← Chapters

မိုင်ထောင်ချီ အဝေးသို့ ခရီးနှင်၍ ဆွေမျိုးကိုရှာဖွေခြင်း(3)

Vol. 24 Ch. 233

မိုင်ထောင်ချီ အဝေးသို့ ခရီးနှင်၍ ဆွေမျိုးကိုရှာဖွေခြင်း(3)

Vol. 24 Ch. 233

‘ဝိဉာဉ်ရေးရာ’အဖွဲ့သားများ တောင်ပိုင်းပြည်နယ်သို့ သွားရောက်ကာ ဆွေမျိုးကူရှာပေးမည့်အကြောင်း သိရပြီးချိန်တွင် ကျန်းရူယွီ ပထမဆုံးတွေးလိုက်မိသည်မှာ ‘ကုကျစ်စုန့်များ ဒီကိစ္စကို ဖော်ထုတ်ပေးနိုင်မလား?’ ဟုပင် ဖြစ်၏။

ကျန်းရူယွီ၏ မက်ဆေ့ချ်အား စာပြန်ပြီးနောက် ဆူညံသံကြားလိုက်ရသောကြောင့် ကုကျစ်စုန့် မော်ကြည့်မိသည်။

လူငယ်နှင့် သက်လတ်ပိုင်းအမျိုးသားများ ရုတ်တရက် ပေါ်လာခဲ့ကြသည်။

“ဟေ့! အဲဒီမှာ လူတွေ ဘာလုပ်နေကြတာလဲ?”

မစ်စ်လီထံမှ အကြောင်းစုံသိရပြီးချိန်တွင် ထိုအမျိုးသားများသည် ရန်လိုသည့် မျက်နှာများဖြင့် အလျှိုလျှို ထွက်လာကြခြင်းပင်။ ခေါင်းဆောင်ဖြစ်သူသည် အသားအရေမည်းနက်၍ အသက်(၄၀)အရွယ်ခန့်ဖြစ်သည်။

သူ ကင်မရာကို ကြည့်လိုက်ပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် ရှေ့တိုးလာကာ တင်ဆက်သူလျှို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ အစ်ကိုကြီး၊ ငါက ရှောင်ရှီရွာရဲ့ သူကြီးပါ၊ နာမည်က ချန်းရှန်းပြောင်လို့ ခေါ်ပါတယ်”

တင်ဆက်သူလျှို့၏ ရှင်းပြစကားကို စောင့်မနေဘဲ ချန်းရှန်းပြောင် စကားဆက်ပြောသည်။

“မင်းတို့တွေ ဘာကို လိုချင်တာလဲဆိုတာကို ငါတို့သိပြီးပြီ၊ ဒီမိန်းကလေးနဲ့ သူတို့ မိသားစုအကြောင်းလည်း သိထားပြီးသားပါ၊ သူတို့တွေက လွန်ခဲ့တဲ့ နှစ် (၂၀)လောက်တည်းက ဒီရွာကို မှိုခြောက်စုဆောင်းဖို့ လာကြတာလေ

သမီးလေး ပျောက်သွားလို့ နှစ်ပေါင်းများစွာ ရှာနေခဲ့ကြတာမလား၊ အဲဒီကောင်မလေးအတွက် တကယ် စိတ်မကောင်းပါဘူး”

“အမှန်အတိုင်းပြောရရင် ငါတို့ရွာက သူတို့ကို ကူရှာပေးခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး၊ အဲဒီကောင်မလေးကို ဘယ်နားမှာ အဖမ်းခံလိုက်ရမှန်းတောင် မသိရိုးအမှန်ပဲ

ဒါပေမဲ့ ငါတို့ရဲ့ ဧည့်သည်အဖြစ်တင်မကဘူး မင်းတို့က အွန်လိုင်း မီဒီယာလည်း ဖြစ်တယ်လေ၊ ဒီတော့ ငါတို့ရွာကို အလည်သဘော အနားယူကြပါဦးလား?”

