← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (3)

Vol. 24 Ch. 240

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (3)

Vol. 24 Ch. 240

ဝူဖန်သည်လည်း အခြေအနေကြောင့် စိတ်ပူနေခဲ့သော်ငြား သူသည်က နှစ်ဖက်လုံးမှ အထက်လူများနှင့် တွေ့ဆုံဖူးပြီးဖြစ်သည်။

လုပ်ငန်းသွားလာမှုတစ်ခုတည်း သီးသန့်ဆိုပါက ထိုလူများသည်က ကုကျစ်စုန့်နှင့် အခြားပြိုင်ပွဲဝင်များထက် အဆပေါင်းများစွာ ပို၍ အားကြီးသည်။

ထိုလူများမှာ မကောင်းမှုစွမ်းအင်များ ပြည့်နှက်နေသောကြောင့် သူတို့ကို ကြည့်ရုံမျှနှင့်ပင် ဦးရေများ ကျဉ်တက်လာနိုင်သည်။

ထိုအကြောင်းကို ပြန်စဉ်းစားလိုက်ပြီးနောက် ဝူဖန် အနည်းငယ်စိတ်အေးသွားလေသည်။

သူ တည်ငြိမ်စွာ ပြောလိုက်သည်။

“မဟုတ်တာတွေ မပြောစမ်းနဲ့၊ သူတို့တွေက အဲဒီမှတ်စုလောက်လေးနဲ့ ဘာရှာတွေ့မှာမို့လို့လဲ? ရွာထဲက ‘ကုန်ပစ္စည်း’တွေကလည်း ရွှေ့ပြီးတာ ကြာပြီ သူတို့ ရှာလို့ မရပါဘူး!”

“အပြင်က ‘ပါတနာ’တွေကလည်း ငါတို့နဲ့ အတူအလုပ်တွဲလုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး၊ ငါတို့ကို သစ္စာဖောက်သွားရင် သူတို့လည်း သေဘေးမလွတ်ဘူးဆိုတာ သူတို့ကောင်းကောင်းသိတယ်

သူတို့ရဲ့ပါးစပ်တွေက မင်းတို့လို အားနည်းတဲ့ ငတုံးတွေထက် အများကြီး ပိုလုံတယ်ကွ!”

ဝူဖန်နှင့် တစ်ချိန်လုံး အလုပ်လုပ်နေခဲ့သည့် သူ၏ လက်ထောက်၊ ရွာ၏ ဒုတိယရွာသူကြီးသည်လည်း ခြေရာလက်ရာ သေချာမဖျောက်နိုင်သောကြောင့် အခြားပြည်နယ်မှ လူများအား ရွာတွင်းသို့ ဖမ်းဆီးခေါ်ဆောင်လာသည်ဟု ရဲများထံမှ သံသယဝင်ခံရဖူးသည်။

ရွာထဲတွင် တောက်ကျန့်များ ရေးဆွဲပေးထားသော ဖွဲ့စည်းပုံများ၏ အကူအညီဖြင့် သူသည် ဖမ်းဆီးလာသူများကို ဝှက်၍ ရွာအတွင်းသို့ ပြဿနာတစ်စုံတစ်ရာမရှိ ပြန်ရောက်လာခဲ့သည်။

ထိုသို့ ကြုံတွေ့ပြီးနောက်တွင် လက်ထောက်ဖြစ်သူက ရှားနိုင်ငံ၏ ဥပဒေအား မုန်းတီးနေခဲ့သည်။

ရွာသားများ၏ ကြောက်ကြောက်လန့်လန့် လျှောက်ပြောနေသည့် စကားများကို ကြားရပြီးနောက် သူ မျက်နှာကို ရှုံ့မဲ့လိုက်သည်။

“အစ်ကိုကြီးဖန် ပြောတာမှန်တယ်၊ မင်းတို့ ပုဇွန်ဆိတ်လိုကောင်တွေက အပ်ထိပ်ဖျားလောက်တောင် သတ္တိမရှိကြဘူး၊ စောင့်ကြည့်နေလိုက်စမ်းပါ

ငါတို့ကို ကာကွယ်နေတဲ့ ပညာရှင်တွေဆီမှာ နည်းလမ်းရှိကိုရှိတယ်၊ ဒီရဲသားတွေလည်း သက်သေရှာမရတာနဲ့ ငါတို့ကို နှစ်ရက်နေရင် ပြန်လွှတ်ပေးရမှာပဲ”

