောက်သော ဓားစိတ်ဆန္ဒက အ‌ရေပြားထဲ ကူးလူးပျံ့နှံ့လာသည်။ နာကျင်မှု‌ကြောင့် ချွေးဒီးဒီးကျကာ မြေပြင်ပေါ်ဒူးထောက်ချမိလျက်သား။

“ပိုင်ရှင်တောင် မရောက်သေးဘူး၊ ဓားပျံသက်သက်မှာတင် ဒီလို စွမ်းအားမျိုး ရှိနေပြီ။ ရှေးခေတ်က ဓားမသေမျိုးတွေတောင် မလုပ်နိုင်တဲ့အရာမျိုးပဲ"

စန်းလန်ကျွင်းသည် လက်လွတ်စပယ် ထိပါးစရာမဟုတ်သော စွမ်းအားရှင်တစ်ဦးကို ရန်စခဲ့မိကြောင်း ထိုအခါမှ သိနားလည်လိုက်သည်။ စောစောကများသိခဲ့လျှင် သူသည် ဓားပျံကို လက်နှစ်ဖက်ဖြင့် ယဉ်ယဉ်ကျေးကျေး လွှဲပြောင်းပေးကာ ထွက်ခွာခဲ့လိမ့်မည်။ ကောက်ကျစ်သောအတွေး တစ်ခုတလေပင် တွေးဝံ့ခဲ့မည်မထင်။

ပြင်းထန်သော ဓားသံတဝှစ်ဝှစ်က နားထက်တွင် ပဲ့တင်ထပ်လာလေသောအခါ သေခြင်းကို ကြောက်ရွံ့မှုကြောင့် စန်းလန်ကျွင်း၏ တင်းခံထားသော စိတ်ဓာတ်တံတိုင်းမှာလည်း ချက်ချင်းပြိုလဲလျက် ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုမိတော့၏။

“အကြီးအကဲယဲ့! အကြီးအကဲယဲ့၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ!”

“ဒီငယ်သားက အမြဲတမ်း လှည့်ဖြားလိမ်လည်ခိုးယူမှုတွေမှာ ပါဝင်ခဲ့ဖူးပေမယ့်၊ လူလည်းမသတ်ဖူးသလို အကြမ်းဖက်ဓားပြတိုက်တာတွေလည်း မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော့် သိုလှောင်အိတ်ထဲမှာ အရင်က လိမ်လည်သိမ်းယူထားတဲ့ မှော်ရတနာမျိုးစုံရှိပါတယ်။ ကျွန်တော့်ရဲ့ ဘဝတစ်သက်တာစုဆောင်းမှုကို အရှင့်ရဲ့ခွင့်လွှတ်မှုနဲ လဲလှယ်ယူပါရစေလားခင်ဗျာ"

“မသတ်ပါနဲ့၊ ကျွန်တော် မသေချင်သေးဘူး၊ ဟူးဟူးဟူး…”

စန်းလန်ကျွင်းလင်၏တစ်မျက်နှာလုံးတွင် မျက်ရည်များအပြည့်ဖုံးလွှမ်းလျက် ရှိ၏။

ဓားပျံက သူ့နဖူးနှင့် မီလီမီတာအနည်းမျှအကွာတွင် တုံ့ခနဲရပ်သွားသည်။

အေးစက်သော ဓားစိတ်ဆန္ဒကို ခံစားမိသောအခါ၊ စန်းလန်ကျွင်းသည် တစ်ကိုယ်လုံးတုန်ရီသည်အထိ ကြောက်လန့်သွားရသည်။

“အကြီး-အကဲယဲ့?”

စန်းလန်ကျွင်း၏ နှုတ်ခမ်းများ တုန်ယင်နေကာ ခေါင်းကိုအနိုင်နိုင်မော့လျက် ထိုးညွှန်ထားသောဓားဦးထိပ်ကို တစ်ချက်ကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည်။

ထို့နောက် ဓားပျံသည် သူ၏ တင်ပါးနောက်သို့ ရွေ့သွားသည်။ ဓားဦးထိပ်ဖျားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါသည် စန်းလန်ကျွင်း၏ အဓိကအစိတ်အပိုင်းများကိုပါ လှစ်ခနဲ ကျုံ့ဝင်သွားစေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေသည်။

အကြီးအကဲယဲ့က ကျွန်တော့်ကို ရှေ့မှောက်ပြန်လာပြီး ပြစ်ဒဏ်ခံယူစေချင်တာလား?

သို့ဆိုလျှင် ဤသည်မှာ သူ၏နောက်ဆုံးအခွင့်အရေးဖြစ်ပေမည်။

“သွားမယ်၊ အခုပဲ သွားမယ်!”

စန်းလန်ကျွင်း ဓားဒဏ်ရာမှ ပြင်းထန်သောနာကျင်မှုကိုသည်းခံကာ ရေထဲသို့ခုန်ဆင်းလိုက်ပြီး လာရာလမ်းအတိုင်း လှည့်ပြန်ဖို့ပြင်သည်။

ထိုအချိန်အတွင်း သူဘယ်လိုပဲ ကွေ့ပတ်ရှောင်တိမ်းပါစေ ဓားဦးထိပ်ဖျားက သူ၏ တင်ပါးနောက်ကို အမြဲတမ်း ကပ်လိုက်နေသည် စန်းလန်ကျွင်း၏ ယောက်ျားဂုဏ်အင်နေရာအား တည့်တည့်ထိုးချိန်ထားလျက်သားရှိ၏။

ခုခံဖို့ စိတ်တောင်မကူးနဲ့!

