ကျွန်တော့်အပေါ်ထားတဲ့ ခင်ဗျားရဲ့အထင်လွဲမှုတွေက အရမ်းနက်ရှိုင်းလွန်းနေပြီ
Vol. 6 Ch. 78
ကြေးမုံတစ်ချပ်ရှေ့တွင် ဖန်းချိုးယောင်က သူမ၏ဦးညွှတ်ရာမှ မတ်မတ်ပြန်ရပ်လိုက်ပြီး သူမ၏ပုံရိပ်နှင့် လက်ထဲမှလက်ဆောင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ခန်းမနှစ်ခု ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့သည်မှာ နှစ်ပတ်နီးပါး ရှိပြီဖြစ်သော်လည်း သူတို့က အစ်ကိုကြီးကျန်းကို တစ်ချက်လေးမျှပင် မမြင်တွေ့ခဲ့ရသေးပေ။
သူက နီလာနှလုံးခန်းမ၏ တပည့်တစ်ဦး လုံးဝမဟုတ်သည့်အလားပင်။
"အား..."
နောက်တစ်ကြိမ် သက်ပြင်းချရင်း ဖန်းချိုးယောင်က မိုးမခသားစားပွဲဝိုင်းပေါ်သို့ မှောက်ကျသွားပြီး သူမ၏စိတ်ထဲတွင် သူ၏သွေးခုန်နှုန်းကို စမ်းသပ်စဉ်က အစ်ကိုကြီးကျန်း၏ လေးနက်သော မျက်နှာသွင်ပြင်ကို အလိုလို ပြန်လည်မြင်ယောင်လာသည်။
သူမ၏နှုတ်ခမ်းပေါ်တွင် မသိစိတ်ဖြင့် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ပေါ်လာပြီး အနီရောင် ကြွေပုလင်းငယ် တစ်လုံးကို ဆွဲထုတ်ကာ အစိမ်းရောင်ဆေးလုံးတစ်လုံးကို သွန်ချလိုက်သည်။
ထိုစဉ်က ကျန်းပေရန်က သူမ၏ဒဏ်ရာပြန်လည်ကောင်းမွန်လာစေရန် စိတ်ကြည်လင်ဆေးလုံး သုံးလုံး ပေးခဲ့သည်။
သို့သော် နောက်ဆုံးတစ်လုံးကိုတော့ ဖန်းချိုးယောင်က မျိုချရန် စိတ်မကူးနိုင်ခဲ့ဘဲ တိတ်တဆိတ် သိမ်းဆည်းထားလိုက်သည်။
သူမ၏နှာခေါင်းဖျားသို့ ယူဆောင်လာပြီး သူမက ကျန်ရှိနေသေးသော လန်းဆန်းသည့်ရနံ့ကို ရှူရှိုက်လိုက်သည်။
'အစ်ကိုကြီးရဲ့ဆေးက ဘာလို့တခြားသူတွေနဲ့ ဒီလောက်ကွာခြားနေရတာလဲမသိဘူး'
ဒေါက် ဒေါက် ဒေါက်...
