မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကို ရှာဖွေခြင်း (1)
Vol. 24 Ch. 231
တောက်ဓမ္မဂိုဏ်း၏ အခရာဂိုဏ်းသုံးခုသည် သီးခြားနေထိုင်ကြပြီး ရှားနိုင်ငံ၏ နယ်မြေများအား တစ်နယ်နှင့် တစ်နယ် မစွက်ဖက်ပဲ စီမံကြကြောင်း သိထားပြီးဖြစ်သည်။
သာမန်အချိန်မျိုးတွင် မိသားစုတစ်ခုချင်းမှ တာဝန်ယူထားသည့် နယ်မြေတွင် သဘာဝလွန်ပြဿနာတစ်ခုခုရှိပါက အခြားမိသားစုများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ။
သူတို့သည် နယ်မြေခံတောက်ဓမ္မဂိုဏ်းနှင့် ဆက်သွယ်ဖြေရှင်းရမည်ဖြစ်သည်။ မဟုတ်ပါက ကတောက်ကဆများ ဖြစ်ပျက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သူမ အသံသည် အနည်းငယ် အက်ကွဲနေခဲ့သည်။
“အဖေ.. ဒီနေရာမှာ သမီးမမြင်နိုင်တဲ့ နေရာမှာ အဲဒီဝိဉာဉ်တွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာကို မသိနိုင်ဘူးနော်၊ တောင်ပိုင်းနယ်မြေရဲ့ တာဝန်ခံတောက်ဓမ္မဂိုဏ်းခွဲက လူတွေက ဘာကိုမှ ရှာမတွေ့ခဲ့ကြဘူးလား? ဂိုဏ်းချုပ်မှာရော ဘာသတင်းမှ မရခဲ့ကြတာလား?”
“အဲ့ဒီဂိုဏ်းခွဲက လူတွေ တကယ်ကို ဘာပြဿနာမှ မရှိတာလား? သမီးတို့က ဒီတိုင်းပဲ.. ကြည့်နေရမှာလား?”
ခေတ္တကြာပြီးနောက် ပင်ပန်းနေသံပေါ်သည့် ရှီကွေးထံမှ စကားသံထွက်လာခဲ့သည်။
“အဖေက ရှီမိသားစုရဲ့ အကြီးအကဲလေ၊ ပြီးတော့ သမီးက ဆက်ခံသူ၊ အဖေတို့ နှစ်ယောက် ဝင်ပြီး စွက်ဖက်လိုက်ပြီဆိုတာနဲ့ အဲ့တာက ရှီမိသားစုတစ်ခုလုံးကို ကိုယ်စားပြုလိုက်သလို ဖြစ်သွားတော့မှာပဲ”
ရှီဟိုင်ဟုန်: “……”
“သမီးနားလည်ပါပြီ..”
သူမ ဖုန်းချလိုက်ပြီးချိန်တွင်တော့ မျက်ဝန်းများနီရဲနေကာ ကိုယ့်ကိုကိုယ် အားနည်းလွန်းလှသည်ဟု တွေးမိလိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင်လည်း တင်းကြပ်နေခဲ့သည်။
ထိုအချိန်တွင် ကုကျစ်စုန့် ရုတ်တရက် စကားစသည်။
“ဒီတစ်ကမ္ဘာလုံးမှာ တရားဥပဒေဆိုတာ မရှိတော့ဘူးလား? ဒါက ရှားနိုင်ငံတော်ရဲ့ တောင်ပိုင်းပြည်နယ်ပဲ၊ တောက်ဓမ္မဂိုဏ်းရဲ့ ပိုင်နက်မဟုတ်ဘူး”
ရှီဟိုင်ဟုန် ခေါင်းမော့ကာ သူမရှေ့မှ မိန်းမလှအား ကြည့်လိုက်မိသည်။
“ရှင်ပြောချင်တာက … ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်ကို သတင်းပေးဖို့လား?”
