အခန်း (၁၅၁+၁၅၂)
Vol. 7 Ch. 151+152
အခန်း(၁၅၁) စူစူလေးပေးတဲ့ နွေးထွေးမှု
ပြောပြောဆိုဆိုနဲ့ ဘာမှမစောင့်ဘဲ စူစူလေး စတင်လှုပ်ရှားသည်။
ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ရဲ့ ခွန်အားကွာခြားမှုကို သူတို့ စဆုံကတည်းက အဆုံးအဖြတ်ပေးပြီးသား ဖြစ်သည်။
စူစူလေးသာ တကယ်တမ်း ချင်းယုဟွိုင်းကို အဝတ်အစားဆွဲချွတ်ချင်လျှင် ချင်းယုဟွိုင်း ဘာမှ ခုခံနိုင်မှာ မဟုတ်ပါ။
စူစူလေး၏ လက်သေးသေးလေးက ချင်းယုဟွိုင်း၏ ခါးပတ်ကို ဆုပ်ကိုင်လိုက်သည်။
သားရေအစစ်ဖြင့် ပြုလုပ်ထားသည့် ခါးပတ်က စူစူလေးရဲ့ လက်ထဲမှာတော့ စက္ကူပါး တစ်ချပ်လိုပင်။
“ဗြိ--” ချက်ချင်းဆိုသလို ခါးပတ် ပြတ်ထွက်သွားသည်။
ဖြည်းဖြည်းချင်း ခါးပတ်ဖြည်ရမှာထက် စာလျှင် ဆွဲဖြတ်ပစ်လိုက်တာ ပိုမြန်ပါသည်။
ချင်းယုဟွိုင်းက စူစူလေး၏ လက်သေးသေးလေးများကို ချုပ်ထားဖို့ ကြိုးစားပါသေးသည်။
“စကားနားထောင်စမ်း တူကြီး။ မြန်မြန် ချွတ်ပေးမယ်!”။ စူစူလေးက ‘နှစ်သိမ့်’ပေးလိုက်ပြီး သူမ လက်သေးသေးလေးများနဲ့ ချင်းယုဟွိုင်း၏ ဘောင်းဘီကို ဆွဲချွတ်ဖို့ ကြိုးစားပါသည်။
ချင်းယုဟွိုင်းက သူ့ဘောင်းဘီကို အသည်းအသန် ဆွဲထးသော်လည်း အသုံးမဝင်ပါ။
သူ့ဘောင်းဘီ လုံးဝ ကျွတ်ကျသွားခါနီးတွင်…
ချင်းယုကျီး အချိန်မှီရောက်လာပြီး စူစူလေးကို အမြန်ဆွဲခေါ်ကာ ရှင်းပြလိုက်ပါသည်။ “စူစူလေး စိတ်လျှော့ပါဦး! အစ်ကိုကြီးကို အဝတ်အစားဆွဲချွတ်တာ နည်းလမ်းကောင်း မဟုတ်ဘူး!”
