ခြိမ်းခြောက်ခြင်း
Vol. 158 Ch. 2243
ကျင့်ကြံသူများစွာက စီဝေ့အင်ပါယာနန်းတော်၏ အရှေ့တွင် ထွက်ပေါ်လာသည်။
ရီဖူရှင်းက လေထဲမှ လှေများ၏ ထိပ်ဆုံးဗဟိုတွင် ရပ်လိုက်သည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်နှင့် အနောက်တွင် ရှိနေသော လူများက စီဝေ့အင်ပါယာနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အောက်ဘက်မှ လူများသည်လည်း နန်းတော်မှ ကျင့်ကြံသူများ ဖြစ်ကြ၏။
စီဝေ့အင်ပါယာနန်းတော်က စီဝေ့ကြယ်ကမ္ဘာ၏ စွမ်းအားကို ထိန်းချုပ်ထားသည်။ ကြယ်ကမ္ဘာအတွင်းမှ ထိပ်သီးကျင့်ကြံသူများ အားလုံးက ဤနေရာ၌ လာရောက် ကျင့်ကြံကြသည့်အတွက် ဤနေရာတွင် လူပေါင်းများစွာ ရှိနေကြပေသည်။ ကျင့်ကြံသူများက သူတို့ မျက်လုံးများဖြင့် မြင်နိုင်သည့် အကွာအဝေးထက် ပို၍ ဝေးကွာသော နေရာထိပင် ရောက်နေပေသည်။ ထိုနေရာ၌ အရေအတွက် များပြားလှသော ရန်ဟောင်များပင် ရှိနေခဲ့ပေသည်။
အခြားကုန်းမြေများမှ ကျင့်ကြံသူများလည်း ရောက်နေကြပေသည်။ သူတို့အားလုံးက စီဝေ့အင်ပါယာနန်းတော်ကို မှီတင်းနေထိုင်ကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က သတင်းရရှိသည်နှင့် သက်ဆိုင်ရာ လေဟာနယ်ဝင်္ကပါများမှ ရောက်လာကြပေသည်။
သူတို့အားလုံးက အဖြစ်အပျက်များကို သိလိုက်ရသည်နှင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပေသည်။
ထျန်းဟွမ်နန်းတော်မှ ကျင့်ကြံသူများလည်း ရောက်လာကြသည်။ ထျန်းဟွမ်နန်းတော်သခင်က ကျင့်ကြံသူများဖြင့် ဝန်းရံခံထားရသော ဆံပင်အဖြူရောင်နှင့် လူငယ်လေးကို ကြည့်လိုက်သည်။ သူက အိပ်မက်မက်နေသလို ခံစားမိပေသည်။ မည်သူကမှ ယခု အဖြစ်အပျက်ကို အစစ်အမှန်ဟု မခံစားရပေ။
သိပ်မကြာခင်အချိန်က ရီဖူရှင်းသည် သူ့လူများနှင့်အတူ သတင်းအချက်အလက်ရရှိရန်အတွက် ထျန်းဟွမ်နန်းတော်သို့ ရောက်လာခဲ့သည်။ သူတို့သည် စီဝေ့ကြယ်ကမ္ဘာ၏ အခြေအနေကို လေ့လာခဲ့ကြသည်။ သူသည် ရီဖူရှင်းအား ဤအရာအားလုံးကို ပြောပြခဲ့သူ ဖြစ်ပြီး စီဝေ့အင်ပါယာကြယ်သို့ လာရန် ပြောခဲ့သေးသည်။
ယခု ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် ရာထူးကိုပင် ဆက်ခံခဲ့သည်။
ယနေ့ စီဝေ့အင်ပါယာနန်းတော်သည် စီဝေ့ကြယ်ကမ္ဘာမျ ကျင့်ကြံသူများ အားလုံးကို စုစည်းပြီး ဤသတင်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ နန်းတော်သခင်ဟောင်းက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ယခုမှစပြီး စီဝေ့အင်ပါယာနန်းတော်၌ နန်းတော်သခင်အသစ် ရှိလာပေလိမ့်မည်။
