← Chapters

အခန်း (၁၅၃+၁၅၄)

Vol. 7 Ch. 153+154

အခန်း (၁၅၃+၁၅၄)

Vol. 7 Ch. 153+154

အခန်း(၁၅၃) နားလည်မှုလွဲတာပါ။

တစ်ခုခု မူမမှန်တာကို ခံစားမိသောအခါ ချင်းယုဟွိုင်း ချက်ချင်း တုန့်ပြန်ခဲ့ပါသည်။

ထိုမိန်းကလေးရဲ့ လက်ကို ပြန်ချုပ်ပြီး သူ့လက်ကို လွတ်မြောက်အောင် လုပ်ဖို့ ကြိုးစားသည်။

ချင်းယုဟွိုင်းက လူကြီးလူကောင်း စတိုင် Suit တစ်စုံဝတ်ကာ သားရေဖိနပ်တစ်ရံ စီးထားပြီး နူးညံ့ သိမ်မွေ့သည့် ပုံစံပေါက်သော်လည်း ခွန်အားက မသေးလှပါ။

ထိုမိန်းကလေး၏ လက် အပေါ်သို့ မြောက်တက်လာသည်။ သို့သော်လည်း သူမက အလွန်လျှင်မြန် သွက်လက်သည်။ သူမ လက်ကို ထိန်းချုပ်ခံလိုက်ရသောအခါ ခြေထောက်ဖြင့် ချက်ချင်း လှုပ်ရှားလိုက်ပါသည်။

ချင်းယုဟွိုင်းကလည်း အန္တရာယ်ကို ခံစားမိပြီး ချက်ချင်း ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် ချင်းယုဟွိုင်းက အတိုက်အခိုက်ပညာကို ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်ထားခြင်း မရှိသဖြင့် သူ့ တိုက်ကွက်တွေက ဗရုသုက္ခ ဆန်လွန်းပါသည်။

သူတို့နှစ်ယောက် လုံးထွေးသတ်ပုတ်နေစဉ် ချင်းယုဟွိုင်း၏ လက်က အလွန်နူးညံ့သည့်အရာတစ်ခုကို ကိုင်မိသွားသည်..။

အလွန် နူးညံ့ပါသည်…။

ချင်းယုဟွိုင်း စက္ကန့်ပိုင်းလောက် ကြက်သေသေသွားသည်။ ထိုမိန်းကလေးလည်း ကြက်သေသေသွားပါသည်။

အတန်ကြာမှ ဘာတွေဖြစ်နေသလဲဆိုတာ ထိုမိန်းကလေး နားလည်သွားသည်။

“နှာဘူးကောင်!!!” ထိုမိန်းကလေး ဒေါသထွက်သွားပြီး သူမ ခြေထောက်ဖြင့် ချင်းယုဟွိုင်း၏ ခြေထောက်ကို ကန်ကာ ချော်လဲသွားအောင် လုပ်လိုက်ပါသည်။

ချင်းယုဟွိုင်း မြေကြီးပေါ်သို့ လဲကျသွား၏။

ထိုမိန်းကလေးက ချင်းယုဟွိုင်းကို မှောက်ခုံလှန်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ကျောမှာချုပ်ကာ သူမ ဒူးဖြင့် သူ့ကျောကို ဖိထားလိုက်ပါသည်။

ချင်းယုဟွိုင်းတစ်ယောက် မလှုပ်ရှားနိုင်တော့ပေ။

“မင်းဘယ်သူလဲ။ ဘာလိုချင်လို့လဲ”။ ချင်းယုဟွိုင်း မေးလိုက်ပါသည်။

နေ့ခင်းကြောင်တောင်ကြီး ဒီလို မိန်းကလေး တစ်ယောက်က ပေါ်တင် တိုက်ခိုက်ရဲတာကို ချင်းယုဟွိုင်း မယုံကြည်နိုင်ပါ။

“နင်ကများ ငါ့ကို ဘယ်သူလဲ ပြန်မေးနေသေးတယ်! နှာဘူးကောင်! စိတ္တဇကောင်!”။ မိန်းကလေးက သူ့ကို ပြန်ငေါက်လိုက်ပါသည်။

“မင်းအရင် ငါ့ကိုလာတိုက်ခိုက်တာလေ!”

“နင်ဘာလုပ်ဖို့ ကြံနေလဲ ငါမသိဘူးများ မှတ်နေလား! မူကြိုကျောင်းနားမှာ တဝဲလည်လည် လုပ်နေပြီး ဟိုချောင်းဒီချောင်း လုပ်နေတာ ဘယ်သူလဲ?!”