ဒါရိုက်တာအဖွဲ့နှင့် တိုင်ပင်ပြီးချိန်တွင် ချန်းရှန်းပြောင်၏စကားအား သဘောတူညီလိုက်ကြသည်။

ရွာသူကြီးနှင့် အခြားရွာခေါင်းဆောင်များနောက်သို့ လိုက်လံလှည့်ပတ်ကာ ရွာနှစ်ပတ်ကြည့်ရှုခဲ့ကြသည်။

ဤရွာငယ်လေး၏ ဆောက်လုပ်ဖွဲ့စည်းပုံသည်က အင်မတန်သေသပ်လှသည်။ မိသားစုတိုင်း၏ ဘန်ဂလိုများသည်လည်း ခြံစည်းရိုးများ ကာရံထားပြီး လမ်းများမှာလည်း ဖြောင့်ဖြူး သန့်ရှင်းနေသည်။

ကျန်းရှောင်ယန်၏ အချက်အလက်အား ရှာမတွေ့ခဲ့ပေ။ သို့သော် ချန်းရှန်းပြောင်သည်က သူတို့ကို သီးပင်၊စားပင်များ၊ လယ်ကွင်းများအား ဓာတ်ပုံရိုက်ကူးနိုင်ရန်အတွက်‌ ခေါ်ဆောင်သွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ချန်းရှန်းပြောင် စကားစသည်။

“ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးတယ်၊ မင်းတို့တွေ ဒီညရွာမှာ အိပ်ကြ၊ ငါဧည့်ခံပါ့မယ်”

ပြောပြောဆိုဆိုနှင့် သူထွက်ခွာသွားချိန်တွင် တင်ဆက်သူလျှို့ မေးခွန်းထုတ်သည်။

“ဘယ်လို ခံစားရလဲ? ကျန်းရှောင်ယန် ပျောက်သွားတဲ့ နေရာကို ရောက်တော့ရော သဲလွန်စတွေတို့၊ တစ်ခုခု ရှာတွေ့တာမျိုး ရှိကြသေးလား?”

သို့သော် ပြိုင်ပွဲဝင်အားလုံး၏ အဖြေမှာ မရှိဟုပင်။

ကျန်းရှောင်နာတို့ မိသားစု အနည်းငယ် စိတ်ပျက်သွားမိသည်။

သူတို့တွင် သမီးငယ်လေးအား ဒီတစ်သက် ပြန်တွေ့ရန် မဖြစ်နိုင်တော့ဟူသော အတွေးများပင် ဝင်လာမိကြသည်။

ကျန်းရှောင်နာ ဝမ်းနည်းသည့်မျက်နှာ၊ အက်ကွဲသော အသံဖြင့် စကားစလာလေသည်။

“ကျွန်မတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ၊ အကူအညီတောင်းရတာလည်း ခက်ခဲမယ်ဆိုတာကို နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်မ ညီမလေးကို ရှာတာတော့ လက်လျှော့မှာ မဟုတ်ဘူး

ကျွန်မရဲ့ လျစ်လျှူရှုမှုကြောင့် ဖြစ်ခဲ့ရတဲ့ အမှားကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး”

“ဒါပေမယ့် တစ်ချိန်တည်းမှာ ယန်ယန်လေးကို ကျွန်မတို့ မိသားစု ရှာမတွေ့ရင်တောင်မှ၊ မိသားစုတွေ ပြန်မဆုံစည်းနိုင်ရင်တောင်မှ သူရောက်နေတဲ့ နေရာမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်”

“‘ဝိဉာဉ်ရေးရာ’ ပရိုဂရမ်အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်…”

တင်ဆက်သူလျှို့ : “ဒီအချိန်ပိုပြိုင်ပွဲကတော့ အဆုံးသတ်သွားပြီဖြစ်ပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေက ပျောက်ဆုံးနေတဲ့ ကျန်းရှောင်ယန်ကို ရှာမတွေ့နိုင်ခဲ့ပါဘူး