အားနည်းကာ ကြောက်လန့်တတ်သည့် ရွာသားများကတော့ ညည်းညူနေဆဲပင်။

“ကျုပ် ထောင်ကျမှာကို မကြောက်ပါဘူး၊ ကျုပ်ရဲ့ သားကြီးက မြို့ကြီးမှာ ကောင်မလေးရနေတာ၊ သူ့ကောင်မလေးက ပိုက်ဆံလည်းရှိပေမဲ့ ကျုပ်တို့လို ဆင်းရဲသားတွေကိုတော့ မနှိမ်ရှာဘူး

ဒါပေမယ့် ကျုပ်အဖမ်းခံလိုက်ရရင် သားကြီးရဲ့ အိမ်ထောင်ရေးလည်း ဒုက္ခရောက်တော့မှာ!”

“ကျုပ်သမီးလေးက ကောလိပ်တက်နေတုန်းပဲ၊ သမီးလေးက အဆင့်လည်းကောင်းတယ် အခု ဝင်ခွင့်စာမေးပွဲကလည်း ဖြေရတော့မှာ၊

တစ်ခုခု ဖြစ်သွားလို့မဖြစ်ဘူး၊ ဖန်တာ့ကော၊ ကျုပ်တို့ကို ခင်များ ဆက်ဆက် ကူညီမှရမယ်!”

ဖမ်းဆီးခံထားရသော ရွာသားများ တုန်လှုပ်နေသကဲ့သို့ အပြင်မှ တာဝန်ကျ ရဲသားများမှာလည်း ပူပန်မှုအပြည့်ပင်။

“ကပ္ပတိန်ဟဲ၊ ကျွန်တော်တို့မှာရှိတဲ့ သက်သေက ဖမ်းဆီးမိန့်ရလောက်တဲ့ထိ မလုံလောက်ဘူး၊ ပြီးတော့ ဒီလောက်လူတွေအများကြီးကို တစ်ခါတည်း ဖမ်းဆီးဖို့က ဖြစ်နိုင်ပါ့မလား?...”

တောင်ပိုင်းပြည်နယ်ရဲစခန်းမှ ကပ္ပတိန်ဟဲက အကြောင်းပြန်သည်။

“အထက်က အမိန့်ကတော့ ဒီဖမ်းဆီးမိန့်က ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်က အာမခံပေးထားတာလို့ပြောတယ်၊ ဒီတော့ ငါတို့က လိုက်လုပ်ပေးရုံပဲ”

“ငါလည်း ဒီသရဲတွေ၊ ဝိဉာဉ်တွေကို မယုံကြည်ဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ သူတို့တွေ တကယ်ပေါ်လာပြီးတော့ နန်ပြည်နယ်မှာ နှစ်ပေါင်းများစွာ လွှမ်းမိုးနေတဲ့ မြူခိုးတွေကို ဖယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်! လာကြ၊ အခု သေချာ စစ်ဆေးကြရအောင်!”

•

တစ်ဖက်တွင်တော့ ကုကျစ်စုန့်တစ်ယောက် သူမ သိထားသည့် အချက်အလက်များကို ပြန်၍ အစီအစဉ်တကျဖြစ်အောင် စီစဉ်နေခဲ့သည်။

နေ့လည်ခင်းအချိန်တွင်:

သူမနှင့် ပြိုင်ပွဲဝင်များသည်က ရှောင်ယန်ကျေးရွာ၏ ကော်မတီရုံးခန်းတွင်း ရှိနေခဲ့ချိန်က ဒေစီ၏ စွမ်းအင်မှတစ်ဆင့် ကုကျစ်စုန့်တစ်ယောက် စိတ်မနှံ့သော အမျိုးသမီး၏ မှတ်ဉာဏ်တွင်းမှ ဖုံးကွယ်ထားသော ‘မြင်ကွင်း’တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုအရာသည် နတ်ဘုရားရုပ်ထုတစ်ခုပင်။

ရွှေ၊ ကြေးတို့ဖြင့် သွန်းထုထားသော ခန္ဓာကိုယ်တွင် ပျော်နေသော၊ ဒေါသထွက်နေသော မျက်နှာပေါင်းများစွာ ရှိသည်။

ထိုအရာသည် တောင်ပိုင်းပြည်နယ်တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ပေါ်ပေါက်လာခဲ့သော ‘မျက်နှာတစ်ထောင်နတ်ဘုရား’ ပင်ဖြစ်သည်။

အသိစိတ်မမှန်သူတစ်ဦး၏ မှတ်ဉာဏ်များအတွင်းမှပင် ထိုရုပ်ထုထံမှ ထုတ်လွှတ်နေသည့် စွမ်းအားကို ခံစား၍ ရနိုင်သည်။

