ဟန်မဆောင်တော့ဘူး၊ တကယ်တော့ ငါက မင်းရဲ့ ဆရာတူအစ်ကိုပါ
Vol. 8 Ch. 107
ရွှင်း!
အေးစက်သော ဓားအလင်းတန်းတစ်ခု လမ်းကြားထဲ၌ လင်းထိန်သွားသည်။
လီကျစ်ရွှမ်း၏ ရှည်လျားသော အနက်ရောင် ဆံပင်ရှည်များက လေတိုက်ခတ်ရာအတိုင်း လွင့်မျောနေကာ တစ်ဖက်က ခါးကို ဆုပ်ကိုင်ထားသည်။ ဓားဖျားက ချင်းယန်ရဲ့ နဖူးကို တိုက်ရိုက် ညွှန်ပြပြီး ပြင်းပြင်းထန်ထန် တွန်းအားနဲ့ ရှေ့ကို တိုးသွား၏။
"ဒီတစ်ခါတော့ ရှင် ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့!"
သူမ လေထဲမှ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်သည်။ ဤတိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ပြီး ၎င်း၏စီးဆင်းမှုကို ကျွမ်းကျင်ကာ ဤစမ်းသပ်မှုအတွက်လည်း ပြင်ဆင်ခဲ့သည်။
ချက်ချင်းပင် လမ်းကြားထဲ၌ ဖရိုဖရဲ လေတိုက်သံများဖြင့် ပြည့်နှက်သွားသည်။ ဓားတစ်ချက် ထိုးလိုက်သည်နှင့် ကောင်းကင်ကပါ ရုတ်တရက် ပြောင်းလဲသွားသည်။ ကြယ်စွမ်းအားတွေက ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာ၏။
ဗုန်း!
ပြင်းထန်သော ဟောက်သံသည် လမ်းကြားတစ်လျှောက် ဖြတ်သွားကာ ကွန်ကရစ်နံရံများကို ဖြတ်၍ အနီးနားရှိ အပျက်အစီးများကို ကြေမွသွားစေခဲ့သည်။ အနီးနားရှိ ကြောင်လေခွေးလွင့်များခမျာ သူတို့၏ အမွေးအမှင်များ ပြတ်တောက်သွားသဖြင့် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။
လီကျစ်ရွှမ်းသည် ချင်းယန်၏ နောက်တစ်ကြိမ် တုံ့ပြန်မှုကို စောင့်ကြည့်ရင်း သူမ၏ ဓားသွားလိုသွားအား တင်းတင်းစေ့ထား၏။
ကော်ဖီဆိုင်မှာတုန်းက လီချင်းဟဲက ချင်းယန်ဟာ အစီအရင်ပညာ၌ တတိယအဆင့် ကျွမ်းကျင်မှုရှိပြီး ဤဓားထိုးမှုအား သေချာပေါက် ခံနိုင်ရည်ရှိမည်ဟု ပြောကြားခဲ့ဖူးသည်။
"ဒါဆို ရှင် ဘာဆက်လုပ်မှာလဲ"
လီကျစ်ရွှမ်း သူမဓားစောင်းကို ဆုပ်ကိုင်လိုက်ပြီး ချင်းယန်ကို စိုက်ကြည့်နေသည်။
အစီအရင်ရော?
ဒါမှမဟုတ် တူညီတဲ့ဓားနဲ့ တုံ့ပြန်မှာလား?
မရေမတွက်နိုင်သော အတွေးများက သူမစိတ်ထဲ ပြေးဝင်လာပြီး သူမ ခန္ဓာကိုယ်ကို တပြိုင်နက် လှည့်ကာ လှုပ်ရှားမှုအတွက် တွန်းအားပေးနေလေသည်။
တတိယအဆင့် အစီအရင်ပညာရှင် ဆိုတာက လျှော့တွက်လို့ မရပါ။ တစ်ယောက်က သူ့ရဲ့အစီအရင် မီတာဝက်အတွင်း လှမ်းတက်လိုက်မိရင် သူတို့ကို ထောင်ချောက်ဆင်နိုင်ပြီး အမှားတစ်ခုက သူမကိုလည်း လွတ်မြောက်ဖို့ ခက်ခဲစေနိုင်ပါ၏။
ဓားဖျားသည် ချင်းယန်၏ နဖူးကို ညွှန်ပြရင်း အဖြူရောင် သက်တံကဲ့သို့ ချဉ်းကပ်လာသည်။ ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ ချင်းယန် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ပါပြီ။
ချင်းယန် အမြင်၌ လီကျစ်ရွှမ်းရဲ့ လှုပ်ရှားမှုများက နှေးကွေးလာပြီး သူ့ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ လျှပ်စီးလက်နေခဲ့သော ဓားထိပ်ဖျားက အကြိမ်များစွာ နှေးကွေးသွားသည်။
"အရမ်းနှေးတယ်...."
