အခန်း (၁၅၇+၁၅၈)
Vol. 7 Ch. 157+158
အခန်း(၁၅၇) လုအိမ်တော်မှ အော်သံများ
ချင်းယုဟွိုင်းက စန်းကျစ်ကို အကြာကြီး စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောပါ။ သူ့မျက်လုံးထဲမှာ ဒေါသတွေ ရှိနေပါသေးသည်။ ခုနက သူ့ကို မြေပေါ် လှဲချခဲ့သည့် စန်းကျစ်၏ လုပ်ရပ်ကို သူ မမေ့သေးပါ။
စန်းကျစ် အငြင်းခံရတော့မည်ဟု ထင်နေစဉ် ချင်းယုဟွိုင်းက အေးတိအေးစက် လေသံဖြင့် ပြန်ပြောလိုက်ပါသည်။ “ကောင်းပြီလေ”
“ကျေးဇူးတင်ပါတယ်!”။ စန်းကျစ်က ချက်ချင်း ခေါင်းမော့ကာ ကျေးဇူးတင်လိုက်ပါသည်။ အနက်ရောင် မျက်မှန်ကိုင်းအောက်က သူမရဲ့ မျက်နှာလှလှလေးပေါ် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
--- --- ---
နောက်တစ်နေ့မနက် သူတို့ ၃ ယောက် ခရီးစထွက်ဖို့ ပြင်ကြသည်။
မသွားခင် စူစူလေးက ဘေးအိမ်ရှိ လုကျန်းယွီကို သွားတွေ့ခဲ့ပါသည်။
“ကိုကြီး! ကိုကြီးကို လာတွေ့တာ! သမီး သတင်းကောင်း ပြောစရာရှိတယ်!”
စာကြည့်ခန်းထဲ စူစူလေး ဝင်လာသောအခါ မီးခိုးရောင် သမ်းနေသည့် ဆံပင်တွေနဲ့ အဘိုးကြီးတစ်ယောက် လုကျန်းယွီ၏ စာကြည့်ခန်းထဲမှ ရှိနေတာကို မြင်လိုက်ရပါသည်။
စူစူလေးက မေးလိုက်သည်။ “ဦးလေးက ဘယ်သူလဲ”
“ရှောင်းကျန်း ဒါ မင်းပြောတဲ့ ကလေးလေးလား”။ သခင်ကြီးလုက ဘေးနားရှိ အိမ်တော်ထိန်းကျန်းကို ပြုံးကာ မေးလိုက်ပါသည်။
“ဟုတ်ပါတယ်။ သူက ကျွန်တော်ပြောတဲ့ သခင်မလေးစူစူပါ”။ အိမ်တော်ထိန်းကျန်း အတည်ပြုပေးလိုက်ပါသည်။
“အင်း ချစ်ဖို့ကောင်းပါပေတယ်။ ကျန်းယွီသာ သဘောကျရင် သူ့ညီမလေးဖြစ်အောင် ဒါမှမဟုတ် အနာဂတ်မှာ လက်ဆက်ပေးလို့ရအောင် စီစဉ်ပေးလို့ရတယ်”။ သခင်ကြီးလုက ပြောလိုက်သည်။
“အဲ့လို မလုပ်ပါနဲ့ အဘိုး”။ လုကျန်းယွီက ကန့်ကွက်လိုက်ပါသည်။ “စူစူလေးက လွတ်လပ်တဲ့ လူတစ်ယောက်ပါ။ သူ့ဘဝနဲ့ သူ့ရွေးချယ်မှုကို အာဏာတွေ ပါဝါတွေသုံးပြီး ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သူ့ကို ဘာဝန်ထုပ်ဝန်ပိုးမှ မပေးပါနဲ့”
လုကျန်းယွီက အတည်ပေါက် ပြောလိုက်ခြင်းဖြစ်သည်။ ဒါကိုကြားတော့ သခင်ကြီးလု ရယ်မောလိုက်ပါသည်။ “ဟုတ်ပါပြီ။ မင်းသဘောပါပဲ”
သူ့မြေးရဲ့ သဘောထားက အရေးအကြီးဆုံးဖြစ်သည်။
စူစူလေးက ခေါင်းလေးစောင်းကာ သူတို့နှစ်ယောက်ကို ကြည့်နေပါသည်။
လုကျန်းယွီက စူစူလေးကို လှမ်းခေါ်လိုက်သည်။ ထိုအခါမှ စူစူလေး ခြေလှမ်းခပ်သုတ်သုတ်ဖြင့် အပြေး ရောက်လာပါသည်။