ကျင့်ကြံသူတစ်စုက ထိုနေရာတွင် ရပ်နေကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူတို့၏ မဟာမိတ်အင်အားစုများ ဖြစ်ပေသည်။ လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ အခြားအင်အားစုများက ထွက်ခွာသွားပြီ ဖြစ်သော်လည်း အချို့က ထိုနေရာ၌ ရှိနေကြသည်။ သူတို့သည် ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်နေရာကို ဆက်ခံမည်အား မျက်မြင်တွေ့လိုကြသည်။
စီဝေ့အင်ပါယာနန်းတော်၏ မဟာအကြီးအကဲ ရန်ဟောင်ချန်းက တောင်ဝှေးကို ကိုင်ကာ ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ ထိုတောင်ဝှေးမှာ ယခင် စီဝေ့အင်ပါယာနန်းတော်သခင် ကိုင်ဆောင်ခဲ့သော တောင်ဝှေးဖြစ်ပြီး ယခု ရီဖူရှင်းက ဆက်ခံရမည် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ၎င်းကို လက်မခံခဲ့ပေ။ သူက ထိုတောင်ဝှေးအား မဟာအကြီးအကဲထံ ပေးအပ်ခဲ့သည်။
ထို့အပြင် သူက မဟာအကြီးအကဲအား သူ့ကိုယ်စား စီဝေ့အင်ပါယာနန်းတော်နှင့် ကြယ်ကမ္ဘာ၏ အရေးကိစ္စများကို စီမံရန် တာဝန် လွှဲအပ်ခဲ့သည်။
ယခင်က နန်းတော်သခင်အပြင် ရန်ဟောင်ချန်းသည်လည်း မြင့်မားသော အဆင့်အတန်းနှင့် ထူးချွန်လှသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ရီဖူရှင်းက သူ့ကို မျက်နှာပေးသည့်အနေနှင့် တောင်ဝှေးအား ပေးအပ်ခဲ့သည်။ သိသာစွာပင် သူက လူအများ၏ နှလုံးသားကို အနိုင်ရရန် လုပ်ဆောင်နိုင်ခဲ့ပေသည်။ အဆုံးမှာတော့ သူက စီဝေ့အင်ပါယာနန်းတော်သခင်အသစ်ဖြစ်ပြီး သူ့အဆင့်အတန်းက ထိုမျှ တည်ငြိမ်မနေသေးပေ။ သို့သော် ရန်ဟောင်ချန်းက သူ့ကို ကူညီပေးပါလျှင် သူ့အနေအထားက တောင်တစ်လုံးကဲ့သို့ တည်မြဲနေပေလိမ့်မည်။
ထို့ကြောင့် ရီဖူရှင်းက ရန်ဟောင်ချန်းကို အနိုင်ရရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက စီဝေ့အင်ပါယာနန်းတော်၏ နေ့စဥ်အရေးကိစ္စများနှင့် အလုပ်ရှုပ်မခံနိုင်ပေ။ ရန်ဟောင်ချန်းက ထိုကိစ္စများနှင့် ပတ်သတ်ပြီး အကျွမ်းဝင်နေပြီးသား ဖြစ်သဖြင့် သူ့အတွက် လွယ်ကူနိုင်ပေသည်။
