← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II(4)

Vol. 24 Ch. 237

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II(4)

Vol. 24 Ch. 237

“ဒီတော့ ဗေဒင်တောင် မေးနေဖို့မလိုဘူး၊ အခုလက်ရှိ သူ့ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့တင် ဒီအမျိုးသမီးက အတိတ်မှာ တော်တော်လေး ဒုက္ခရောက်ခဲ့မယ်ဆိုတာ သိသာလွန်းတယ်၊ ဖြစ်နိုင်တာကလည်း ဒီရွာရဲ့ လက်ချက်ပဲ

ဒါပေမယ့် သူမရဲ့ စိတ်ဓာတ်က လုံးဝကို ပြိုလဲသွားပြီလေ၊ သူမက သူ့ကို ရိုက်နှက်၊ ဆူပူ၊ အရှက်ခွဲခဲ့တဲ့ ရွာသားတွေကို မြင်တာတောင်မှ ရူးသလိုပဲ နေ,နေပြီး ဘယ်လိုမျိုး တုံ့ပြန်မှုမှ မရှိခဲ့ဘူး”

“ဒါပေမယ့် ဒီလိုမျိုး ‘စိတ်မမှန်’တဲ့ အမျိုးသမီးတစ်ယောက်က လူစိမ်းနှစ်ဦးဖြစ်တဲ့ ရှင်နဲ့ ‘ဟဲမီတူ’ကိုလည်းမြင်ရော အရှင်လတ်လတ် ဝါးစားမတတ် ဒေါသထွက်မုန်းတီးနေတာက မထူးဆန်းဘူးလား?”

ဟဲမီတူ မျက်မှောင်ကြုတ်မိသည်။

“ထူးဆန်းတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ အဲဒါက ဘာဖြစ်လို့လဲ?”

ကုကျစ်စုန့် ဟဲမီတူအား လှမ်းကြည့်လိုက်ရင်း ဆက်ပြောသည်။

“ရှင်နဲ့ ရှင်းယိချင်း နှစ်ယောက်လုံး တူညီပြီး ကျန်တဲ့သူတွေနဲ့ ကွဲထွက်နေတဲ့ တစ်ခုတည်းသော အရာက ရှင်တို့နှစ်ယောက် ဝတ်စားဆင်ယင်ပုံက ထူးဆန်းနေတယ်၊ ဒီတော့ ဘယ်လိုပဲ ကြည့်လိုက်ကြည့်လိုက် အပြင်လူဆိုတာ သိသာနေတာပဲ”

သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ တစ်ဦးသည်က တောက်ဓမ္မဝတ်စုံအား ဝတ်ဆင်ထားပြီး ကျန်တစ်ဦးကတော့ ဝတ်ရုံကိုဝတ်ဆင်ထားသည်။

တခြားပြိုင်ပွဲဝင်များကတော့ ပုံမှန်ဝတ်စုံများသာ ဝတ်ဆင်ထားခဲ့သည်။

ကုကျစ်စုန့်စကား အမှန်ပင်။

“ဒီတော့….”

ရှီဟိုင်ဟုန်၏ အသံ ရုတ်တရက် ထွက်လာသည်။

“ဒီတော့ ဒီအမျိုးသမီးက သူတို့ကို မုန်းတာမဟုတ်ဘဲ အဲဒီလို ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့သူတွေကို မုန်းတီးတာပေါ့၊ မဟုတ်မှလွဲရော သူက တောက်ကျန့်တစ်ယောက်ယောက်ကြောင့်များ အခုလို ရူးနေရတာလား?!”

ရှင်းယိချင်း : “ဒီတစ်ချက်တည်းနဲ့တော့ သေချာပေါက် ပြောလို့ မရနိုင်သေးဘူး၊ ဒါပေမယ့် အဲဒါဟုတ်တယ်ဆိုရင်တောင်မှ အခုစုံစမ်းနေတဲ့ ကိစ္စနဲ့ ဆက်သွယ်နေလို့လား?”

