← Chapters

ကိုယ်လုံးတီးပတ်ပြေးရခြင်း၏ အရသာ

Vol. 38 Ch. 530

ကိုယ်လုံးတီးပတ်ပြေးရခြင်း၏ အရသာ

Vol. 38 Ch. 530

အပြစ်ဝန်ခံဖို့ တကယ်ကြီး ကိုယ့်ဘာသာပြန်ပြေးလာတာလား?

အဲ့လောက်တောင် စကားနားထောင်တတ်တာလား?

စန်းလန်ကျွင်းသည်လည်း ပြန်ပြေးလာရခြင်းအတွက် အလွန် အရှက်ရပြီး နောင်တကြီးစွာရနေသည်။ သူသည် ရှေးခေတ်တစ်ချိန်ကတည်းက ကြံသမျှစည်သမျှ အောင်နိုင်ခဲ့သော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နေရာတိုင်းမှာ ပြဿနာကောင်အဖြစ်လည်း နာမည်ကြီးသူဖြစ်၏။ သူ၏ လှည့်ဖြားမှု မျက်နှာချင်းဆိုင် ပေါ်လွင်သွားသည့်တိုင် စမတ်ကျကျနှင့် ဟန်မပျက်ဆုတ်ခွာထွက်ပြေးနိုင်သူဖြစ်သည်။

ပြန်လည်နိုးထလာပြီး ခေတ်သစ်မှာ ပထမဆုံးလုပ်တဲ့လှည့်ဖြားမှုက ဤမျှဆိုးရွားစွာအဆုံးသတ်သွားလိမ့်မည်ဟ သူမမျှော်လင့်ထားခဲ့ပေ။

“အကြီးအကဲ! ဒီ ငယ်သား မျက်ကန်းဖြစ်ပြီး ပြစ်မှားခဲ့မိပါတယ်! အကြီးအကဲမှာ ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေ ရှိမှန်း မသိခဲ့ပါဘူး! ဒီ ငယ်သားက အမှားတွေကို သင်ပုန်းချေဖို့အတွက် အကြီးအကဲဆီမှာ နွားလို မြင်းလို အစေခံဖို့ ဆန္ဒရှိပါတယ်!”

စန်းလန်ကျွင်းသည် သူပါးသူ အားပါပါ ပြန်လည်ရိုက်နှက်ပြီး အော်ဟစ်အသနားခံသည်။ မျက်နှာတစ်ပြင်လုံး နီရဲယောင်ကိုင်းနေပြီး ပါးစပ်ထောင့်မှလည်း သွေးများစီးကျကာ ပုံပန်းသွင်ပြင်မှာ အတော်လေးမကြည့်ရက်စရာ။

ဟူး..

ယဲ့ကျွင်းလင်သည် အင်္ကျီလက်ဖျားစကို တစ်ချက်ခါထုတ်ကာ ဓားပျံကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ့ရှေ့မှ ငိုနေသော အဘိုးအိုကို ကြည့်ပြီး လူယုတ်မာပြုံးတစ်ခုက လှစ်ထွက်လာ၏။

“ခုနကတော့ သရုပ်ဆောင်အရမ်းကျွမ်းနေတာမဟုတ်ဘူးလား? ဆက်လုပ်ပြဦးလေ”

စန်းလန်ကျွင်းသည် ဝမ်းနည်းပမ်းနည်းမျက်နှာဖြင့် ထပ်မံတောင်းပန်လာ၏။ “အကြီးအကဲက စိတ်နေသဘောထားကြီးမားတဲ့လူမှန်း ဒီငယ်သားသိပါတယ်၊ ဒီငယ်သားကို မတော်တဆတိုးတိုက်မိတဲ့ လေပြင်းတစ်ချက်လိုပဲသဘောထားပြီး လွှတ်ပေးလိုက်လို့မရဘူးလားခင်ဗျာ"

ယဲ့ကျွင်းလင်က တဟားဟားရယ်သည်။ “ဟားဟား မင်းပြောတော့လွယ်လိုက်တာကွာ"

“ဒီအဘိုးကြီးက အပျက်အစီး အစုတ်အပဲ့ကနေ မှော်ကို ဖန်တီးနိုင်တယ်။ သူအသုံးဝင်လာလောက်မယ့် အခြေအနေတစ်ခုခုတော့ ရှိနိုင်တာပဲ” ဟုန်ချန်ယဲ့က မေးစေ့ကိုပွတ်ရင်း စန်းလန်ကျွင်း၏ တန်ဖိုးကို ဘယ်လို အသုံးချရမယ်ဆိုတာ စဥ်းစားနေလျက် မျက်လုံးများ အရောင်တောက်လာသည်။