ဖန်းချိုးယောင် ရင်းနှီးသောရနံ့တွင် နစ်မျောနေစဉ်မှာပင် သူမ၏တံခါးမှ ခေါက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
စိတ်ကြည်လင်ဆေးလုံးကို ပုလင်းထဲသို့ အလျင်အမြန် ပြန်ထည့်ရင်း သူမက ခေါင်းမော့ကာ အော်မေးလိုက်သည်။
"ဘယ်သူလဲ"
"ငါပါ ချိုးယောင် နင်အိပ်နေပြီလား"
"အစ်မ ဇီဂျင်းလား"
ဖန်းချိုးယောင်က ထရပ်ပြီး သစ်သားတံခါးကို ဖွင့်ရန် လျှောက်သွားသည်။
ဝင်ပေါက်တွင်ရပ်နေသော လျိုဇီဂျင်းက အစားအသောက်သေတ္တာတစ်လုံးကို အပြုံးဖြင့် မြှောက်ကိုင်ထားသည်။
"ငါအိပ်မပျော်လို့ နင်နဲ့စကားပြောရင်း မုန့်စားမလို့ ယူလာခဲ့တာ ငါနင့်ကို အနှောင့်အယှက်ပေးမိလား"
"အစ်မဇီဂျင်း ဘယ်လိုစကားတွေပြောနေတာလဲ အနှောင့်အယှက်မဖြစ်ပါဘူး လာ ဝင်ခဲ့"
ဖန်းချိုးယောင်က ပြောရင်း လျိုဇီဂျင်းကို အခန်းငယ်လေးထဲသို့ ဆွဲခေါ်သွားသည်။
ထိုင်ပြီးသောအခါ လျိုဇီဂျင်းက အစားအသောက်သေတ္တာကိုဖွင့်ပြီး ပဲကိတ်မုန့်တစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။
"ငါအခုလေးတင်လုပ်ထားတာ စားကြည့်"
"ဝိုး အစ်မဇီဂျင်းကတော့ ဘယ်လိုမုန့်မျိုးမဆို တကယ်လုပ်တတ်တာပဲ"
ဖန်းချိုးယောင်က အငမ်းမရ တစ်တုံးကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အကြိမ်အနည်းငယ်ဝါးပြီးနောက် သူမက အားရပါးရ ခေါင်းညိတ်ပြသည်။
"အရမ်းစားကောင်းတာပဲ"
"နင်ကြိုက်တယ်ဆိုရင် ငါဝမ်းသာပါတယ်"
လျိုဇီဂျင်း၏ ညင်သာသောအပြုံးကို ကြည့်ရင်း ဖန်းချိုးယောင်က စားနေရင်း ရပ်တန့်ကာ မေးလိုက်သည်။
"အစ်မဇီဂျင်း အစ်မက ကျွန်မကို နှစ်သိမ့်ဖို့ သက်သက်လာခဲ့တာ မဟုတ်လား"
ထိုနေ့အစောပိုင်းက စိတ်အပန်းဖြေအဆောင်တွင် နေ့စဉ်အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် ခန်းမက လူငယ်သူရဲကောင်းပြိုင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခံရသော တပည့်များစာရင်းကို ကြေညာခဲ့သည်။
ဖန်းချိုးယောင်နှင့် လျိုဇီဂျင်းတို့က ဂိုဏ်းသို့ဝင်ရောက်သည်မှာ တစ်နှစ်မပြည့်သေးသောကြောင့် သူတို့ရွေးချယ်ခံရမည်မဟုတ်ဟု အစပိုင်းတွင် ယူဆထားကြသည်။
သို့သော်လည်း အံ့ဩစရာကောင်းစွာပင် နောက်ဆုံးစာရင်းတွင် လျိုဇီဂျင်း၏ နာမည်သာမက ယွီညီအစ်မသုံးယောက်ပင် ရွေးချယ်ခံခဲ့ရပြီး ဖန်းချိုးယောင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ဖန်းချိုးယောင်က ရလဒ်ကြောင့် အနည်းငယ်စိတ်ပျက်မိသည်ကို မငြင်းနိုင်သော်လည်း အနည်းငယ်မျှသာဖြစ်သည်။
