မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးကို ရှာဖွေခြင်း(2)
Vol. 24 Ch. 232
လူမှုဆက်ဆံရေးကောင်းမွန်သည့် တင်ဆက်သူလျှို့သည်ကား တတိယမြောက်အမျိုးသမီးနှင့် စကားစမြည်ပြောနေပြီဖြစ်သည်။
သူမစကားအရ သူမ၏ မျိုးရိုးနာမည်သည် ‘သိုက်’ ဖြစ်ပြီး အသက် ၃၄နှစ်အရွယ်ဖြစ်သည်။ သူမသည် ရှောင်ရှီကျေးရွာသူ မဟုတ်ဘဲ အနီးအနားရွာမှဖြစ်လေသည်။ ထိုစတိုးဆိုင်တွင် ဆိုင်အကူနှင့် ငွေကိုင်အဖြစ် အလုပ်လုပ်ကိုင်နေခြင်းပင်။
ကြက်တောင်စည်းနှစ်ဖက်စည်းထားသည့် မိန်းကလေးငယ်သည်က သူမ၏ သမီးဖြစ်သည်။
တင်ဆက်သူလျှို့မှ အင်တာဗျူးအနေဖြင့် မေးလိုက်သည်။
“မစ်စ်သိုက်ကရော အနီးအနားရွာတွေမှာ လူတွေပျောက်,ပျောက်နေတာကို သိထားပါသလား?”
မစ်စ်သိုက် ခပ်ယေးယေးပြုံးကာ ခေါင်းကို ရမ်းလိုက်သည်။
“ဟိုနား၊ဒီနားမှာတော့ ကလေးဖမ်းတွေ ရှိတာပေါ့၊ ငါတို့က ကလေးတွေကို တစ်ယောက်တည်း လျှောက်မသွားအောင် သေချာဂရုစိုက်ပြီး ပြောဆိုသင်ပေးထားရတယ်လေ၊
အင်တာနက်နဲ့ သတင်းတွေကတော့ တောင်ပိုင်းနယ်မြေမှာ လုံခြုံရေးမကောင်းတာတွေ၊ ပတ်ဝန်းကျင် မသန့်တာတွေ ပြောကြပေမယ့် အဲလောက်ကြီး ချဲ့ကားထားလိမ့်မယ်လို့ မထင်မိဘူး”
“ပြီးတော့ ငါကတော့ ဒီရွာထဲမှာ ကလေးတွေ၊ မိန်းမတွေ ရောင်းစားခံရတာမျိုး တစ်ခါမှ မကြားဖူးဘူး”
ဘေးတွင် ရပ်နေသည့် ကုကျစ်စုန့် ရုတ်တရက် မေးလိုက်သည်။
“အစ်မသိုက်၊ အစ်မက ဒီနယ်မြေဇာတိမဟုတ်ဘူးမလား?”
မစ်စ်ဒိုင်းလည်း ခေတ္တမျှ အံ့အားသင့်သွားသည်။
“နင် ဘယ်လိုလုပ် သိတာလဲ?”
သူမ နန်ပြည်နယ်တွင် နေထိုင်သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး သူမဇာတိမြေမှ လေသဲဝဲခြင်းပင် ပျောက်ကွယ်သွားပြီဖြစ်သည်။ လွန်ခဲ့သည့် ၂နှစ်အတွင်း သူမနှင့်တွေ့ခဲ့သူတိုင်းသည် သူမအား နန်ပြည်နယ်မှဟုသာ ထင်ကြသည်။
“ငါက ဒီနယ်ဇာတိမဟုတ်ဘူးလေ၊ ညီမလေး မင်းက တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တာလား? အရမ်းမိုက်တာပဲ!”
