← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (I)

Vol. 24 Ch. 238

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (I)

Vol. 24 Ch. 238

ရှောင်ယန်ကျေးရွာ၏ ယနေခင်းနေဝင်ဆည်းဆာကောင်းကင်သည် လိမ္မော်ရောင်တိမ်တိုက်များဖြင့် လှပနေခဲ့သည်။

ကောင်းကင်ပေါ်မှ မီးတောက်သဖွယ်အဆင်းရှိသည့် တိမ်တိုက်များသည်က အနီရောင်ပင်လယ်ပြင်အလား၊ စိတ်ဓာတ်ကျဖွယ်၊ ခြောက်ခြားဖွယ်မြင်ကွင်းတစ်ခုပင်။

ရွာထဲမှ လူများသည်ကား ညစာပြင်ဆင်နေကြပြီး လမ်းများသည်လည်း တိတ်ဆိတ်နေခဲ့သည်။

ပိန်ပိန်ပါးပါးကောင်လေးတစ်ဦးက အိမ်ရှေ့ခြံကွက်လပ်တွင် ဖုန်းထဲမှ ဟာသဗီဒီယိုများ ကြည့်ရင်း ရယ်မောနေခဲ့သည်။ ထိုကောင်လေးမှာ နေ့လည်ခင်းက အားယာကို နောက်ပြောင်သူ၊ အရူးမကြီးအား ရိုက်နှက်ခဲ့သည့် ကောင်လေးပင်ဖြစ်သည်။

မီးဖိုချောင်ထဲတွင် သူ့ထက် အသက်နှစ်အနည်းငယ်ကြီးသည့် မိန်းကလေးတစ်ဦးက ချက်ပြုတ်နေခဲ့ပြီး ကောင်လေး စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

“အစ်မ၊ နင် မြန်မြန်ချက်လို့ မရဘူးလား? ငါ ဗိုက်ဆာလို့ သေတော့မှာပဲ!”

အခန်းတွင်းမှ သွားများကျိုးနေပြီဖြစ်သော အဖွားအိုတစ်ဦးကလည်း ကောင်လေး၏ အသံကို ကြားရပြီးနောက် မျက်နှာတင်းသွားသည်။

“သောက်ကောင်မလေး၊ နင်က နင့်မောင်လေးကို ငတ်သေအောင် ကြံစည်နေတာလား?”

မိန်းကလေးငယ်သည်ကား ချက်ပြုတ်နေရသည့်အတွက် အပူဒဏ်ကြောင့် ချွေးများ စိုရွှဲနေခဲ့သည်။ သူမ စားပွဲအား ပြင်ဆင်ပြီးနောက် အဖွားအိုနှင့် ကောင်လေးတို့က နေရာတကျ ထိုင်လိုက်ကြသည်။

“အထဲသွကိုားပြီး နင့်အဖေကို ထမင်းစားဖို့ခေါ်လိုက်။ နင်က ဘာကိစ္စ ပန်းကန်လုံးကိုင်ထားရတာလဲ!?”

အဘွားအို အော်ဟစ်လိုက်သည်။

မိန်းမငယ်လေး၏ အသံမှာ ခပ်တိုးတိုးပင်။

“သူ့.. သူ့ကို ညစာလေး ပေးမလို့ပါ”

“မနေ့က ကျန်သေးတဲ့ ပေါက်စီတွေ ရှိသေးတယ်၊ အဲလိုမျိုး စောက်ကျေးဇူးမသိတတ်တဲ့ ကောင်မကို ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ကျွေးရတာက အလကားပဲ။ သွား အဲဒီ ပေါက်စီတွေပဲ ပေးလိုက်”

မိန်းမငယ်လေးမှာ ပြန်လည်မငြင်းဆန်ရဲချေ။ ခြေသံတိုးတိုးဖြင့်သာ ထွက်သွားခဲ့သည်။

ထိုအချိန်တွင် အိမ်တံခါးဝအား အပြင်မှ ကန်ကျောက်ဖွင့်ခံလိုက်ရပြီး ထိုဆူညံသံကြောင့် အိမ်ရှေ့တွင် ထိုင်နေသူနှစ်ဦးလည်း လန့်ဖျပ်သွားခဲ့သည်။

“နင်တို့တွေ ဘယ်သူတွေလဲ? တောပုန်းဓားမြတွေလား!?”

