← Chapters

အခန်း (၁၅၅+၁၅၆)

Vol. 7 Ch. 155+156

အခန်း (၁၅၅+၁၅၆)

Vol. 7 Ch. 155+156

အခန်း(၁၅၅) သခင်ကြီးလုကိုယ်တိုင် လာရောက်ဖိတ်ကြားခြင်း

ပိုင်ဖုန်းမြန်က အဘိုးယန်ကို လေးစားသမှုဖြင့် နှုတ်ဆက်လိုက်သည်။ “ဆရာကြီး ရှုယီ”

“မင်းပဲလား ဘာလာလုပ်ပြန်ပြီလဲ” အဘိုးယန် အလွန်စိတ်မရှည်ဖြစ်နေပါသည်။

“ဆရာကြီးရှုယီ ဒေါသမထွက်ပါနဲ့”။ ပိုင်ဖုန်းမြန်က ရှင်းပြလိုက်သည်။ “ကျွန်တော့်မှာ တခြားနည်းလမ်းရှိရင် ဆရာကြီးဆီ အခုလို မလာပါဘူး”

“မင်းမှာ တခြားနည်းလမ်းရှိတာ မရှိတာ ငါနဲ့ဘာမှမဆိုင်ဘူး။ အဲ့တာ မင်းဖာသာမင်း အသုံးမကျလို့ ဖြစ်တာ။ ငါ့ကို ပြဿနာ လာမရှာနဲ့!”။ အဘိုးယန် ငေါက်ငမ်းကာ ပြောလိုက်သည်။

ပိုင်ဖုန်းမြန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်ပါသည်။ “ဆရာကြီးရှုယီ… ကျုပ်တို့ သခင်လေးက အသက် ၇ နှစ်ပဲ ရှိသေးတာပါ။ သူ့ကို ဆရာကြီး ကူညီမပေးရင် တစ်သက်လုံး ဝှီးချဲပေါ်မှာပဲ သူ့ဘဝကို ကုန်ဆုံးရတော့မှာ”

အဘိုးယန် ရယ်မောလိုက်သည်။ “မင်းတို့ သခင်လေးအပြင် နာမကျန်းဖြစ်နေတဲ့ ကလေးတွေ ဘယ်နှယောက်တောင် ရှိလဲ သိလား။ ဆေးရုံတစ်ခုရဲ့ ကလေး လူနာဆောင်တစ်ခုကို သွားကြည့်လိုက်။ နေ့စဉ် နာမကျန်းဖြစ်နေတဲ့ ကလေးတွေ ဘယ်လောက်များလဲ မင်းတွေ့လိမ့်မယ်။ ဒါပေမယ့် နည်းလမ်းရှိလို့လား။ သူတို့နဲ့ယှဉ်လိုက်ရင် မင်းတို့ သခင်လေးက ကံအရမ်းကောင်းတယ်လို့တောင် ယူဆလို့ရတယ်!”

ပိုင်ဖုန်းမြန် ဆွံ့အသွားသည်။

“ကဲပါ ကဲပါ။ မင်းတို့လာရာအရပ်ကို ပြန်ကြတော့! ငါဆေးပင်တွေ သွားတူးရဦးမယ်!”။ အဘိုးယန်က သူ့ကို မောင်းထုတ်လိုက်ပါသည်။

ထို့နောက် သူ့ပေါက်ပြားကို ကိုင်ပြီး အိမ်အပြင်ထွက်ဖို့ ပြင်လိုက်သည်။

“ဆရာကြီးရှုယီ… အကူအညီတောင်းတဲ့လူက ကျုပ်ဖြစ်နေရင်ကော”

ကြည်လင် ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာပြီး အဘိုးယန်လည်း တံခါးဝကို ချက်ချင်း ကြည့်လိုက်ပါသည်။

အနက်ရောင် ကျုံးစန်းဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး ဘေးကလူတွေရဲ့ ကူတွဲပေးမှုဖြင့် အိမ်ထဲ ဖြည်းညှင်းစွာ ဝင်လာသည့် အဘိုးကြီးတစ်ယောက်ကို အဘိုးယန် မြင်လိုက်ရသည်။

