အခန်း (၅၂၅)
Vol. 38 Ch. 525
သူတော်စင်ကွမ်ချီ၏ အိုမင်းသောအသံသည် သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးစိတ်များအပြည့်ဖြင့် ကြမ်းတမ်းနက်နဲစွာ ထွက်ပေါ်လာတော့၏။ အသံလှိုင်းများသည် ပတ်ပတ်လည်ရှိ လေဟာနယ်ကိုပင် တွန့်ခေါက်ယမ်းခါစေကာ မိုင်ထောင်ချီအထိ ပျံ့နှံ့ကူးစက်နှင့် ကျေးငှက်သားရဲတိရိစ္ဆာန်များကို ကြက်သီးမွေးညင်းထသည်အထိ ကြောက်လန့်တုန်လှုပ်စေသည်။
ဖျတ်!
သူတော်စင်ကွမ်ချီက ဝတ်ရုံလက်ဖျားစကို တစ်ချက်ရိုက်ခါလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
“မရှိခြင်းမှ ဆန်းသစ်ခြင်းသို့!”
ထိုစကားတစ်ခွန်းအဆုံးတွင်၊
ရေတွက်မရနိုင်သော အဖြူအမဲ စစ်တုရင်ရုပ်များသည် သူ့ပတ်ပတ်လည်တွင် ပေါ်ထွက်လာကာ မယုံနိုင်လောက်အောင် မြန်ဆန်ဝေဝါးသောအရှိန်ဖြင့် စုစည်းသွားသည်။ ထို့နောက် နဂါးနက်တစ်ကောင်နှင့် ကျားဖြူတစ်ကောင်အဖြစ် ရုပ်လုံးပေါ်လာကြတော့၏။
“တိုက်!”
သူတော်စင်ကွမ်ချီသည် ယဲ့ကျွင်းလင်ရှိရာဘက်သို့ လက်ဖြင့်ညွှန်ပြကာ ခန့်ညားသောအသံဖြင့် အမိန့်ပေးလိုက်သည်။
အသက်စွမ်းအင်ဖြင့် ဖြည့်ထည့်ထားသော အနှစ်သာရချီများ ပြည့်ဝနေသည့် နဂါးနက်သည် ဟိန်းသံတစ်ချက်ပေးကာ ရှေ့သို့ ချဥ်းကပ်လာသည်။ ကြီးမားသော နဂါးခေါင်းသည် နေမင်းကိုပင် ကွယ်ဝှက်ဖုံးကာနိုင်ကာ အစွယ်များနှင့် ခြေသည်းများမှ ရက်စက်ကြမ်းကြုတ်သော စွမ်းအားအပြည့်ဖြင့် ထက်ရှစူးလက်လျက်ရှိ၏။
ကျားဖြူသည်လည်း ပြင်းထန်သော အရှိန်ဖြင့် ခုန်ထွက်လာကာ ကောင်းကင်ယံထက် ခြေချရပ်တည်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ကျန်းတစ်သောင်းရှည်လျားသော တောင်တန်းကြီးကဲ့သို့ အံ့မခန်းကြီးမားကာ ထိုခန္ဓာကိုယ်အား အဖြူရောင် စစ်တုရင်ရုပ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မျက်လုံးကိုအသေအချာပွတ်၍ အသေးစိတ်ကြည့်ပါက နေရာတကျဖွဲ့စည်းထားသော စစ်တုရင်ရုပ်များကိုမြင်နိုင်ပေမည်။
ဝေါင်း~
ကျားဟိန်းသံနှင့် နဂါးဟောက်သံတို့က နားကွဲမတတ်ကျယ်လောင်သည်။
“ရှင်းလိုက်!”
