မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II (1)
Vol. 24 Ch. 234
ချန်ရှန်းပြောင် စဉ်းစားလိုက်ရင်း ဒေါသထွက်လာပြန်သည်။
ယမန်နေ့ညတွင် သူတို့၏ နိုင်ငံခြားမှ လုပ်ဖော်ကိုင်ဖက်များက ရွာသို့လာကာ ကုန်လာသိမ်းချိန်တွင် သူ့မိသားစုကလည်း ကလေးငယ်နှစ်ဦးကို ပြန်မခေါ်နိုင်ခဲ့သောကြောင့် ကလေးနှစ်ယောက်က အပြင်သို့ထွက်ကာ ကစားနေခဲ့ကြသည်။
ထို ဦးနှောက်မရှိသည့် နိုင်ငံခြားကလေးဖမ်းသမားသည်က မည်သည့်အကြောင်းများကို တွေးနေကြောင်းမသိဘဲ သူ၏ကလေးနှစ်ယောက်ကိုပါ ‘ကုန်ပစ္စည်းများ’ကဲ့သို့ သိမ်းသွားခဲ့ကြသည်။
ချန်ရှန်းပြောင်၏မိသားစု သတိထားမိလိုက်ချိန်တွင်တော့ အချိန်နောက်ကျသွားပြီဖြစ်ကာ နိုင်ငံခြားသား၏ ဖုန်းကိုလည်း ခေါ်၍ မရတော့ချေ။
သူဒေါသထွက်လွန်း၍ ပါးစပ်ထဲတွင် အပူလုံးများတောင် ပေါက်လာခဲ့သည်။
ချန်ရှန်းပြောင်သည်ကား အနာဂတ်အား ထိခိုက်စေမည့် အလုပ်များ လုပ်ကိုင်ခဲ့လွန်းသော်ကြောင့်ပေလောမသိ။ ငွေအများအပြား ရှာနိုင်ပြီး ချမ်းချမ်းသာသာနေနိုင်သော်ငြား သားသမီးမထွန်းကားခဲ့ပေ။
သူက ချစ်သူတစ်ယောက်ပြီးတစ်ယောက် ပြောင်းခဲ့သလို ဆေးရုံသို့လည်း အကြိမ်ပေါင်းများစွာ သွားရောက်စစ်ဆေးခဲ့သည်။
သို့သော် သူ၏ ချစ်သူတိုင်းက ကိုယ်ဝန်မဆောင်နိုင်ခဲ့ကြပေ။ မိသားစုတွင်းမှ လူကြီးများက ချန်မိသားစု မျိုးဆက်ပြတ်တော့မည်ဟုပင် ထင်နေခဲ့ကြသည်။
သူတို့ ချန်မိသားစု၏ မျိုးရိုးအား ဆက်ခံမည့် ထိုအမွှာမောင်နှမ မွေးဖွားရန်မှာ မလွယ်ကူခဲ့ပါချေ။
ထိုကလေးငယ်နှစ်ဦး ပြန်ပေးဆွဲခံလိုက်ရကြောင်း သိပြီးချိန်တွင် သူ၏ ဇနီးနှင့် မိဘများက တစ်ညလုံး ငိုယိုနေခဲ့ကြသည်။
ချန်ရှန်းပြောင် ပထမက ယနေ့ညတွင် နယ်စပ်သို့ တိတ်တဆိတ်သွားကာ ကလေးများအား ပြန်ခေါ်ရန်တွေးထားခဲ့သည်။ နယ်မြေရပ်ခြားသည်က သူ့ကလေးများအတွက် လုံခြုံသည့်နေရာမဟုတ်ပေ။
မထင်မှတ်ထားစွာပင် သူတို့ရွာကို ခွေးသားရေကဲ့သို့ တွယ်ကပ်နှောင့်ယှက်နေသည့် ကျန်းရှောင်နာ ပြန်ရောက်လာပြန်သည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် သူမနှင့်အတူ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်မှ ပြိုင်ပွဲဝင်များကိုပါ ခေါ်လာခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်နေခဲ့သေးသည်။
ကြည့်ရှုသူမှာလည်း သန်းချီနေသည်။
သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ ကလေးများအတွက် စိတ်ပူပန်စိတ်ကို မျိုသိပ်ကာ စိတ်ထဲတွင်တော့ ကျန်းရှောင်နာ၊ ကုကျစ်စုန့်နှင့် အခြားသူများကို ဆက်တိုက် ကျိန်ဆဲနေခဲ့သည်။
ချန်ရှန်းပြောင်အနေဖြင့် မူလကတော့ အပြစ်ရှိသကဲ့သို့ ခံစားမိသည်။