ထိုမကောင်းမှုစွမ်းအင်သည်က စေးကပ်လွန်းလှသောကြောင့် ထိလိုက်မိရုံနှင့် ရွံ့နွံထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။

ထိုအရာသည် ပုံမှန်မဟုတ်။

ယေဘုယျအားဖြင့် လူသားများ ကိုးကွယ်ကြသည့် နတ်ဘုရားများသည် ဤကမ္ဘာတွင် ရောင်ခြည်အလင်းတန်းများ၊ ရွံ့ရုပ်၊ ကြွေရုပ်ထု၊ ကြေးရုပ်ထု သို့မဟုတ် ရွှေရုပ်ထုများမှတစ်ဆင့် အမွှေးနံ့သာ၊ ကုသိုလ်၊ ပူဇော်ပသမှုများအား စုဆောင်းတတ်ကြသည်။

ထိုရုပ်ထုများသည် သူတို့၏ ခန္ဓာကိုယ်အစစ်မဟုတ်၊ ထိုရုပ်ထုများထံမှ စွမ်းအင်သည်လည်း အင်မတန် အားနည်းကြသည်။

ထိုရုပ်ထုအား တစ်ချက်ကြည့်လိုက်မိရုံနှင့် ဒေစီ တိုက်ခိုက်ခံလိုက်ရပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလုနီးနီး ဖြစ်သွားရသည်မှာ အကြောင်းအရင်းတစ်ခုသာ ရှိသည်။

ကျန်းရှောင်နာ၏ ပျောက်ဆုံးနေသော ညီမငယ်၊ ကျန်းရှောင်ယန် ထိုအချိန်က မြင်တွေ့ခဲ့ရသည်မှာ ‘မျက်နှာတစ်ထောင် နတ်ဘုရား’ ၏ ပုံစံအစစ်အမှန်ပင် ဖြစ်သည်!

ကုကျစ်စုန့်အနေဖြင့် ကံကောင်းသောကြောင့်သာ ဦးတည်ချက်အား တစ်ချက်တည်းနှင့် ရှာတွေ့ခဲ့ခြင်းပင်။

သူမသာ ထို ‘နတ်ဘုရား’၏ ပုံစံအစစ်အမှန်အား မမြင်တွေ့ခဲ့ရပါလျှင် ကျန်းရှောင်ယန်အား ဖုံးလွှမ်းနေသည့် ‘အနက်ရောင်မြုခိုး’အား ဤမျှမြန်မြန်ဖယ်ရှားနိုင်မည်မဟုတ်။

အရေးကြီးသော အချက်အလက်များကို စေ့စစ်ပြီးနောက် ကျန်ခဲ့သည့်အရာမရှိစေရန် တစ်ဖန် ပြန်လည် စစ်ဆေးပြီးနောက် ကုကျစ်စုန့် သူမ၏ မှတ်တမ်းစာအုပ်အား တာဝန်ကျရဲသားထံသို့ အပ်နှံလိုက်သည်။

မှတ်တမ်းစာအုပ်အား ရရှိပြီးနောက် ရဲအရာရှိများ တွေ့ရှိခဲ့ရသည်မှာ ထိုမှတ်တမ်း၏ အဓိက ဇာတ်ဆောင်သည်က ကျန်းရှောင်ယန်ဖြစ်ပြီး စာရွက်တစ်ရွက်ချင်းစီတိုင်းမှ အချက်အလက်များသည် အသေးစိတ်ကျလွန်းလှသည်။

ကျန်းရှောင်ယန်၊ ၁၉၉၀ ခုနှစ်ဖွား၊ ယခုနှစ်တွင် ၃၂နှစ်အရွယ်ဖြစ်ကာ ရှားနိုင်ငံ၏ ကျန်းပေမျိုးဆက်တွင် မွေးဖွားခဲ့သည်။

သူမ၏ ရုပ်လက္ခဏာအရ သူမ၏ဘဝသည် အင်မတန် ပင်ပန်းဆင်းရဲခဲ့သည်။

သူမ ငယ်စဉ်က ဖွားမြင်ရာမြို့မှ အဝေးတစ်နေရာသို့ ခေါ်ဆောင်ခံလာခဲ့ရပြီးနောက် မိဘဆွေမျိုးများနှင့် ကွဲသွားခဲ့ရသည်။