“ဟေး၊ အဘိုးကြီး၊ မင်းရဲ့ အတုအယောင်စွမ်းရည်က မှော်ရတနာတစ်ခုကို အမြင့်ဆုံး ဘယ်အဆင့်လောက်ထိ ထုတ်လုပ်နိုင်လဲ?” လီဝူကျယ်က စူးစမ်းလိုစိတ်ဖြင့် မေးသည်။

စန်းလန်ကျွင်းက ကျိုးနွံစွာ ပြန်ဖြေသည်။ “မသေမျိုးသူတော်စင်အဆင့်ရဲ့ အနိမ့်ဆုံးလက်ရာတွေကို ခက်ခက်ခဲခဲ ဖန်တီးခဲ့ဖူးပါတယ်။ တစ်ခုရှိတာက အဆင့်ပိုမြင့်ရင် အပြစ်အနာအဆာတွေ ပေါ်လာနိုင်ချေ ပိုများပါတယ်၊ နောက်ပြီး အကျိုးသက်ရောက်မှုကြာချိန်လည်း ပိုတိုနိုင်ပါတယ်။

ထိုစကားကိုကြားသောအခါ လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။

အစစ်မဟုတ်ပေသည့် အတုကိုပင် ထိုမျှအဆင့်အထိ ဖန်တီးနိုင်သည်မှာ အ‌တော်အထင်ကြီးစရာကောင်းသည်။

မသေမျိုးသူတော်စင်အဆင့် မှော်ရတနာတွေတဲ့လေ။

တစ်နည်းဆိုရလျှင် စန်းလန်ကျွင်းသည် ခွင်းလွင်ကမ္ဘာတစ်ခုလုံးအား ကမောက်ကမဖြစ်အောင်လုပ်နိုင်သော စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်ဟု ဆိုရပေမည်။

အဆင့်မြင့် မသေမျိုး လက်ရာများကို ပေါ့ပေါ့ပါးပါးပင် ဖန်တီးနိုင်ပြီး တုနှိုင်းမဲ့ရတနာများ မိမိ၏ကံတရားကြောင့် ဤသို့ဖြစ်တည်ရောက်ရှိလာသည်ဟူသော ထင်ယောင်ထင်မှားမှော်ဆန်ဆန်ဇာတ်လမ်းမျိုးအား ပိပိရိရိဖန်တီးနိုင်ခြင်းမှာ ကျင့်ကြံသူမြောက်များစွာကို သတိလက်လွတ် ယုံမှတ်မှားသွားစေနိုင်သည့် ကိစ္စမျိုးဖြစ်၏။

ဤဝါရင့်လူလိမ်ကြီးမှာ အဆင့်နိမ့် ပစ္စည်းအတိုအစများကို အလယ်အလတ် ရောင်းတမ်းဝင်ပစ္စည်းများဖြစ်အောင် အတုအယောင်ဖန်တီးဆင်ယင်ပြီး ဈေးပေါပေါဖြင့် လှည့်ဖျားရောင်းချရာမှ နာမည်တစ်လုံးရယူထားနိုင်သူဖြစ်သည်။ ဝယ်ယူသူများမှာ အိမ်ပြန်ရောက်မှ သိလိုက်ရတာချည်းသာ။

ထိုသို့သော စွမ်းရည်မျိုးက အသုံးချစရာ နေရာအများကြီးရှိသည်။

ကျူးလွန်သူ၏စိတ်ဓာတ်က ယုတ်မာအောက်တန်းကျနေသရွေ့ မတရားမှုများစွာ ဖန်တီးဖြစ်ပွားစေနိုင်သည်။

“အဘိုးကြီး၊ မင်း ဒီ လှည့်ကွက်နဲ့ ဘယ်နှစ်ယောက်လောက်ထိ လိမ်ခဲ့ပြီးပြီလဲ?” ယဲ့ကျွင်းလင်က စူးစမ်းလိုစိတ်ဖြင့် မေးသည်။

စန်းလန်ကျွင်း ခဏတာမျှ စကားမပြောနိုင်တော့ပေ။ နောက်ဆုံးတွင် ခါးသီးသောအပြုံးတစ်ခုဖြင့် ပြန်ဖြေလာ၏။ “အကြီးအကဲကတော့ မေးခွန်းသတ်နေတာပါပဲ၊ ကျွန်တော် အဲဒါကို ဘယ်လိုလုပ် မှတ်မိနိုင်မလဲ? ပြန်စဥ်းစားနိုင်ရင်တောင် ရေတွက်လို့မနိုင်တော့ဘူး၊ အများကြီးပဲလေ!”