သို့သော် ယမန်နေ့က ‘ကုန်များ’သည်က ဖြန့်ဖြူးရောင်းချပြီး ဖြစ်နေသည်။ ယခုတွင်တော့ ရွာထဲတွင် မည်သို့သော သဲလွန်စမှ မကျန်သောကြောင့် သူတို့ မည်သည်ကိုမှ ရှာမတွေ့နိုင်တော့ပေ။
ထို့အပြင် ပရိုဂရမ်အဖွဲ့မှ လူများ ရောက်လာသည်နှင့် သူသည်က အထက်မှ ဆရာသခင်များထံသို့ ဆက်သွယ်အကြောင်းကြားပြီး ဖြစ်သည်။
သူ့အား ကာကွယ်ပေးနေသည့် ဆရာသခင်မှ စိတ်မပူရန်နှင့် ထိုပရိုဂရမ်အဖွဲ့မှ ပါမွှားလေးများသည် သဲလွန်စ၊သက်သေများ လုံးဝရှာတွေ့မည်မဟုတ်ကြောင်း အာမခံခဲ့သည်။
ထို့ကြောင့် စိတ်သက်သာရာရသွားပြီးဖြစ်သည့်အတွက် ချန်ရှန်းပြောင် မတ်တပ်ရပ်လိုက်သည်။
သူက လက်ကို သန့်ရှင်းရေးလုပ်ပြီးနောက် အဝတ်နီဖြင့် ဖုံးအုပ်ထားသော လက်အတို၊အရှည်များ ပါဝင်သည့် နတ်ရုပ်ထုတစ်ခုကို ထုတ်ယူလိုက်ကာ ဆုတောင်းနေခဲ့သည်။
“စူးရှန်နတ်ဘုရား၊ ကျွန်တော်တို့ရဲ့ ရှောင်ရှီကျေးရွာကို ဒီထက် စီးပွားရေးတိုးတက်အောင် ကူညီစောင်မပေးတော်မူပါ၊ ကျွန်တော်မျိုးရဲ့ သားလေးကိုလည်း မြန်မြန်ပြန်ရောက်လာအောင် ကူညီပေးတော်မူပါ ဘုရား”
တောအုပ်၏ တစ်ဖက်တွင်တော့ ကုကျစ်စုန့်မှာ နှစ်ကြိမ်မှားယွင်းပြီးဖြစ်သည်။
နှစ်ခါပြန်လျှောက်ပြီးချိန်တွင် သူမ အုတ်နံရံရှေ့သို့ ပြန်ရောက်လာပြီး လမ်းဆုံးသွားပြန်သည်။
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းများ ဖုံးကွယ်ထားခံရသောကြောင့် လေကြောင်းလမ်းနှင့် အနီးအနားမှ သံလိုက်စက်ကွင်းများကို အာရုံခံနိုင်ခြင်းမရှိပေ။
ဖွဲ့စည်းပုံ၏ နေရာမှာလည်း ရှုပ်ထွေးနေသောကြောင့် သူမ ဖွဲ့စည်းပုံကို မဖျက်ဆီးနိုင်သည်မှာ မထူးဆန်းတော့။
သို့သော် နှစ်ကြိမ်ကျရှုံးပြီးချိန်တွင်တော့ ဖွဲ့စည်းပုံ၏ ပုံစံလေးခုအား စိတ်ထဲတွင် ပုံဖော်နိုင်ပြီဖြစ်ကာ လမ်းအမှားများကို ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်သည်။
အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ကုကျစ်စုန့် လက်ချောင်းများကြားတွင် အဖြူနှင့်အနက် ကျောက်စိမ်းတုံးလေးများကို ပြန်ပစ်မြှောက်လိုက်ပြီးနောက် ညာတည့်တည့်သို့ လျှောက်သွားလိုက်သည်။
တင်ဆက်သူလျှို့ နှင့် ပရိုဂရမ်အဖွဲ့သားများကတော့ အနည်းငယ်ပင်ပန်းနေပြီဖြစ်သည်။ အထူးသဖြင့် ကင်မရာမန်းနှစ်ဦးပင်။
တစ်ယောက်က မောပန်းစွာဖြင့် ရေရွတ်လိုက်မိသည်။
“ကုကျဲကျဲ တစ်ခုခုများ မှားသွားပြီလားမသိဘူး? ငါတို့တွေ လမ်းလျှောက်နေတာ နာရီဝက်လောက်ရှိပြီ”
သို့သော် သူ့စကားမဆုံးခင်မှာပင် အရှေ့မှ ကုကျစ်စုန့် ထပ်ကွေ့လိုက်ပြီးနောက် ရပ်တန့်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ သူတို့ရှေ့မှ ပြောင်ရှင်းနေရမည့် အုတ်နံရံအစား လမ်းသွယ်လေးတစ်ခု ရှိနေခဲ့သည်!