ကောင်လေး၏ မျက်ဝန်းအစုံကတော့ ပြူးကျယ်သွားရသည်။ ထိုလူများမှာ နေ့လည်ခင်းက ရွာလမ်းအဆုံးတွင် သူတွေ့ခဲ့သော လူများဖြစ်ကြောင်း မှတ်မိလိုက်သည်။

ထိုလမ်းကြောင်းသည် ကုန်ပစ္စည်းများ လာယူသည့်သူများသာလျှင် ဖြတ်သန်းနိုင်သည့် လမ်းကြောင်းဖြစ်သောကြောင့် သူတို့က ရွာ၏ ‘လက်တွဲဖော်များ’ဟု တွေးမိလိုက်ကြသည်။

အိမ်သို့ ပြန်ရောက်ပြီးမှသာ ထိုလူများက တခြားနယ်မြေမှ လာရောက်၍ ရိုက်ကူးရေးလုပ်ကြသည့် သတင်းလွှင့်သူများဖြစ်ကြောင်း သိလိုက်ရသည်။

“ခင်များတို့……”

တံခါးကို ကန်၍ ဖွင့်လိုက်သူသည်က ထိုအဖွဲ့ထဲတွင် အချောဆုံးအမျိုးသမီးပင်ဖြစ်သည်။ သူမ၏ မျက်လုံးများသည်က ကြည်လင်စူးရှ၍ အေးစက်နေပြီး ထိုမျက်လုံးအား မြင်တွေ့ဖူးသူတိုင်း မေ့နိုင်မည်မဟုတ်ပေ။

“စုန့်စုန့် ဒါမကောင်းဘူးထင်တယ်နော်၊ ငါတို့မှာ သက်သေလည်း မရှိဘူး….”

တင်ဆက်သူလျှို့က လေသံတိုးတိုးဖြင့် ကုကျစ်စုန့်အား နားချနေခဲ့သည်။

ကုကျစ်စုန့် အခြားပြိုင်ပွဲဝင်များကို မည်သို့ ပြောထားသည်ကို သူ မသိရ။ သူတို့အားလုံးက ဤနေရာသို့ ဒေါသတကြီးဖြင့် ရောက်လာကြပြီးနောက် အိမ်တံခါးကိုပင် ကန်ကျောက်ဖွင့်ပြီး အိမ်ထဲအထိ ဝင်လာခဲ့ကြသည်။

ကုကျစ်စုန့်ကတော့အေးအေးဆေးဆေးပင်။

“စိတ်မပူပါနဲ့ အစ်ကိုလျှို့၊ ဒီကိစ္စက အစ်ကိုတို့နဲ့ ဘာမှ မဆိုင်ပါဘူး”

သူမသည်က ဝိဉာဉ်စွမ်းအင်အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်မဟုတ်သကဲ့သို့ တောက်ဓမ္မဂိုဏ်းဝင်လည်း မဟုတ်ပေ။ သူမအား မည်သည့်အဖွဲ့အစည်းကမျှ ချုပ်နှောင်ထားနိုင်စွမ်းမရှိ။

ယခုအချိန်တွင် သူမ ဝင်ပါရန် ဆုံးဖြတ်လိုက်ပြီဖြစ်သော်ကြောင့် စကားအများကြီး ပြောမနေတော့။

ချက်ချင်းပင် သဲလွန်စများမှ ညွှန်ပြရာနေရာသို့ လျှောက်သွားလိုက်သည်။

ကုကျစ်စုန့် အိမ်ဝိုင်းထဲသို့ တည့်တည့်ဝင်သွားပြီးနောက် အကွယ်မှ ဧည့်ခန်းထဲသို့ သွားရန်ပြင်လိုက်သည်။ ထိုအရာအား မြင်ရပြီးနောက် အဘွားအိုက သူမကို တားမြစ်ရန် ပြင်လိုက်သော်ငြား ကုကျစ်စုန့်၏ မျက်ဝန်းများမှ အကြည့်ကြောင့် ထိတ်လန့်သွားရသည်။

တံခါးအား တွန်းဖွင့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ပြောစရာစကားများ ဆွံ့အသွားကြသည်။

သူတို့မြင်တွေ့ရသည်မှာ ဧည့်ခန်း၏ ရှုပ်ပွနေသည့် အတွင်းပိုင်းနေရာပင်ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ပါးလွှနေသော အခင်းစောင်နှင့် ခြုံစောင်တစ်ထည်ရှိသည်။ ထိုအခင်းစောင်ပေါ်တွင် ထိုင်နေသည်မှာ ပေရေညစ်ပတ်ကာ မှိန်းနေသည့် အမျိုးသမီးတစ်ဦးပင်။