“သူက ကိုကြီးရဲ့ အဘိုးလေ”။ လုကျန်းယွီ မိတ်ဆက်ပေးလိုက်သည်။
“ဝါး… ကိုကြီးရဲ့ ဘိုးဘိုး တွေ့ရတာ ဝမ်းသာပါတယ်!”။ စူစူလေးက သခင်ကြီးလုကို လက်ကလေးမြှောက်ကာ နှုတ်ဆက်လိုက်ပါသည်။
“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”။ သခင်ကြီးလုက အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။
ဒီကလေးမလေးက တကယ်ပဲ ချစ်ဖို့ကောင်းပြီး ပျော်တတ်ပါသည်။ သူ့မြေးလေးအတွက် တကယ် သင့်တော်သော သူငယ်ချင်းတစ်ယောက် ဖြစ်နိုင်သည်။
စူစူလေးက လုကျန်းယွီကို စကားဆက်ပြောလိုက်ပါသည်။ “ကိုကြီး။ ကိုကြီးကို ဆေးကုပေးနိုင်တဲ့လူကို သမီး သွားရှာတော့မယ်!”
“ကိုကြီးကို ဆေးကုပေးနိုင်တဲ့လူ?”
“ဟုတ်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “ကိုကြီး နေပြန်ကောင်းအောင် ကူညီပေးချင်တယ်! အခုအတိုင်းလည်း ကြည့်လို့ကောင်းပေမယ့် ကိုကြီး ပြေးလွှားနိုင်ရင် ပိုပျော်မှာလို့ သူတို့ပြောကြလို့လေ”
စူစူလေး၏ တဲ့တိုးဆန်မှု၊ ရိုးသားသော စကားလုံးများက လုကျန်းယွီ၏ နှလုံးသားကို နွေးထွေးသွားစေပါသည်။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် မသွားပါနဲ့ စူစူလေး။ ကိုကြီးကို ဆေးကုပေးနိုင်တဲ့လူကို အပင်ပန်းခံပြီး လိုက်မရှာပါနဲ့”
“ဘာလို့ မရှာရမှာလဲ”။ စူစူလေးက မေးလိုက်သည်။
“စူစူလေးက ငယ်သေးလို့ပေါ့။ အရမ်းကြီး မကြိုးစားပါနဲ့။ စူစူလေးလည်း နားဖို့လိုအပ်တယ်လေ”
“မခက်ပါဘူး။ သမီးက အရမ်း သန်မာတယ်!”
စူစူလေးက လက်မောင်းတစ်ဖက် ကွေးပြလိုက်ပြီး သူမ ဘယ်လောက်သန်မာကြောင်း လုကျန်းယွီကို ပြသလိုက်ပါသည်။
သူမရဲ့ အပြုအမူလေးကြောင့် လုကျန်းယွီ ရယ်မောလိုက်မိပါသည်။
သခင်ကြီးလုလည်း ပြုံးမိသွားသည်။ စူစူလေးကို သူပြောလိုက်ပါသည်။ “ဘာမှ စိတ်မပူပါနဲ့ မိတ်ဆွေလေးရဲ့။ သမီး ကိုကြီးကို ဆေးကုပေးနိုင်မယ့်လူ ဘိုးဘိုး ရှာတွေ့ပြီးသွားပြီ”
“ရှာတွေ့ပြီ ဟုတ်လား”။ စူစူလေး မေးလိုက်သည်။
တိုက်ဆိုင်လိုက်တာ၊ သူမလည်း တစ်ယောက်ရှာတွေ့ထားသည်။ ဒီဦးလေးကြီးကလည်း တစ်ယောက် ရှာတွေ့ထားသည်ဟု ဆိုနေသည်။
“ဟုတ်တယ် ရှာတွေ့ထားတယ်။ အဲ့တာကြောင့် သမီး ဘာမှ မပူနဲ့တော့နော်”။ သခင်ကြီးလုက ပြောလိုက်ပါသည်။
စူစူလေး တွန့်ဆုတ်စွာ ခေါင်းကုတ်လိုက်ပါသည်။
ထိုအချိန်တွင် ဘေးအခန်းမှ အော်ဟစ်ဆဲဆိုသံတွေ ထွက်ပေါ်လာပါသည်။
“သောက်အဘိုးကြီး! ကျုပ်ကို ဒီလို ဖမ်းထားလို့ ခင်ဗျားစကားကို နားထောင်မယ် မထင်နဲ့!”