ရွာနှစ်ခုကြားတွင် ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုရှိနေခဲ့သည်။
တင်ဆက်သူရော ဝန်ထမ်းများပါ အားလုံး မျက်လုံးပြူး၊မျက်ဆံပြူးနှင့် ဤထူးဆန်းလှသည့်ဖြစ်ရပ်ကို ကြည့်နေခဲ့ကြပြီး လက်ဖဝါးခန့်အရွယ်သာရှိသည့် ကင်မရာငယ်နှင့်လည်း ရိုက်ကူးထားခဲ့ကြသည်။
“ဒါက ဘာကြီးလဲ? ဒီလမ်းက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ!?”
ကျန်းရှောင်နာလည်း အံ့အားသင့်သွားသည်။
အခြားပြိုင်ပွဲဝင်များ၏ မျက်နှာအမူအယာလည်း ပျက်ယွင်းသွားကြသည်။
ထိုမြင်ကွင်းအား မြင်တွေ့ပြီးမှသာလျှင် ယနေ့အတွက် အဓိကပြဿနာသည်က ရှောင်ရှီတစ်ရွာလုံးပင် ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့ကြသည်။
လမ်းကို ဖြတ်လိုက်ပြီးနောက် လူနေအိမ်များကို တွေ့လိုက်ရလေသည်။
ကျန်းရှောင်နာကတော့ မကျန်းမာသည့် ဖခင်နှင့် မိခင်တို့အား ခေါ်မလာခဲ့ပေ။ တစ်ချိန်လုံး ပြိုင်ပွဲဝင်များနောက်မှ လိုက်ပါလာခဲ့ပြီးနောက် သူမ၏ ဘဝတစ်ခုလုံးကို မေးခွန်းထုတ်နေမိသည်။
“ဒီလမ်းကို ဘယ်တုန်းက ဆောက်လိုက်တာလဲ? ရွာသူကြီးချန်ပြောတော့ ဒီရွာနှစ်ခုက ဆက်ထားတဲ့ လမ်းမရှိဘူးဆို…”
ကုကျစ်စုန့် ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်လိုက်သည်။
“ရှင် အရင်က ဒီလမ်းကို မမြင်တာ ပုံမှန်ပါပဲ၊ ဘာလို့လဲဆိုတော့ ဒီမှာ မျက်ကွယ်နေရာတွေရော ဖွဲ့စည်းပုံအကြီးတွေရော အများကြီးရှိနေတာလေ”
သူမ ရှုပ်ထွေးနေသည့် သံလိုက်စက်ကွင်း၊ ရှောင်ရှီတစ်ရွာလုံးအား ဖုံးအုပ်နေသော ထူးဆန်းသည့် အနက်ရောင် မြူခိုးများကြောင့် ဤနေရာတွင် တစ်ခုခု လွဲမှားနေသည်ကို သတိပြုမိခဲ့ခြင်းပင်။
ဖွဲ့စည်းပုံအတွင်းမှ ထွက်ခွာခဲ့ပြီးချိန်တွင် မြင်ရသည့်နေရာမှာ ဘေးနားမှ ရှောင်ယန်ကျေးရွာ၏ အနောက်ဘက် တောင်ကုန်းများသာ ဖြစ်ပြီး ထူးခြားသည့်အရာမရှိပေ။
သို့သော် ဤနေရာတွင် မည်သူက ဖွဲ့စည်းပုံတစ်ခု ပြုလုပ်ထားခဲ့ပြီး မည်သည့်အရာကို ဖုံးကွယ်ထားချင်နေပါသနည်း?
သိပ်မဝေးလှသည့်နေရာတွင် ဆူညံသံများကြားရပြီးနောက် ကလေးငယ်များ၏ အော်ဟစ်နောက်ပြောင်နေသံများ ကြားနေခဲ့ကြသည်။
“အားယာ၊ နင့်အမေက အရူးမကြီး! ငါ့အဘွားကပြောတယ်၊ နင်နဲ့လည်း မကစားနဲ့တဲ့၊ ရူးတာက မျိုးရိုးလိုက်ပြီး ကူးတတ်တယ်တဲ့!”
“သူ့ကိုရိုက်! အဲဒီအရူးကို ရိုက်!”