ဆယ်ကျော်သက်အရွယ်မှာပင် မူမမှန်သော အိမ်ထောင်ရေးတစ်ခု ထူထောင်ရန် ဖိအားပေးခံခဲ့ရပြီး သားရဲကဲ့သို့ အမျိုးသားတစ်ယောက်ဖြင့် လက်ဆက်ခဲ့ရသည်။

သူမ ပထမဆုံး သားဦးကို ဖွားမြင်ချိန်တွင် အသက် ၁၆နှစ်သာ ရှိသေးသည်။ ခြောက်နှစ်ကြာပြီးနောက်တွင် အသက် ၂၂နှစ်သာ ရှိသေးသည့် ကျန်းရှောင်ယန်သည် ဒုတိယမြောက် သမီးတစ်ဦး ဖွားမြင်ခဲ့သည်။

သမီးဖြစ်သူ အသက် ၃နှစ်အရွယ်တွင် သူမသည် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိသောကြောင့် ရူးသွပ်သွားခဲ့ရသည်။

ထိုအချိန်မှစ၍ သူမသည်ကား ရွာထဲတွင် ဖုတ်ကောင်တစ်ကောင်ကဲ့သို့သာ လျှောက်သွားနေခဲ့သည်။

ကုကျစ်စုန့်သာ ထိုရွာသို့ မလာခဲ့ပါလျှင်၊ သူမနှင့် ပတ်သတ်၍ မူမမှန်သည့်အရာတစ်ခုခုအား သတိမပြုမိခဲ့ပါလျှင်၊ သူမသာ ထိုလူများ၏ ကံကြမ္မာအား ဝင်ရောက် မစွက်ဖက်ခဲ့ပါလျှင်:

ကျန်းရှောင်ယန်၏ မူလဘဝလမ်းကြောင်းအရ သူမ အသက် ၄၀မပြည့်ခင်မှာပင် စိတ်ပိုင်းဆိုင်ရာ ရောဂါကြောင့် လှုပ်ရှားရ ခက်ခဲလာမည်ဖြစ်သည်။

ထို့နောက် လဲကျချိန်တွင် ကျောက်တုံးနှင့် ခေါင်းရိုက်မိပြီးနောက် သေဆုံးရမည်ဖြစ်သည်။

သူမ ဤထောင်ကြီးမှ တစ်သက်လုံး ထွက်သွားချင်ခဲ့သည်။ မိဘဆွေမျိုးများနှင့် မွေးရပ်မြို့သို့ ပြန်ချင်ခဲ့သော်ငြား လူမသိ၊သူမသိ အလောင်းပင် ကောက်မည့်သူမရှိဘဲ၊ သေဆုံးရမည်ဖြစ်သည်။

နောက်ပိုင်းနှစ်များတွင်လည်း ကျန်းမိသားစုနှင့် ကျန်းရှောင်နာတို့သည် ကျန်းရှောင်ယန်အား ရှာဖွေနေဆဲပင်ဖြစ်လိမ့်မည်။ သူတို့ ရှာနေသည့် /ညီမ/ သမီး သေဆုံးသွားကြောင်းကိုပင် သိလိုက်မည်မဟုတ်။

ကျန်းရှောင်ယန်၏ တကယ့်ဘဝလမ်းကြောင်းအစစ်အမှန်မှာလည်း ထိုနည်းလည်းကောင်းပင်။

ကုကျစ်စုန့် ရှာတွေ့ခဲ့သော မှတ်ဉာဏ်များအရ ကျန်းရှောင်ယန်၏ ဘဝအစပိုင်းသည် နာကျင်ခံစားမှု၊ ဝေဒနာများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ အသက် ၇နှစ်အရွယ်က ကျန်းရှောင်ယန်နှင့် ကျန်းရှောင်နာတို့သည် နန်ပြည်နယ်သို့ မိဘများနှင့် မှိုစုဆောင်းရန် ရောက်လာခဲ့ကြသည်။

ထိုနှစ်နွေရာသီက ကျန်းရှောင်ယန်တစ်ယောက် အစ်မဖြစ်သူနှင့် စိတ်ဆိုးကာ လမ်းဘေးသို့ ပြေးထွက်လာခဲ့ပြီး ဒေသခံလူကုန်ကူးသမားများမှ သတိထားမိခဲ့ကြသည်။

ထိုအချိန် ရွာလမ်းဘေးတွင် လူတစ်ယောက်မှမရှိသည်ကို အခွင့်ကောင်းယူ၍ လူကုန်ကူးသမားသည်က ကျန်းရှောင်ယန်၏ ပါးစပ်နှင့် နှာခေါင်းအား ဆေးစိမ်ထားသော အဝတ်ဖြင့် အုပ်၍ တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့သည်။