ထိုအချိန်တွင်

ကမ်းတစ်ဖက်ရှိလူများမှာ သူပြန်အလာကိုစောင့်နေကြသည်။

ယဲ့ကျွင်းလင်က လက်များကို အနောက်ပစ်ထားလျက် တည်ငြိမ်သောအမူအရာဖြင့်သာ မြစ်ပြင်ကျယ်ကိုရှုစားနေသည်။

“ဒီလောက်တောင်ကြာသွားပြီးပြီ၊ သူ တကယ် လိုက်ဖမ်းနိုင်ပါ့မလား?” လင်တုရှိုက နည်းနည်းသံသယဝင်နေသည်။

“ညီလေးလင်! စကားအပြောအဆိုသတိထားပါ!” ကျိပါရှောင်က လေသံမာမာဖြင့်ဆူပူသည်။ “အကြီးအကဲယဲ့ဆိုတာ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့သူ၊ ဒီကမ္ဘာမှာ သူ မလုပ်နိုင်တာ ဘာမှမရှိဘူး!”

လင်တုရှို မျက်ခုံးပင့်သွားသည်။

မင်းက အကြီးအကဲယဲ့ရဲ့ အိမ်မွေးခွေးလား?

မြှောက်ပင့်နေလိုက်ပုံများ။

“ညီလေးပြောတာမှန်တယ်” လီဝူကျယ်က သူ့ပုခုံးကိုပုတ်ကာ အားရပါးရချီးကျူးသည်။

“ဒီလောက်ဝေးကွာနေတဲ့ခရီးကို ဓားပျံက လိုက်ဖမ်းနိုင်ပါ့မလား? ပြီးတော့ လိုက်ဖမ်းမိခဲ့ရင်တောင် ဟိုဘက်လူက ခုခံလိမ့်မယ်။ ဒီလိုအခြေအနေမှာ အဲဒီလူက တကယ်ပဲ အညံ့ခံပြီး ယဉ်ယဉ်ကျေးကျေး ဝန်ခံဖို့ ရောက်လာပါ့မလား?” ချင်ရူရန်ကလည်း သံသယအပြည့်ဖြင့် မှတ်ချက်ချလာသည်။

ဘာကြောင့်လဲဆိုတော့ အကြီးအကဲယဲ့ပြောတဲ့ အဓိပ္ပာယ်အရ ဓားပျံက လိုက်ဖမ်းနိုင်ရုံသာမက ပစ်မှတ်ကို ယဉ်ယဉ်ကျေးကျေး ပြန်လာပြီး ပြစ်ဒဏ်ခံယူဖို့လည်း ခိုင်းစေနိုင်လိမ့်မယ်တဲ့။

ထိုစကားကိုကြားသော်၊

ကျိပါရှောင်က မကျေမနပ်ဖြင့် တုံ့ပြန်မည်ပြုသည်။ “နတ်သမီး ချင်၊ မင်း…”

သူ စကားမဆုံးခင်မှာပင် သူမဆီက အကြည့်တစ်ချက်တည်းနှင့် သတိပေးခံလိုက်ရသည်။ ကျိပါရှောင် တစ်ခေါင်းလုံးကျဥ်တက်သွားကာ လက်တယမ်းယမ်းဖြင့် ပြန်လျှောချရ၏။ “ဟဲဟဲ၊ စတာပါဗျာ"

ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်လျက်သားဖြင့် ချင်ရူရန်ကို သေချာ စောင့်ကြည့်နေသည်။ ဤအမျိုးသမီးမှာ စတွေ့ကတည်းက ပုံမှန်မဟုတ်သောခံစားချက်ကို တစ်ချိန်လုံးပေးစွမ်းနေသည်ပင်။

သူသည် အဆင့်ရှစ်လျှပ်စီးဒဏ်ကို တောင့်ခံနိုင်ခဲ့သော ကျင့်ကြံသူဖြစ်သည်နှင့်အညီ တူညီသော ကျင့်ကြံဆင့်ရှိသူများထဲ ပြိုင်ဘက်ကင်းဟုသာ အမြဲတမ်း ခံစားခဲ့ရသည်။

ဉာဏ်အလင်းမသေမျိုး နဝမကောင်းကင် ကျင့်ကြံဆင့်နှင့် မသေမျိုးဘုရင်တစ်ပါးကို ရင်ဆိုင်နိုင်သည့် ပါရမီစွမ်းရည်မှာ အလွန်တရာရှားပါးသည်။

သို့တိုင် ယခု ချင်ရူရန်ကိုတွေ့လိုက်ရချိန်တွင် သူ၏ တစ်ကိုယ်တော်မာနများ နည်းနည်းယိမ်းယိုင်သွားရသည်။

ဒီမိန်းကလေးလည်း ခေသူမဟုတ်ဘူးပဲ။

ဖြန်း!

ထိုအချိန်တွင် မြစ်မှ ရေပန်းတစ်ခု ဖွားခနဲလွင့်ထွက်လာသည်။

စန်းလန်ကျွင်းသည် ပရမ်းပတာ အနေအထားဖြင့် မြေပြင်ပေါ်သို့ခြေချလာကာ မဆိုင်းမတွပင် အကြီးအကဲယဲ့၏ ခြေရင်းတွင် ဒူးထောက်ချသည်။ ထို့နောက် သူ့ပါးနှစ်ဖက်ကိုသူ သွေးထွက်သည်အထိ တဖြန်းဖြန်းချတော့၏။

“အကြီးအကဲယဲ့၊ ဒီ အောက်တန်းစားက စိတ်ယုတ်မာနဲ့ လှည့်စားမိရတာပါ။ ကျွန်တော် ပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ်!”

“ကျေးဇူးပြုပြီး၊ အကြီးအကဲယဲ့၊ သနားညှာတာပေးပါ!”

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

All Chapters