သူမ ဘယ်နေရာတွင် မွေးဖွားသည်အား ကုကျစ်စုန့် သေချာမမြင်ရ။
အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာပေါ်တွင်လည်း မြူခိုးများ ဖုံးအုပ်နေသောကြောင့် သူမအနေဖြင့် ကောက်ချချက်ရန် ခက်ခဲလှသည်။
သို့သော် သူမ၏ မျက်နှာအကျအား ကြည့်ခြင်းအားဖြင့် မစ်စ်ဒိုင်း၏ နားထင်နားမှ ဆံစပ်၊ အထူးသဖြင့် ထျန်ကန်နေရာမှ ဆံစပ်သည် မြင့်မားကာ ရှုပ်ထွေးနေသည်။ ထိုနေရာသည် နေရာပြောင်းရွေ့ခြင်းနန်းတော်နေရာလည်း ဖြစ်သည်။
ထိုကဲ့သို့သော နေရာမျိုးတွင် နန်းတော်ရှိသည့် လူတိုင်းသည် ဘဝအဆင်ပြေချောမွေ့မှုမရှိတတ်ကြပေ။ နယ်မြေရပ်ခြားတွင် တစ်ချိန်လုံးလှည့်ပတ်သွားနေတတ်သူများ၊ နယ်မြေခြားတွင် နေထိုင်ကြသူများနှင့် ဇာတိမြေတွင် မပျော်ရွှင်သူများ ဖြစ်ကြသည်။
သူမသည် အိမ်ကို လွမ်းဆွတ်နေသော်ငြား ပြန်သွားလို့မရပေ။
ထိုအချက်အလက်တစ်ခုတည်းနှင့်ပင် မစ်စ်သိုက်သည် နန်ပြည်နယ်သူမဟုတ်ကြောင်း ပြောနိုင်သည်။
ကျန်သည့်စကားလုံးများကတော့ သူမကိုယ်တိုင် ဆက်ပြောသွားခဲ့ပြီး သူမ စကားအရ မစ်စ်သိုက်သည် တောင်ပိုင်းမှ ဖြစ်သည်။
ကုကျစ်စုန့်၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းများ ပိတ်ဆို့ခံထားရချိန်တွင် သူမ မျက်နှာပုံစံကိုသာ ဖတ်၍ ရပြီး မစ်စ်သိုက်၏ မျက်ခုံးမွှေးအရ သူမတွင် အစ်ကိုမောင်၊ညီအစ်မများ ရှိကြောင်း သိနိုင်သည်။
မျက်လုံး၏ နက်ရှိုင်းမှုကြောင့်လည်း သူမသည် ကိုယ်ဝန်ရှိနေကြောင်း ပြော၍ရနိုင်သည်။
ထို့အပြင် နားထင်ဘေးမှ အဖုအထစ်များကြောင့် ပြောနိုင်သည်မှာ သူမသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့် ဆက်ဆံရေးမဆိုးလှပေ။
ထိုအရာများသည် ထင်ရှားသိသာသည် ရုပ်လက္ခဏာဖတ်ခြင်းပညာတို့သာ ဖြစ်၏။ လူတစ်ယောက်သည် စိတ်ဝိဉာဉ်အား အာရုံမခံစားနိုင်လျင်တောင်မှ စာအုပ်ထဲကအတိုင်း ကြေညက်အောင် ဖတ်ထားလျှင် ထိုအရာများကို သိနိုင်သည်။
ကျန်သည့်အချက်များကတော့ လက္ခဏာဖတ်ခံရသူ၏ အံ့ဩတကြီး တုံ့ပြန်မှုအရ သိရှိရသည့် အချက်အလက်များသာ ဖြစ်ချေသည်။
ဤအရာသည် ဗေဒင်ဆရာအများစု အသုံးပြုကြသည့် စိတ်ကိုလှည့်စားခြင်း နည်းပညာတစ်မျိုးဖြစ်၏။
တင်ဆက်သူလျှို့: “ဒါဆိုရင် ဘာလို့များ နန်ပြည်နယ်သားနဲ့ လက်ထပ်ခဲ့တာပါလဲ မစ်စ်သိုက်?”