ထို့နောက် သူတို့ မြင်တွေ့လိုက်ရသည်မှာ တောင်ကုန်းပေါ်မှ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့သော ညစ်ပတ်ပေစုတ်နေသည့် အမျိုးသမီးတစ်ဦးပင်။ သူမသည်ကား လေဖော,ဖောက ဝဖီးနေခဲ့သည်။
မည်းနက်ကာ ရွံ့များ ပေကျံနေသည့် လက်မကို ပါးစပ်နှင့် စုတ်နေခဲ့လေသည်။ မျက်နှာတစ်ခုလုံးတွင်လည်း အမာရွတ်ငယ်များ၊ အရေးအကြောင်းများ ပြည့်နှက်နေခဲ့ပြီး သူမ၏ မျက်လုံးများမှာလည်း ဖြူဖျော့ကာ အသက်မဲ့နေသကဲ့သို့ပင်။
သူမသည်က စိတ်ရောဂါသည်တစ်ဦး ဖြစ်ပေသည်။
အသက်အရွယ်စုံလင်သည့်ကလေးငယ်များသည်က သူမ၏ခေါင်းအား ကျောက်တုံးဖြင့် ထုခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်တို့အား သစ်ကိုင်းများဖြင့် ထိုးခြင်းများ ပြုလုပ်ကာ စနောက်နေခဲ့ကြသည်။
ထုရိုက်မှုများကြောင့် နာကျင်လာချိန်တွင် သူမက ‘အား’ဟုသာ အော်ရင်း မျက်နှာကို လက်ဖြင့် ကွယ်ထားတတ်သည်။ ထိုသို့ ပြုလိုက်ချိန်တွင် ကလေးများက ပို၍ပင် ရိုက်နှက်နေခဲ့ကြသည်။
“သူ့အနားကို မကပ်နဲ့! မရိုက်နဲ့လို့!”
မျက်လုံးများ နီမြန်းနေသည့် ဆယ်ကျော်သက်ကလေးမလေးတစ်ဦးက မြေပေါ်မှ ကျောက်တုံးများ ကောက်၍ ပြန်ထုနေခဲ့သည်။
သို့သော် တစ်ဖက်မှ လူအုပ်ပိုတောင့်သောကြောင့် သူမ၏လက်ကိုပင် ထိခိုက်သွားခဲ့သည်။
တစ်ဖက်မှ ကောင်လေးတစ်ယောက်က အသံကို ပြောင်းကာ ပြောင်စပ်စပ်လေသံဖြင့် ပြောပြန်၏။
“အားယာ၊ ဒီအရူးမကြီးက နင့်အမေလား? နင်ကရော နည်းနည်းရူးနေတာလား? နင့်အဖေက သူ့နားကို မကပ်နဲ့၊ သူ့ကို အမေလို့ မခေါ်နဲ့လို့ ပြောထားတာမဟုတ်ဘူးလား?
ဘာကိစ္စ သူ့ကို ကာပေးနေရတာလဲ? မင်းရဲ့ မိထွေးနဲ့ အန်ကယ်ဝူတို့ မတွေ့ပါစေနဲ့လို့သာ ဆုတောင်းသင့်တယ်”
သူ၏ အဖော်ကလည်း တံတောင်နှင့်တွတ်ကာ စနောက်လိုက်သည်။
“မင်းအမေက ခွေးအိမ်ထဲမှာ အိပ်တာလေ၊ မင်းက ခွေးမသားလေးလား?”
ပြောင်ချော်ချော်အသံနှင့် တစ်ယောက် စိတ်ဆိုးသွားသည်။
“ချီးလိုကောင်၊ မင်းအမေကမှ ခွေးကွ”
“ဘာတွေ ဟန်ဆောင်နေတာလဲ? တစ်ရွာလုံး မင်းတို့မိသားစုရဲ့ ဇာတ်ရှုပ်တွေ အကုန်သိပြီးသား၊ မင်းက ခွေးမသားလေးပါကွာ..”
ရုတ်တရက် ကလေးငယ်များက ရွာအနီးသို့ ကပ်လာသည့် ကုကျစ်စုန့်နှင့် အခြားသူများအား မြင်တွေ့လိုက်ကြသည်။ သူတို့က ချက်ချင်းပင် ရယ်မောခြင်း၊ စနောက်ခြင်းတို့လည်း ရပ်တန့်သွားခဲ့သည်။
တချို့ကတော့ အိမ်ကို ပြန်ပြေးသွားကြပြီး တချို့ မကြောက်တတ်သည့် ကလေးများကတော့ အနားကပ်ကာ မေးခွန်းထုတ်ကြသည်။
“ခင်များတို့ကရော ‘ကုန်ပစ္စည်း’သိမ်းဖို့ လာကြတာလား? မနေ့ကမှ တစ်သုတ် သိမ်းသွားတာမဟုတ်ဘူးလား?”