ရန်ဟောင်ချန်းက တောင်ဝှေးကို ကိုင်ရင်း လှေကားထစ်များသို့ လျှောက်သွားလိုက်သည်။ သူက ကျယ်ပြောလှသော ကျင့်ကြံသူလူအုပ်ကြီးအား ကြည့်ကာ တောင်ဝှေးကို မြှောက်၍ ကျယ်လောင်ရှင်းလင်းသည့် အသံနှင့် ပြောလိုက်သည်။ "ရီဖူရှင်းက ကြယ်ကောင်းကင်ကျင့်ကြံခြင်း နယ်မြေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်။ သူက မဟာအင်ပါယာရဲ့ အမွေအနှစ်ကို တွေ့ရှိပြီး ဆက်ခံနိုင်ခဲ့တယ်။ အခု မဟာအင်ပါယာရဲ့ ဆန္ဒအရ ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင် ဖြစ်လာလိမ့်မယ်။"
သူ့ အသံက စီဝေ့အင်ပါယာနန်းတော်၏ အရပ်မျက်နှာအနှံသို့ ပျံ့နှံသွားကာ လူတိုင်း နားစည်အတွင်း ဝင်ရောက်သွားသည်။ လူတိုင်းသည် ကြယ်ကောင်းကင်၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို သိရှိထားကြသည်။ သူတို့ထဲက မည်သူကမှ ယခင် နန်းတော်သခင်၏ သေခြင်းကို ပြန်မပြောချင်ကြပေ။ ၎င်းက အရေးမကြီးပါချေ။
ယခု ရီဖူရှင်းက နန်းတော်သခင်အသစ် ဖြစ်သည်။
ရီဖူရှင်း ဘေးမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံးက သူ့ကို အရိုအသေပေးကာ နန်းတော်သခင်အဖြစ် အသိအမှတ်ပြုလိုက်ကြသည်။ "ဂုဏ်ပြုပါတယ် နန်းတော်သခင်။"
သူတို့အောက်ရှိ လူအုပ်ကြီးကလည်း အရိုအသေပြုလိုက်သည်။ "ဂုဏ်ပြုပါတယ် နန်းတော်သခင်။" သူတို့အားလုံးက ကျယ်လောင်သော အသံနှင့် ပြောလိုက်ကြသည်။
အခြားကုန်းမြေများမှ လာသော ကျင့်ကြံသူများကလည်း သူ့ကို ဂုဏ်ပြုလိုက်ကြသည်။ "ဂုဏ်ပြုပါတယ် နန်းတော်သခင်။"
အချိန်တစ်ခုအထိ သူတို့၏ အသံများက လေထဲတွင် ပျံ့နှံ့နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးက တုန်လှုပ်ကာ လူတိုင်း၏ နှလုံးသားများကို တုန်ယင်လာစေသည်။
စီဝေ့အင်ပါယာနန်းတော်တွင် နန်းတော်သခင် အသစ် ရှိလာပြီဖြစ်ကာ ၎င်းက ရီဖူရှင်းပင် ဖြစ်သည်။
သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး လူတိုင်းကို ဝေ့ကြည့်ပြီးနောက် ကျယ်လောင် ရှင်းလင်းသော အသံနှင့် ပြောလိုက်သည်။ "ကျုပ်က စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့တဲ့ နေရာက လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး သူ့ရဲ့ ဆန္ဒကို ဆက်ခံခဲ့တယ်။ ကြယ်ကမ္ဘာအတွင်းမှာ ရှိတဲ့ ကြယ်ကုန်းမြေအသီးသီးက အင်အားစုတွေအားလုံး ကျုပ်ရဲ့ ဦးဆောင်မှုနောက် လိုက်ပါရမယ်။ အင်ပါယာနန်းတော်က ကျင့်ကြံသူတွေမှာလည်း ဒီအခွင့်အရေး ရှိလိမ့်မယ်။"
