← Chapters

အခန်း (၅၃၁)

Vol. 38 Ch. 531

အခန်း (၅၃၁)

Vol. 38 Ch. 531

ပုံမှန်ဆို စကားများလေ့ရှိသော ကျိပါရှောင်ကတော့ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့၏။

အဘယ့်ကြောင့်ဆိုသော် သူ၏ယောက်ျားမာန ပြင်းစွာထိခိုက်ခံလိုက်ရသောကြောင့်ပင်။

လင်တုရှိုကမူ ပြူးကြောင်ကြောင်ဖြစ်နေသည်။ ဒီလိုအပြစ်ပေးနည်းမျိုး သူတစ်ခါမှမမြင်ဖူး။

အကြီးအကဲယဲ့၏ အတွေးများမှာ တကယ်ကို သူမတူအောင် ထူးခြားသည်။

ယဲ့ကျွင်းလင်က ကျေနပ်စွာပြုံးသည်။ "ဟုတ်ပြီ ရှောင်သဲ့ရေ၊ မင်းစိတ်ကြိုက် လျှောက်ပြေးပေတော့။ တစ်ခုတော့မှတ်ထား၊ ထွက်ပြေးဖို့ လုံးဝမစဥ်းစားနဲ့။ ငါတားထားတဲ့စည်းကိုကျော်ရင် ငါ့ဓားပျံက မင်းအသက်ကိုနှုတ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး"

“အကြီးအကဲ၊ သံသယတွေအရမ်းများနေပါပြီ…”

ရှောင်သဲ့ဟူသော ခေါ်သံကို ကြားတော့ စန်းလန်ကျွင်း နှုတ်ခမ်းနည်းနည်းမဲ့သွားပေသည့် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းအကျပ်လုပ်ပြုံးပြုံးကာ ခိုင်းသမျှလုပ်ဖို့သာ တတ်နိုင်ပေမည်။

မြစ်ထဲမှာ ဓားပျံလိုက်ဖမ်းတာကို ကြုံတွေ့ပြီးနောက် စန်းလန်ကျွင်းသည် ယဲ့ကျွင်းလင်၏ စကားများကို ပေါ့ပေါ့တန်တန် မမှတ်ယူရဲတော့။

နောက်ထပ်လည်း ကောက်ကျစ်တဲ့အတွေးတွေ ထပ်မတွေးရဲတော့ပါဘူး။

အခုပွဲက ငါ့အသက်ကိုလောင်းကြေးထပ်ထားရတာပဲ!

ဤသို့ဖြင့်၊

စန်းလန်ကျွင်းသည် ခွင်းလွင်ကမ္ဘာတွင် သူ၏ ပထမဆုံး ကိုယ်လုံးတီးဖြင့် ပတ်ပြေးခြင်း အတွေ့အကြုံကို စတင်သည်။

ရှက်စရာကောင်းလှပေမယ့် ကံကောင်းစွာဖြင့် သူက မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည်။ ရေလမ်းခရီး အထူးကျွမ်းကျင်ဆိုသော်ငြား မြေပြင်ပေါ်မှာ ပြေးရင်တောင် သူ့၏ အမြန်နှုန်းက သဲသဲကွဲကွဲမြင်နိုင်ဖို့ခက်သည်။

စန်းမူပြည်နယ်ရှိ ကျင့်ကြံသူ အများစုအတွက် သူသည် ဖြတ်ပြေးသွားသောအရိပ်သာသာပင်။

ရှပ် ရှပ် ရှပ်~

လေပြင်းတဝှေ့တိုက်သွားသလားတောင် ထင်ရသေး၏။

ပြေးလွှားနေရင်း စန်းလန်ကျွင်း၏နှလုံးသားထဲဝယ် အရှက်ရခြင်းနှင့်အတူ လွတ်လပ်ပေါ့ပါးခြင်း၏အရသာကိုပါ စတင်ခံစားလာရသည်။