ကုကျစ်စုန့် ခေါင်းကို အသာခါလိုက်ပြီးနောက် ပိုင်စစ်ကို ကြည့်လိုက်သည်။

“မင်း သူမကို စိတ်ငြိမ်အောင် လုပ်ပေးလို့ရမလား? သူမရဲ့အတွေးတွေက အရမ်းကို ရှုပ်ထွေးနေပြီး သူမရဲ့ စိတ်တွေကလည်း ယောက်ယက်ခတ်နေတယ်”

သူမ ထိုအတွေးများနှင့် အာရုံခံနေသည်မဟုတ်ဘဲ ဤအမျိုးသမီးထံမှ ရုတ်တရက် ထွက်ပေါ်လာသည့် စွမ်းအင်ကို အခြေခံ၍ ပြောလိုက်ခြင်းသာဖြစ်သည်။

သို့သော် ထိုစွမ်းအင်ကို သူမ ရှင်းမပြနိုင်သကဲ့သို့ အခြားပြိုင်ပွဲဝင်များလည်း မမြင်နိုင်ပေ။ ဆိုရလျှင် သူမကဲ့သို့ ထူးခြားပညာရှင်ပေါက်စလေးတွင် ထိုကဲ့သို့ စွမ်းအင်မျိုးရှိသည်ကိုလည်း ယုံကြည်ကြမည်မဟုတ်ပေ။

ပိုင်စစ်: ကျွန်တော် ကြိုးစားပေးလို့ရပေမယ့် အောင်မြင်မယ်လို့တော့ အာမ,မခံနိုင်ဘူး၊ စိတ်ပိုင်းဆိုင်ရာရောဂါတွေက ကုသရခက်တယ်လေ”

သူတို့ပြောဆိုနေကြချိန်တွင် အနီးအနားတွင် ရပ်နေကြသည့် ဝန်ထမ်းများနှင့် ကျန်းရှောင်နာတို့ကတော့ နားမလည်နိုင်ဖြစ်နေခဲ့သည်။

တကယ်တမ်းတွင် ကုကျစ်စုန့်မှ အသံကို ကာရံပိတ်ဆို့ထားခြင်းကြောင့် သူတို့က ပြိုင်ပွဲဝင်များ ပါးစပ်လှုပ်နေသည်ကိုသာ မြင်နိုင်ပြီး အသံမကြားရပေ။

ကျန်းရှောင်နာ: “သူတို့ စကားပြောနေကြတာလား?”

ရွာသားနှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း ထိုလူများ မည်သည့်အရာများ လုပ်ဆောင်နေသည်ကို နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။

ပိုင်စစ်က အရှေ့သို့တိုးကာ စိတ်မနှံ့သည့် အမျိုးသမီး၏ နားထင်တစ်ဖက်တစ်ချက်စီတွင် လက်ချောင်းထိပ်ဖြင့် ညင်သာစွာ ထိလိုက်ပြီးနောက် သူ၏ စွမ်းအင်ကို အသုံးပြုကာ လမ်းညွှန်လိုက်သည်။

ပထမတွင်တော့ အရူးမကြီးသည် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်ငြား ပိုင်ခီ၏ စွမ်းအင် စတင်အလုပ်,လုပ်သည်နှင့် စိတ်လျှော့ကာ တည်ငြိမ်လာခဲ့သည်။ သို့သော် သူမနှင့် စကားပြော၊ဆက်သွယ်၍ မရသေးပေ။

ကုကျစ်စုန့်ကတော့ စိတ်ပျက်ခြင်းမရှိ။

အခြားသူများထံမှ အကူအညီတောင်းရခြင်းမှာ သူမ ဤပဟေဠိအား ဖော်ထုတ်နိုင်ရန်အတွက် သဲလွန်စများ လိုအပ်နေသောကြောင့်ပင်ဖြစ်သည်။