"ဟုတ်ကဲ့ပါ နန်းတော်သခင်။" လူတိုင်းက ပြန်ဖြေလိုက်သည်။ သူတို့သည် မဟာအင်ပါယာ၏ ကြယ်ကောင်းကင် ကျင့်ကြံရေးနယ်မြေနှင့် ပတ်သတ်ပြီး နှလုံးသားထဲ၌ ကြီးမားလှသည့် မျှော်လင့်ချက်များကို ကိုင်စွဲထားပေသည်။ ထိုနေရာတွင် မဟာအင်ပါယာ ချန်ရစ်ခဲ့သော စွမ်းရည်အမြောက်အမြား ရှိသည်ဟု ပြောနိုင်သည်။ သူတို့က ထိုနေရာ၌ ကျင့်ကြံရန် အခွင့်အရေး ရလာပေလိမ့်မည်။
"ခင်ဗျားတို့အားလုံး အခု သွားလို့ရပြီ။ ခင်ဗျားတို့ စီဝေ့အင်ပါယာနန်းတော်မှာ ကြိုက်သလောက် ကျင့်ကြံလို့ရတယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ မဟာအကြီးအကဲ ရန်ဟောင်ချန်းက သူ့လက်များကို ယမ်းလိုက်ပြီး လူတိုင်းကို ထွက်ခွာသွားစေသည်။ သူတို့သည် ရိုးရှင်းသည့် အခမ်းအနားလေးတစ်ခု ကျင်းပရန်သာ လူတိုင်းကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့က အလွန် ရှုပ်ထွေးသည့် တစ်စုံတစ်ခုကို မလုပ်ချင်ခဲ့ကြပေ။
သူက နန်းတော်သခင် ရာထူးကို ယူပြီးနောက် ကြယ်ကောင်းကင်၌ ကျင့်ကြံရန် ကျင့်ကြံသူအချို့ကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းကို ပြုလုပ်ရခြင်း၏ သူ့ရည်ရွယ်ချက်မှာ လူအများ နှလုံးသားကို လျင်မြန်စွာ အနိုင်ရနိုင်ရန် ဖြစ်သည်။ သူက ထိုနေရာကို ယူလိုက်ပြီဖြစ်ရာ သူတို့အား သူ၏ ထိုက်တန်မှုကို ပြသပေးရပေလိမ့်မည်။ မဟုတ်လျှင် စီဝေ့အင်ပါယာနန်းတော်သခင်အဖြစ် လူအများ၏ ယုံကြည်မှုကို မည်သို့ ရနိုင်ပါမည်နည်း။
ကြယ်ကမ္ဘာ၏ ကုန်းမြေအသီးသီးမှ အင်အားစုများ၊ စီဝေ့အင်ပါယာနန်းတော်နှင့် မူလဘုံမှ ရီဖူရှင်းနှင့်အတူ လိုက်လာခဲ့သော ကျင့်ကြံသူများလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ သူတို့အားလုံးက ကြယ်ကောင်းကင်သို့ လာခဲ့ကြပေသည်။
အခြားကျင့်ကြံသူများ အားလုံး၏ ရှေ့၌ ရပ်နေသော ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ စွမ်းအားအမွေအနှစ်ကို ဆက်ခံနိုင်ခဲ့သည်။ ယခု သူသည် ထိုသူတို့ကို အင်ပါယာကြယ်များ၏ စွမ်းအားကို နားလည်သဘောပေါက်နိုင်စေရန် မည်သည့်နည်းလမ်းကို အသုံးပြုနိုင်မည်နည်း။
သူတို့အားလုံးက ရီဖူရှင်း ကြယ်များထံ မျောလွင့်သွားသည်ကို စောင့်ကြည့်နေကြသည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အတွေးတစ်ချက်နှင့် ကြယ်များအားလုံးမှ တောက်ပသော အလင်းတို့ လင်းလက်လာစေသည်။ ထို့အပြင် သူတို့ကြားရှိ နေရာအများအပြား၌ သေးငယ်သည့် ကြယ်နယ်မြေလေးများ ပေါ်ပေါက်လာပုံရသည်။ အင်ပါယာများ၏ ပုံရိပ်ကလည်း ထိုနေရာ၌ ပေါ်ပေါက်လာသည်။