ဤသို့ဖြင့် ပြေးရင်းပြေးရင်း နေဝင်ချိန်ရောက်သော် နှုတ်ခမ်း‌ထောင့်စွန်းများပင် မရည်ရွယ်ပါဘဲ အလိုလိုကော့တက်လာသည်။ သူသည် ရဲရဲတင်းတင်းပင် လက်များကို ဖြန့်ကားပြီး ခပ်ဆိုးဆိုးအသွင်ဖြင့် ခါးကိုတွန့်လိမ်ယမ်းခါရင်း ဆက်ပြေးသည်။

ဒါက ကိုယ်လုံးတီးနဲ့ပတ်ပြေးရတဲ့ ခံစားချက်တဲ့လား?

အံ့မခန်းပဲ!

အရမ်းမိုက်တာပဲ!

အကြီးအကဲက ကျွန်‌တော့်ကို အပြစ်မပေးဘဲ ဆုချလိုက်တာလား?

ဟား ဟား ဟား ဟား ဟား၊ ဟဲ ဟဲ ဟဲ ဟဲ ဟဲ~

တစ်ချိန်တည်းမှာပင်။

စန်းမူပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တာအို ပြည်နယ်တစ်ခုတွင်။

ပေထောင်ချီမြင့်သော ချောက်ကမ်းပါးတစ်ခုပေါ်တွင် လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။

စစ်ထူယန်၏ မျက်နှာက အလွန်အမင်းရှုံ့မဲ့နေကော ယဲ့ကျွင်းလင်နှင့် တွေ့ဆုံခဲ့သော မြင်ကွင်းကို ပြန်ပြောင်း အမှတ်ရရင်း ကျောမှစိမ့်တက်လာသော ကြက်သီးများကို ခံစားမိလိုက်၏။

ပင်လယ်အောက် တော်ဝင်မြို့တော်တွင် ထိုလူနှင့်စတင်တွေ့ဆုံကတည်းက သူ့အစီအစဥ်များ အလုံးစုံပျက်သုဥ်းကုန်သလို ခံစားချက်မျိုးကို ရလိုက်မိသည်ပင်။

ပင်လယ်ဝေလငါး ဘိုးဘေးကြီးလည်း ခုခံနိုင်စွမ်းမရှိစွာ သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် သူမဟာမိတ်အသစ်ရှာရပြီး ထိုမဟာမိတ်အသစ်မှာလည်း အသတ်ခံခဲ့ရပြန်သည်။ တရားခံကား ထိုတစ်ယောက်တည်းသာ။

ဒါဟာ တိုက်ဆိုင်မှုလား ကံကြမ္မာလား?

စစ်ထူယန်၏ နှလုံးသားဝယ် ယဲ့ကျွင်းလင်အပေါ် နာကျည်းမှုနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ ငါလိုသခင်လေးက ဘာကိစ္စ မုန့်ခိုးစားမိတဲ့ကြွက်တစ်ကောင်လို အချိန်တိုင်းထွက်ပြေးနေရတာလဲ?

နိဗ္ဗာန်ကမ္ဘာတွင် သူသည် အစ်ကိုဖြစ်သူ၏ တောက်ပထက်မြက်မှုကြောင့် အရိပ်လွှမ်းခံနေရပေသည့် အလင်းမျိုးနွယ်စု၏ တော်ဝင်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော တော်ဝင်မျိုးဆက်အနေဖြင့် ဤသို့သောအရှက်ရမှုမျိုးကို တစ်ကြိမ်တလေပင် မခံစားခဲ့ဖူးပါ။

သခင်လေး၏ စိတ်ဓာတ်အတက်အကျများကို ရိပ်မိနေသော သက်တော်စောင့်တာပူက သတိကြီးစွာဖြင့် အားပေးလာသည်။