အကူအညီတောင်းသူရဲ့ မိသားစုတွေ ပြန်လည်ဆုံတွေ့ဖို့အတွက် မကူညီပေးနိုင်ခဲ့ပါဘူး”

“အခုပြပေးမဲ့ ဓာတ်ပုံကတော့ ကျန်းမိသားစုရဲ့ အငယ်ဆုံးသမီး ကျန်းရှောင်ယန်ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်၊

သူမက ၁၉၉၀ခုနှစ်မှာ မွေးဖွားတာဖြစ်ပြီး အသက် ၇နှစ်အရွယ်မှာ ပျောက်ဆုံးသွားခဲ့တာပါ၊ အခုဆိုရင် အသက် ၃၂နှစ်ရှိပါပြီ၊

ပရိုဂရမ်ကို ကြည့်ရှု့နေကြသူအားလုံး သူကို မြင်ဖူးတာပဲဖြစ်ဖြစ်၊ သိတာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ. ပရိုဂရမ်အဖွဲ့ကနေ တစ်သက်လုံးကျေးဇူးတင်နေမှာပါ”

သူ စကားပြောနေစဉ် ပရိုဂရမ်အဖွဲ့မှ တိုက်ရိုက်ထုတ်လွှင့်မှု၏ နောက်ခံတွင် ကလေးငယ်လေး၏ ဓာတ်ပုံများ ပြသနေခဲ့သည်။

ကျန်းရှောင်ယန်၏ အသက် ၄နှစ်၊ ၅နှစ်ခန့်အရွယ်မှ ပုံများအပြင် ၇နှစ်အရွယ်မှ ပုံများပါ ပါဝင်လေသည်။

ဓာတ်ပုံများသည်ကား အချိန်ကြာမြင့်ပြီဖြစ်သောကြောင့် မှုန်ဝါးနေသော်လည်း ကလေးငယ်မှာ ချစ်စဖွယ်ကောင်းလွန်းပြီး ချောမောလှပသည့် ကလေးငယ်ဖြစ်ကြောင်း သိသာလှသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများလည်း စိတ်မကောင်းဖြစ်ကြောင်း စာများသာ ပို့နေခဲ့ကြသည်။

တင်ဆက်သူလျှို့ : “ဒီနေ့ညနေ ၆နာရီအချိန်မှာ ထိပ်တန်း ၅ယောက်နေရာအတွက် မဲပေးခြင်း ပြန်ပြီး ဖွင့်ပေးမှာ ဖြစ်ပါတယ်၊ ဒီတော့ ကိုယ့်ရဲ့နှလုံးသားထဲက အတော်ဆုံး ထူးခြားပညာရှင်ကို မဲပေးကြပါဦး”

တင်ဆက်သူလျှို့ နှုတ်ဆက်ပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကို ပိတ်လိုက်ပြီးနောက် ပရိတ်သတ်များကြားမှအကြိတ်အနယ် ဆွေးနွေးမှုများလည်း တစ်ခန်းရပ်သွားခဲ့သည်။

အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် ကုကျစ်စုန့် ခေါင်းကိုမော့ကာ အဝေးတစ်နေရာသို့ ညွှန်ပြလိုက်သည်။

“အဲဒီနေရာမှာ ရွာတစ်ရွာရှိလား?”

သူတို့ ယခုရောက်ရှိနေသော နေရာသည်က ရှောင်ရှီရွာ၏ မြောက်ဘက်အစွန်ဆုံးနေရာဖြစ်သည်။ ထိုနေရာတွင် နေထိုင်သူလည်း သိပ်မရှိပေ။

ရေမြောင်းငယ်တစ်ခုအနီးတွင် တည်ရှိနေသော ရွာငယ်လေးတစ်ခုရှိပေသည်။ ထို့အပြင် ထိုနေရာတွင် သစ်ပင်ရိပ်များကျနေခဲ့ပြီး ထိုအရိပ်များ၏ နောက်တွင် လူနေအိမ်ငယ်များ မြင်တွေ့နေရသည်။