ချင်းယန် သက်ပြင်းချလိုက်ပြီး သူ့လက်ကို မြှောက်ကာ လက်ချောင်းတွေကို ဆန့်ထုတ်လိုက်လေ၏။
တင်း!
လက်သည်းက ဓားထိပ်နဲ့ တိုက်မိပြီး ပြတ်သားတဲ့ အသံတစ်သံ တုန်သွားခဲ့သည်။ နောက်အခိုက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုသည် ဓားထိပ်သို့ သက်ရောက်သွားပြီး ရုတ်တရက် ၎င်း၏ ဦးတည်ရာကို နောက်ပြန်လှည့်ကာ အထက်ကောင်းကင်သို့ ထိုးညွှန်ပြခဲ့သည်။
"ဘာ?!"
လီကျစ်ရွှမ်း ထိတ်လန့်သွားသည်။ သူမသည် ဖြစ်နိုင်ချေရှိသော တုံ့ပြန်မှုတိုင်းကို မျှော်လင့်ထားခဲ့သော်လည်း ယခုက သူမ မျှော်လင့်ထားသော အခြေအနေကို လုံးဝ ကျော်လွန်သွားပါပြီ။
သူ့လက်ချောင်းတွေနဲ့ ဓားကို ချိုးလိုက်တာလား။
ထိုစဥ် ဓားသွားက ပြင်းထန်စွာ တုန်ခါသွားသဖြင့် သူမလက်ထဲက ဓားရှည်ဟာ ချက်ချင်း လွတ်ထွက်သွားပြီး ဘေးဘက်ကို ချော်ထွက်သွား၏။
ချလွင်း!
ဓားရှည်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် အကြိမ်ပေါင်းများစွာ အသံမြည်သွားပြီး ၎င်း၏ အေးစက်သော အလင်းရောင်မှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် မှိန်သွားသည်။
လူနှစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်ရင်း အချိန်တွေ အေးခဲနေသည့်အလား လမ်းကြားထဲ၌ အလွန်အမင်း တိတ်ဆိတ်သွားခဲ့သည်။ လီကျစ်ရွှမ်းသည် သူမ လက်ဖဝါးကို စိုက်ကြည့်ရင်း ခေါင်းငုံ့ထား၏။ လက်င ထုံကျင်နေပြီး နာကျင်ကိုက်ခဲနေတဲ့ နှလုံးက ခုန်မြန်လွန်းနေသည်။
"တကယ်ကြီး... သူ ငါ့ဓားကို ဒီအတိုင်း ချိုးလိုက်တာပဲ..."
သူမသည် ချင်းယန်၏ အစွမ်းသတ္တိနှင့် အတိအကျပင် တူညီလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမဓားချက်ကို ဖြိုခွင်းနိုင်စွမ်း ရှိလိမ့်မည်ဟုလည်း မျှော်မှန်းထားခဲ့ပါ၏။ ဒါပေမယ့် သူရဲ့ စွမ်းပကားကို ပြသပြီးတဲ့ပုံစံက ဒီလိုပါလို့တော့ မတွေးထားခဲ့ပါ။
သူက ဓားကို ပြင်းပြင်းထန်ထန် ချိုးဖျက်လိုက်တာတောင် ရိုးရှင်းတဲ့ လုပ်ရပ်တစ်ခုလိုပါပဲ။
မေးရမည်မှာ ကျန်းဟိုင် လူငယ်မျိုးဆက် တစ်ခုလုံးကြားတွင် လက်ညှိုးတစ်ချောင်းဖြင့် သူမဓားကို လှန်နိုင်သူရှိပါသလား။
မရှိပါ။ လူအိုလီတောင် လက်ညှိုးတစ်ချောင်းတည်းနဲ့ မရလောက်ချေ။ သို့သော် ၎င်းကို ဒီလူသိနည်းတဲ့ စီမံခန့်ခွဲသူက လုပ်သွားခဲ့ပြီ။
ထိုအချိန်တွင် လီကျစ်ရွှမ်း၏ သံသယများသည် ပို၍ပင် ပြတ်သားလာသည်။
ဟုတ်တယ်၊ ဒီခူက ဆရာရှာနေတဲ့လူပဲ။
"လူကြီးမင်းချင်း... ရှင်က ဖုံးကွယ်ထားတဲ့ နေရာမှာ တော်တာပဲ"