“မကုပေးဘူးလို့ ပြောပြီးရင် ကျုပ်လုံးဝ ကုမပေးဘူး! ကျုပ်ကို ဘယ်လောက်ပဲ ခြိမ်းခြောက် ခြိမ်းခြောက် အဲ့ဒီ အချက်ကို ခင်ဗျားတို့ လုံးဝ မပြောင်းလဲနိုင်ဘူး!”
“ခင်ဗျားတို့ လူလို အသိစိတ်ရှိရင် ကျုပ်ကို အခုချက်ချင်းလွှတ်ပေးနော်! မဟုတ်ရင်တော့ ခင်ဗျားတို့ကို ကျုပ် ကျိန်စာ တိုက်ပစ်မှာ! လခွီးထဲမှ!”
“… … …”
စူစူလေး အူတူတူ ဖြစ်သွားခဲ့သည်။ “ကိုကြီး အဲ့တာ ဘယ်သူ အော်နေတာလဲ။ အဲ့အသံကို တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ”
… … …
အခန်း(၁၅၈) ဆဲတာ မကောင်းဘူး အတုမယူနဲ့
ဦးလေးပိုင်ဟူကျစ်ရဲ့ အသံနဲ့ တူသလိုလိုရှိပေမယ့် တူလည်းမတူပြန်ဘူး။ ဦးလေး ပိုင်ဟူကျစ်က စကားကို ညင်ညင်သာသာပဲ ပြောတတ်တာ…။ အခု စကားပြောနေတဲ့လူက ရိုင်းစိုင်းလွန်းတယ်။ ဦးလေး ပိုင်ဟူကျစ်သာဆို ဘယ်တော့မှ ဒီလို ရိုင်းစိုင်းမှာ မဟုတ်ဘူး။ လူတိုင်းက လိမ္မာယဉ်ကျေးအောင် နေရမယ်၊ ဆဲဆိုတဲ့ စကားလုံးတွေ မသုံးသင့်ဘူးလို့ ဦးလေးပိုင်ဟူကျစ်က ပြောဖူးတယ်!
သခင်ကြီးလုက သူ့လက်အောက်ငယ်သားတွေကို အကြည့်ဖြင့် အမိန့်ပေးလိုက်သည်။ သူတို့ ဖမ်းခေါ်လာသည့် ယန်ရှုယီအား အသံလုံ အခန်းတစ်ခန်းထဲ ပြောင်းရွှေ့ထားဖို့ အမိန့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထို့နောက် စူစူလေးကို အပြုံးဖြင့် ရှင်းပြလိုက်ပါသည်။ “ဘာမှ မဟုတ်ပါဘူး။ သူတို့ စကားများ ရန်ဖြစ်နေကြတာ။ လူတွေ ရန်ဖြစ်ရင် အဲ့လို ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်ကြတယ်။ အတုမယူရဘူးနော်”
“ဟုတ်ကဲ့ပါ။ အတုမယူပါဘူး”
စူစူလေး ခေါင်းငြိမ့်ကာ စကားနားထောင်လိုက်ပါသည်။ ဆဲတာဆိုတာက မကောင်းမှန်း သူမ သိပါသည်။
ထို့နောက် လုကျန်းယွီကို စူစူလေး ပြောလိုက်သည်။ “ကိုကြီး သမီး သွားတော့မယ်နော်။ သမီးရဲ့ တူကြီးနဲ့ မမလှလှတို့ သမီးကို စောင့်နေကြပြီ!”