ယဲ့ကျွင်းလင်သည် စကားလုံးတစ်လုံးတည်းကိုသာဆိုလိုက်ရာ မဟာပထဝီမြေကြီးသည် ချက်ချင်းတုန်ခါသွားပြီး လက်ထဲရှိရွှေရောင်ဓားပျံကား အသက်ဝင်သကဲ့သို့ တောက်ပလာသည်။
ဓား၏ အလင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ကာ ယင်နှင့်ယန်ကို ခွဲခြားဖောက်ထုတ်နိုင်သည်။
နဂါးနက်နှင့် ကျားဖြူ နှစ်ကောင်စလုံးသည် ထိုခုတ်ချက်အား အခိုက်အတန့်မျှပင် ခံနိုင်ရည်မရှိလိုက်ဘဲ ချက်ချင်း နှစ်ပိုင်းပြတ်ကျသွားကြလေ၏။
နှစ်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်များသည် အနက်ရောင်နှင့် အဖြူရောင် စစ်တုရင်ရုပ်များအဖြစ် ခေတ္တပြန့်ကျဲသွားကာ တမုဟုတ်ချင်း တဂျွတ်ဂျွတ်မြည်သံဖြင့် ပြန်လည်ဖွဲ့စည်းလာသည်။ ချီစွမ်းအင်မှာ အနည်းငယ်လျော့ကျသည်ဆိုရုံသာရှိပြီး နဂိုမူလအတိုင်း မပျက်မစီးလျက်သာပင်။
ထူးဆန်းသောမြင်ကွင်းကြောင့် အနားရှိလူတိုင်း မှင်တက်မိသွားကြသည်။
မသေမျိုးဘုရင်တစ်ပါး၏ တာအိုကျင့်စဥ်ကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးခြင်းမရှိသော လင်တုရှိုတို့အုပ်စုမှာလည်း ဤမြင်ကွင်းကြောင့် အကြီးအကျယ်ထိတ်လန့်သွားကြရ၏။
“ဒါဆို ဒါတွေအကုန်လုံးကို အဲ့အဘိုးကြီးက စီစဥ်အကွက်ချထားတာပေါ့!” ဟုန်ချန်ယဲ့က လေးနက်စွာ မှတ်ချက်ပြုသည်။
ချင်ရူရန်ကတော့ စိုးရိမ်နေဟန်ဖြင့် မျက်မှောင်ကြုတ်လျက်သားရှိ၏။ “အကြီးအကဲယဲ့က ရန်သူရဲ့ ရှုပ်ထွေးတဲ့ မှော်တာအိုကျင့်စဥ်ကို ကိုင်တွယ်နိုင်ပါ့မလားလို့ စိတ်ပူမိတယ်"
“နတ်သမီး ချင်၊ ကျွန်တော်တို့ဆရာသခင်က ဘယ်လိုလူမျိုးလဲ မသိသေးဘူးနဲ့တူတယ်၊ ဒီလိုသေးငယ်တဲ့ လှည့်ကွက်တွေလောက် စကားထဲထည့်ပြောစရာတောင် မလိုပါဘူး! စောင့်ကြည့်လိုက်!” လီဝူကျယ်၏ လေသံက မောက်မာထောင်လွှားကာ ဆရာသခင်အပေါ်ထားရှိသော အကြွင်းမဲ့ယုံကြည်မှုကို ဖော်ပြနေသည်။
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်၊
နဂါးနက်နှင့် ကျားဖြူတို့သည် ယဲ့ကျွင်းလင်ပေါ်သို့ ခုန်အုပ်လာကာ သူတို့၏အရွယ်အစားနှင့်ယှဥ်လျှင် ဆန်စေ့တစ်စေ့လောက်သာရှိသော ထိုလူသားကို ဖျက်ဆီးဖို့ကြိုးစားလာသည်။
“လူငယ်လေး၊ ဒီအကြီးအကဲရဲ့ တာအိုကျင့်စဥ်ရှေ့မှာ မင်းအတွက် သေဖို့ကလွဲပြီး တစ်ခြားလမ်းမရှိတော့ဘူးကွ!” သူတော်စင်ကွမ်ချီသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်သည်။
“ဟုတ်သလား?"
ယဲ့ကျွင်းလင်ကတော့ တိုက်ပွဲ၏အလယ်တွင် ကျရောက်နေသူနှင့်မတူဘဲ အလုံးစုံတည်ငြိမ်နေသည်။ သူသည် လက်ထဲရှိ စန်းယွမ်ဓားကို တစ်ဖန်ကိုင်မြှောက်လိုက်ရာ အထပ်ထပ်လှုပ်ခါသွားသော ဓားချက်အရိပ်များက လူအများကို မျက်စိကျိန်းစပ်ပြာဝေစေ၏။
ကြီးမားသော သတ်လိုစိတ်က ပြင်းထန်သော ပင်လယ်လှိုင်းကဲ့သို့ တရကြမ်းရိုက်ခတ်လာကာ လေဟာနယ်အား တစ်လက်မ မကျန် ပြည့်နှက်စေသည်။
မသေမျိုးကို အသေသတ်မည့် ဓားကျင့်စဥ်!