ကျန်းရှောင်နာတစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်သည်။

“အဲတာက ရှောင်ယန်ရွာလေ၊ ဒီက အစ်မသိုက်နေတဲ့ ရွာပဲ”

ကုကျစ်စုန့် အရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။

“ကျွန်မ အဲဒီရွာကို ခဏလောက် သွားကြည့်ချင်တယ်၊ ရှင်တို့ ပြန်ချင်တယ်ဆိုရင်လည်း ပြန်နှင့်ကြပါ၊ ကျွန်မက ကိစ္စမရှိဘူး၊ ကိုယ့်ဘာသာကိုယ် ပြန်လာလို့ ရပါတယ်”

ပြောပြောဆိုဆိုနှင့်ပင် သူမ အပင်တန်းရှိရာနေရာသို့ ခြေလှမ်းလိုက်သည်။

ကျန်းရှောင်နာက အသံကျယ်ကျယ်ဖြင့် လှမ်းပြောသည်။

“ကုတောက်ကျန့်၊ အဲဒီရွာနှစ်ရွာက သွားလို့ မရဘူး၊ အလယ်မှာ နံရံကြီးရှိတယ်။၊အဲ့ဒီကို သွားချင်ရင် အပြင်ဘက် မိန်းလမ်းကနေ ပတ်သွားရမှာ”

သူမတို့ မိသားစုမှာ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးဖြစ်သည်။ ဤရွာခံများကိုယ်တိုင်ကပင် ထိုနေရာတွင် လမ်းမရှိကြောင်း ပြောဆိုခဲ့ပြီး သူတို့ကိုယ်တိုင်လည်း လမ်းရှာမတွေ့ခဲ့ဖူးပေ။

သို့သော် ကုကျစ်စုန့်ကတော့ သူမ၏စကားကို နားမထောင်တော့။

ကျောပိုးအိတ်ထဲမှ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဝေ့ချီအစေ့လေးများကို ထုတ်လိုက်ပြီးနောက် လက်ဖျားဖြင့် တောက်လိုက်ချိန်တွင် အဖြူ၊အမည်း ကျောက်စိမ်းတုံးလေးများက အနီးအနားမှ မြေပေါ်သို့ ကျသွားပြီးနောက် အလင်းရောင်များ ဖြာထွက်လာခဲ့သည်။

ထိုအလင်းတန်းများသည်က သူတို့အနီးတွင် ပိတ်ဆို့နေသော မီးခိုးရောင်မြူမှိုင်းများအား ဖျက်ဆီးဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားလေ၏။

ကျန်ရှိနေသည့် လူများအားလုံး တစ်ယောက်မျက်နှာတစ်ယောက် မျက်စိလည်စွာ ကြည့်လိုက်သည်။ ခဏကြာပြီးချိန်တွင်တော့ ပြိုင်ပွဲဝင် အတော်များများက တစ်ချိန်တည်းပင် ကုကျစ်စုန့်၏နောက်မှ လိုက်ပါသွားခဲ့ကြသည်။

တင်ဆက်သူလျှို့လည်း မည်သည့်စကားကို ပြောရမှန်းမသိဖြစ်နေပြီးနောက် ချောင်းဟန့်လိုက်ရင်း ကျန်းရှောင်နာအား စကားစသည်။

“မစ်စ်ကျန်းတို့ အရင် ပြန်နှင့်လိုက်ပါလား? ကျွန်တော် ပြိုင်ပွဲဝင်တွေ‌ရဲ့ နောက်ကနေ လိုက်သွားလိုက်ပါ့မယ်၊ တကယ်လို့ သူတို့ လမ်းမှားတာမျိုးမဖြစ်ရအောင် ဒါရိုက်တာနဲ့လည်း ဆက်သွယ်လိုက်မယ်လေ”

ကင်မရာမန်းနှင့် ကျန်ဝန်ထမ်းနှစ်ဦးကတော့ ခေါင်းကိုရမ်းလိုက်ပြီး သူတို့ပါ လိုက်ပါမည့်အကြောင်း ပြောလာခဲ့သည်။

ဘော့စ်ကုကျစ်စုန့်သည်က ဤခရီးတွင် သဲလွန်စ ရှာတွေ့နေပြီဖြစ်သည်။ အကယ်၍ စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုခု ဖြစ်ပျက်သွားခဲ့မည်ဆိုပါက သူတို့လည်း မမြင်လိုက်ရမည်ကို စိုးရိမ်နေကြသည်။

ဆက်သွယ်ရေး၏ တစ်ဖက်မှ လီချန်ဟဲ: “……..”