သူမ၏ လည်ပင်းတွင်လည်း ချိန်းကြိုးတစ်ချောင်းရှိကာ ပိန်ချုံးနေခဲ့သည်။ လေတိုက်သည်နှင့် ခန္ဓာကိုယ်မှ အရိုးများ ကျိုးကြေသွားမည်ဟုပင် ထင်ရစေသည်။

ချိန်းကြိုး၏ တစ်ဖက်သည်က နံရံဖြင့် တွဲထားခြင်းပင်ဖြစ်သည်။

သူမရှေ့တွင် ဇလုံတစ်လုံးရှိပြီး ထိုဇလုံထဲတွင် အေးစက်မာတောင့်နေပြီဖြစ်သော ပေါက်စီ သုံးလုံးနှင့် ညစ်ပတ်နေသော ရေတစ်ခွက်သာရှိသည်။

လှုပ်ရှားသံနှင့် လူများကို မြင်တွေ့လိုက်ရသော်ငြား ထုံထိုင်းနေသည့် သူမ၏ ဦးနှောက်သည် ချက်ချင်း မတုံ့ပြန်နိုင်ပေ။

နံရံအား မှီကာရပ်နေသော မိန်းမငယ်လေးကတော့ ကုကျစ်စုန့်အား ကြောက်လန့်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် ပြိုင်ပွဲဝင်အားလုံး၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး ဒေစီနှင့် ရှီဟိုင်ဟုန်တို့နှစ်ဦးက အံကို တင်းတင်းကြိတ်ထားခဲ့ကြသည်။

“အယုတ်တမာကောင်!”

ဝဝဖိုင့်ဖိုင့်အမျိုးသားသည်လည်း ဆူညံသံကြောင့် နောက်ဖေးခန်းထဲမှ အပြေးထွက်လာခဲ့သည်။ သူ့အိမ်ထဲမှ လူအုပ်အား မြင်တွေ့ရပြီးနောက် သူ၏ လူမဆန်သည့် လုပ်ရပ်များ ပေါ်သွားကြောင်း သဘောပေါက်လိုက်သည်။

ချက်ချင်းပင် ထောင့်တွင် ထောင်ထားသော ဂေါ်ပြားကို ကောက်၍ ကုကျစ်စုန့်၏ ခေါင်းကို ရိုက်ရန် ရွယ်လိုက်သည်။

ကုကျစ်စုန့်က သူ့အား လှည့်၍ပင် မကြည့်။ ရုတ်တရက် တိုက်ခိုက်မှုအား အလွယ်တကူ ရှောင်တိမ်းလိုက်ပြီးနောက် ခြေထောက်ကို မြှောက်ကာ ရင်ဘတ်အား ဆောင့်ကန်လိုက်သည်။

သူမ၏ ကန်ချက်ကြောင့် ခပ်ဝဝအမျိုးသားသည်က သုံးမီတာ၊ လေးမီတာခန့် လွင့်သွားပြီးနောက် မြေပေါ်သို့ ပုံလဲကျသွားလေသည်။

အဘွားအိုလည်း ဘုရားတလိုက်ပြီးနောက် သားဖြစ်သူထံသို့ ပြေးသွားကာ ငိုယိုနေခဲ့သည်။

ကုကျစ်စုန့် အခန်းထဲသို့ လျှောက်သွားပြီးနောက် မှိန်းနေသည့် အမျိုးသမီးရှေ့တွင် ရပ်လိုက်ရင်း အမျိုးသမီး၏ မျက်လုံးများကို စေ့စေ့ကြည့်လိုက်သည်။

“ရှင် ကျွန်မနဲ့ လိုက်ခဲ့မလား?”

သူမက သူမ၏ ဘေးတွင် ကျနေသော ဂေါ်ပြားကို ခြေထောက်တစ်ဖက်တည်းနှင့် ချိုးပစ်လိုက်သည်။ ထိုအသံကြောင့်ပင် နောက်တွင် လဲကျနေသော သားအမိနှစ်ဦး တုန်လှုပ်သွားကြပြီး ဆဲဆိုအော်ဟစ်နေခဲ့သည်။

သူတို့သည်က ကြောက်လန့်နေကြသော်ငြား အမျိုးသမီး၏ ဝိဉာဉ်မှာတော့ တဖြည်းဖြည်း ပြန်သက်သာလာခဲ့သည်။

အမျိုးသမီးက ချိန်းကြိုးအား ကိုင်ထားသည့် ကုကျစ်စုန့်၏ လက်ချောင်းဖြူဖြူသွယ်သွယ်များကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးအကြည့်များလည်း အနည်းငယ်ရွေ့သွားခဲ့သည်။