တစ်ဖက်မှ တင်ဆက်သူကတော့ ရွာအဝင်ဝတွင် ကလေးငယ်များနှင့် စကားပြောရင်း ပြုံးရွှင်နေခဲ့သည်။
ကလေးငယ်များသည်က တီဗီတွင် ပါနေကြောင်းနှင့် လူအများကြီးမှ သူတို့အား ကြည့်နေကြောင်း သိရပြီးချိန်တွင် အင်မတန် တက်ကြွပျော်မြူးနေခဲ့ကြသည်။
ထိုဆူညံသံများကြောင့် အနီးအနားမှ စတိုးဆိုင်ဝန်ထမ်းများ၏ သိချင်စိတ်ကိုလည်း နိုးထစေခဲ့သည်။
သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးနှစ်ဦး စတိုးဆိုင်ထဲမှ ခေါင်းပြူထွက်လာပြီးနောက် ကင်မရာအဖွဲ့အား မြင်လိုက်ရချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားသွားကြသည်။
“နင်တို့ကလေးတွေ အဲဒါက ဘာလုပ်နေကြတာလဲ? မသိတဲ့ လူစိမ်းတွေနဲ့ အဲဒီလို ရင်းရင်းနှီးနှီးနေရမယ်လို့ ဘယ်သူက ပြောထားလို့လဲ?!”
ကလေးငယ်များလည်း အော်ဟစ်ဆူပူသံကြောင့် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် အဆောတလျင် ထွက်ပြေးသွားကြသည်။
ထိုအချိန်မှသာ ထိုကလေးများသည် စတိုးဆိုင်ဝန်ထမ်းများ၏ ကလေးများဖြစ်ကြောင်းကို ရိုက်ကူးရေးအဖွဲ့သိလိုက်ရသည်။ ထိုဝန်ထမ်းသုံးဦးမှာလည်း ရွာထဲမှဖြစ်ကြသည်။
သူတို့အားလုံး၏ အကြည့်ထဲတွင် မယုံသင်္ကာစိတ်များ၊ စေ့စပ်စူးစမ်းမှုများ ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ရိုက်ကူးရေးအဖွဲ့နောက်မှ ကျန်းရှောင်နာထွက်လာပြီးနောက် ရင်းနှီးနေသည့် ရွာသူများအား နှုတ်ဆက်လိုက်သည်။
“အစ်မလီ၊ အစ်မကျိုး”
လီအမျိုးသမီးလည်း သူမအား မြင်လိုက်ချိန်တွင် အံ့အားသင့်စွာ မျက်ဝန်းများ ပြူးကျယ်သွားပြီးနောက် ဘေးဘီမှ လူများအား ကြည့်လိုက်သည်။
“ဟော်၊ ဒါက မစ်စ်ကျန်းမဟုတ်ဘူးလား? ရှင်တို့ လင်မယားနှစ်ယောက် ဒီကိုပြန်ရောက်လာကြတာလား?! ဒီလူတွေကရော ရှင်တို့ရဲ့ အသိတွေလား?”
စတိုးဆိုင်ထဲတွင် စောင့်နေကြသည့် ဝန်ထမ်းနှစ်ဦးကလည်း ခေါင်းလေးများ ပြူထွက်လာပြီးနောက် စပ်စုနေခဲ့ကြသည်။ ကျန်းရှောင်နာအား မသိသေးသည့် ဝန်ထမ်းအသစ်က အသံတိုးတိုးဖြင့် မေးလာသည်။
“အဲဒါက ဘယ်သူမို့လို့လဲ?”
ကျိုးအမျိုးသမီးကလည်း လေသံတိုးတိုးနှင့် ပြန်ဖြေသည်။
“ကျုပ်အရင်က ညည်းကို ဒီရွာကမဟုတ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ပြောဘူးတယ်မဟုတ်လား? သူငယ်ငယ်က သူတို့မိသားစုတွေ ကျုပ်တို့ရွာကိုလာလည်ပြီး ညီမလေး ‘လေလံတင်’ခံလိုက်ရတာလေ၊ အဲဒီကောင်မလေးကို ပြန်ရှာနေတာ နှစ်တွေကြာပေါ့။ မှတ်မိသေးလား? အဲဒါ ဒီကောင်မလေးလေ!”