သို့သော် ဤအမျိုးသမီးကိုယ်ပေါ်မှ ‘အနက်ရောင်မြူခိုး’သည် ထူထဲလွန်းလှသည်။ ကုကျစ်စုန့် ထိုအမျိုးသမီးအား ထိလိုက်သည်နှင့်တပြိုင်နက် ထိုစွမ်းအင်များသည် သူမကို ချက်ချင်း တိုက်ခိုက်ကြသည်။

အမျိုးသမီး တည်ငြိမ်သွားပြီးနောက် ဒေစီက အရှေ့သို့ တိုးလာကာ စိတ်မနှံ့သော အမျိုးသမီး၏ ကြမ်းတမ်းကွဲအက်နေသည့် လက်ဖဝါးအား ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီးနောက် မျက်လုံးများကိုမှိတ်ကာ သူမ၏ အတိတ်ကို မြင်နိုင်ရန် ကြိုးစားလိုက်သည်။

ကုကျစ်စုန့် : “ဘယ်လိုလဲ? တစ်ခုခုတွေ့လား?”

ဒေစီ မျက်မှောင်ကြုတ်လိုက်သည်။

“… သူမရဲ့အတွေးတွေက ရှုပ်ထွေးလွန်းနေတယ်၊ အားလုံးက ရှုပ်ပွပြီး ရောနေတာပဲ၊ ဒီအမျိုးသမီးကိုယ်ထဲမှာ ကျွန်မခံစားလို့ရတာက နာကျင်မှုတွေ၊ မခံမရပ်နိုင်မှုတွေနဲ့ တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း မုန်းတီးမှုပဲ

နောက်တစ်ခုက သူ့ရဲ့စိတ် အနက်ရှိုင်းဆုံးနေရာမှာ ဖွက်ထားတဲ့ မှတ်ဉာဏ်တစ်ခုရှိနေတယ်၊ အဲဒါက သူမအတွက် တော်တော်လေး အရေးကြီးတဲ့ ပုံပဲ

ဒါပေမယ့် အဲဒါကို ကျွန်မ ကြည့်လို့မရအောင် တားနေတဲ့ ထူးဆန်းတဲ့စွမ်းအင်တစ်ခုရှိနေတယ်၊ စွမ်းအင်က… အဲဒါက ငရဲရဲ့ အပြင်ဘက်တစ်နေရာကနေ ကျွန်မကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံလိုပဲ”

သူမ ထိုစကားပြောပြီးသည်နှင့် ပါးပြင်ပေါ်တွင် ချွေးသီးများ ထွက်လာပြီးနောက် ဝေဒနာခံစားနေရဟန်‌ ပေါ်လာသည်။

ရွာသားနှစ်ယောက်လည်း ထိုင်ကြည့်မနေနိုင်တော့ဘဲ အနားသို့ ရောက်လာကြသည်။

“ဒီက ဧည့်သည်တို့၊ ဒါက ဘာတွေ လုပ်နေကြတာလဲ?”

ကျန်ရှိနေသည့် ဟဲမီတူနှင့် အခြားပြိုင်ပွဲဝင်များက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထိုရွာသားနှစ်ဦးကို တားဆီးလိုက်သည်။

“သူတို့က ဒီအမျိုးသမီးကို ကုပေးနေတာ၊ နှောင့်ယှက်လို့ မရဘူး”

စိတ်မနှံ့သော အမျိုးသမီး၏ လက်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည့် ဒေစီက အံကိုကြိတ်လိုက်ရင်း ထိုဖုံးကွယ်ထားသော နေရာသို့ ဇွတ်တိုးဝင်ရန် ကြိုးစားလိုက်သည်။

သူမ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ ပြင်းထန်လွန်းလှသည်။

“သွေး.. သွေးတွေ အများကြီးစီးနေတယ်၊ ရှင်းယိချင်းလို ဝတ်စုံမျိုး ဝတ်ထားတဲ့ လူတွေ အများကြီး အခန်းကျဉ်းလေးထဲမှာ ရှိနေခဲ့တယ်၊ ယောကျ်ားတွေရော၊ မိန်းမတွေရောပဲ