သူမသည် ပိန်ချုံးနေခဲ့ပြီး စိတ်အခြေအနေမှာလည်း ပုံမှန်မဟုတ်တော့။

ဘယ်အချိန်၊ ဘယ်ကာလကတည်းက သူမသည်က ဤအခန်းထဲတွင် တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ချုပ်နှောင်ထားခံရသည်ကိုပင် မမှတ်မိတော့ပေ။ အချိန်ကြာမြင့်လွန်းလှသည်ကြောင့် သူမသည် ကိုယ့်ကိုကိုယ် လူသားတစ်ယောက်ဖြစ်သည်ကိုပင် မေ့လျော့စပြုနေခဲ့ပြီဖြစ်သည်။

သူမ၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ်ကွေးညွှတ်သွားခဲ့ပြီး မျက်နှာအမူအယာတွင် စိတ်လှုပ်ရှားမှု၊ တွေဝေမှုနှင့် ကြောက်ရွံ့မှုတို့မှာ အတိုင်းသားပင်။

သူမ ယခင်က ထွက်ပြေးခဲ့ဖူးသည်။

သို့သော် မအောင်မြင်ခဲ့ပေ။ ဤအခြေအနေသည် သူမဘဝ၏ အဆုံးသတ်ဟုသာ လက်ခံထားခဲ့သည်။

ယခုတစ်ကြိမ်တွင်ရော သူမ ပထမဆုံးခြေလှမ်း လှမ်းနိုင်ပါမည်လော?

သူမ၏ ဘဝတွင် မျှော်လင့်ချက်နှင့် ဖြစ်နိုင်ချေများ ရှိနေသေးသည်လော?

အမျိုးသမီး ပါးစပ်ဟကာ စကားပြောရန် ပြင်လိုက်သော်ငြား အဖွားအိုတွဲထားရသည့် အမျိုးသား ပါးစပ်မှ မယုံကြည်နိုင်စရာ စကားများ ထွက်လာခဲ့သည်။

“ယွဲ့ဟွာ၊ သေချာစဉ်းစားပါဦး၊ ငါတို့မိသားစုအရေးတွေက ရှက်ဖို့ကောင်းလွန်းလို့ အပြင်လူတွေကတောင် ငါတို့ကို ဟားတိုက်ကြလိမ့်မယ်

နောက်ဆုံးတစ်ခေါက် မင်း အရူးထတုန်းက ငါမင်းကို ခွင့်လွှတ်တယ်လို့ ပြောခဲ့တယ်လေ၊ မင်းလည်း အဲ့လို လုပ်ရပ်မျိုး နောက်မလုပ်တော့ပါဘူးလို့ ကတိမပေးခဲ့ဘူးလား!”

ယွဲ့ဟွာ တုန်ယင်သွားခဲ့ပြီး မျက်နှာအမူအယာမှာလည်း ကြောက်လန့်နေဟန်ပေါ်သည်။

အမျိုးသား၏ အသံမှာ အနည်းငယ်ပျော့ပြောင်းလာသည်။

“ငါတို့ရဲ့ကလေးတွေက ငယ်သေးတယ်လေကွာ၊ သူတို့ ကျောင်းလည်း တက်ရဦးမယ်၊ နောင်အနာဂတ်ကျရင် အလုပ်တွေလည်း လုပ်ရဦးမယ်

ငါတို့ရဲ့မိသားစုပြဿနာတွေကို လူတွေသိကုန်ရင် ဒီကလေးတွေ ဘယ်လိုနေမလဲ? မင်း ကိုယ့်ကလေးတွေအတွက် ကိုယ်မကြည့်တော့ဘူးလား? နည်းနည်းလောက် စဉ်းစားပါဦးကွာ”

“ငါအရင်က ဒေါသကြီးခဲ့တာကို သိပါတယ်၊ ကလေးတွေကို စဉ်းစားပြီး ငါတို့မိသားစုအပေါ်ကို စိတ်မဆိုးပါနဲ့တော့ကွာ..”

ရှီဟိုင်ဟုန် မခံစားနိုင်တော့။

“တိတ်စမ်း! ရှင်က ဝက်တွေ၊ ခွေးတွေထက်တောင် ဆိုးရွားသေးတယ် ကိုယ့်မိန်းမကိုယ်တောင် ခြိမ်းခြောက်၊ ဉာဏ်ဆင်ရတယ်လို့!”