အင်ပါယာပုံရိပ်ခုနစ်ခုက ကြယ်များအလယ်တွင် ပေါ်ပေါက်လာသည်။ သူတို့ ပေါ်လာသည့်နေရာတွင် အင်ပါယာကြယ်တစ်ခုစီရှိနေပြီး အလွန် တောက်ပသည့် ကြယ်ရောင်များ လင်းလက်နေသည်။
"သွားပါ။ ခင်ဗျားတို့ အင်ပါယာကြယ်တွေထဲက တစ်ခုခုနဲ့ ခင်ဗျားတို့ရဲ့ စိတ်အာရုံက ဆက်သွယ်နိုင်သရွေ့ အဲဒီစွမ်းအားနဲ့ ပေါင်းစည်းပြီး မဟာအင်ပါယာရဲ့ စွမ်းအားကို ဆက်ခံနိုင်လိမ့်မယ်။" ရီဖူရှင်းက အောက်ဘက်မှ လူများကို ကြည့်ကာ ပြောလိုက်သည်။ ကြယ်ကောင်းကင်၌ တုံ့ပြန်မှုများ ပေါက်ကွဲထွက်လာသည်။
အားလုံးသော ကျင့်ကြံသူများက သူတို့၏ နှလုံးသားထဲမှ တုန်ယင်သွားကြသည်။ ရီဖူရှင်းက အင်ပါယာကြယ်များအားလုံးကို တောက်ပလာအောင် လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့ပြီလား။ သို့ဆိုလျှင် ၎င်းတို့ကို နားလည်သဘောပေါက်ကာ ဆက်သွယ်ပေါင်းစည်းနိုင်ရန်မှာ အသေးအဖွဲသာ ဖြစ်ပေလိမ့်မည်။ မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် မည်သည့် ကျင့်ကြံသူများမဆို အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။
"သွားကြစို့။" ကျင့်ကြံသူများစွာက ကောင်းကင်သို့ တက်သွားကြသည်။ ထိပ်သီးပုဂ္ဂိုလ်အချို့သည်ပင် ကြယ်များဆီသို့ ခြေလှမ်းလိုက်ကြသည်။ သူတို့သည် မဟာလမ်းစဥ်၏ စွမ်းအားကို နားလည်သဘောပေါက်အောင် လုပ်ချင်နေကြပေသည်။
ကျင့်ကြံသူများက ရှေ့သို့ ရောက်သွားခဲ့သည်နှင့် သူတို့က အင်ပါယာကြယ်များနှင့် ဆက်သွယ်ရန် စတင် ကြိုးစားလိုက်ကြသည်။ သိပ်မကြာခင်မှာပင် ကျင့်ကြံသူတစ်ယောက်က ကြယ်များထဲမှ တစ်ခုနှင့် ပေါင်းစပ်ရန် အောင်မြင်သွားပြီး နတ်အလင်းရောက်များကို ထုတ်လွှတ်လာခဲ့သည်။ ထိုကျင့်ကြံသူများ နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရပေသည်။
"အရမ်းမြန်တာပဲ။" တစ်စုံတစ်ယောက်က ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်သည့်အခါ သူက စီဝေ့အင်ပါယာနန်းတော်၏ မဟာအကြီးအကဲ ရန်ဟောင်ချန်းကို မြင်လိုက်ရသည်။ သူက ရီဖူရှင်း ရှိရာသို့ မော့ကြည့်ကာ ပြောလိုက်၏။ "မင်းက အင်ပါယာကြယ်ရဲ့ တည်နေရာတွေ ထွက်ပေါ်လာအောင် လုပ်ပြီး သူတို့ နားလည်သဘောပေါက်ဖို့ ခက်ခဲတဲ့ အပိုင်းကို ပမာဏကြီးကြီး လျော့ကျသွားအောင် လုပ်ပေးလိုက်တာပဲ။ ဒီနည်းလမ်းနဲ့ အရည်အချင်းရှိပြီး ကြယ်တွေနဲ့ လိုက်ဖက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသရွေ့ အခွင့်အရေး ရနိုင်လိမ့်မယ်။"