‘လေလံတင်ခံရသည်’ဆိုသော အသုံးအနှုန်းမှာ သူတို့၏ ဒေသိယအသုံးအနှုန်းဖြစ်သည်။
ကလေးငယ်များ ဖမ်းဆီးခံရခြင်းအား ‘လေလံတင်ခံရသည်’ဟု ခေါ်ကာ လေလံတင်ခံရသည်ဆိုသည်မှာ လူကုန်ကူးသူများ၏ ဖမ်းဆီးခံရပြီးနောက် ဥပဒေမဲ့စွာ ရောင်းချခံရခြင်းအား ဆိုလိုသည်။
အမျိုးသမီးလည်း အံ့အားသင့်သွားသည်။
“အဲဒါ သူလား? သူ့ကြည့်ရတာတော့ ငယ်သေးပုံပါပဲ၊ ပြီးတော့ လက်လျှော့မယ့်ပုံလည်း မပေါ်ဘူး အဲဒီကောင်မလေးကို ရှာနေတာ ဘယ်နှစ်နှစ်လောက် ရှိပြီတုန်း?”
“သူက ခေါင်းမာလွန်းပါတယ်၊ ကျုပ်တို့လည်း အသုံးမဝင်တော့ပါဘူး၊ လက်လျှော့လိုက်ပါလို့ ပြောပေါင်းလဲ မနည်းဘူး။ နားကိုမထောင်တာ…”
အမျိုးသမီး လေသံတိုးတိုးဖြင့် စကားပြောနေစဉ် လီအမျိုးသမီးကလည်း တင်ဆက်သူလျှို့၊ ကျန်းရှောင်နာတို့ဖြင့် စကားပြောနေခဲ့သည်။
တင်ဆက်သူလျှို့နှင့် သူမနောက်မှ ကင်မရာဖြင့် လူများသည်က ကျန်းရှောင်နာအား လူပျောက်ကူရှာပေးမည့်လူများဖြစ်ကြောင်း သိလိုက်ရပြီးနောက် ခေတ္တ ပြောစရာစကားမဲ့သွားခဲ့သည်။
“…ဪ… အဖြစ်က အဲဒီလိုလား?”
“ဒါပေမယ့် အစ်မ ၊ နင် အဲ့လိုမျိုး ကြက်ကန်းရှာသလို ရှာလို့မှ မရတာ၊ ငါပြောပါတယ်၊ နင့်ညီမလေးက ငယ်ငယ်လေးနဲ့ ‘လေလံတင်ခံ’လိုက်ရတာလေ၊ ရောင်းစားလိုက်တာ ကြာလောက်ပြီပေါ့အေ”
လီအမျိုးသမီးစကားမဆုံးခင်မှာပင် လူအုပ်ထဲမှ အေးစက်တည်ငြိမ်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါဆိုရင် ကျွန်မ ဒီကအစ်မကို တစ်ခုလောက် မေးချင်ပါတယ်၊ ဒီနယ်မှာ လူကုန်ကူးခံရတဲ့လူတွေ အများကြီးပဲလား?”
လီအမျိုးသမီး လှမ်းကြည့်လိုက်ချိန်တွင်တော့ နှင်းကဲ့သို့ ဖြူဆွတ်သည့် အသားအရေ၊ မဟူရာကျောက်ကဲ့သို့ မည်းနက်တောက်ပြောင်နေသော မျက်ဝန်းများနှင့် မိန်းမလှတစ်ဦးအား တွေ့လိုက်ရသည်။
ထိုမိန်းမလှလေး၏ နောက်ထပ်အမေးစကားအား ကြားရပြီးချိန်တွင်တော့ သူမမျက်နှာမှ အပြုံး ပျောက်ဆုံးသွားခဲ့သည်။
ကုကျစ်စုန့်: “ဒီနယ်မြေမှာ လူကုန်ကူးခံရတဲ့သူ ဒီလောက်များတာ၊ အစ်မတို့ရွာကိုရော လာရောင်းကြတာ မရှိဘူးလား?”