ကျန်ရှိနေသော ပဲကိတ်မုန့်တစ်ဝက်ကို ပါးစပ်ထဲထည့် မျိုချပြီးနောက် သူမက ပြုံးရွှင်စွာ ပြောလိုက်သည်။
"နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာ ဝန်ခံပါတယ် ဒါပေမဲ့ အများစုကတော့ အစ်မတို့အားလုံး အတွက် ဝမ်းသာနေတာပါ အစ်မဇီဂျင်းက ပီပါ တီးတာ ဒီလောက်ကောင်းနေတာကို ရွေးချယ်မခံရဘူးဆိုမှ ထူးဆန်းနေမှာ"
( ပီပါ (Pipa) ဆိုသည်မှာ တရုတ်လူမျိုးတို့၏ ရိုးရာ ကြိုးလေးချောင်းတပ် တူရိယာတစ်မျိုး ဖြစ်ပါသည်။ ၎င်းတွင် ထူးခြားသော သစ်တော်သီးပုံစံ ကိုယ်ထည်ရှိသည်။ )
ဖန်းချိုးယောင်က ပျော်ရွှင်ဟန် အတင်းဆောင်နေခြင်းမဟုတ်ကြောင်း မြင်သောအခါ လျိုဇီဂျင်းက ပြန်ပြုံးပြသည်။
"တကယ်တော့ ချိုးယောင် နင်ကလည်း ကူကျန်းတီးတာ အရမ်းကောင်းတာပဲ မဟုတ်ရင် စောင့်ရှောက်သူယွီက နင့်ကိုကိုယ်တိုင်သင်ကြားပေးဖို့ အချိန်ပေးမှာမဟုတ်ဘူး နင့်မှာ တကယ်ပဲ ပါရမီရှိတယ်"
(ကူကျန်း ဆိုသည်မှာ တရုတ်လူမျိုးတို့၏ သက်တမ်း နှစ်ပေါင်း ၂,၆၀၀ ကျော်ရှိပြီဖြစ်သော ရှေးဟောင်းရိုးရာ တူရိယာတစ်မျိုး ဖြစ်သည်။ ဇီသာနဲ့ ပုံစံတူတူဘဲ ဖြစ်သည်။)
"အစ်မဇီဂျင်း ကျွန်မကို နှစ်သိမ့်စရာမလိုပါဘူး ရိုးရိုးသားသားပြောရရင် ဂီတနဲ့ယှဉ်ရင် ကျွန်မက အမြဲတမ်းသိုင်းပညာကို ပိုကြိုက်ခဲ့တာပါ အခုမှပဲ"
ဖန်းချိုးယောင်၏ မျက်နှာအမူအရာ အနည်းငယ်မှိန်ကျသွားသည်။
"ညငိုအဘွား" နှင့် ကြုံတွေ့ပြီးကတည်းက သူမ၏ဓားကိုင်စွဲပြီး သိုင်းလောကတွင် လှည့်လည်ချင်ခဲ့သော မီးတောက်ကဲ့သို့သော စိတ်အားထက်သန်မှုက အတော်အတန် အေးစက်သွားခဲ့သည်။
သူမ၏ ရှင်းလင်းပြတ်သားခဲ့သော ဘဝအစီအစဉ်များက ယခုအခါ ဝေဝါးနေခဲ့ပြီ။
'အစ်ကိုကြီးရဲ့ ဘဝရည်မှန်းချက်တွေက ဘာလဲဆိုတာ တကယ်မေးကြည့်ချင်လိုက်တာ'
ထိုအတွေးနှင့်အတူ ဖန်းချိုးယောင်က နောက်ထပ်ပဲကိတ်မုန့်တစ်တုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
နောက်နေ့နံနက်စောစောတွင် ကျန်းပေရန်က သစ်ခွရေစင် အဆောင်သို့ ပုံမှန်အတိုင်း ရောက်ရှိလာသည်။
ရှောင်လေးနှင့် နှုတ်ဆက်ပြီးနောက် သူက ပင်မခန်းမသို့ ဝင်သွားသည်။
ကျန်းပေရန်၏ အသံကို ကြားနှင့်ပြီးဖြစ်သော ရှီဖုန်းလန်က စိတ်လှုပ်ရှားစွာ အော်ခေါ်ရင်း ပြေးထွက်လာသည်။
"ပေရန်လေး ပေရန်လေး"
"ခန်းမသခင်ရှီကို နှုတ်ဆက်ပါတယ်"
ကျန်းပေရန်က သူ၏လက်များကို ရှေ့သို့ယှက်ပြီး အရိုအသေပြုလိုက်သည်။