“ဘာလို့ နည်းလမ်းကောင်း မဟုတ်တာလဲ”။ စူစူလေးက မေးလိုက်သည်။
“ချင်းယုကျီး မင်း သေချာရှင်းပြတာ ပိုကောင်းမယ်နော်!”။ ချင်းယုဟွိုင်းက ချင်းယုကျီးကို ကြိမ်းဝါးလိုက်သည်။ သူ့နာမည် အပြည့်အစုံကိုတောင် ခေါ်နေသဖြင့် ဘယ်လောက်တောင် ဒေါသထွက်နေသလဲ သိသာပါသည်။
ချင်းယုကျီး အမြန် ရှင်းပြလိုက်၏။ “အစ်ကိုကြီး ငါပြောတာ နားထောင်ပါဦး! စူစူလေးက မင်းအတွက် ရည်းစား ရှာပေးချင်နေတာ! အဲ့တာကြောင့် မင်းရည်းစားမထားချင်တာက စိတ်ဒဏ်ရာတစ်ခုခုရနေလို့ ဖြစ်မယ်လို့ ငါရှင်းပြပေးလိုက်တာပါ! မင်းကိုရည်းစားရှာပေးဖို့ဆို အဲ့ဒီ စိတ်ဒဏ်ရာတွေကို အရင်ပျောက်သွားအောင် လုပ်ရမယ်လို့…”
“ချင်း-ယု-ကျီး!!”။ ချင်းယုဟွိုင်း ဒေါသဖြင့် အော်ငေါက်လိုက်သည်။
ချင်းယုကျီးလည်း လန့်ဖျပ်သွားပြီး အမြန် ကတိပေးလိုက်ပါသည်။ “အစ်ကိုကြီး ဒေါသမထွက်ပါနဲ့။ စူစူလေးကို ငါသေချာ ရှင်းပြလိုက်ပါ့မယ်! ငါရှင်းပြတတ်တယ်! မင်းဘာမှ မပူနဲ့တော့နော်!”
ထို့နောက် စူစူလေးဘက်သို့ အမြန်လှည့်ကာ ချင်းယုကျီး ပြောလိုက်သည်။ “စူစူလေး ဒီနည်းလမ်းက အန္တရာယ် များလွန်းတယ်။ မအောင်မြင်ရင် အစ်ကိုကြီး စိတ်ဒဏ်ရာ ပိုဆိုးသွားလိမ့်မယ်။ အဲ့တာဆို မကောင်းဘူးလေ ဟုတ်တယ်မလား”
“မအောင်မြင်နိုင်ဘူးလား” စူစူလေး မေးလိုက်သည်။
“ဒါပေါ့! ဘေးအိမ်က ဒေါ်လေးနျို့က ကံကောင်းပြီး အောင်မြင်သွားပေမယ့် ကျရှုံးနိုင်ချေလည်း ရှိသေးတယ်။ မအောင်မြင်ရင် အစ်ကိုကြီး စိတ်ရောဂါ ပိုရသွားလိမ့်မယ်! အဲ့လို ဖြစ်စေချင်လို့လား”
စူစူလေးရဲ့ စိတ်ကို အတော်လေး နားလည်နေပြီဖြစ်သဖြင့် ချင်းယုကျီးက သူမရဲ့ စိတ်ခံစားချက်နဲ့ အကြောင်းပြချက်တွေကို အသုံးချပြီး စာအုပ်ထဲက နည်းလမ်းအကုန် ထုတ်သုံးလိုက်ပါသည်။
စူစူလေးက ခေါင်းခါလိုက်သည်။ “တူကြီးကို ပိုမဆိုးစေချင်ပါဘူး။ သူ့ကို ပိုကျန်းမာစေချင်တာ”
စူစူလေး၏ ရိုးရိုးသားသား အဖြေက ချင်းယုဟွိုင်း ရင်ထဲကို နွေးထွေးစွာ စီးဝင်လာခဲ့သည်။
လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကမှ ဒီကောင်မလေး သူ့ကို အဝတ်အစားတွေ အတင်းဆွဲချွတ်ပြီး ရူးအောင် လုပ်ခဲ့သော်လည်း သူမ နှုတ်မှ ထွက်လာသော စကားလုံးလေးများက အလွန် နွေးထွေးလှပါသည်။