"ဟုတ်တယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုသည်မှာ အမှန်တကယ် ယခု ဖြစ်ပျက်နေသော အရာပင် ဖြစ်သည်။
"ဒီလိုဆိုရင် စီဝေ့ကြယ်ကမ္ဘာက ကျင့်ကြံသူတွေရဲ့ အနာဂတ်စွမ်းအားက အကြီးအကျယ် တိုးတက်လာတော့မှာပဲ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အပြောင်းအလဲ ဖြစ်လာခဲ့ပြီ။ ပြီးတော့ မင်းက နန်းတော်သခင် ဖြစ်နေပြီဆိုတော့ ကျုပ် အတော်လေး မျှော်လင့်နေမိပြီ။" ရန်ဟောင်ချန်းက ရီဖူရှင်းကို အပြုံးနှင့် ပြောလိုက်သည်။
"စီဝေ့ကြယ်ကမ္ဘာက နောက်ထပ် စွမ်းအားကြီးတဲ့ အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်။"
သူက အမှန်တကယ်ပင် ကြီးကြီးမားမား ကိစ္စများကို မျှော်လင့်နေပြီ ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာက နှစ်မရေတွက်နိုင်အောင် ချိပ်ပိတ်ခံထားရပြီး ယခု နောက်ဆုံးတွင် အပြင်ဘက်လောကနှင့် အဆက်အသွယ် ဖြစ်လာခဲ့ပြီ ဖြစ်၏။ ထို့အပြင် ယခု သူသည် အပြင်ဘက်၌ အခြေအနေများက မည်သို့ ဖြစ်နေကြောင်း သိရှိပေသည်။ သူသည် သိသာစွာပင် စီဝေ့ကြယ်ကမ္ဘာအား စီဝေ့မဟာအင်ပါယာ အောင်မြင်ကျော်ကြားခဲ့သော ခေတ်ကကဲ့သို့ တစ်ဖန် ပြန်ဖြစ်လာရန် မျှော်လင့်မိသည်။
ထိုသို့တွေးမိလိုက်သည်နှင့် သူက စီဝေ့မဟာအင်ပါယာကို အနည်းငယ် နားလည်လာခဲ့သည်။ ထိုသည်မှာ မဟာအင်ပါယာက သူ၏ အမွေအနှစ်ကို ကြယ်ကောင်းကင်၌ ချန်ရစ်ခဲ့ရသော အကြောင်းပြချက် ဖြစ်နိုင်ပေသည်။ ၎င်းကို ထိုက်တန်သော လူထံသို့ အပ်နှံပေးခဲ့ခြင်းဖြင့် စီဝေ့ကြယ်ကမ္ဘာ၏ ဂုဏ်ရောင်ကို ပြန်လည်ထွန်းပြောင်စေပေလိမ့်မည်။ ချိပ်စည်းက မကျိုးပျက်ခဲ့လျှင်ပင် နောက်အနာဂတ်၌ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ချိပ်စည်းအား သူ့ဘာသာ ချိုးဖျက်နိုင်မည့် ရီဖူရှင်းကဲ့သို့ ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာပေလိမ့်မည်။
မဟာအင်ပါယာက စီဝေ့ကြယ်ကမ္ဘာအား ချိပ်မပိတ်ခင်ကပင် ထိုအရာအားလုံးကို တွေးထားပြီးသား ဖြစ်နိုင်ပေသည်။
ထိုအချိန်တွင် ကျင့်ကြံသူများစွာက ထိုနေရာအောက်ဘက်သို့ ရောက်လာကြပြီး သူတို့၏ ပုံရိပ်များက အလွန် လျင်မြန်လှသော အရှိန်နှင့် ကောင်းကင်သို့ ရောက်လာခဲ့သည်။
"အင်ပါယာရီ။" အသံတစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ လူအများကြီး သူ့ဆီလာနေသည်ကို တွေ့လိုက်ရသည်။ သူသည် အရှေ့မှ လူနှစ်ယောက်ကို သိရှိပေသည်။ တစ်ယောက်မှာ သူ ယခင်က ကူညီခဲ့သော လော့ဆုဖြစ်ပြီး နောက်တစ်ယောက်က လော့ဆု၏ ဖခင် အရှင်လော့ ဖြစ်သည်။