“မင်းဘာတွေ လာပြောနေတာလဲ”

“ငါဘာပြောနေလဲ နားမလည်ဘူးပေါ့လေ။ ငါတို့ စူစူလေးကို ထိခိုက်အောင် လာမလုပ်နဲ့နော်! ငါလုံးဝ ခွင့်မပြုဘူး!”

စူစူလေး?

ဒီမိန်းကလေးက စူစူလေးကို သိတာလား။

“မမလှလှ!!” မူကြိုကျောင်း ခြံဝန်းထဲမှ စူစူလေးက ထိုမိန်းကလေးကို မြင်သွားပြီး လှမ်းခေါ်လိုက်ပါသည်။

“စူစူလေး ငါ့ကုတ်အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ယူပြီး ရဲခေါ်လိုက်။ ဒီလူက မူကြိုကျောင်းနားမှာ ဂနာမငြိမ်လုပ်နေပြီး နင့်ကို ချောင်းကြည့်နေတာ! သူ ပြန်ပေးသမား ဖြစ်ဖို့ များတယ်!”

“ပြန်ပေးသမား…?”။ မြေပေါ်မှောက်နေသည့် ချင်းယုဟွိုင်းကို စူစူလေး ကြည့်လိုက်ပြီး ရှင်းပြလိုက်ပါသည်။ “မမလှလှ၊ အဲ့တာ သမီး တူကြီးပါ”

“နင့်… တူကြီး?”။ စန်းကျစ် ထိတ်လန့်သွားသည်။ သူမ ချုပ်ထားသည့် လူကို ကြည့်လိုက်ပြီး စူစူလေးကိုလည်း ပြန်ကြည့်လိုက်ပါသည်။

“ဟုတ်တယ်!” စူစူလေး ခေါင်းငြိမ့်လိုက်သည်။

စန်းကျစ် ရှက်ရွံ့သွားလေသည်။

“အဲ… တောင်းပန်ပါတယ်…”

ချင်းယုဟွိုင်း၏ အပေါ်မှ စန်းကျစ် ဖယ်ပေးလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ဦးညွှတ်ကာ တောင်းပန်လိုက်ပါသည်။

ထို့နောက် လက်ကမ်းပေးကာ ချင်းယုဟွိုင်းကို ထူပေးဖို့ ကြိုးစားပါသည်။

ချင်းယုဟွိုင်းက သူမ လက်ကို မကိုင်ဘဲ သူ့ဖာသာသူ မတ်တပ်ရပ်လိုက်သည်။ ထိုမိန်းကလေးကို သေချာကြည့်ရင်း ချင်းယုဟွိုင်းမျက်နှာ အတော်လေး မှောင်မိုက်သွားခဲ့ပါသည်။

အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပါ။

“ကျွန်မတောင်းပန်ပါတယ်။ စူစူလေးရဲ့ တူကြီး… စူစူလေးကို ပြန်ပေးဆွဲဖို့ ကြံနေတဲ့ လူယုတ်မာ ထင်လို့ပါ…”။ စန်းကျစ် အကြိမ်ကြိမ် တောင်းပန်လိုက်သည်။

ချင်းယုဟွိုင်း ဘာမှမပြောချင်ပါ။ ဂရုတောင် မစိုက်ချင်ပါ။

သူဒေါသအထွက်ဆုံးအရာက သူ့ညာဘက်လက်ဖဝါးပေါ်မှာ အခုထိ ခပ်နွေးနွေး ခံစားချက်ကြီး ခံစားနေရဆဲဖြစ်သည်…။

ထိုအကြောင်းကို ပြန်စဉ်းစားရင်း ချင်းယုဟွိုင်း ဒေါသ ပိုထွက်သွားသည်။ ချင်းယုဟွိုင်း၏ နှုတ်ခမ်းများ အလွန် စည်းတင်းနေပုံကိုကြည့်ခြင်းအားဖြင့် ဒေါသ ဘယ်လောက်တောင် ချုပ်တည်းထားရသလဲဆိုတာ သိသာပါသည်။

သူမ အမှားမှန်းသိသဖြင့် စန်းကျစ်လည်း ထပ်ခါထပ်ခါ တောင်းပန်နေပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်နေပါသည်။

သူတို့နှစ်ယောက်အကြားက တင်းမာမှုကို သတိမထားမိသော စူစူလေးက သာမန်အတိုင်းပဲ မေးလိုက်ပါသည်။ “မမလှလှ ဘယ်လိုလုပ် ရောက်လာတာလဲ”

“ဪ အရင်တစ်ခေါက်က နင်စုံစမ်းခိုင်းထားတဲ့ လူအကြောင်း သတင်းထူးလို့လေ။ အစက မက်ဆေ့ပဲ ပို့လိုက်မလို့ပဲ။ ဒါပေမယ့် လူကိုယ်တိုင်လာတွေ့တာ ပိုကောင်းမယ်ထင်လို့။ နင် နေကောင်းရဲ့လား ဆိုတာကိုလည်း ကိုယ်တိုင် ကြည့်လို့ ရအောင်လေ”

တကယ်တော့ သူမ စူစူလေးကို သတိရသဖြင့် ဆင်ခြေပေးပြီး လာတွေ့ခြင်းသာ ဖြစ်ပါသည်…။

… .. ….