ချင်းယုကျီးက စူစူလေးကို ဆက်ပြောလိုက်သည်။ “အဲ့တာကြောင့် သူ့အဝတ်အစားတွေကို မချွတ်နဲ့တော့နော် ဟုတ်ပြီလား”
“အွန်း ဟုတ်ပြီ ဟုတ်ပြီ”။ စူစူလေး ခေါင်းငြိမ့်ကာ ချင်းယုဟွိုင်း၏ ဘောင်းဘီကို လွှတ်ပေးလိုက်ပါသည်။
ချင်းယုဟွိုင်းကို စူစူလေးမော့ကြည့်ကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ် တူကြီး။ စိတ်မဆိုးပါနဲ့”
“အင်း…”။ အကြောင်းအရင်းမှန်ကို သိပြီးပြီ ဖြစ်တာကြောင့် စူစူလေးကို ချင်းယုဟွိုင်း နည်းနည်းလေးတောင် စိတ်မဆိုးပါ။ သူ့ညီကိုသာ စိတ်ဆိုးရမှာဖြစ်သည်။
ထို့နောက် စူစူလေး မေးလိုက်သည်။ “အဲ့တာဆို တူကြီးကို ကောင်လေးရှာပေးလို့ရအောင် ဘယ်လိုလုပ်ရမလဲ”
ချင်းယုကျီးက အသံတိုးတိုးဖြင့် သတိပေးလိုက်ပါသည်။ “ချင်းစူစူ၊ နင့်တူကြီးကို ကောင်မလေး ရှာပေးရမှာ”
“ဪ ဟုတ်သားပဲ ကောင်မလေး။ ကောင်မလေး မရှိရင် ကလေးယူလို့ မရဘူး။ ကလေးယူလို့ မရရင် ငါဘွားလေး လုပ်လို့ မရတော့ဘူး။ ငါဘွားလေးဖြစ်ချင်တယ်”။ စူစူလေးက ပြောလိုက်သည်။
သူမ ဘွားလေးဖြစ်ရဖို့က အလွန်အရေးကြီးသည်။
ထို့ကြောင့် ချင်းယုဟွိုင်းကို စူစူလေး ထပ်မေးလိုက်ပါသည်။ “တူကြီး ကောင်မလေးရပြီး ကလေးယူဖို့ ဘာတွေ လုပ်ပေးရမလဲ”
… … …
အခန်း(၁၅၂) ထူးဆန်းသော မိန်းကလေး
စူစူလေး၏ လေးနက်သော အကြည့်တွေကို မြင်ပြီး ချင်ယုဟွိုင်း လျစ်လျူမရှုနိုင်ပါ။
“နင့်တူလေး ပေါက်ကရပြောတာတွေကို နားမထောင်သင့်ဘူး။ ငါ့မှာ ဘာစိတ်ဒဏ်ရာမှလည်း မရှိဘူး။ ဒီတိုင်း တစ်ယောက်တည်း နေရတာကို သဘောကျလို့”။ ချင်းယုဟွိုင်းက စူစူလေးကို စိတ်ရှည်စွာ ရှင်းပြလိုက်ပါသည်။
“တကယ်လား။ အဝတ်အစား ဝိုင်းချွတ်ခံရတာ ပြဿနာမရှိဘူးလား”
“မရှိဘူး။ အကုန်လုံးက ဖြစ်ပြီးသားကိစ္စတွေပဲ။ ငါမေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေပြီ။ စိတ်ဒဏ်ရာရရမယ့် လူက ယုကျီး ဖြစ်ရမှာ”။ ချင်းယုဟွိုင်းပြောလိုက်သည်။
ချင်းယုကျီး စိတ်ထဲမှ မကျေမနပ် ငြီးတွားလိုက်လေသည်။
အေးပါ စူစူလေးကို အရူးလုပ်ချင်လည်း လုပ်ပါ အစ်ကိုကြီး။ မင်းမေ့မေ့ပျောက်ပျောက်ဖြစ်နေပြီလို့ ပြောလည်း အဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးမှန်း ငါသိတယ်!