မစ်စ်သိုက် မရေရာစွာ ပြုံးလိုက်သည်။
“ကျွန်မကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးတာလေ”
သူမ ထုတ်မပြောချင်သော်ငြား စိတ်ကို ပြင်ဆင်၍ အလုံးစုံပြောပြခဲ့သည်။
မစ်စ်သိုက်သည်ကား တောင်ပိုင်းပြည်နယ်သို့ ရောက်ရှိနေသည်မှာ နှစ် ၂၀ခန့်ရှိပြီဖြစ်သည်။
ထိုအချိန်က သူမတို့ မိသားစုထဲတွင် မွေးချင်းမောင်နှမများ များပြားလွန်းသောကြောင့် ကျောင်းလည်း တက်ခွင့်မရခဲ့ပေ။ သူမ အသက် ၁၅, ၁၆နှစ်အရွယ်ခန့်တွင် အလုပ်လုပ်ရန် အိမ်မှ ထွက်လာခဲ့သည်။
ပထမဆုံးနှစ်တွင် လျှပ်စစ်ပစ္စည်းစက်ရုံတစ်ခု၌ အလုပ်,လုပ်ကိုင်နေခဲ့ပြီး ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်,လုပ်သည့် အစ်မတစ်ဦးမှ သူမအား နန်ပြည်နယ်သို့ အလုပ်ရှာပေးရန် ခေါ်သွားမည်ပြောသော်ကြောင့် လိုက်လာခဲ့မိသည်။
ရလဒ်ကတော့ သူမသည် အလုပ်နှင့်တူသည့် အရိပ်အယောင်ကိုတောင် မမြင်ခဲ့ရပေ။ သူမအား ခေါ်လာသည့် အစ်မမှ သူမထက် အသက်ဆယ်နှစ်ကြီးသည့် ဘေးရွာမှ လူငယ်တစ်ဦးဖြင့်သာ မိတ်ဆက်ပေးခဲ့သည်။
သူမပြောစကားမှာ မစ်စ်သိုက်သည် အိမ်တွင်လည်း အချစ်မခံရသောကြောင့် အိမ်ထောင်ဖက်ကောင်းကောင်းရှာပေးသည်ဟုပင်။
ထိုအချိန်က မိန်းမငယ်လေးတစ်ဦးသာဖြစ်ပြီး တစိမ်းတစ်နေရာတွင် တစ်ဦးတည်းဖြစ်နေသော မစ်စ်သိုက်လည်း စိတ်မပါ့၊တပါနှင့် သဘောတူခဲ့ပြီးနောက် ထိုအချိန်မှစ၍ သူမအိမ်သို့ မပြန်ဖြစ်တော့ပေ။
[အဲဒီတုန်းက ဒီအစ်မက တော်တော်လေး ငယ်သေးတာပဲမဟုတ်ဘူးလား? သူမက အသက် ၁၇၊၁၈လောက်မှာတင် အိမ်ထောင်ပြုဖို့အတွက် လိမ်ခံလိုက်ရတာပဲ၊
သူ့ကိုပြောတော့ အလုပ်ရှာပေးမယ်ဆိုပြီးတော့ အသက် ၃၀လောက်ရှိတဲ့ သူနဲ့ မိတ်ဆက်ပေးတယ်? အဲဒါက လိမ်လည်ဖျားယောင်းသွေးဆောင်မှုမဟုတ်ဘူးလား?]
[ဒါက လူကုန်ကူးတာပဲလေ…]
[အချို့ကတော့ ထူးဆန်းတယ်လို့ ထင်ကြလိမ့်မယ်၊ ဒါပေမယ့် ငါ့အဒေါ်တစ်ယောက်ဆိုရင် အသက် ၁၄နှစ်မှာ အိမ်ထောင်ကျပြီး ၁၆နှစ်မှာ သားဦးမွေးတာလေ၊ ဒါပေမဲ့ အခုကျတော့ အသက် ၁၄နှစ်၊၁၅နှစ်တွေက အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းပဲ ရှိကြသေးတယ်!]
[စဉ်းစားကြည့်ရင်တော့ ကြောက်စရာကြီးနော်၊ အဲဒီတုန်းက အစ်မဒိုင်းများ သဘောမတူခဲ့ဘူးဆိုရင် ပိုတောင် ကြောက်ဖို့ကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်ထင်တယ်
ဒီနယ်မြေမှာ သူက တစ်ကောင်ကြွက်ပဲလေ၊ ကံမကောင်းတာက အဲဒီလူကို လက်ထပ်လိုက်တာကပဲ သူ့အတွက် အဲဒီအချိန်တုန်းကတော့ အကောင်းဆုံးရွေးချယ်မှုပဲ]
နားထောင်နေကြသည့် ပြိုင်ပွဲဝင်များလည်း မည်သည့်စကားကို ပြောရမှန်း မသိဖြစ်နေခဲ့သည်။
ဒေစီကတော့ မနေနိုင်စွာ မေးမိသည်။
“အစ်မ… အစ်မ အိမ်ကို လွမ်းတာတို့၊ ဒေါသထွက်တာတို့များ မဖြစ်ဘူးလားဟင်?”