အခန်း(၁၅၄) ရှုယီက သူတို့ဘေးမှာပဲ ရှိနေတယ်

“တကယ်လား။ မြန်မြန်ပြောပြပါ မမလှလှ!” စူစူလေးက စိတ်အားထက်သန်စွာ ‌မေးလိုက်ပါသည်။

“ကျောင်းဆင်းရင် ပြောပြမယ်လေ။ အဲ့ဒီ ကိစ္စက နည်းနည်း ရှုပ်ထွေးလို့” စန်းကျစ် ပြန်ဖြေလိုက်ပါသည်။

သူမလည်း ထိုအဖြေကို သိခဲ့ရတုန်းက အလွန် အံ့အားသင့်ခဲ့ရသည်။ ထို ရှုယီဆိုသည့် လူ၏ လက်ရှိလိပ်စာက “ထိုနေရာ” မှာဖြစ်သည်။

ထိုနေရာက သူမအတွက်လည်း မစိမ်းသလို စူစူလေးအတွက်ဆို ပိုပြီးတောင် ရင်းနှီးနေပါသည်။

“အွန်းပါ!” စူစူလေး ခေါင်းငြိမ့် သဘောတူလိုက်သည်။

ထိုစဉ် ဆရာမကျူးက ကလေးတွေကို စာသင်ခန်းထဲ ပြန်ဝင်ဖို့ ခေါ်လိုက်ပါသည်။ စူစူလေးလည်း စာသင်ခန်းထဲ ပြန်လှည့်ဝင်သွားခဲ့သည်။

ခြံအပြင်မှာ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့နှစ်ယောက် မျက်နှာချင်းဆိုင်ရင်း ကျန်ခဲ့ကြသည်။

လိပ်ပြာမလုံစိတ်ကြောင့် ချင်းယုဟွိုင်း၏ မှောင်မိုက်အေးစက်နေသော မျက်လုံးများကို စန်းကျစ် ဆုံအောင် မကြည့်ရဲပါ။

သို့သော်လည်း သူမကို စိတ်ဆိုးနေတုန်းပဲလားဆိုတာကိုတော့ သိချင်ပါသေးသည်။

စန်းကျစ်က ချင်းယုဟွိုင်း၏ ခန္ဓာကိုယ်ကို မသိမသာ အကဲခတ်လိုက်သည်။

ချင်းယုဟွိုင်း၏ မျက်နှာကြွက်သားများ အကုန်တင်းမာနေသည်။ ထို့အပြင် သူ့လည်ပင်းပေါ်က သွေးကြောတွေ ထောင်နေတာကိုလည်း စန်းကျစ် မြင်လိုက်ပါသည်။

စန်းကျစ် ပိုကြောက်သွားပြီး ချက်ချင်း ခေါင်းငုံ့လိုက်ပါသည်။

ခေါင်းငုံ့လိုက်ခါမှ ချင်းယုဟွိုင်း၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများကို မြင်လိုက်ရသည်။ အချိန်မရွေး သူမကို ပြေးထိုးတော့မည့်အလား…။

သူ တကယ် ဒေါသထွက်နေတာပဲ…

ခေတ္တစဉ်းစားပြီးနောက် ချင်းယုဟွိုင်းကို စန်းကျစ် စကားစပြောလိုက်ပါသည်။ “အဲ့လောက်လည်း ဒေါသထွက်မနေပါနဲ့။ ကျွန်မရှင့်ကို မြေပေါ်လှဲလိုက်တယ်ဆိုပေမယ့်။ ရှင်လည်း ကျွန်မရဲ့… ကျွန်မရဲ့…”

“မင်းအဲ့အကြောင်း ပြောရဲသေးတယ်လား?!” စန်းကျစ်ကြောင့် ချင်းယုဟွိုင်း ဒေါသပေါက်ကွဲသွားပါသည်။