လှပသော မျက်လုံးများသည် ချင်းယန်ကို စိုက်ကြည့်ပြီးနောက် လမ်းကြားထဲရှိ မြေပြင်ပေါ်တွင် လဲနေသော ဓားကို လှည့်ကြည့်လိုက်သည်။
"ရှင်ကျွန်မကို လိမ်ညာပြီး ရှင်က စီမံခန့်ခွဲသူ တစ်ယောက်ပဲလို့ ပြောခဲ့တယ်"
"မိန်းကလေးလီက ဘာကိုဆိုလိုတာလဲ"
ချင်းယန် အေးအေးဆေးဆေးပဲ ပြန်မေးသည်။
"လူကြီးမင်းချင်းက ကိုယ့်ကိုကိုယ် စီမံခန့်ခွဲသူလို့ ခေါ်ချင်သေးတာလား ကျွန်မဓားကို ရှင့်ရဲ့ အစွမ်းနဲ့ ဖယ်လိုက်ပုံအရဆို ကြုံရာကျပန်း မိသားစုကို တွေ့ရင်တောင် ရှင့်ကို ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်လို ဆက်ဆံလိမ့်မယ်"
စကားပြောနေစဉ် သူမသည် ထောင့်တစ်နေရာသို့သွားကာ ဓားရှည်ကို ကောက်ကိုင်လိုက်ပြီး ဓားမျက်နှာပြင်ကို စစ်ဆေးကြည့်နေသည်။
ပါးလွှာသော ဓားပေါ်တွင် နေရောင်ခြည်က ထိုးကျနေပြီး ဓားအလင်းက တွန့်လိမ်နေသည်။ ရှင်းနေသည်မှာ အင်အားအလွန်အကျွံကြောင့် ဓားက သိသိသာသာ ပုံပျက်သွားချေပြီ။ ဓားသမားတစ်ယောက် အနေဖြင့် လီကျစ်ရွှမ်းကလည်း ခြားနားချက်ကို သဘာဝအတိုင်း သိမြင်ပါသည်။
ယင်းက ထိုသူ၏ လေးနက်သော ဓားသိုင်းကို ထင်ရှားစွာ သက်သေပြနေသည်။
ဒါကိုတွေးပြီး လီကျစ်ရွှမ်း ပိုလို့တောင် စိတ်ဓာတ်ကျသွား၏။ သူမသည် ချင်းယန်အား သူမဓားရှည်ကိုသာ ပြသပြီး။
"လူကြီးမင်းချင်း... ဒီဓားက ကျိုးလုနီးနေပြီ ကျွန်မခွန်အားက ကျန်းဟိုင်ဓားနတ်ဘုရားလောက် မမြင့်ပေမယ့် ရှင်က ကျွန်မဓားကို လက်တစ်ချောင်းတည်းနဲ့ ချိုးနိုင်တဲ့ မျိုးဆက်သစ်လူငယ်တွေထဲက တစ်ယောက်ပဲ"
"ရှင် ကျောင်းမှာ သင်ကြားဖို့ရောက်လာတာတောင် ဒီလောက်ခွန်အားနဲ့ဆို ဆရာလီကတောင် ကိုယ်တိုင်လာနှုတ်ဆက်မှာ... ဘာလို့ စာကြည့်တိုက်မှာ နေနေတာလဲဆိုတာ တကယ် နားမလည်ဘူး"
သူမ စကားပြောပြီးတာနဲ့ လမ်းကြားက တိတ်ဆိတ်သွားသည်။ ကြောင်လေခွေးလွင့်အနည်းငယ်သည် အမှိုက်ပုံးထဲသို့ ပြန်တက်သွားကာ ပလတ်စတစ်အိတ်များကို ဖောက်ကာ အော်ဟစ်နေကြသည်။
"အဲဒီမှာ နေရတာ အဆင်ပြေတယ်... သွားချင်ရာကို သွားလို့ရတယ်"
ချင်းယန် ပုခုံးတွန့်ကာ အသံနက်ကြီးဖြင့် ပြန်ဖြေသည်။
အဲဒါနဲ့ သူ ငုံ့ပြီး ရှောင်ပိုင်ကို ကောက်ပွေ့ကာ လမ်းကြားကနေ ထွက်သွားဖို့ ပြင်ဆင်လိုက်၏။
"ခဏနေပါဦး လူကြီးမင်းချင်း!"
ချင်းယန် ထွက်သွားတော့မည်ကို မြင်လိုက်ရသည်နှင့် လီကျစ်ရွှမ်း ခပ်မြန်မြန်လေး ရှေ့သို့ လှမ်းကာ လမ်းကြားဝင်ပေါက်တွင် သူ့ကို ပိတ်ဆို့ထားလိုက်သည်။
"ရှင် ထွက်သွားလို့မရသေးဘူး..."