ဒေစီလည်း ဒေါသထွက်လာပြီးနောက် သူမအိတ်ထဲမှ စုန်းမအရုပ်တစ်ခု ထုတ်လိုက်သည်။

အဘွားအိုလည်း ဒေါသကြီးနေသည့် ရှီဟိုင်ဟုန်ကို ကြည့်လိုက်ရင်း တည်ငြိမ်ဟန်ဆောင်ကာ ပြောဆိုလိုက်သည်။

“ယွဲ့ဟွာ၊ ဒီလောကကြီးမှာ ဘယ်အမေကမှ ကိုယ့်သားသမီးကို ဒုက္ခရောက်အောင် လုပ်မှာမဟုတ်ဘူး! မြေးကြီး၊ မင်းအမေ့ကို တားပါဦး၊ သူ့ကို ထွက်မသွားစေချင်ဘူးလို့ ပြောလိုက်လေ၊ မြေးငယ်လေး၊ သားကြီးလာရင် ဘာလုပ်ချင်တာလဲဆိုတာ အမေ့ကို ပြောပြလိုက်ဦးလေ!”

အသံညှောင်နာနာဖြင့် ကောင်လေးလည်း အဘွားအို၏ တွန်းအားကြောင့် ခြေထောက်များ တုန်ယင်လာပြီး အော်ငိုလိုက်သည်။

“သား… သား ကြီးလာရင် ကောလိပ်သွားတက်ချင်တယ်၊ မြို့ကြီးမှာလည်း အလုပ်လုပ်ချင်တယ်လေ၊ မေမေ… မေမေ.. သားတို့ကို ထားမသွားနဲ့နော်၊ မေမေ သွားလို့ မသွားရဘူး!”

အဘွားအို အခန်းထဲမှ မိန်းကလေးကိုလည်း စူးစူးဝါးဝါးကြည့်လိုက်သည်။

“မြေးကြီး မင်းလည်း တစ်ခုခုပြောစမ်းပါဦး!”

အသက် ၁၃နှစ်၊ ၁၄နှစ်ရှိပြီဖြစ်သော မိန်းမငယ်လေးသည်ကား ကိစ္စအကြောင်းအရာများကို နားလည်နိုင်ပြီဖြစ်သည်။ တစ်နှစ်ပတ်လုံး ဤထောင့်နေရာလေးတွင် ချိန်းကြိုးဖြင့် ချုပ်နှောင်ခံထားရပြီး ပေရေညစ်ပတ်နေသော မိခင်ဖြစ်သူသည် သူမအား ခေါင်းလှည့်၍ မော့ကြည့်နေသည်ကို မြင်လိုက်ရပြီးနောက် သူမရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။

နောက်ဆုံးတွင်တော့ သူမလည်း အော်ငိုလိုက်မိသည်။

“မေမေ.. မေမေ သူတို့နဲ့ လိုက်မသွားပါနဲ့၊ ဖေဖေနဲ့ ဘွားဘွားတို့လည်း မှားမှန်းသိနေကြပါပြီ၊ နောက်ကို မလုပ်တော့ပါဘူး မောင်လေးနဲ့ သမီးတို့လည်း…..”

အမျိုးသမီး၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်မီးတောက်လေးသည် လေပြင်းတစ်ချက်အဝှေ့ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားခဲ့သည်။ သူမတစ်ကိုယ်လုံးတွင်လည်း နာကျင်မှုမှတပါး အခြားခံစားချက်မရှိတော့ပေ။

သူမ ဤငရဲမှ ထွက်ပြေးချင်သည်။

အခွင့်အလမ်းသည်လည်း သူမနှင့် လက်တစ်ကမ်းတွင် ရှိနေခဲ့သည်။

သို့သော် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန်တွင် သူမ၏ လက်များ တွန့်ဆုတ်နေခဲ့သည်။

နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခံရခြင်းတို့သည် သူမအသွေးအသားထဲမှ သတ္တိများကို ဝါးမျိုသွားခဲ့ပြီဖြစ်သည်။

ယခု သူမသည် ကြောက်ရွံ့ခြင်း၊ ထုံကျဉ်ခြင်းနှင့် လက်လျှော့ခြင်းတို့သာ ကျန်ရစ်တော့သည်။

ကလေးငယ်များကို စိတ်ပျက်မိသော်ငြား သူတို့တွင်…. အပြစ်မရှိပေ။

အထူးသဖြင့် ညလယ်ခေါင်တွင် သူမကို မုန့်ခိုးကျွေးတတ်သော၊ စောင်ခြုံပေးတတ်သော သမီးကြီးတွင် အပြစ်မရှိ။

သူမ ကုကျစ်စုန့်နောက်သို့ လိုက်သွားသည်နှင့် ဤမိသားစု၊ ဤကျေးရွာတစ်ခုလုံး နိဂုံးချုပ်သွားမည်ဖြစ်ကြောင်း သူမ သိသည်။

All Chapters