ဒီမိန်းမက သူ့ကို ဒေါသဖြစ်အောင်ဆွသည့်နေရာမှာ သူ့ညီထက် ပိုတော်နေသည်။

“အဲ့လိုသဘော ပြောတာ မဟုတ်ပါဘူး… ဒီတိုင်း ဒေါသမထွက်စေချင်လို့ပါ။ ဒေါသအရမ်းထွက်ရင် မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာတတ်တယ်တဲ့”။ စန်းကျစ် ရှင်းပြလိုက်သည်။

“ငါ့ကို အသက်ကြီးတယ်လို့ ပြောလိုက်တာလား”

“မဟုတ်ပါဘူး အဲ့လိုပြောတာ မဟုတ်ပါဘူး! ရှင်က စူစူလေးရဲ့ တူကြီးဆိုတော့ အသက်လည်း အရမ်းကြီးမှာ မဟုတ်သေးဘူးလေ”။ စန်းကျစ် ပြန်ပြောလိုက်သည်။

စန်းကျစ်က ရှင်းပြဖို့ ကြိုးစားတာဖြစ်သော်လည်း သူမ စကားလုံးတွေက တခြားအဓိပ္ပာယ်နဲ့ ထွက်လာပါသည်။

ချင်းယုဟွိုင်း အသက်ဝဝ ရှူလိုက်ပြီး ဒီမိန်းမကို လျစ်လျူရှုလိုက်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

စန်းကျစ်လည်း ဂုတ်တိုသွားပြီး ဘာမှထပ်မပြောရဲတော့ပါ။

ခဏလောက် စောင့်ပြီးနောက် ကျောင်းဆင်းချိန်ရောက်ကာ စူစူလေး ထွက်လာခဲ့ပါသည်။

“တူကြီးနဲ့ မမလှလှတို့~” စူစူလေးက သူတို့နှစ်ယောက်ထံ ပြေးလာပါသည်။

စန်းကျစ်လည်း စူစူလေးဆီ အမြန်သွားပြီး ရင်ခွင်ထဲ မ,ချီလိုက်ကာ ပါးလေးကို ၂ ချက်လောက် ခပ်ကြမ်းကြမ်း နမ်းလိုက်ပါသည်။

“မွ~ မွ~”

နူးညံ့ပြီး မွှေးပျံ့နေတဲ့ စူစူလေးကို နမ်းရတာ ကောင်းလိုက်တာ!

ထိုမိန်းမနဲ့ စူစူလေးကို ချစ်ကြည်နူးနေကြတာကို ဘေးကနေ ချင်းယုကျီး မျက်နှာမှောင်မိုက်မိုက်နဲ့ ရပ်ကြည့်နေရင်း ခုနက သတ်ပုတ်ခဲ့သည့် မြင်ကွင်း သူ့အာရုံထဲ ပြန်ဝင်ရောက်လာခဲ့ပါသည်…။

“မမလှလှ မြန်မြန်ပြောပြပါ! ရှုယီ ဘယ်မှာလဲ”။ စူစူလေးက အရေးအကြီးဆုံး မေးခွန်းကို မမေ့သေးပါ။

“နင်နေခဲ့တဲ့ ရွာမှာ”။ စန်းကျစ် ရှင်းပြလိုက်သည်။

“နျို့ကျားကန့်ရွာမှာလား”

“ဟုတ်တယ် အဲ့မှာပဲ”။ စန်းကျစ် သေချာစွာ အတည်ပြုလိုက်ပါသည်။

သူမ အကြိမ်ကြိမ် စစ်ဆေးပြီးသားဖြစ်သည်။

“ဟင် ဒါပေမယ့် အဲ့မှာ နေတဲ့လူတိုင်းကို သမီးသိတယ်လေ!”

“အေး ဟုတ်တယ်။ ငါလည်း အဲ့တာပဲ ထူးဆန်းနေတာ”။ စန်းကျစ်လည်း အနည်းငယ် ဇဝေဇဝါဖြစ်မိပါသည်။

“ကိစ္စတော့မရှိပါဘူး! သူ့ကို ရှာလို့တွေ့ရင် ပြီးတာပဲ!”။ စူစူလေးက ထိုလူကြီးကို မိအောင်ဖမ်းပြီး သူမ ကိုကြီးဆီ ခေါ်သွားကာ ဆေးကုခိုင်းဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။

“အင်း နင်ပြောတာ မှန်တယ်”။ စန်းကျစ်လည်း သဘောတူကာ ခေါင်းငြိမ့်လိုက်သည်။ စူစူလေးက ချစ်ဖို့ ကောင်းလွန်းသဖြင့် သူမ ဘာပြောပြော မှန်ပါသည်။

All Chapters