ထိုအဘိုးကြီးက အလွန်အသက်ကြီးကာ အိုမင်းမစွမ်းဖြစ်နေသည့်ပုံစံ ပေါ်သော်လည်း သူ့ထံမှ အာဏာကြီးမားသည့် အရှိန်အဝါတစ်ခုကို ခံစားရသည်။

ထိုအဘိုးကြီးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အဘိုးယန် မျက်နှာ ချောက်ချားသွားပြီး အပြုအမူပါ တစ်ခါတည်း ပြောင်းလဲသွားလေသည်။

“သခင်ကြီးလု”။ အဘိုးယန်က လေးစားသမှုဖြင့် နှုတ်ဆက်လိုက်ပါသည်။

“ဆရာကြီးရှုယီ… လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော် ခင်ဗျား တက်ကြွလန်းဆန်းဆဲ ကာလတုန်းက တစ်ခါ ဆုံဖူးတာ မှတ်မိသေးတယ်…”

“သခင်ကြီးလု လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စတွေကို ပြန်ပြောစရာ မလိုတော့ပါဘူး။ သခင်ကြီးလို လူမျိုးက ဘာလို့ ဒီအထိ လာခဲ့ရတာလဲ”။ အဘိုးယန် မေးလိုက်သည်။

“ကျုပ်မြေးလေးအတွက်ပါ။ ဖုန်းမြန် ခင်ဗျားကို တောင်းတောင်းပန်ပန်နဲ့ ကုသပေးဖို့ ပြောနေတဲ့ ကလေးက ကျုပ်ရဲ့ သနားစရာ မြေးလေးပါ”

အဘိုးကြီး၏ မျက်နှာက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ တစ်ဘဝစာ အခက်အခဲတွေနဲ့ ရင်ဆိုင်ဖူးတာတောင် မတုန်လှုပ်ခဲ့သည့် သူ့မျက်လုံးတွေက ဒီကိစ္စအတွက်နဲ့မှ မှုန်မှိုင်းလျက် ရှိသည်။

“သခင်ကြီးလု ကိုယ်တိုင် ရောက်လာတာ ဆိုရင်တောင် ကျုပ်ခံယူချက်ကို ပြောင်းလဲမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက မတော်တဆမှုဖြစ်ပြီးကတည်းက ကျုပ် အနားယူသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးပြီ။ တချို့ ခြွင်းချက် ကိစ္စတွေကလွဲပြီး ဘယ်သူ့ကိုမှ ဆေးကုမပေးတော့ဘူး”။ အဘိုးယန်က ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

“အဲ့ဒီမတော်တဆမှုအကြောင်း ကျုပ်ကြားပါတယ်။ ပြီးတော့ ခင်ဗျား အနားယူသွားတဲ့အကြောင်းလည်း ကြားတယ်။ တခြားနည်းလမ်းသာရှိရင်… ကျုပ်ရဲ့ လူအိုမျက်နှာကြီးကို ခင်ဗျားအခုလို မြင်ရမှာ မဟုတ်ပါဘူး”။ သခင်ကြီးလုက ပြောလိုက်ပါသည်။

အဘိုးယန် မျက်မှောင်ကြုတ်သွားပြီး သူ့ရှေ့က ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးကို ကြည့်ကာ စိတ်ခံစားချက်တွေ ရှုပ်ထွေးသွားပါသည်။

သခင်ကြီးလုလို အဆင့်အတန်းမျိုးနဲ့ လူက သူ့မြေးအတွက်သာ မဟုတ်လျှင် တခြားလူတစ်ယောက်ကို ဒီလို အောက်ကျို့ပြီး တောင်းဆိုနေမှာမဟုတ်မှန်း အဘိုးယန် သိပါသည်။

“သခင်ကြီးလုရဲ့ ခံစားချက်ကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ကျုပ်သန္နိဌာန်ချထားတယ်။ ခြွင်းချက်ကိစ္စတချို့ကလွဲပြီး ဘယ်သူ့အသက်ကိုမှ ကယ်တင်မပေးတော့ဘူးလို့…။ သခင်ကြီးရဲ့ မြေးအတွက်ကိုတော့… ကျုပ် စိတ်မကောင်းပါဘူးလို့ ပြောရုံက လွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ တခြားတစ်နေရာရာမှာ အကူအညီ သွားတောင်းလိုက်ပါ”