ကြည့်ရတာ သူတို့တွေ ပွဲတစ်ခုခု လုပ်နေတဲ့ ပုံမျိုးပဲ၊ ဘယ်လို ပွဲမျိုးမို့လို့လဲ? ဒီအစ်မကြီးကို ကြိုးနဲ့ဆွဲထားပြီးတော့ …. ပြီးတော့ အဲ့ဒီလူတွေကို ကြည့်ရတာ ရုပ်ထုကို အရိုအသေပြုနေကြတယ်”

ကုကျစ်စုန့်၏ မျက်လုံးများ မီးတောက်များသဖွယ် စူးရှနေခဲ့သည်။

“ဘယ်လို ရုပ်ထုမျိုးလဲ? ဘာနဲ့တူလဲ?”

ဒေစီတစ်ယောက် သွားချင်းရိုက်သံများပင် ထွက်လာခဲ့ပြီးနောက် ထိုရုပ်ထု၏ ပုံစံကိုလည်း ဖော်မပြနိုင်ပေ။

သူမနှင့် ခံစားချက်ချင်း မျှဝေနေသည့် အရူးမကြီးမှာလည်း မှတ်ဉာဏ်တွင်းမှ အမုန်းတရားများ ပြန်လည်တူးဆွခံလိုက်ရသောကြောင့် တည်ငြိမ်နေသည့် မျက်နှာသည်လည်း မဲ့ရွဲ့လာခဲ့ပြီး ရုန်းကန်လာခဲ့သည်။

“ဟုတ်တယ်၊ အဲဒီရုပ်တုက…”

ပြောနေရင်းနှင့်ပင် ဒေစီ၏နှာခေါင်းမှ သွေးတစ်စက် စီးကျလာခဲ့သည်။

ထိုအရာအား မြင်လိုက်ရသည်နှင့်တပြိုင်နက် ကုကျစ်စုန့် ဒေစီ၏ ပုခုံးကို ဆွဲလိုက်ပြီး အားပြင်းလွန်းကာ ဉာဏ်များလွန်းသည့် မကောင်းဆိုးဝါးစွမ်းအင်မှ ဒေစီ့အား မတိုက်ခိုက်နိုင်ခင်မှာပင် သူမ၏ ဝိဉာဉ်စွမ်းအင်ဖြင့် ကာကွယ်ပေးလိုက်နိုင်သည်။

ထိုအချိန်အခိုက်အတန့်တွင် သူမ၏ စိတ်အာရုံထဲတွင် ဒေစီ ‘မြင်တွေ့’လိုက်ရသည့်အရာအား သူမပါ ‘မြင်တွေ့’လိုက်ရသည်။

ထိုအရာသည်ကား ရှည်လျားသော လက်တံများ၊ ကြေးနီကိုယ်ခန္ဓာ၊ အရောင်စုံသော အဝတ်များ ဝတ်ဆင်ထားသည့် ရုပ်ထုတစ်ခုပင်။

ရုပ်ထု၏ ဦးခေါင်းတွင် မျက်နှာများစွာ ထွင်းထုထားပြီး ထိုမျက်နှာတစ်ခုချင်းစီမှာလည်း မတူညီသော မျက်နှာများဖြစ်ကြသည်။

တချို့မျက်နှာများသည် ဝမ်းနည်းနေသည်၊ တချို့သည် ဒေါသထွက်နေသည်၊ တချို့သည် စိတ်လှုပ်ရှားနေသည်၊ တချို့ကတော့ နာကျည်းမုန်းတီးနေသည်။

ထိုမျက်နှာအားလုံးသည် အသက်ဝင်နေသကဲ့သို့ပင် ရုပ်လုံးကြွလှသည်။

ကုကျစ်စုန့် ကြည့်လိုက်သည်နှင့် ထိုရုပ်ထုသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဒေစီက လက်ကို လွှတ်လိုက်ပြီးနောက် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရင်း နှာခေါင်းမှ သွေးစီးကြောင်းကို လက်ဖြင့် သုတ်လိုက်သည်။

သူမ၏ ဘေးမှ ပြိုင်ပွဲဝင်များလည်း စိတ်ပူပန်သွားပြီးနောက် မေးလာကြသည်။

“မင်းအဆင်ပြေရဲ့လား?”