“သခင်လေး၊ အဲဒါက အဲဒီ အဘိုးအို အသုံးမကျတာပဲလေ၊ အကြီးအကဲယဲ့ကိုမှ သူက သွားစမိတာကိုး။ အခု သူသေသွားပြီဆိုတော့၊ ကျွန်တော်တို့ စိတ်ချရတဲ့ မဟာမိတ်အသစ်ကို ထပ်ရှာလိုက်ရုံပဲပေါ့”

စစ်ထူယန်သည် သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားနေရင်း မျက်နှာမဲ့မဲ့ဖြင့်ဆိုသည်။ “အဲ့နည်းတစ်ခုပဲ ကျန်တာပဲလေ”

အဲ့ဒီယဲ့မျိုးရိုးကို နောက်တစ်ခါထပ်မတွေ့ရစေဖို့ ဆုတောင်းရမှာပေါ့။

ခွင်းလွင်၏ စွမ်းအားရင်းမြစ်ပြောင်းလဲမှုတွေကြောင့် ရှေးဟောင်းခေတ်က ကျန်ရှိခဲ့သူများစွာ နိုးထရှင်သန်လာကြတော့မည်ဖြစ်၏။ သူ တကူးတကရှာဖွေနေစရာမလိုပါ။ သူတို့ကိုယ်တိုင် ခြေလှမ်းစပြီး ချဥ်းကပ်လာလိမ့်မည်။

ရုတ်တရက်။

မိုင်ရာပေါင်းများစွာ အကွာတွင် မသေမျိုးဘုရင် အဆင့် အရှိန်အဝါတစ်ခု ဖျတ်ခနဲပြေးသွားသလို ထွက်ပေါ်လာသည်။

“သခင်လေး!” တာပူက စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

ဒီလို ကျင့်ကြံဆင့်မျိုးနှင့်ဆိုလျှင် ပြန်လည်နိုးထလာသူတစ်ဦးဖြစ်ရမည်။

စစ်ထူယန်လည်း မှင်တက်သွားသည်။

တကယ်ကြီး တကူးတကရှာစရာတောင် မလိုတာပါလား။

ယဲ့ကျွင်းလင်နှင့် ထပ်မံရင်ဆိုင်တွေ့ဆုံရမည်ကို ရှောင်ရှားဖို့အတွက် စစ်ထူယန်သည် အပြင်သို့ အလျင်စလို မထွက်လာခဲ့ပါ။ တစ်ဖက်လူ သဲလွန်စရသွားမည်စိုးသဖြင့် သူ၏ နတ်ဘုရားအာရုံကိုတောင် မလွှင့်ထုတ်ဖြစ်ခဲ့။ လက်ရှိတွင်လည်း လက်လွတ်စပယ်လှုပ်ရှားဖို့မရဲဘဲ တော်ဝင်မျိုးဆက်၏ ကင်းထောက်မျက်လုံးကျင့်စဥ်ကို တိတ်တဆိတ်အသက်သွင်းသည်။

အရုဏ်ဦး မျက်လုံး!

စစ်ထူယန်သည် သူ၏ မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်ချောင်းနှစ်ချောင်းထောင်လိုက်သည်။ မကြာမီပင် ပြောင်းပြန်တြိဂံ မျက်လုံးတစ်လုံးက နဖူးထက်ပေါ်ထွက်လာတော့၏။ ထို တတိယမျက်လုံးသည် ‌ကောင်းကင်ထက်မှ ကြယ်တာရာတစ်စင်းကဲ့သို့ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ အပြန်အလှန် ချိတ်ဆက်နေသော အလင်းဝိုင်းများ ပါရှိသည်။ နတ်တမန်တစ်ပါး၏ အရာရာကိုဖောက်ထွင်းမြင်နိုင်သော မျက်လုံးများကဲ့သို့။

"မှန်းစမ်း ဘယ်သူလဲကြည့်ရအောင်"