“ဒါဆိုလည်း လိုက်သွားကြ၊ ပစ္စည်းတွေကိုတော့ သေချာဂရုစိုက်ဦး”

“ပြီးတော့ အရံကင်မရာကနေ recording ဖမ်းထားဖို့ မမေ့နဲ့ဦးနော်”

သစ်ပင်ရိပ်များထဲသို့ လူရိပ်များ ပျောက်ကွယ်သွားချိန်တွင် အနီးအနားရှိ နှစ်ထပ်အိမ်ငယ်လေးတစ်လုံး၏ ဒုတိယထပ် ပြတင်းပေါက်အနီးတွင် ပုန်းလျှိုးနေခဲ့သည့် လူတစ်ယောက်က ဖုန်းအား အဆောတလျင် ထုတ်ယူလိုက်သည်။

တစ်ဖက်လူမှ ဖုန်းကိုင်လိုက်သည်နှင့် သူ ထိတ်လန့်စွာ ပြောလိုက်လေသည်။

“ငါတို့ဘယ်လိုလုပ်ကြမတုန်း ပြောင်တာ့ကော? ဒီလူတွေအကုန်လုံး တောထဲဝင်သွားကြပြီ! သူတို့တွေ ဘာမှတော့ ရှာမတွေ့လောက်ပါဘူးနော်? ဟုတ်တယ်မဟုတ်လား?”

သာမန်မြေအိမ်လေးနှင့်သာတူသော်လည်း အတွင်းပိုင်းတွင် ခမ်းခမ်းနားနားရှိသည့် အိမ်တစ်လုံးတွင်:

မကြာသေးမှီကမှ ရှောင်ရှီရွာ၏ အကြီးအကဲဖြစ်သည့် တက်ကြွပျော်ရွှင်သော ချန်ရှန်းပြောင်မှာ သူ၏ အလုပ်ယူနီဖောင်းအား ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ဈေးကြီးသည့် အိမ်တွင်းစီးဖိနပ်များ ဝတ်ဆင်ထားသည်။

သူ့၏မျက်နှာမှာလည်း သုန်မှုန်နေပြီး စိတ်မရှည်သည့်ဟန်ဖြစ်နေခဲ့လေသည်။

“မင်းတို့ ငကြောက်တွေ၊ ‘ကုန်ပစ္စည်း’တွေက ပို့ပြီးနေပြီ၊ သူတို့ ရှာတွေ့တော့ရော ဘာလုပ်လို့ ရမှာမို့လို့လဲ? ငါတို့က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းတွေကွ!

ဒီလျှာရှည်တဲ့ နိုင်ငံခြားသားတွေကတော့ ! သူတို့ကို မြန်မြန်ခေါ်လိုက်၊ တံခါးတွေကို သေသေချာချာပိတ်ပြီး ပါးစပ်တွေကိုပါ သေချာပိတ်ခိုင်းထားလိုက်!”

“တစ်ယောက်ယောက်ကြောင့် တစ်ခုခုပေါ်သွားလို့ကတော့ အကုန်သေမှာပဲ!”