သူမ ခေါင်းကို ရမ်းလိုက်ရင်း ကုကျစ်စုန့်အား ကြည့်လိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမယ့် စုန့်စုန့်က….”

ထိုနောက်ဆုံးအချိန်ခဏလေးတွင် သူမ ခံစားလိုက်ရသည်မှာ ကုကျစ်စုန့်သည် သူမအား တစ်စုံတစ်ခုထံမှ ကာကွယ်ပေးလိုက်ကြောင်းပင်။

“ရပါတယ်၊ ကျွန်မလည်း အဆင်ပြေပါတယ်”

မျက်နှာအနည်းငယ်ဖြူဖျော့နေသည့် ကုကျစ်စုန့်က မျက်လုံးများကို ဖွင့်လိုက်ရင်း ယနေ့အတွက် ပထမဆုံး စစ်မှန်သည့် အပြုံးလေးဖြင့် ပြုံးပြလာခဲ့သည်။

“ကျွန်မ တွေ့လိုက်ပြီ”

ထိုရုပ်ထုအား သူမ မြင်လိုက်ရသည်နှင့် သူမအား ကာကွယ်တားဆီးနေသော အနှောင့်အယှက်များ၊ သူမ၏ မျက်လုံးများကို ဖုံးကွယ်ထားသည့် မြူခိုးများအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

စိတ်မနှံ့သည့် အမျိုးသမီး၏ မျက်နှာပေါ်မှ အနက်ရောင်မြူခိုးများလည်း လျော့ပါးသွားပြီး ကြည်လင်ပြတ်သားသည့် ကံကြမ္မာလမ်းကြောင်းများ ပေါ်လာခဲ့ပြီဖြစ်သည်။

ကုကျစ်စုန့် အမှန်တကယ်ပင် ကျေးဇူးတင်လိုက်သည်။

“ဒီနေ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ပိုင်စစ်ရော ဒေစီပါ လက်ရမ်းလိုက်ရင်း ငြင်းဆန်ကြသည်။

“မဟုတ်တာ၊ ငါတို့က ဘာမှ မလုပ်လိုက်ရပါဘူး”

တခြားပြိုင်ပွဲဝင်များကတော့ မှင်သက်နေခဲ့ကြသည်။

သူတို့ ယခင်က အထင်လွဲမှားမိသည်လောဟု တွေးနေမိကြသည်။ အမြဲလိုလို ထူးခြားဆန်းကြယ်ကာ ကြိုတင်ခန့်မှန်း၍ မရသော ကုကျစ်စုန့်သည်က ယခုအချိန်တွင်တော့ တစ်ခြားသူများအပေါ်တွင် အေးစက်သည့်ပုံမပေါ်တော့ပေ။

‘အနက်ရောင်မြူခိုး’ ၏ အနှောင့်အယှက်မရှိတော့ချိန်တွင် ဤအရူးမကြီး၏ ကိုယ်ပေါ်မှ အကျိုး၊အကြောင်းစွမ်းအင်သည်က ပို၍ပင် ကြောက်ဖို့ ကောင်းလာခဲ့သည်။

ထိုစွမ်းအင်ကို ခံစားမိပြီးနောက် ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်မှ ကံကြမ္မာအား စတင်ခွဲခြမ်းစိတ်ဖြာတော့သည်။

တချို့အရာများကို စစ်ဆေးပြီးသည်နှင့် အရာအားလုံးသည် ကံကြမ္မာ၏ ဆုံးဖြတ်ချက်အတိုင်း အကျိုး၊အကြောင်း ရလဒ်များ သက်ရောက်လာမည်ဖြစ်သည်။

သို့သော် ဤအရာသည်က လုပ်ကို လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်ပေသည်။