မစ်စ်သိုက်ကတော့ ခပ်အေးအေးပင်။
“ငါတို့ပေါင်းလာတာ နှစ် ၂၀လောက်တောင် ရှိပြီပေါ့၊ ပြီးတော့ ဒီနေရာမှာ အခြေကျနေပြီး ကလေးနှစ်ယောက်တောင် ရပြီလေ၊ ပြီးတော့ သူက ငါ့ကို တစ်ခါမှ မဆူ၊မငေါက်ဘူးသလို လက်လည်း မပါဖူးဘူး ဘာကို ဒေါသထွက်စရာရှိရမှာလဲ?”
“ငါ သူနဲ့ လက်မထပ်ခဲ့ရင်လည်း အခြားတစ်ယောက်နဲ့ ယူရမှာပဲ၊ ပြီးတော့ ငါအလုပ်ထွက်လုပ်တော့လည်း မိသားစုတွေက တစ်ခါမှတောင် လာမရှာခဲ့ဖူးဘူး၊ ပြန်သွားရင်တောင်မှ သူတို့က ငါ့ကို လက်ခံမယ်လို့ မထင်ဘူး….”
အင်တာဗျူးနေချိန်တွင် ရှီဟိုင်ဟုန် ကုကျစ်စုန့်အနီးသို့ တဖြည်းဖြည်း ကပ်လာပြန်သည်။
“ရှင် ဝိဉာဉ်ဆိုင်ရာအထူးဌာနကို ဆက်သွယ်ပြီးသွားပြီလား?”
အနီးအနားတွင် လှည့်ပတ်သွားလာနေသည့် ဝိဉာဉ်များအား မြင်တွေ့ပြီးချိန်တွင် သူမ စိတ်ထဲမှ ပူပန်မှုူများ လျော့မသွားသကဲ့သို့ စိတ်ဓာတ်ပင် ကျသလို ဖြစ်နေခဲ့သည်။
ရှီမိသားစု၏ မျိုးဆက်သစ်တစ်ဦးအနေဖြင့် သူမသည် ပြဿနာမရှာသင့်ကြောင်း သိသည်။ သူမ၏ လုပ်ရပ်များကြောင့် ဖခင်နှင့် ရှီမိသားစုတစ်ခုလုံး အကြပ်ရိုက်သွားစေနိုင်သည်လေ။
သို့သော် ဤဦးတည်ရာမဲ့စွာ မျောလွင့်နေသည့် ဝိဉာဉ်များအား မြင်တွေ့ရပြီးနောက် သူမ၏ အသိစိတ်သည် ထိုအရာများအား မမြင်ချင်ယောင်မဆောင်နိုင်ပေ။
အမျိုးမျိုးတွေးတောပြီးနောက် ရှီဟိုင်ဟုန် အမည်မသိအနေဖြင့် သူမ၏ သံသယများအား ဝိဉာဉ်ဆိုင်ရာ အထူးဌာနထံသို့ စာတစ်စောင် ပို့ခဲ့သည်။
သူမ စာရောက်သွားသည်နှင့် တစ်ဖက်မှ ဝိဉာဉ်ဆိုင်ရာအထူးဌာနဝန်ထမ်းမှ ချက်ချင်း စာပြန်ဖြေသည်။
“လူကြီးမင်းရဲ့ အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်၊ စစ်ဆေးမှုကို စတင်နေပါပြီ”
ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ လှုပ်ရှားမှုကို မြင်ရပြီးနောက် ရှီဟိုင်ဟုန် တွေးလိုက်မိသည်မှာ ကုကျစ်စုန့် သတင်းပေးလိုက်ခြင်း ဖြစ်ရမည်ဟုပင်။
ကုကျစ်စုန့်: “……”
“မင်း… ဒီအစီအစဉ်က တိုက်ရိုက်ထုတ်လွှင့်နေတာလေ၊ ဒီတော့ ဝိဉာဉ်ဆိုင်ရာအထူးဌာနကလူတွေရော ကြည့်ရှုသူတွေထဲမှာ ပါမနေ,နိုင်ဘူးလား?”