“ဒါပေမယ့် အမှတ်ရဆုံးကို ရွေးရမယ်ဆိုရင် အဆင့်တက်ခါစ မသေမျိုးသူတော်စင်တစ်ပါးကို လိမ်ခဲ့ဖူးတဲ့ကိစ္စဖြစ်မယ်။ အဲဒီအချိန်က သူက သူ့ရဲ့အဆင့်နဲ့ သင့်လျော်တဲ့ မသေမျိုးလက်နက် မရှိသေးတာကြောင့် ဒုက္ခရောက်နေတာပေါ့၊ ဒါကြောင့် သူ့ရဲ့ လက်အောက်ခံတွေကို မှော်ရတနာတွေ ရသလောက်စုဆောင်းဖို့ အမျိုးမျိုးသော လေလံပွဲတွေဆီ စေလွှတ်ခဲ့တယ်။ ကျွန်တော်လည်း လောဘဘီလူးဝင်စီးသွားတာနဲ့ ချက်ချင်းပဲ သူ့ရဲ့ လက်အောက်ခံ ဖြတ်သွားမယ့် လမ်းတစ်နေရာမှာ မသေမျိုးသူတော်စင်အဆင့် လက်နက်တစ်ခု ဘယ်ကမှန်းမသိဘဲ ထွက်ပေါ်လာသလိုလို မြင်ကွင်းကို ဖန်တီးဖြစ်ခဲ့တယ်၊ ကံကောင်းထောက်မစွာနဲ့ အောင်မြင်သွားခဲ့တာပေါ့။ ဒီလိုနဲ့ အဲ့လက်အောက်ခံက မှော်လက်နက်ကိုရယူဖို့ ကျွန်တော့်ကိုခြိမ်းခြောက်တယ် သွေးဆောင်စည်းရုံးတယ်၊ ကျွန်တော်လည်း အစပိုင်းမှာ မပေးချင်သလိုလို အကျပ်ရိုက်နေသလိုလို မျိုးစုံလုပ်ပြခဲ့တာပေါ့၊ တော်တော်လေးမူပြီးခါမှ လက်နက်အစစ်တစ်ခုအတွက် အတော်လေးသက်သာတဲ့ဈေးနှုန်းနဲ့ သဘောတူညီပေးခဲ့တယ်၊ ကျွန်တော့်အတွက်တော့ ချွင်းချက်မရှိ ပွပေါက်အကြီးကြီးပေါ့ဗျာ…”

စန်းလန်ကျွင်းက ထိုဖြစ်ရပ်မှ ကျန်ရှိနေသေးသောကြောက်စိတ်ကို အနိုင်နိုင်ထိန်းထားရဟန်ဖြင့် ဇာတ်ကြောင်းပြန်ပြောပြလာသည်။

ထိုဖြစ်ရပ်ကြောင့် အသစ်တက်ရောက်ထားပြီးခါစဖြစ်သော မသေမျိုးသူတော်စင်ကျင့်ကြံသူမှာ သူ့ကိုမတွေ့တွေ့အောင်ရှာပြီး ခုတ်ထစ်သတ်ဖြတ်မည်ဟု ကြွေးကြော်ခဲ့သည်။ ကျင့်ကြံမှု အင်အားစုများစွာကလည်း ထိုမသေမျိုးသူတော်စင်အား မျက်နှာလုပ်ဖို့အတွက် ပူးပေါင်းပါဝင်ခဲ့ကြလေသည်။

စန်းလန်ကျွင်းလည်း ကြောက်လန့်တကြားဖြင့် လူသူပြတ်လပ်သော အနံ့အသက်ဆိုးဆိုး မြေအောက်ချောင်းတစ်ခုမှာ နှစ်ရှည်လများပုန်းအောင်းနေခဲ့ရပြီး မုန်တိုင်းငြိမ်မှ လူလုံးပြန်ပြနိုင်ခဲ့သည်။

ဇာတ်လမ်းအဆုံးတွင်၊

လူတိုင်း စန်းလန်ကျွင်းကို တအံ့တသြငေးကြည့်နေမိကြသည်။

မသေမျိုးဘုရင်အဆင့်လောက်နဲ့ မသေမျိုးသူတော်စင်တစ်ပါးကို ရန်စခဲ့ပြီး မသေအောင်ပြေးနိုင်ခဲ့တာ တကယ်ကို အံ့ဩစရာပဲ!

ယဲ့ကျွင်းလင်က သေချာစဥ်းစားတွေးတောနေဟန်ဖြင့် မေးသည်။ “အဘိုးကြီး၊ မင်း နာမည်က ဘယ်သူလဲ?”