ယန်ရှုယီ ဒီလောက် ခေါင်းမာလိမ့်မည်ဟု ပိုင်ဖုန်းမြန် ထင်မထားခဲ့ပေ။ သခင်ကြီးလုကိုယ်တိုင် လာရောက် တောင်းပန်တာတောင် အလျှော့မပေးခဲ့ပါ။

“ဆရာကြီးရှုယီ တကယ်ပဲ အလျှော့မပေးနိုင်ဘူးလား”။ သခင်ကြီးလုက နောက်ဆုံးတစ်ကြိမ် ထပ်မေးလိုက်သည်။

“ဟုတ်ပါတယ်။ အဲ့တာကြောင့် ကျုပ်ဆီမှာ အချိန်ထပ်မဖြုန်းကြပါနဲ့တော့”။ အဘိုးယန်က ပြတ်သားစွာ ငြင်းဆန်လိုက်ပါသည်။

“ကောင်းပါပြီ။ ကျုပ်နားလည်ပါတယ်”။ သခင်ကြီးလု ဖြည်းညှင်းစွာ နောက်ပြန်လှည့်သွားခဲ့သည်။

ပြဿနာတွေ ပြီးသွားပြီအထင်နှင့် အဘိုးယန် အပြင်ထွက်ဖို့ ပြင်လိုက်ပါသည်။

သို့သော်လည်း သခင်ကြီးလု အပြင်ရောက်သွားတာနဲ့ တစ်ပြိုင်နက် သန်မာထွားကြိုင်းသော ဘော်ဒီဂတ်များက အိမ်ထဲ ပြေးဝင်လာကြပြီး အဘိုးယန်ကို ဝိုင်းထမ်းလိုက်ကြသည်။

… … …

အခန်း(၁၅၆) ကိုကြီးကို ကုပေးဖို့ ဖမ်းလာခဲ့

“မင်းတို့ ဘာလုပ်တာလဲကွ?!” အဘိုးယန် ဂယောင်ချောက်ချားဖြစ်ကာ အော်လိုက်ပါသည်။

“ကျုပ်တို့ ‌စိတ်မကောင်းပါဘူး ဆရာကြီးရှုယီ။ အနုနည်းနဲ့ တောင်းဆိုလို့ မရလို့ ရွေးချယ်စရာ မရှိတော့ဘဲ ဒီလို စွန့်စားလိုက်ရတာပါ”။ အဘိုးယန်ကို ပိုင်ဖုန်းမြန် တောင်းပန်လိုက်သည်။

“မင်းတို့-! လွန်မလာနဲ့နော် ဒီလိုလုပ်လို့ ငါအလျှော့ပေးမယ် ထင်နေလားကွ?!”

အဘိုးယန် ရုန်းကန်ရင်း အော်ဟစ်လိုက်ပါသည်။ သို့သော်လည်း ဘယ်သူမှ ဂရုမစိုက်ကြဘဲ သူ့ကို ကားထဲ ပစ်ထည့်လိုက်ကြသည်။

ထို့နောက် အဘိုးယန်ရဲ့ အိမ်လေးကို သေချာ သန့်ရှင်းရေးလုပ်ပေးခဲ့ဖို့ သူ့လူတွေကို ပိုင်ဖုန်းမြန် အမိန့်ပေးလိုက်သည်။ ထို့အပြင် အဘိုးယန်ရဲ့ ပစ္စည်းတွေကိုလည်း သေချာ ထုပ်ပိုးပြီး ယူဆောင်လာခဲ့ပါသည်။

နောက်ဆုံးတော့ သူတို့ကား အဝေးသို့ မောင်းထွက်သွားခဲ့ပြီး ဗလာကျင်းဖြစ်နေသော အိမ်လေးတစ်လုံး အထီးကျန်စွာ ကျန်ခဲ့တော့သည်။

--- --- ---

“ဖေဖေနဲ့ မေမေ သမီး ရွာကို ပြန်ချင်တယ်!”