ကျန်းမိသားစုသည် ထိုနေရာတွင် တစ်လကျော်နေထိုင်ခဲ့သော်ငြား သူတို့ကလေးငယ်အား ရှာမတွေ့ခဲ့ဘဲ ဝမ်းနည်းပူဆွေးမှုများနှင့် အိမ်ပြန်သွားရသည်။

သူတို့ မသိလိုက်သည်မှာ သူတို့၏ သမီးငယ်သည် ၃ကီလိုမီတာခန့်သာ ကွာဝေးသည့် တစ်ဖက်ရွာသို့ ခေါ်ဆောင်သွားခံရပြီး ‘ကုန်ပစ္စည်း’အဖြစ် သတ်မှတ်ဖမ်းဆီးခံထားရကြောင်းကိုပင် ဖြစ်ပေသည်။

ထိုအချိန်က လူကုန်ကူးခြင်းလမ်းကြောင်းမှာ လမ်းကြောင်း ပေါ်ကာစဖြစ်ပေသည်။ လူကုန်ကူးသူအများစုသည်က အနီးအနားရွာများမှ ဆင်းရဲ၍ အသုံးမကျသော အလုပ်မရှိ၊အကိုင်မရှိများ၊ သမာအာဇီဝအလုပ် မလုပ်ချင်ဘဲ အလွယ်တကူ အမြတ်ရချင်ကြသူများသာ ဖြစ်ကြသည်။

ထိုလူများသည် ပထမအဆင့်ဖြစ်သော ‘ရွေးချယ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လေ့ကျင့်ခြင်း’တို့အား တာဝန်ယူရသူများလည်း ဖြစ်ပေသည်။

သူတို့အထက်တွင် ပို၍ ကြီးမားကျယ်ပြန့်သော ရောင်းချမှုအဆက်အစပ်များ ရှိသေးသည်။

ထိုအဖွဲ့အစည်း၏ ထိပ်ဆုံးမှ လူသည်က သာမန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်သူများဟုပင် ပြော၍ရနိုင်သည်။

ထိုလူများသည် ကျွမ်းကျင်အဆင့် ပညာရှင်များဖြစ်ကြသည်။ သူတို့က မှော်စွမ်းအင်များကို အသုံးပြု၍ အောက်ခြေမှ ပ,မွှားလေးများ ရဲဖမ်းမခံရနိုင်ရန် တားဆီးပေးနိုင်ကြသည်။

ကျန်းရှောင်ယန် ပထမဆုံး ဖမ်းဆီးခံလိုက်ရချိန်တွင် သူမအား ကျေးရွာ၏ ဖွဲ့စည်းပုံအတွင်း ဝှက်ထားခဲ့ကြသည်။

သူမသည်ကား ထိုအချိန်က ချစ်ဖို့ကောင်းသည့် ကလေးငယ်ဖြစ်သော်ငြား အသက် ၇နှစ်သာရှိသေးသောကြောင့် တောင်ပေါ်ဒေသများတွင် ‘ဇနီးမယားအသစ်’အဖြစ် ရောင်းချ၍ မရနိုင်ပေ။

သို့သော် ကလေးတစ်ယောက်အနေဖြင့်ဆိုလျှင်လည်း သူမသည်က အရွယ်ရောက်ပြီးဖြစ်ကာ သူမ ဖမ်းဆီးခံခဲ့ရကြောင်းကိုလည်း ကောင်းကောင်းမှတ်မိနေခဲ့သည်။

ထို့ကြောင့် သူမက တစ်နေ့တာလုံး အိမ်သို့ပြန်ပို့ပေးရန်နှင့် မိဘများကိုသာ မေးမြန်းနေခဲ့သည်။

ထိုကဲ့သို့သော ကလေးမျိုးသည်က မွေးစားရန်လည်း ရောင်းချ၍ မရနိုင်ပေ။

ထို့အပြင် သူမသည်က လူကြိုက်များသည့် ကုန်ပစ္စည်း ‘ယောင်္ကျားလေး’လည်း မဟုတ်ပေ။

ထို့ကြောင့် ရှောင်ယန်မှာ နယ်စပ်တွင် ဒုတိယအဆင့် ကုန်ပစ္စည်းအဖြစ်သာ ရောင်းချခံရမည်ဖြစ်သည်။

နယ်စပ်အား ဖြတ်ကျော်ပြီးသည်နှင့် ပြန်လာရန် မဖြစ်နိုင်တော့ပေ။

*

All Chapters