•

ရွာသားနှစ်ယောက်ကတော့ ရွာကော်မတီရုံးမှ တည်ငြိမ်သွားပြီဖြစ်သော အရူးမကြီးကို ခေါ်ဆောင်၍ ထွက်လာချိန်ထိ နားမလည်နိုင် ဖြစ်နေဆဲပင်။

သူတို့က ရွာသူကြီး ဝူဖန်ထံသို့ သတင်းပို့ခဲ့ကြသည်။

“အစ်ကိုကြီး၊ ကျွန်တော်တို့ သူမကို ပြန်ခေါ်လာပြီ”

“အဲဒီလူတွေက ဘယ်သူတွေလဲ? သူတို့ တစ်ခုခုများ ရှာတွေ့သွားကြသေးလား?”

“သူတို့ ဘာမှ ရှာမတွေ့ပါဘူး၊ သူမကတော့ အရူးထတာ ငြိမ်သွားပြီ၊ ဒါပေမယ့် ဘာမှတော့ မမှတ်မိပါဘူး/ အဲဒီ ထူးခြားပညာရှင်တွေလည်း တော်တော်လေး စိတ်ပျက်ပြီး စိတ်မရှည်တော့တဲ့ပုံပဲ၊ ပြီးသွားတာနဲ့ သူတို့တွေ ဗိုက်ဆာလို့တဲ့၊

ဒါနဲ့ ကျုပ်တို့လည်း သူတို့အတွက် သီးသန့်ခန်းငှားပေးပြီး စားစရာမှာပေးထားခဲ့တယ်”

ဖုန်းတစ်ဖက်မှ ဝူဖန်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။

“ကောင်းပြီ၊ သူတို့စားပြီးသွားရင် ဒီရွာကနေ အမြန်ပြန်ပို့ပေးလိုက်”

ရွာသားကတော့ နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။

“ကျုပ်ထင်တာကတော့ ဒီလူတွေက အဲဒီလောက်လည်း အထင်ကြီးဖို့မကောင်းပါဘူးဗျာ၊ ပြီးတော့ တိုက်ရိုက်လွှင့်နေတဲ့ပုံလည်း မပေါ်ဘူး၊ အစ်ကိုကြီးက ဘာလို့ သူတို့ကို ကြောက်နေတာလဲ?

သူတို့ရဲ့ကင်မရာတွေကို ရိုက်ခွဲပြီး ဖမ်းထားလိုက်ရုံပဲလေ၊ ဘော့စ်က ကာကွယ်ပေးထားတာဆိုတော့ အပြင်က ရဲတွေလည်း ကျုပ်တို့ကို ဘာမှ လုပ်လို့ မရဘူး”

ဝူဖန်ကတော့ သဘောမတူပါချေ။

“မရူးစမ်းနဲ့၊ ဒီလူတွေက နာမည်ကြီးပြိုင်ပွဲက လာတာ၊ သူတို့တွေ ဒီနေရာမှာသာ တစ်ခုခုဖြစ်သွားရ၍ ငါတို့ပါ ပြသနာတက်လိမ့်မယ်၊ သူတို့လာရာလမ်းအတိုင်းသာ ပြန်ခိုင်းလိုက်”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ…”

ထိုအချိန်တွင် နောက်ထပ် ရွာသားတစ်ဦး အပြေးအလွှားရောက်လာခဲ့သည်။

“အစ်ကိုကြီး၊ ဒီလူတွေက လေထဲမှာ အငွေ့ပျံသွားသလို ပျောက်သွားပြီ! ကျုပ် စတိုးဆိုင်ထဲမှ ထိုင်စောင့်နေတာလေ၊ နောက်တော့ အခန်းထဲက ဘာသံမှ မကြားရတာနဲ့ မသင်္ကာလို့ တံခါးဖွင့်ကြည့်လိုက်တော့ တစ်ယောက်မှ မရှိကြတော့ဘူး!”

ဝူဖန်: “?!!”

ပထမရွာသား: “?!!”

All Chapters