စူစူလေးက အဘိုးချင်းနဲ့ အဘွားချင်းတို့အား ချက်ချင်း ပူဆာလိုက်သည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး အမြန်မေးလိုက်ပါသည်။ “ဘာဖြစ်လို့လဲ သမီးလေး။ ဒီမှာ မပျော်လို့လား။ အတန်းဖော်တွေနဲ့ ပြဿနာဖြစ်လို့လား။ ဒါမှမဟုတ် ဆရာမတွေကို သဘောမကျလို့လား။ ပြောပါဦး”

“မဟုတ်ပါဘူး”။ စူစူလေးက ခေါင်းအမြန်ခါပြီး ရှင်းပြလိုက်ပါသည်။ “ရွာပြန်ပြီး တစ်ယောက်ယောက်ကို ရှာရမှာမို့လို့! သမီးကိုကြီးကို နေကောင်းအောင် ကုပေးရမယ်!”

“သမီးလေး ဘာတွေ ပြောနေတာလဲ”။ အဘိုးချင်း နားမလည်ပါ။ သူ့မိန်းမကို လှည့်ကြည့်လိုက်တော့လည်း အဘွားချင်းက သူ့နည်းတူ ကြောင်စီစီ ဖြစ်နေပါသည်။

“မမလှလှက သမီးကို ကူရှာပေးထားတာ! ရှုယီဆိုတဲ့ လူကြီးကိုလေ!”။ စူစူလေးက စန်းကျစ်ကို ဆွဲခေါ်ပြီး ပြောလိုက်ပါသည်။

စန်းကျစ်က အဘိုးချင်းနဲ့အဘွားချင်းတို့ရှေ့မှာ ရှက်ရွံ့နေပြီး မျက်လုံးချင်းဆုံအောင် မကြည့်ရဲခဲ့ပါ။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကို သူမ ဦးညွှတ်ကာ ရိုရိုသေသေ ပြောလိုက်သည်။ “စူစူလေးက လူတစ်ယောက်ရှာဖို့ သမီးကို အကူအညီတောင်းထားလို့ပါ။ သမီးသူ့ကို ရှာတွေ့ထားပါတယ်။ သူအခု နျို့ကျားကန့် ရွာမှာ နေနေပါတယ်”

စန်းကျစ်က အွန်လိုင်းပေါ်မှာ ရဲတင်းသော်လည်း အပြင်မှာ လူကြောက်တတ်သည့် လူမျိုးဖြစ်သည်။

လူဆိုးတွေကို တိုက်ခိုက်ရဲသော်လည်း လူကြီးတွေနဲ့ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ စကားပြောဆက်ဆံရသည့်အခါ အလွန်စိတ်လှုပ်ရှားတတ်ပါသည်။

“နျို့ကျားကန့်ရွာမှာ ဟုတ်လား”။ အဘွားချင်း အံ့အားသင့်သွားသည်။

အဘိုးချင်းလည်း ထိုနည်းလည်းကောင်းပင်။

ဆရာကြီးရှုယီအကြောင်း သူတို့ကြားဖူးပါသည်။ သူတို့နှစ်ယောက်လည်း နျို့ကျားကန့်ရွာက လူတွေ အကုန်လုံးနဲ့ ရင်းနှီးသည်။

သူတို့ရွာမှာ ရှုယီနာမည်နဲ့လူ တစ်ယောက်မှ မရှိပါ။

“ရှောင်းကျစ်၊ နင်ပြောတာ သေချာရဲ့လား။ တကယ်ပဲ နျို့ကျားကန့်ရွာမှာလား”။ အဘွားချင်း မေးလိုက်ပါသည်။

“ဟုတ်ကဲ့… သေချာပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆရာကြီးရှုယီအကြောင်းကို သမီး စုံစမ်းနေတာ။ ခရီးသွားမှတ်တမ်းတွေ၊ ငွေသုံးစွဲမှု မှတ်တမ်းတွေ၊ ပြောင်းရွှေ့နေထိုင်မှု မှတ်တမ်းတွေနဲ့ တခြားအချက်အလက်တွေ အကုန်လုံးကို ထည့်တွက်ပြီးမှ သူ နျို့ကျားကန့်ရွာမှာ ရှိနေမှန်း အတည်ပြုခဲ့တာပါ”.