သူမ တုန်လှုပ်သွားမိသည်။ တိုင်ကြားစာအား လက်ခံရပြီးချိန်တွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ လူများသည် စာပို့သူ မည်သူနည်းဆိုသည်ကို သတိထားမိကြလိမ့်မည်။
ကုကျစ်စုန့်၏ ဖုန်းတွင်လည်း ကျန်းရူယွီပို့ထားသည့် မက်ဆေ့ချ်တစ်စောင် ရှိနေသည်။
သူမ၏ ပြောစကားအရ နယ်မြေခံတာဝန်ရှိသူများသည် လူကုန်ကူးမှုပေါများလွန်းလှသည့် နေရာဖြစ်ကြောင်း သိထားပြီးဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း တောင်ပိုင်းပြည်နယ်တွင် လူပျောက်ဆုံးမှုများ ပေါလွန်းလှသည်။
အမျိုးသမီးများနှင့် ကလေးများတင်မက အရွယ်ရောက်ပြီးလုပ်သားကြီးများပါ ပါဝင်သည်။
ဒေသခံရဲတပ်ဖွဲ့မှ ဤအမှုများအား လိုက်လံစုံစမ်းပါသော်ငြား သဲလွန်စပင် မတွေ့ခဲ့ရပေ။
လူဆိုးဂိုဏ်းများသည် အားတောင့်သကဲ့သို့ ရှုပ်ထွေးလွန်းလှသည်။
တောင်တန်းဒေသဖြစ်နေခြင်း၊ နယ်စပ်ဖြစ်နေခြင်းတို့ဖြင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ဤနေရာသည် လူကုန်ကူးရန် အကောင်းဆုံးနေရာဖြစ်ပြီး ပျောက်ဆုံးသူကိုလည်း ပြန်လည်ရှာတွေ့ရန် ခက်ခဲလွန်းသည်။
ထိုနေရာသည် တောင်ပိုင်းပြည်နယ်အုပ်စုတွင် အဆိပ်သင့်နေရာတစ်ခုသာလျှင်။
အတော်ကြာသည်ထိ တာဝန်ရှိသူများသည် ယခုလူကုန်ကူးခံရသော ကိစ္စများတွင် တရားခံသည် အပြင်လူများဖြစ်သည်ဟု မတွေးမိခဲ့ကြပေ။
ယခုနှစ်ပိုင်းတွင်တော့ ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ မူမမှန်မှုများကို ရှာတွေ့ခဲ့ကြသည်။
ဥပမာ- ရဲသားများမှ တရားခံများကို ခြေရာခံမိခဲ့သော်ငြား တောင်ပိုင်းပြည်နယ် နယ်စပ်သို့ ဝင်ရောက်လိုက်ပြီဆိုသည်နှင့် ချက်ချင်း ခြေရာလက်ရာပျောက်ကာ လေနှင့် လွင့်ပါသွားသည့်အလား ပျောက်ဆုံးသွားကြသည်။
စုံစမ်းစစ်ဆေးပြီးချိန်တွင် ဝိဉာဉ်ဆိုင်ရာ အထူးဌာနမှ တွေ့ရှိခဲ့သည်မှာ ဤအဖွဲ့အစည်းကြီးများဖြင့် လူကုန်ကူးနေကြသူများတွင် သဘာဝလွန်နည်းလမ်းများ အသုံးပြုနေကြသူများလည်း ပါဝင်နေကြောင်းပင်။
သူတို့တွင် ထိုလူများအား ဖမ်းဆီး၊ခြေရာခံရန် သဲလွန်စ မရှိ။
နောက်ထပ် ဥပမာတစ်ခုမှာ စစ်စစ်ပေါက်ပေါက် စစ်ဆေးပြီးချိန်တွင် တောင်ပိုင်းပြည်နယ်မှ ချမ်းသာသည့် စီးပွားရှင်များသည် မကြာသေးမှီနှစ်များက တောင်ပိုင်းပြည်နယ်တွင် ပေါ်ပေါက်လာသော နတ်ဘုရားတစ်မျိုးကို ကိုးကွယ်ယုံကြည်ကြကြောင်းပင် ဖြစ်သည်။
ထိုနတ်ဘုရား၏ အမည်မှာ ‘စူရှန်’ ဖြစ်ပြီး ‘မျက်နှာတစ်ထောင် နတ်ဘုရား’ဟုလည်း သိကြသည်။
ထိုဘုရားအား ယုံယုံကြည်ကြည် ကိုးကွယ်ပါက ဆုတောင်းပြည့်ကြောင်း ပြောဆိုကြသည်။
သို့သော် သဘာဝလွန်ပညာရပ်တွင်သာမက တောက်ဓမ္မပညာတွင်ပါ ထိုကဲ့သို့သော နတ်ဘုရားမျိုး၊ ရာဇဝင်မျိုး မရှိခဲ့ပေ။
ဗြုန်းစားကြီး နတ်ဘုရားတစ်ပါး ပေါ်ပေါက်လာသည်မှာ ထူးဆန်းလွန်းသည်။
*