သူ့ရှေ့တွင်ရပ်တန့်ရင်း ရှီဖုန်းလန်က ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။
"ငါ့မှာ အကြီးအကျယ် သတင်းကောင်းတစ်ခုရှိတယ် မင်းကြားချင်လား"
သူမစကားဆုံးသည်နှင့် ကျန်းပေရန်ရှေ့တွင် ရွေးချယ်မှုနှစ်ခု ပေါ်လာသည်။
[ရွေးချယ်မှု ၁: "ခန်းမသခင်က ဘယ်ကိစ္စကို ရည်ညွှန်းတာပါလဲ" ဟု မေးပါ။ ဆုလာဘ်: ကြက်သွေးရောင်သက်တံလက်ဝါး (အနက်ရောင်အဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်မှု ၂: "မကြားချင်ပါဘူး" ဟု ပြောပါ။ ဆုလာဘ်: ကျပန်းအခြေခံကျွမ်းကျင်မှုအမှတ် +၁]
ဒုတိယရွေးချယ်မှုကို ရွေးချယ်ရင်း ကျန်းပေရန်က ခေါင်းခါလိုက်သည်။
"မကြားချင်ပါဘူး"
[ရွေးချယ်မှု ပြီးမြောက်သွားသည်။ ဆုလာဘ်: လက်ဖက်ရည်ပညာ +၁]
"အာ"
ရှီဖုန်းလန်က ပါးဖောင်းလိုက်သည်။
"ကြားချင်တယ်လို့သာ ပြောလိုက်စမ်းပါ"
"ခန်းမသခင်က အတင်းအကျပ်ပြောချင်နေတယ်ဆိုရင်တော့ တပည့် အရင်သွားခွင့်ပြုပါဦး"
ရှီဖုန်းလန်က ငြင်းခုံရန် ပြင်ဆင်နေစဉ်မှာပင် ယွီမန်ဝင်း၏ အသံက သူမ၏နောက်မှ ထွက်ပေါ်လာသည်။
"ခန်းမသခင် အဲ့အကြောင်းကို မပြောတာပဲ ကောင်းပါတယ် မဟုတ်ရင် သူတကယ်ပဲ လှည့်ပြီးထွက်ပြေးသွားလိမ့်မယ်"
"ဒါပေမဲ့ ဒါက သတင်းကောင်းတစ်ခုလေ"
ရှီဖုန်းလန်က နှုတ်ခမ်းစူကာ ကန့်ကွက်သည်။
"လူတိုင်းမှာ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိကြတာပဲ မဟုတ်လား ကျန်းပေရန်"
ယွီမန်ဝင်းက သူ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
"စောင့်ရှောက်သူယွီ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းပေရန်က သူမကို လက်ကို ထက်မံယှက်ပြီး အရိုအသေပြုလိုက်သည်။
သူတို့နှစ်ယောက်က သူမကို ဝိုင်းပိတ်ပြောနေသောကြောင့် ရှီဖုန်းလန်၏ အစောပိုင်းက စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်။
မလိုမုန်းထားဟန်ဖြင့် သူမက လက်လျှော့ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင် ရှ"
စကားတစ်ဝက်တွင် သူမက ယွီမန်ဝင်း ရှိနေသေးသည်ကို သတိရပြီး အလျင်အမြန် ပြင်လိုက်သည်။
"ရှကျူ ကစားကြရအောင်"
ယွီမန်ဝင်းက သူမကို မဖော်ထုတ်ဘဲ "အရမ်းကြီး ကမောက်ကမ မလုပ်ကြနဲ့" ဟုသာ ပြောပြီး ထွက်ခွာသွားသည်။
ယွီမန်ဝင်း ထွက်သွားသည်နှင့် ရှီဖုန်းလန်က ချက်ချင်းပင် "ပုန်ကန်ခြင်းအလံကို လွှင့်ထူ" ပြီး တစ်ညလုံးပိုက်အိပ်ခဲ့သော သံကြိုးနတ်သမီးရုပ်ကို ထုတ်ယူလိုက်သည်။