စူစူလေး ရှုယီကို သွားရှာဖို့ ဆုံးဖြတ်ထားဆဲဖြစ်သည်။ ကိုကြီးရဲ့ ဘိုးဘိုးက လူတစ်ယောက် ရှာတွေ့ထားသည်ဟု ဆိုရင်တောင် သူမ လက်မလျှော့နိုင်ပါ။ သူမ ဘက်ကလည်း ကြိုးစားရမည်။
“ဟုတ်ပါပြီ”။ လုကျန်းယွီ ခေါင်းငြိမ့်လိုက်ပြီး ထုံးစံအတိုင်း စူစူလေးကို လိုက်ပို့ဖို့ အိမ်တော်ထိန်းကျန်းအား တာဝန်ပေးခဲ့ပါသည်။
စူစူလေး ထွက်သွားသောအခါ လုကျန်းယွီ မျက်မှောင်ကြုတ်သွားပြီး သခင်ကြီးလုကို ပြောလိုက်သည်။ “အဘိုးရဲ့ လုပ်ရပ်က မကောင်းဘူးနော်။ ဆရာဝန်တစ်ယောက်ကို ဆေးကုပေးဖို့ အတင်းအကျပ် စေခိုင်းလို့ မရဘူး။ ကျေးဇူးပြုပြီး ဆရာကြီးရှုယီကို လွှတ်ပေးလိုက်ပါ”
“ဒီလုပ်ရပ်က မှားမှန်း ငါသိပါတယ်။ ဒါပေမယ့် မင်းခြေထောက်တွေ ပြန်ကောင်းနိုင်မယ်ဆို ငါဘယ်လို အမှားမျိုးဖြစ်ဖြစ် လုပ်ရဲတယ်”။ သခင်ကြီးလုက ပြတ်သားစွာ ပြောလိုက်သည်။
“အဘိုး!” လုကျန်းယွီ မျက်မှောင်ပိုကြုတ်သွားခဲ့သည်။
“ကျန်းယွီ ငါ အသက်ကြီးနေပါပြီ။ မင်းကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်ချင်တာကလွဲပြီး တခြား ဆန္ဒမရှိဘူး။ တခြားကလေးတွေလို မင်းပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်ပြေးလွှားပြီး ဆော့ကစားတာကို မြင်ချင်သေးတယ်။ မင်းဘဝမှာ ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ်”။ သခင်ကြီးလုက ပြောလိုက်သည်။
လုကျန်းယွီ ခေါင်းငုံ့သွားပါသည်။
သူ့ဘေးကလူတွေ သူ့ကို ကောင်းစေချင်သည့် စေတနာထားမှန်း လုကျန်းယွီ နားလည်ပါသည်။ သို့သော် တချို့ ကိစ္စတွေကို အတင်းအကျပ် မပြုလုပ်သင့်ပါ။
ဆုံးဖြတ်ချက် ခိုင်မာသော သခင်ကြီးလုကြောင့် လုကျန်းယွီလည်း ဘာမှ မပြောနိုင်တော့ဘဲ ဆရာကြီးရှုယီ သူတို့မိသားစုကို အငြှိုးမထားပါစေနဲ့ဟုသာ ဆုတောင်းနိုင်ပါတော့သည်။
--- --- ---
စူစူလေး လုအိမ်တော်မှ ထွက်လာပြီး နျို့ကျားကန့်ရွာသို့ ချင်းယုဟွိုင်း၊ စန်းကျစ်တို့နဲ့အတူ သွားနေပြီဖြစ်သည်။
ချင်းယုဟွိုင်းက ကားမောင်းနေပြီး စန်းကျစ်က သူ့ဘေးမှာ ထိုင်နေပါသည်။ စူစူလေးကတော့ အနောက်ခုံမှာ ထိုင်နေသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ နျို့ကျားကန့်ရွာမှာ နေထိုင်စဉ်တုန်းက ချင်းယုဟွိုင်း မကြာခဏ သွားလည်လေ့ရှိသဖြင့် လမ်းကြောင်းကို အလွန်ကျွမ်းကျင်နေပါသည်။