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်သွားပြီးနောက် မစ်စ်လီ ခြောက်သွေ့စွာ ရယ်လိုက်သည်။
“ဒါက….”
ကုကျစ်စုန့်၏ တည်ငြိမ်အေးစက်သည့် မျက်ဝန်းများအား ကြည့်လိုက်ပြီးနောက် သူမ ရုတ်တရက် အကြောင်းရင်းမဲ့စွာ ထိတ်လန့်သွားခဲ့သည်။ နှုတ်ဖျားမှ ‘မဖြစ်နိုင်တာ’ဆိုသည့် စကားသံခပ်တိုးတိုး ထွက်လာခဲ့သော်ငြား ပေါင်ထောင်ချီသည့် ဖိအားများနှင့် ဖိနှိပ်ခံထားရသောကြောင့် စကားမပြောနိုင်သည့်အလား ဖြစ်နေခဲ့ပြီး တွေဝေတုံ့ဆိုင်းနေခဲ့သည်။
“အဲဒါမျိုးကို ဘယ်သူက ပြောနိုင်မှာလဲ? တခြားလူတွေ လက်ထပ်ရင်ရော အပြင်လူတွေကို သတို့သမီးက လူကုန်ကူးခံရတာလို့ ပြောပါ့မလား၊ သွားမေးရင်တောင် မသိဘူးလို့ပဲ ပြောမှာပေါ့”
သူမ၏ မရေရာသည့် အဖြေစကားကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူများလည်း အနည်းငယ် သံသယဝင်လာကြသည်။
[ငါတော့ သူပြောတာ မယုံပါဘူး. ရွာထဲက အဘိုး၊ အဘွားတွေက မတရားကို စပ်စုတာနော်. အိမ်တိုင်းရဲ့ အတွင်းရေးကိုတော့ သိကြတာချည်းပဲ. ဘာမှ မသိဘူးဆိုတာတော့ အဓိပ္ပာယ်မရှိဘူး]
[မွေးစားဖို့ကလေးပဲဖြစ်ဖြစ်၊ ချွေးမလောင်းကပဲဖြစ်ဖြစ် လူကုန်ကူးခံရတဲ့သူဆိုရင်တော့… အဲလိုကိစ္စမျိုးက သုံးရက်လောက် နေတာနဲ့ တစ်ရွာလုံး ညစာထမင်းဝိုင်းမှာ ပြောဆိုနေကြမဲ့ ကိစ္စမျိုးပဲ!]
[ဒီအစ်မလီကိုကြည့်ရတာ အပြစ်ရှိနေသလိုပဲ၊ သူမက အမှန်ကို ပြောနေတာ မဖြစ်နိုင်ဘူး ငါကတော့ သူသိတဲ့လူတွေထဲမှာ အဲဒီလိုကိစ္စမျိုး ရှိကိုရှိတယ်လို့ ထင်တယ်]
[ခုနက တင်ဆက်သူလျှို့က ကလေးတွေကို စနေတုန်းကလေ၊ သူတို့တွေ အသံကြားတာနဲ့ တန်းထွက်လာတာကို ငါမြင်လိုက်တယ်၊ သူတို့ကိုကြည့်ရတာ လူစိမ်းတွေမြင်တော့ တော်တော်လေးကို လန့်သွားပုံပဲ
အနီးအနားမှာ လူကုန်ကူးတာတွေသာ ဖြစ်မနေဘူးဆိုရင် အဲ့လောက်ထိ လန့်စရာအကြောင်းမရှိဘူးနော် ဟုတ်တယ်ဟုတ်?]
[……]
ကုကျစ်စုန့် မျက်ခုံးပင့်လိုက်ပြီးနောက် မစ်စ်လီ၏ စကားထဲမှ ဟာကွက်အား သတိပြုမိလိုက်သည်။
သူမ အနည်းငယ်စိတ်အားတက်သွားသည်။
“ဒီတော့ အစ်မပြောချင်တာက ဒီနားတစ်ဝိုက်မှာ သတို့သမီးလောင်းအတွက် လူကုန်ကူးတဲ့ကိစ္စတွေ ရှိတယ်ပေါ့?”