“ချင်းယုကျီး မင်းဘာပြောချင်သေးလို့လဲ”။ ချင်းယုဟွိုင်းက ရုတ်တရက် လှမ်းမေးလိုက်သည်။
ချင်းယုကျီး အမြန် ငြင်းလိုက်ပါသည်။ “မပြောချင်ပါဘူး မပြောပါဘူး။ ငါမှားပါတယ်! ငါနားလည်မှုလွဲသွားပါတယ်! အစ်ကိုကြီးမှာ ဘာစိတ်ဒဏ်ရာမှ မရှိပါဘူး။ ငါ့မှာပဲ စိတ်ဒဏ်ရာတွေ ရှိတာပါ!”။ ချင်းယုကျီးက မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်ပါသည်။
“ငါ့တူလေးကကော ဘာဖြစ်လို့လဲ”။ စူစူလေး အမြန်မေးလိုက်သည်။
တူကြီးပဲဖြစ်ဖြစ် တူလေးပဲဖြစ်ဖြစ် အကုန် စိတ်ကျန်းမာနေမှ ဖြစ်မည်။ ဒေါ်လေးတစ်ယောက်အနေဖြင့် သူတို့ကို စောင့်ရှောက်ပေးဖို့ သူမမှာ တာဝန်ရှိပါသည်။
“ဘာမှမဟုတ်ပါဘူး။ ဘာမှမဖြစ်ဘူး။ အကုန်အသေးအဖွဲပြဿနာတွေချည့်ပဲ”။ ချင်းယုကျီး အမြန်ရှင်းပြလိုက်သည်။ “အား! အခုမှ သတိရတယ် ငါအိမ်စာတွေ လုပ်ရဦးမယ်! တနင်္လာနေ့ နောက်ဆုံးထားပြီး အပ်ရမှာ! အခုချက်ချင်း အိမ်စာလုပ်မှ ဖြစ်မယ်!”
ချင်းယုကျီး အမြန်လစ်ထွက်သွားခဲ့သည်။
စူစူလေးကတော့ ခေါင်းလေးစောင်းပြီး ဘာမှ နားမလည်နိုင်တော့ပါ။
ထိုစဉ် ချင်းယုဟွိုင်းက စူစူလေးကို ချီလိုက်ပြီး သူ့ပေါင်ပေါ် တင်ပေးလိုက်ပါသည်။ ထို့နောက် သူ့ကွန်ပျူတာပေါ်မှာ စူစူလေးအတွက် ကာတွန်းကား ဖွင့်ပြပေးလိုက်သည်။
“တူကြီး၊ ငါဒီနေ့ ကာတွန်းကား ကြည့်ပြီးသွားပြီ”။ စူစူလေးက ပြောလိုက်သည်။
“နင် တိုးတိုးတိတ်တိတ်ကြည့်ရင် အဘိုးနဲ့ အဘွားကို ငါပြန်မပြောဘူး။ သူတို့ ဝင်လာရင် ကာတွန်းကားကို ပိတ်လိုက်မယ်။ အဲ့တာဆို သူတို့ သိမှာ မဟုတ်တော့ဘူး”
“တကယ်လား”
“အင်း တကယ်။ ငါတို့ကြားက လျှို့ဝှက်ချက်နော်”
“ဟုတ်ပြီကွ!!”