ချင်းယန်က ယခုအခါ သူမ၏ အောင်မြင်မှု အမှတ်အသား ဖြစ်သည်။ သူမကို ခုနက ပြသခဲ့တဲ့ ဓားစွမ်းအင်ရဲ့ နားလည်မှုကို ထပ်ဖြည့်လိုက်ရင် သူ့ဆရာနဲ့ ဆက်စပ်နေတာ သေချာနေပြီ။
ဒါကို နားမလည်ခင် ဘာပဲဖြစ်ဖြစ် သူ့ဆရာရဲ့ ရည်ရွယ်ချက်ကို အရင် နားလည်ရမည်။
"တခြားဘာများ ရှိသေးလို့လဲ?"
ချင်းယန်လည်း ခေတ္တရပ်ပြီး ဖုန်းကိုထုတ်ကာ အချိန်ကိုစစ်ဆေးရင်း သက်ပြင်းချလိုက်သည်။
“နောက်ပြီးရင် ဈေးသွားဝယ်ရဦးမှာ... နောက်ကျရင် အကျန်တွေပဲ သွားကောက်မေရဦးမယ်”
"..."
လီကျစ်ရွှမ်း ဒီစကားကိုကြားတော့ စကား အပိုမပြောဘဲ သူ့ဆရာရဲ့ ညွှန်ကြားချက်ကို သတိရပြီး။
"ရှင့်ရဲ့ မိနစ်အနည်းငယ်ကိုပဲ ယူမှာပါ... ရှင့်ရဲ့ အထောက်အထားကဘာလဲ... ဓားနတ်ဘုရားနဲ့ ရှင်က ဘယ်လိုပတ်သက်နေတာလဲ"
"နောက်ထပ်မေးခွန်းကရော?... မိန်းကလေးလီ မင်း ဒီမေးခွန်းကို မေးဖို့ ခဏခဏ လာခဲ့တာလား... ငါလည်း သိချင်နေတာ... ငါနဲ့ အကြီးအကဲ ဓားနတ်ဘုရားက ပတ်သက်နေတယ်လို့ မင်းဘာလို့ ထင်ရတာလဲ"
"ကျွမ်မ..."
လီကျစ်ရွှမ်းသည် ချင်းယန်ကိုကြည့်ကာ ခေတ္တရပ်သွားပြီး ကျောက်တုံးပေါ်က တရုတ်စာလုံး "ချင်း" ကို တွေးကြည့်လိုက်သည်။ ဆရာက ချင်းယန်ကိုရှာဖို့ စာကြည့်တိုက်ကို လာဖို့ တောင်းဆိုတဲ့စာတစ်စောင် ရေးထားခဲ့တဲ့အတွက် အဲ့လူက သူယုံကြည်ရတဲ့သူတစ်ယောက် ဖြစ်ရမည်။
လီကျစ်ရွှမ်း တုံ့ဆိုင်းမနေတော့ဘဲ။
"ရိုးရိုးသားသား ပြောရရင် လူကြီးမင်းချင်း.. ကျွန်မက ဓားနတ်ဘုရားရဲ့ တပည့်ပါ... ရှင့်ကို ထပ်ခါတလဲလဲ နှောင့်ယှက်ရတာက ဆရာ့ရဲ့ တောင်းဆိုမှုကြောင့်ပါ"
ဒီလိုကြားရတော့ ချင်းယန် အေးခဲနေပြီး သူ့မျက်နှာမှာ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လာသည်။
"???"
မရှိသလိုပဲနော်
ဒီလိုအမိန့်မျိုးကို ဘယ်တုန်းက ပေးခဲ့တာလဲ။
"နားလည်မှုလွဲတာ ဖြစ်မယ်"
ချင်းယန် တစ်ဖက်မိန်းကလေးရဲ့ ပင်ကိုယ်စရိုက်ကို ကောင်းစွာသိသောကြောင့် မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။ အပြင်ပန်းမှာ အေးစက်ပေမယ့် အတွင်းပိုင်းမှာတော့ နူးညံ့သည်။ နောက်ပြီး မယုံနိုင်လောက်အောင် ခေါင်းမာ၏။
သူမကိုလှည့်စားခွင့် မပေးဘူးဆိုရင် သူမလိုချင်တဲ့အာရုံကို ရဖို့ နေ့တိုင်းနေ့တိုင်း သူ့ဆီလာမှာသေချာပါသည်။ ဒါကိုစဉ်းစားရင်း ချင်းယန် လီကျစ်ရွှမ်းကို စိုက်ကြည့်လိုက်သည်။
"ကောင်းပြီ... ငါမဟန်ဆောင်တော့ဘူး တကယ်တော့ ငါက မင်းရဲ့ဆရာတူအစ်ကိုပဲ"