ထို့နောက် အဖွဲ့ထဲမှ မိန်းမလှနှစ်ဦးဖြစ်သည့် ကုကျစ်စုန့်နှင့် ဒေစီတို့ကိုလည်း ကြည့်လိုက်သေးသည်။
ကုကျစ်စုန့် မျက်ခုံးလေး ပင့်ကာ မေးမိသည်။
“ဘယ်လို ‘ကုန်ပစ္စည်း’တွေလဲ?”
ကောင်လေး နှုတ်ခမ်းဆူလိုက်သည်။
“ဟန်ဆောင်မနေပါနဲ့၊ ကျုပ်က ငယ်သေးတယ်ဆိုပေမယ့် တုံးအနေတာလဲမဟုတ်ဘူး၊ မျက်လုံးလည်း ကောင်းတယ်နော်။ ခဏခဏ မြင်နေရတာကြီးကို မသိဘဲမနေပါ့မလား? ခင်များတို့က….”
“အားဝမ်!!”
အနောက်မှ အသံနက်ကြီးဖြင့် အော်သံကြားလိုက်ရပြီးနောက် ကောင်လေး တုန်ယင်သွားသည်။
ကုကျစ်စုန့်နှင့် ကျန်သူများလည်း အရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် ရှောင်ယန်ရွာမှ သက်ငယ်ပိုင်း၊ သက်လတ်ပိုင်း အမျိုးသားတစ်စု ဒေါသတကြီးဖြင့် လာနေသည်ကို မြင်လိုက်ရသည်။
ကလေးငယ်အား ဆူပူလိုက်သူသည်က သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သားဖြစ်သူအား မျက်လုံးပြူးကာ ကြည့်လိုက်ပြီးနောက် သုန်မှုန်နေသော မျက်နှာဖြင့် ပြောလာသည်။
“မင်း ပါးစပ်သရမ်းပြီး လျှောက်မပြောခင် အိမ်စာတွေက ပြီးပြီလား? အပြင်ကလူတွေကို ဘာဗရုတ်သုတ်ခတွေ လျှောက်ပြောနေတာလဲ? အရိုက်ခံချင်တာလား?”
ရွာသားများ၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူက ခေါင်းလုံးပြီး မေးစေ့တွင် အမာရွတ်တစ်ခုရှိသည်။ သူက ပရိုဂရမ်အဖွဲ့အား မသင်္ကာစရာကောင်းသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
“မင်းတို့က အစီအစဉ်ရိုက်ဖို့ လာခဲ့တဲ့ ထူးခြားပညာရှင်တွေဆိုတာများလား? ကျုပ်က ဒီရှောင်ယန်ကျေးရွာရဲ့ ရွာသူကြီး ဝူဖန်ပါ၊
အလည်လာမယ်ဆိုတာလည်း ကြိုမသိရတော့ ဧည့်ခံတာများ လိုအပ်သွားရင် စိတ်မရှိပါနဲ့”
စိတ်ထဲတွင်တော့ တစ်ဖက်ရွာမှ ချန်ရှန်းပြောင်အား ကျိန်ဆဲနေမိသည်။
သူ့အား ဖုန်းခေါ်စဉ်က ဤအပြင်လူများသည် ‘လျှို့ဝှက်လမ်း’ကို လုံးဝရှာတွေ့မည်မဟုတ်ကြောင်း၊ ရွာကို ရောက်လာနိုင်မည်မဟုတ်ကြောင်း ကတိပေးခဲ့သေးသည်။ သူ့ကတိ၏ ရလဒ်ကတော့ ဝူဖန်ရှေ့တွင် မျက်ဝါးထင်ထင်ပင် ဖြစ်ပေသည်။
သတင်းကို အချိန်မှီသိရပြီး အမြန်သာ ရောက်မလာခဲ့ပါလျှင် အားဝမ် မည်သည့်စကားများ လျှောက်ပြောမိနေမည်ကို မသိနိုင်ပေ!
ပြောပြောဆိုဆိုနှင့်ပင် တုန်ယီနေသော ‘အားယာ’ကိုလည်း မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။ ကလေးငယ် ပို၍ ထိတ်လန့်သွားပြီးနောက် နောက်သို့ပင် ခြေနှစ်လှမ်းဆုတ်ကာ နှုတ်ခမ်းများစေ့၍ ရွာဘက်သို့ ထွက်ပြေးသွားခဲ့တော့သည်။
*