--- --- ---
အရင်တစ်ခေါက် စူစူလေး ပြန်ပေးဆွဲခံရသည့် ကိစ္စဖြစ်ပြီးကတည်းက စူစူလေးကို မူကြိုကျောင်းမှာ တစ်ယောက်တည်း ထားခဲ့ဖို့ ချင်းမိသားစု စိတ်မချတော့ပါ။
စူစူလေး မူကြိုမှာရှိနေစဉ် သူမကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးထားရလိမ့်မည်။
ထို့ကြောင့် စူစူလေးနောက် တကောက်ကောက်လိုက်ဖို့အတွက် ချင်းရှင်းကျစ်က ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်တစ်ယောက် ငှားခဲ့ပါသည်။
ပုံမှန်ဆို မူကြိုကျောင်းက ဒီလို လုပ်ရပ်ကို ခွင့်ပြုမှာ မဟုတ်သော်လည်း အရင်တစ်ခေါက်က ပြန်ပေးဆွဲမှုမှာ သူတို့ အပြစ်လည်း ပါဝင်တာကြောင့် ချင်းမိသားစု၏ ဆုံးဖြတ်ချက်ကို သဘောတူပေးခဲ့ရပါသည်။
ဒီနေ့ ချင်းယုဟွိုင်း အလုပ်တစ်ရက် နားသဖြင့် ဘော်ဒီဂတ်ကို တစ်ရက် နားခွင့်ပေးလိုက်ပြီး စူစူလေးကို သူကိုယ်တိုင် စောင့်ကြည့်ဖို့ မူကြိုကျောင်းသို့ လိုက်လာခဲ့ပါသည်။
ခုတလော သူ့ကိုယ်သူ ဘာတွေဖြစ်နေသလဲ ချင်းယုဟွိုင်း နားမလည်ပါ။ ခုတလော သူ့ဝမ်းကွဲညီ ချင်းယုချဲကို မနာလို ဖြစ်နေမိသည်။
ချင်းယုချဲနောက်ကို စူစူလေး တကောက်ကောက် လိုက်နေသည့် မြင်ကွင်းအား ပြန်မြင်ယောင်ကြည့်တိုင်း သူ့စိတ်တွေ ချဉ်သွားခဲ့ပါသည်။
စူစူလေး ကစားနေတာကို မူကြိုကျောင်း၏ ခြံအပြင်ဘက်မှ ချင်းယုဟွိုင်း စောင့်ကြည့်နေသည်။ ပုံမှန်ဆို ခက်ထန်နေတတ်သည့် သူ့မျက်နှာလည်း အခုတော့ အနည်းငယ် နူးညံ့သိမ်မွေ့ကာ တောက်ပလျက်ရှိပါသည်။
စူစူလေးကိုသာ အာရုံစိုက်ပြီး စောင့်ကြည့်နေသဖြင့် ခပ်လှမ်းလှမ်းမှ သူ့ကို ရန်လိုသော အကြည့်ဖြင့် ကြည့်နေသော မိန်းကလေးတစ်ဦးအား ချင်းယုဟွိုင်း သတိမထားမိခဲ့ပါ။
ထိုမိန်းကလေးက အနက်ရောင်မျက်မှန်ကိုင်းတစ်လက်ကို တပ်ထားပြီး ဆံပင်ကို Ponytail အဖြစ် စည်းထားသည်။ သာမန် အားကစားဝတ်စုံ ဝတ်ထားပြီး အနက်ရောင် ကျောပိုးအိတ် တစ်လုံးကိုလည်း လွယ်ထားပါသည်။
သူမပုံစံက အလွန် ရှက်တတ်ပြီး လူကြောက်တတ်သည့် ပုံစံမျိုးဖြစ်သည်။
သို့သော်လည်း ထိုအနက်ရောင် မျက်မှန်ကိုင်းအောက်က မျက်နှာလေးကတော့ မှားရက်စရာ မရှိအောင် လှပ,ပါသည်။
ထိုမိန်းကလေးက ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး ဆုံးဖြတ်ချက် ခိုင်မာသော မျက်လုံးများဖြင့် ချင်းယုဟွိုင်းထံ ချဉ်းကပ်လာပါသည်။
ချင်းယုဟွိုင်း၏ အာရုံက မူကြိုကျောင်းထဲမှာသာ ရှိနေသေးသဖြင့် ထိုမိန်းကလေးကို သတိလုံးဝ မထားမိပါ။
သူ သတိထားမိချိန်မှာ ထိုမိန်းကလေးက ဘေးနားတောင် ရောက်နေပါပြီ။
ထိုမိန်းကလေးက ချင်းယုဟွိုင်း၏ ပခုံးပေါ် လက်တင်လိုက်သည်။
ချင်းယုဟွိုင်း ဘဝင်မကျစွာ မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
သို့သော် သူမရဲ့ ရိုင်းပျမှုကို မဆုံးမနိုင်ခင် ထိုမိန်းကလေးက ချင်းယုဟွိုင်းရဲ့ လက်တစ်ဖက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပါသည်။