ချင်းယုဟွိုင်း၏ မျက်နှာကို ကြည့်ရတာ စန်းကျစ် စိတ်မသက်မသာ ရှိလှသည်။
အနေခက်စရာ တိတ်ဆိတ်မှုကို ချိုးဖျက်ဖို့ စူစူလေးကို လှည့်ကြည့်ပြီး စကားပြောရန် ကြိုးစားလိုက်သော်လည်း စူစူလေး အိပ်ပျော်နေတာကိုသာ စန်းကျစ် မြင်လိုက်ရပါသည်။ အတော်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဖြစ်သည်။
ထို့ကြောင့် စန်းကျစ် ရွေးချယ်စရာ မရှိတော့ဘဲ ကားထဲမှာ အလုပ်လုပ်ဖို့ သူမ လက်ပ်တော့ကို ထုတ်လိုက်ပါသည်။
စန်းကျစ်အတွက် အွန်လိုင်းကမ္ဘာက သူမအေးအေးချမ်းချမ်း နေနိုင်သည့် နားခိုစရာ နေရာလေးတစ်ခုဖြစ်သည်။
ချင်းယုဟွိုင်းက ကားကို အာရုံစိုက်မောင်းနေသည့်ပုံစံ ပေါက်သော်လည်း မျက်လုံးထောင့်မှ စန်းကျစ်အား စောင့်ကြည့်နေတာ ဖြစ်သည်။
သူမရဲ့ တောက်တောက်ပပ မျက်နှာလေးကို သတိထားမိသည်။ အနက်ရောင် မျက်မှန်ကိုင်းနောက်က ကြည်ကြည်လင်လင် မျက်လုံးလေးများကိုလည်း သတိထားမိပါသည်။
ထို့အပြင် သူမရဲ့ ခပ်ပွပွ အားကစား ဝတ်စုံအောက်မှာ…
ချင်းယုဟွိုင်း စတီယာရင် ကိုင်ထားသည့် လက်များ ပူနွေးလာပါသည်။
“မင်းဘာလို့ Hacker တစ်ယောက် လုပ်နေတာလဲ” ချင်းယုဟွိုင်းက စန်းကျစ်အား ရုတ်တရက် မေးလိုက်သည်။’
“ဟင်? ကျွန်မက လူတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ သိပ်ယုံကြည်ချက် မရှိလို့လေ။ အင်တာနက်ပေါ်မှာ တစ်ဖက်လူရဲ့ မျက်နှာကို မမြင်ရရင် ပိုပြီး စိတ်အေးချမ်းတယ်။ အဲ့တာကြောင့် အွန်လိုင်းလောကကို ရွေးချယ်ခဲ့တာ”
“ငါ့ကို ရိုက်နှက်ခဲ့တုန်းကတော့ ယုံကြည်ချက် ပြည့်ဝနေတဲ့ပုံပဲနော်”
ချင်းယုဟွိုင်း အရွဲ့တိုက်နေမှန်း စန်းကျစ်သိပါသည်။ သို့သော်လည်း သူမ သေချာ ရှင်းပြလိုက်သည်။
“စူစူလေးက သင်ပေးထားတာလေ။ လူဆိုးတွေဆို စိတ်ကြိုက် ရိုက်နှက်လို့ရတယ်တဲ့။ အဲ့ဒီတုန်းက စူစူလေးကို ရှင်ပြန်ပေးဆွဲဖို့ ကြံနေတယ်ထင်လို့…။ စူစူလေးကို လူယုတ်မာတွေ ထပ်ပြီး အနိုင်ကျင့်မှာ ကျွန်မ ခွင့်မပြုနိုင်ဘူး”။
သူမရဲ့ စကားလုံးများကြောင့် ချင်းယုဟွိုင်း တွန့်ဆုတ်သွားခဲ့သည်။
မီးပွိုင့်နီနေတာကို အခွင့်ကောင်းယူကာ စန်းကျစ်ကို သူ သေသေချာချာ လှည့်ကြည့်လိုက်ပါသည်။
“ရှင်… ရှင်ဘာလုပ်တာလဲ”။ ချင်းယုဟွိုင်း၏ စိုက်ကြည့်မှုကြောင့် စန်းကျစ် စိတ်လှုပ်ရှားကာ ကြောက်ရွံ့လာပါသည်။