"ပေရန်လေး လောင်းကစားဘုတ်ပြားကို ထုတ်လိုက် ဒီနေ့အနိုင်ရသူက သေချာပေါက် ငါပဲဖြစ်ရမယ်"
"အလုပ် အရင်လုပ်ရမယ်"
ထိုသို့ပြောပြီး ကျန်းပေရန်က ပန်းအခန်းသို့ ဦးတည်လိုက်သည်။
ထိုည ညဉ့်နက်သောအခါ ရှီဖုန်းလန်က ခြောက် လှိမ့်လိုက်ပြီး သူမ၏သံတောင်းစားကို ဂိုဏ်းမှ ထွက်ခွာခွင့်ပြုလိုက်စဉ်မှာပင် သူမက ယွီမန်ဝင်း လျင်မြန်စွာ ဝင်လာသည်ကို မော့ကြည့်လိုက်သည်။
"ငါတို့ အခုလေးတင်မှ ကစားတာပါ"
ရှီဖုန်းလန်က အလျင်အမြန် ရှင်းပြသည်။
သို့သော် ဒီတစ်ခါတော့ ယွီမန်ဝင်းက သူမကို မဆူခဲ့။
ထိုအစား သူက ကျန်းပေရန်ဘက်သို့ လှည့်ပြီး မေးလိုက်သည်။
"မင်း လျှို့ဝှက်လမင်းဂိုဏ်းက ကျင်းပတဲ့ လူငယ်သူရဲကောင်းပြိုင်ပွဲမှာ ပါဝင်ဖို့ သဘောတူခဲ့တယ်"
"မှန်ပါတယ်"
ကျန်းပေရန်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။
"မင်း ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို သဘောတူနိုင်ရတာလဲ"
ယွီမန်ဝင်းက လုံးဝမှင်သက်စွာ မေးလိုက်သည်။
"စိတ်နှလုံးပြန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ဂုဏ်သိက္ခာအတွက် ကျွန်တော် မတိုက်ခိုက်သင့်ဘူးလား"
"တခြားဘယ်တပည့်မဆို အဲ့လိုပြောရင် ငါယုံကြည်လိမ့်မယ် ဒါပေမဲ့ မင်းကတော့ စိတ်နှလုံးပြန်ဂိုဏ်း ပျက်စီးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရတာမဟုတ်ရင် မင်းဘယ်တော့မှ ရှေ့ထွက်လာမှာမဟုတ်ဘူး"
'ဟင် ဒါက မိန်းမတစ်ယောက်ရဲ့ အလိုလိုသိစိတ်များလား သူတကယ်ပဲ မှန်အောင်ခန့်မှန်းနိုင်ခဲ့တယ်'
သို့သော်လည်း အပြင်ပန်းတွင် ကျန်းပေရန်က မတုန်မလှုပ်ပင်။
"စောင့်ရှောက်သူယွီ ကျွန်တော့်အပေါ်ထားတဲ့ ခင်ဗျားရဲ့အထင်လွဲမှုတွေက အရမ်းနက်ရှိုင်းလွန်းနေပြီ ကျွန်တော့်အစွမ်းအစက မလုံလောက်လို့သာ ရှောင်ရှားနေရတဲ့ ကိစ္စတွေအများကြီးရှိပါတယ် ဒီအကြိမ်ကတော့ စစ်တုရင်ပြိုင်ပွဲသက်သက်ပဲလေ ကျွန်တော် အခွင့်အရေးကို ဆုပ်ကိုင်ရမှာပေါ့"
ယွီမန်ဝင်းက မယုံကြည်နိုင်သော အမူအရာဖြင့် ရှိနေဆဲဖြစ်သော်လည်း သူမက သူ့ကိုချေပရန် စကားလုံးများ ချက်ချင်းမရှာနိုင်ခဲ့ပေ။
ယွီမန်ဝင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရှီဖုန်းလန်က ဝင်ပြောသည်။
"အိုး ပေရန်လေး မင်းက အဲ့ဒီလူငယ်သူရဲကောင်းပြိုင်ပွဲကို သွားမှာလား မင်းရဲ့နုနယ်တဲ့ခန္ဓာကိုယ်လေးနဲ့ ဆိုရင်တော့ တော်တော်အန္တရာယ်များတယ် ဒီခန်းမသခင်က မင်းကို ကာကွယ်ပေးတဲ့ရတနာတချို့ ပေးလိုက်ရမလား"