ပြိုင်ဘက်ကင်း ဓားနှလုံးသားမြှင့်တင့်မှုဖြင့် ကျင့်စဥ်၏စွမ်းအားကလည်း အဆမတန် ထိုးတက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် နဂါးနက်နှင့် ကျားဖြူတို့ကို ရေတွက်မရနိုင်သော ဓားချက်များစွာက ဖုံးအုပ်လွှမ်းမိုးလာကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က သူတို့ခန္ဓာကိုယ်အား ဖြေဆေးမရှိသော ရောဂါကပ်ဆိုးကြီးနှယ် ခြုံလွှမ်းလာတော့၏။
မကြာခင်မှာပင် ထိုစစ်တုရင်ရုပ်များ မြင်သာသောအမြန်နှုန်းဖြင့် မှုန်ဝါးလာကြကာ လေထုထဲတွင် စုန်းစုန်းမြုပ်ကွယ်ပျောက်သွားကြတော့၏။
“မင်းက တကယ်ကို…” သူတော်စင်ကွမ်ချီသည် ထိတ်လန့်မှုဖြင့် မျက်နှာတစ်ခုလုံး မဲ့ရှုံ့သွားတော့သည်။
“အဘိုးကြီး၊ တခြားလှည့်ကွက်တွေ မရှိတော့ရင်လည်း အခုပဲ နာနာခံခံနဲ့ သေပေးလိုက်တော့!” ယဲ့ကျွင်းလင်က အပြုံးစစဖြင့် ဓားကိုဝင့်လျက် လူကိုခုတ်ချတော့မည်အပြု...
“လူငယ်လေး၊ အရမ်းမမောက်မာစမ်းနဲ့!”
သူတော်စင်ကွမ်ချီသည် ထိတ်လန့်မှုနှင့်ဒေါသတို့ပေါင်းကာ လက်ချောင်းကိုသင်္ကေတဖော်ပြီး အော်ဟစ်လိုက်သည်။ "အဆုံးမဲ့ စစ်တုရင်ခုံ"
ရုတ်တရက် ကြီးမားသော စစ်တုရင်ခုံတစ်ခုသည် ယဲ့ကျွင်းလင်၏ ခြေအောက်တွင် ထွက်ပေါ်လာသည်။ တစ်ခုတည်းမကသေး၊ နောက်ထပ် ရေတွက်မရနိုင်သော စစ်တုရင်ခုံများစွာလည်း ထူထပ်စွာ ပေါ်ထွက်လာကာ လူကို စစ်တုရင်ခုံများဖြင့် တည်ဆောက်ထားသော လှောင်အိမ်တစ်ခုထဲ ပိတ်သိမ်းထားသကဲ့သို့ ပုံပေါ်စေ၏။
“စိတ်ဝင်စားစရာပဲ၊ ကျုပ်ကိုထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား?” ယဲ့ကျွင်းလင်သည် မေးလိုက်သည်။
“တစ်ဝက်ပဲ မှန်တယ်!”
သူတော်စင်ကွမ်ချီ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်မှုဖြင့် အထိန်းအကွပ်လွတ်နေသကဲ့သို့ ရှိ၏။
“အဓိကအချက် မင်းကိုအသေသတ်ဖို့ပဲ!”
စကားဆိုပြီးနောက် လက်သင်္ကေတကို နောက်တစ်ခုပြောင်းလဲလိုက်သည်။
“စစ်တုရင်ခုံ ဖျက်ဆီးခြင်း!”
အုန်း…
ယဲ့ကျွင်းလင်ကို ထူထပ်စွာ အုပ်မိုးကာဆီးထားသော စစ်တုရင်ခုံများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ ထိုပေါက်ကွဲမှုမှာလည်း အဟုန်ပြင်းသည်။ လေဟာနယ်တွင် လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာကာ ပေါက်ထွက်လာသောချီစွမ်းအင်တို့က မိုင်နှုန်းပေါင်းတစ်သိန်းဖြင့်တိုက်ခတ်သော လေဆင်နှာမောင်းများနှယ် အလယ်ရှိလူကို ဝါးမျိုစားသုံးဖို့ ကြိုးစားလာကြတော့၏။
မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းသလို ကမ္ဘာပျက်နေသည့်အလား ကြောက်ဖို့လည်းကောင်းသည်။