“ဒါ…”။ အဘွားချင်းနဲ့ အဘိုးချင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဆရာကြီးရှုယီက သူတို့မျက်စိရှေ့တည့်တည့်မှာ တစ်ချိန်လုံး ရှိနေခဲ့တာလား။ သို့သော်လည်း ဘယ်လိုပဲ စဉ်းစားပါစေ သူတို့ရွာမှာ နတ်သမားတော်ကြီးဟု ထင်စရာ လူမျိုး မရှိပါ။

“ဖေဖေနဲ့ မေမေ၊ သမီး ရွာပြန်ချင်တယ်!”။ စူစူလေးက ထပ်ပြီး ပူဆာပြန်သည်။

တစ်ဖက်လူက ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါ။ အရေးကြီးတာက ထိုလူကြီးကို အခုချက်ချင်း သွားခေါ်မှဖြစ်မည်။

သူမရဲ့ ကိုကြီးကို ဆေးကုပေးဖို့!

“ကျွန်တော် စူစူလေးနဲ့ လိုက်သွားလိုက်မယ်။ အဘိုးနဲ့ အဘွားက အိမ်မှာပဲ သတင်းစောင့်နေပါ”။ ချင်းယုဟွိုင်းက ပြောလိုက်ပါသည်။

ဟွာချန့်မြို့မှ နျို့ကျားကန့်ရွာသို့ ကားဖြင့် ၂ နာရီကျော်ကြာအောင် မောင်းရသည်။ အသွားအပြန်ဆို အကြမ်းဖျင်း ၅ နာရီလောက် ကြာပါလိမ့်မည်။

အဘိုးအဘွားတွေက အသက်ကြီးနေပြီဖြစ်သဖြင့် ဒီလို ပင်ပင်ပန်းပန်းခရီးမျိုး မသွားတာ ပိုကောင်းပါလိမ့်မည်။

“ဒါပေမယ့်…” အဘိုးချင်းက တွန့်ဆုတ်နေဆဲဖြစ်၏။

“ကျွန်တော် စူစူလေးကို သေချာ ဂရုစိုက်လိုက်ပါ့မယ်”။ ချင်းယုဟွိုင်း ကတိပေးလိုက်ပါသည်။

စူစူလေးကလည်း ပြောသည်။ “ဖေဖေနဲ့ မေမေ စိတ်မပူနဲ့! တူကြီးကို သမီး စောင့်ရှောက်လိုက်မယ်!”

“ဟုတ်ပါပြီ။ ဒါပေမယ့် ဒီနေ့တော့ နောက်ကျနေပြီ။ မနက်ဖြန်မနက်မှ သွားကြလေ”။ အဘိုးချင်းက စူစူလေး၏ စကားကို ကြားပြီး သဘောတူလိုက်ပါသည်။

“သမီးလည်း မနက်ဖြန် လိုက်သွားလိုက်ပါ့မယ်!” စန်းကျစ် အမြန် ဝင်ပြောလိုက်သည်။

သူမ စကားပြောပြီးပြီးချင်း ချင်းယုဟွိုင်းထံမှ ကျောချမ်းစရာ အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။

စန်းကျစ် ခေတ္တ ထိတ်လန့်သွားသော်လည်း သတ္တိအမြန်မွေးကာ ရှင်းပြလိုက်ပါသည်။ “အဲ့မှာ ကျွန်မလည်း နေဖူးတယ်လေ။ ပြီးတော့ နေရာကို ရှာတွေ့တာ ကျွန်မဆိုတော့ ကျွန်မလိုက်သွားရင် ပိုကောင်းမယ်ထင်လို့ပါ…”

အားတင်းပြီး ပြောလိုက်သော်လည်း စန်းကျစ်၏ အသံက တဖြည်းဖြည်း တိုးညှင်းသထက် တိုးညှင်းသွားါသည်။

ကြောက်စရာ ကောင်းလိုက်တာ…။

All Chapters