လီအမျိုးသမီးလည်း သီးသွားပြီးနောက် စကားဆက်မပြောတော့ပေ။
“ဘာ.. ဘာကို ပြောချင်တာလဲ? ကျုပ်က လူဆိုးမဟုတ်ဘူးနော်၊ အစ်မကျန်း… နင်က ဒီလူတွေကို ခေါ်လာတာက ငါတို့ ရွာထဲက လူတွေက နင့်ညီမကို ဖမ်းထားတယ်လို့ ထင်နေလို့လား?”
ကျန်းရှောင်နာ ချက်ချင်း လက်ခါလိုက်ပြီးနောက် ငြင်းဆိုသည်။
“အစ်မလီ၊ အစ်မလီ အတွေးလွန်နေတာပါ၊ ဒီပရိုဂရမ်အဖွဲ့က ပြဿနာဖြစ်သွားတဲ့ နေရာကို လာကြည့်ပြီး အဖြစ်အပျက်ကို သေချာနားလည်အောင်နဲ့ သဲလွန်စများ ရှာတွေ့မလားဆိုပြီး လာကြတာပါ”
ထိုအချိန်တွင် စတိုးဆိုင်ထဲမှ ချောင်းကြည့်နေသော အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးသည် လူအုပ်ထဲတွင် တောက်ကျန့်ဝတ်ရုံ ဝတ်ဆင်ထားသော ရှင်းယိချင်း၊ အနက်ရောင် ပိုးသားပေါ်တွင် ရွှေရောင်ဒီဇိုင်းများ ကွန့်မြူးထားသော ဝတ်စုံဝတ်ဆင်ထားကာ ဆံပင်အား ကျစ်ဆံမြီးကျစ်၍ နေကာမျက်မှန်တပ်ထားသော ဟဲမီတူတို့အား သတိပြုမိသွားသည်။
သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီးနောက် မျက်လုံးများပြူးကာ ထ,အော်လိုက်သည်။
“ဘုရားရေ! မင်းတို့က အခု အင်တာနက်ပေါ်မှာ နာမည်အကြီးဆုံး ထူးခြားဆန်းကြယ်ပညာရှင်တွေ မဟုတ်ဘူးလား?”
“ဒီက အမျိုးသမီးက ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အကြောင်း ပြောနေတာဆိုရင်တော့ ဟုတ်ပါတယ်၊
ကျွန်တော်တို့က ဒီအစီအစဉ်ရဲ့ ရိုက်ကူးရေးအဖွဲ့ဖြစ်ပြီးတော့ မစ်စ်ကျန်းရှောင်နာကို လူပျောက်ကူရှာပေးဖို့အတွက် လာခဲ့ကြတာပါ”
“ငါ မင်းတို့ကို ဗီဒီယိုအတိုလေးတွေထဲမှာ မြင်ဖူးတယ်၊ မင်းတို့က သရဲဖမ်းရုံတင်မကဘူး၊ လူပျောက်ရှာပေးတဲ့ အလုပ်တွေပါ လုပ်လိမ့်မယ်လို့ ထင်မထားဘူး!”
မစ်စ်လီနှင့် မစ်စ်ကျိုးတို့ကတော့ မည်သို့သော အစီအစဉ်မျိုးကိုမှ မကြည့်သောကြောင့် ကုကျစ်စုန့်နှင့် အခြားသော ‘ဝိဉာဉ်ရေးရာ’ အဖွဲ့သားများအား သတိမထားမိကြပေ။
တတိယမြောက်အမျိုးသမီး၏ ပြောစကားအား ကြားရပြီမှသာလျှင် သူတို့ရှေ့မှ လူများသည် သရဲ၊တစ္ဆေ၊နာနာဘာဝများအား မြင်နိုင်သည့် ထူးခြားပညာရှင်များဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ရုတ်တရက် မစ်စ်လီ မျက်နှာပျက်သွားသည်။
*