"နန်းတော်သခင်၊ မဟာအကြီးအကဲ၊ သူတို့က အရေးကြီးကိစ္စပြောစရာရှိတာကြောင့် နန်းတော်သခင်နဲ့ တွေ့ဖို့လိုတယ်လို့ ပြောပါတယ်။" ထိုသူတို့နောက်ရှိ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ ရန်ဟောင်ချန်းက ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
ထို့နောက် လော့ဆုက ပြောလိုက်သည်။ "အင်ပါယာရီ အခု အင်အားစုတွေအားလုံးက ထွက်သွားကြပြီဆိုပေမယ့် တချို့လူတွေက ရှင့်အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတုန်းပဲ။ သူတို့က မူလဘုံမှာ ရှိတဲ့ ရှင့်ရဲ့ အင်အားစုတွေကို ဆန့်ကျင်လှုပ်ရှားပြီး ရှင် သူတို့နဲ့ ရင်ဆိုင်လာအောင် ဖိအားပေးဖို့ ကြိုးစားနေကြတယ်။"
ထိုစကားလုံးများကို ကြားသည့်အခါ ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့မျက်လုံးများက အေးစက်လာ၏။
သူက ယခု စီဝေ့ကြယ်ကမ္ဘာကို ထိန်းချုပ်ပြီး ကြီးမားသည့် အင်အားကို လက်ကိုင်ထားနိုင်ခဲ့သည်။ သူတို့က သူ့ကို ထိုသို့ ဖိအားပေးရဲသည်လား။
"အဲဒီမှာ ရန်သူအင်အားစုတွေ အများကြီးရှိလား။" သူက မေးလိုက်သည်။
"အင်း။" လော့ဆုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နတ်ပြည်ထောင်၊ မှော်နက်လောကနဲ့ နတ္ထိဘုံက အင်အားစုတွေပါ အတူပူးပေါင်းဖို့ စီစဥ်နေကြတယ်။ သူတို့က ဒီကိစ္စကို လုပ်ဆောင်ဖို့ တခြားအင်အားစုတွေကိုပါ သိမ်းသွင်းနေတယ်။"
ရီဖူရှင်းက နားလည်ပေသည်။ သူ၏ ရန်သူများက အနည်းငယ် စိတ်ပူနေကြပြီး သူ့ကို သတ်ရန် အလျင်လိုနေကြပေသည်။ သို့သော် သူတို့က ကိုယ်တိုင်လုပ်ရန်
အင်အား မလုံလောက်သည့်အတွက် အင်အားစုများ ပူးပေါင်း၍ သူ့ကို ရင်ဆိုင်ချင်နေကြခြင်း ဖြစ်သည်။
သူတို့သည် စီဝေ့ကြယ်ကမ္ဘာ၌ ထိုသို့ မလုပ်ဆောင်နိုင်သည့်အခါ သူ့ကို ပို၍ သက်ရောက်မှုရှိစွာ ဆန့်ကျင်နိုင်ရန် မူလဘုံသို့ ပြန်ရန် သူ့ကို ဖိအားပေးချင်ခဲ့ကြပေသည်။.
ရီဖူရှင်း၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်အပြည့် ဖြစ်လာသည်။ သူသည် စီဝေ့အင်ပါယာနန်းတော်၌ အချိန်အနည်းငယ် ပိုသုံးကာ ကျင့်ကြံချင်ခဲ့သည်။ သို့သော် ယခုတွင် ထိုသို့လုပ်ရန် မဖြစ်နိုင်တော့သည့်ပုံပင်။ သူက မူလဘုံ၌ မည်သည်တို့ ဖြစ်လိမ့်မည်ကို မသိခဲ့ပေ။
***