သူ၏ အမြင်အတွင်းတွင် ပုံသဏ္ဌာန်တစ်ခု ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ဆံဖြူအဘိုးအိုတစ်ဦးဖြစ်၏။ ထူးဆန်းသည်မှာ တစ်ကိုယ်လုံး အဝတ်တစ်စမှ ကပ်မနေဘဲ အထူးသန်မာသော ကြွက်သားမြှောင်းများနှင့် စကျင်ကျောက်ရုပ်ထုကဲ့သို့ အနုစိတ်ချောမွေ့နေသော အလှတရားများအား လှစ်ဟဖော်ပြထားသည်။ နေဝင်ချိန်နောက်ခံတွင် ရဲဝံ့ပျော်ရွှင်စွာဖြင့် အရူးတစ်ယောက်လို လက်များဖြန့်ကားလျက် ပတ်ပြေးနေသည်။ ချွေးများကို တက်တက်ကြွကြွသုတ်ဖယ်ကာ ကျေနပ်အားရနေသော အပြုံးတစ်ခုဖြင့် လွတ်လပ်မှုကို အားပါးတရခံစားနေဟန်။

ဟင်!

စစ်ထူယန် နှလုံးအောင့်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ရ၏။

ကျက်သရေမရှိလိုက်ပုံများ။

မသေမျိုးဘုရင်အဆင့် စွမ်းအားရှင်တစ်ယောက်က ကိုယ်လုံးတီးနဲ့ ပတ်ပြေးနေသတဲ့လား?

ဒါက လူ့သဘောသဘာဝ ပျက်ပြားခြင်းလား၊ ဒါမှမဟုတ် ကိုယ်ကျင့်တရား ပျက်စီးခြင်းလား?!

တစ်ဖက်လူမှာ ထိုရှက်ဖွယ်လိလိလုပ်ရပ်ကိုပင် ပျော်ရွှင်ခံစားနေမိဟန်။

စန်းလန်ကျွင်းမှာတော့ နောက်ယောင်ခံစောင့်ကြည့်နေသူ၏ တည်ရှိမှုအား လားလားပင်မရိပ်မိ။ သိလျှင်တောင် နည်းနည်းမှရှက်ကြောက်မနေလောက်ပေ။ မင်းမြင်တယ်မလား? မြင်တဲ့အတိုင်းကြည့်လိုက်ကွာ။

ငါက အကြီးအကဲပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နေရုံသက်သက်ပဲ။

တစ်ဖက်လူ တဖြည်းဖြည်းဝေးကွာသွားသည်ကိုကြည့်ရင်း စစ်ထူယန် တတိယမျက်လုံးကို ပြန်လည်သိမ်းဆည်းလိုက်ကာ တဆတ်ဆတ်တုန်နေသောလက်များကို အသာဖိချုပ်ရ၏။

မျက်လုံးတွေကန်းကုန်တော့မယ်ထင်တယ်။

“သခင်လေး၊ ကျွန်တော်တို့ သူ့နောက်လိုက်မသွားသင့်ဘူးလား? စစ်တုရင်သူတော်စင်ထက် ပိုပြီး ခေတ်မီတဲ့ နည်းလမ်းတွေနဲ့ မဟာမိတ်တစ်ဦး ဖြစ်နိုင်တယ်” တာပူက စိုးရိမ်တကြီးဆိုသည်။

စစ်ထူယန်သည် ကောင်းကင်သို့သာမော့ကြည့်ရင်း သက်ပြင်းအကြီးကြီးချကာ လက်များကိုနောက်ပစ်လျက် ဂူထဲပြန်ဝင်သွားသည်။ တုံ့ပြန်လာသောလေသံတွင် ရွံရှာစက်ဆုပ်မှုများက အတိုင်းသားပေါ်လွင်နေခဲ့၏။

“ထားလိုက် အဲ့ကောင်က ရူးနေတာ!”

All Chapters