တစ်ဖက်မှလူလည်း ကြောက်ကြောက်ဖြင့် ခေါင်းညိမ့်သည်။

“ဟုတ်တယ်၊ဟုတ်တယ်! ‘ကုန်ပစ္စည်း’တွေက ပို့လိုက်ပြီးပြီပဲကို၊ ဟားဟား ဒီအရူးတွေ နောက်ကျသွားပြီ! စိတ်မပူနဲ့ ပြောင်တာ့ကော၊ ကျုပ် တစ်ဖက်ခြမ်းကိုလည်း စာပို့ပြီးသွားပြီ”

“ဒီလူတွေ… ကျုပ် အင်တာနက်ပေါ်မှာတွေ့ဖူးတာတော့ တော်တော်လေး တော်တယ်ဆိုပဲ၊ သူတို့ ဘာမှတော့ ရှာမတွေ့လောက်ပါဘူးနော်?”

ချန်ရှန်းပြောင် နှာခေါင်းရှုံ့သည်။

“အေးဆေးနေစမ်းပါကွာ၊ ငါတို့ကိုလည်း ဆရာသခင်တွေက ကာကွယ်ပေးထားတာပါ၊ အဲဒီတောက်ကျန့်တွေကိုယ်တိုင်က ငါတို့ကို အေးအေးဆေးဆေးနေလို့ ပြောထားတာ၊ သူတို့တွေ ငါတို့ကို မဖော်နိုင်ပါဘူး

ပြီးခဲ့တဲ့ နှစ်တွေ အများကြီးတုန်းက ဘာဖြစ်ခဲ့လို့လဲ? ငါတို့ကို ဘုရား စောင့်ရှောက်ထားတာကွ၊ ဒီအင်တာနက်ပေါ်က ပါးစပ်သမားတွေက ဘုရားအစစ်ထက် ပိုပြီး တော်နိုင်မှာမို့လို့လား?”

ဖုန်းချလိုက်ပြီးနောက် သူကစိတ်ရှုပ်ရှုပ်ဖြင့် နောက်ထပ် ဖုန်းတစ်လုံးအား ဆက်ခေါ်လိုက်သည်။

တစ်ရက်ကျော်ခန့် အဆက်အသွယ်ပြတ်နေပြီးနောက် နောက်ဆုံးတော့ တစ်ဖက်လူမှ ဖုန်းကိုင်လိုက်သည်။

ဖုန်းပြန်ဖြေလာသည့်အသံမှာ လေသံဝဲဝဲဖြင့် ဖြစ်လေသည်။

“ဘာဖြစ်လို့လဲ? ဘရားသားချန်?”

ချန်ရှန်းပြောင် အော်ဟစ်လိုက်သည်။

“လူအိုကြီး ခင်များ ဘာသောက်ချိုး,ချိုးတာလဲ!? ကျုပ် မနေ့က ခင်များဖုန်းကို ဘယ်နှစ်ခါတောင် ခေါ်နေတာလို့ ထင်လဲ?”

တစ်ဖက်မှ နိုင်ငံခြားသား ပြန်ဖြေသည်။

“ငါတို့တွေ နယ်စပ်ကို ဖြတ်တော့ ရှားနိုင်ငံက ရဲတွေနဲ့ ငြိနေလို့လေ၊ အခုမှ ထွက်ပြေးလို့ရတာ”

“ကုန်တွေကရော?”

“ရေတွက်ကြည့်နေတုန်းပဲ၊ အခုထိတော့ မပို့ရသေးဘူး”

ချန်ရှန်းပြောင်: “မနေ့က ခင်များမျက်လုံးတွေက ကန်းနေတာလား? ‘ကုန်ပစ္စည်း’တွေကို ယူသွားတုန်းက ကျုပ်ရဲ့ သားနဲ့သမီးကိုပါ ခေါ်သွားခဲ့သေးတယ်!

ခင်များကို ‘ကုန်’တွေ ရွှေ့ဖို့တော့ မပြောသေးဘူး၊ ဒါပေမယ့် ကျုပ်ကလေးနှစ်ယောက်ကို ပြန်ခွဲထားပြီး သေချာစောင့်ရှောက်ထားပါ၊ အခု ဒီမှာ ပြဿနာဖြစ်နေလို့ ကျုပ် လာခေါ်လို့ မရသေးဘူး”

All Chapters