ဒီလိုပါရမီရှင်တစ်ဦးကို သူ့‌ဘေးမှာထားလို့ နစ်နာစရာမရှိနိုင်။ ပျော်စရာတောင်ကောင်းသေး၏။

“အကြီးအကဲကို သတင်းပို့ပါတယ်၊ ဒီ ငယ်သားရဲ့ ဘွဲ့နာမည်က စန်းလန်ကျွင်းဖြစ်ပြီး၊ နာမည်ရင်းက လီယိုသဲ့ပါ” စန်းလန်ကျွင်းသည် နောက်ဖြစ်လာမည့်ဒုက္ခများအား တစ်ခုတလေပင်မရိပ်စားမိစွာ ရိုးရိုးသားသား မိတ်ဆက်ရှာ၏။

ယဲ့ကျွင်းလင် မှင်တက်သွားသည်။

ယိုသဲ့ ဆိုသည့်နာမည်မှာ ဂုဏ်သရေရှိသူဟုအဓိပ္ပာယ်ရသည်ပင်။ လူကတော့ လူလိမ်ဖြစ်နေသည်က တစ်ကဏ္ဍ။

“အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ တစ်ခုက၊ မင်း အဝတ်တွေချွတ်ပြီး စန်းမူပြည်နယ်ကို တစ်ပတ်ပတ်ပြေးပါ။ ပြေးပြီရင် ဒီနေရာကိုပြန်လာ၊ အဲ့ဒီအချိန်ကစပြီး မင်းက ငါ့ရဲ့ အထွေထွေလက်ထောက် ဖြစ်လိမ့်မယ်။ နောက်တစ်ခုကတော့ ငါ့ဓားချက်တစ်ချက်ကိုခံလိုက်၊ မသေရင်မင်းကံပေါ့"

“ကိုယ့်ဘာသာ ရွေး!”

“ဒါက…”

စန်းလန်ကျွင်း တွေဝေသွားသည်။

ဒုတိယ ရွေးချယ်စရာက မိမိကိုယ်ကို သတ်သေခြင်းမခြားပေ။ အသက်ရှင်ရတာ ငြီးငွေ့နေသူများအတွက် ရွေးချယ်မှုကောင်းဖြစ်၏။ သို့ပေသည့် ပထမတစ်ခုကတော့ မသေမျိုးဘုရင်တစ်ပါးအတွက် လွန်စွာမှရှက်စရာကောင်းလေသည်။

“မင်းကြည့်ရတာ ဓားနဲ့ပဲအခုတ်ခံချင်တဲ့ပုံပေါ်တယ်။ မင်းရဲ့ ဆန္ဒကို ငါ အခုဖြည့်ဆည်းပေးမယ်!” တစ်ဖက်လူတွေဝေနေစဥ် ယဲ့ကျွင်းလင်က ဓားပျံကိုဆင့်ခေါ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ထွက်ပေါ်လာကာ။ စန်းလန်ကျွင်းကို အလိုလို တုန်ယင်သွားစေသည်။ ဝေခွဲမရဖြစ်နေသော စိတ်သည်လည်း ချက်ချင်း သိသိသာသာ ရှင်းလင်းသွားရ၏။

အရှက်ထက် အသက်ကပိုအရေးကြီးတယ်ကွ!

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့! ကျွန်တော် ပထမတစ်ခုကို ရွေးပါတယ်!”

ပြောစကားကို သက်သေပြသည့်အနေဖြင့် စန်းလန်ကျွင်းသည် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးတွေအောက်မှာ သူ့ အဝတ်များကို ပြတ်ပြတ်သားသား ဆုတ်ဖြဲလိုက်သည်။

အံ့ဩစရာကောင်းသည်က စန်းလန်ကျွင်းသည် အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့သော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးလို ထင်ရပေသည့် သူ၏ ခန္ဓာကိုယ်သည် အလွန် သန်မာထွားကျိုင်းကာ ကြွက်သားအဖုဖုနှင့် ဝမ်းဗိုက်ကြွက်သားပင် ခြောက်မြှောင်းအတိပါရှိသည်။ ဂရိခေတ်က စကျင်ကျောက် ရုပ်ထုတစ်ခုလို မျက်စိပသာဒအလွန်ဖြစ်စေသော အချိုးအစားပါပေ။

“ဟင်?”

လီဝူကျယ် မျက်လုံးပြူးသွားပြီး အောက်ကိုတစ်ချက်ကြည့်သည်။ ထို့နောက်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသကဲ့သို့ သက်ပြင်းချလိုက်သည်။ "တော်သေးတယ် ငါ့လောက်မကြီးဘူး"

"အဘိုးကြီးတစ်ယောက်နဲ့တောင် ပစ္စည်းချင်းယှဥ်နေရသလား၊ ရည်မှန်းချက်တကယ်ကြီးမားတာပဲ" ဟုန်ချန်ယဲ့ကလှောင်ပြောင်သည်။

“ထွီ နှာဘူးကောင်တွေ!”

ချင်ရူရန်က မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ပြီး တံတွေးတစ်ချက်ထွေးချသည်။

All Chapters