အခန်း (၁၆၃+၁၆၄)
Vol. 7 Ch. 163+164
အခန်း(၁၆၃) မရီးရဲ့ အံ့အားသင့်မှု (၁)
စူစူလေးက အမြန်ထွက်ပြေးသွားသည်။
“အိမ်မပြန်ဘူး! သမီးမိတ်ဆွေကြီးကို ရှာရဦးမယ်!”။ စူစူလေးက ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်သည်။
“နင် သူများအိမ်မှာ ပြဿနာလာရှာနေတယ် အဲ့လိုလုပ်တာ ရိုင်းစိုင်းတယ်နော်!”။ ဝမ်ချင်းက ဆုံးမလိုက်ပါသည်။
“သူတို့တွေ သူများကို ပြန်ပေးဆွဲတာကလည်း ရိုင်းစိုင်းတယ်!” စူစူလေး၏ ပါးလေးများ ဖောင်းနေပါသည်။
သူမ ရိုင်းစိုင်းဖို့ မရည်ရွယ်ပါ။ သူမ မိတ်ဆွေကြီးကို ရှာဖွေချင်တာသာ ဖြစ်သည်။
“နင်တော့-!”။ သူမ စကားနားမထောင်သည့် စူစူလေးကို ကြည့်ကာ ဝမ်ချင်း စိတ်ဆိုးသွားသည်။
ချင်းရှင်းကျစ်က ကြားထဲမှ ဝင်ဖြန်ဖြေပေးလိုက်ပါသည်။ “မိန်းမ စိတ်မဆိုးပါနဲ့။ စူစူလေးက အကြောင်းအရင်းတစ်ခုခုရှိလို့ ဒီလိုလုပ်တာ ဖြစ်မှာပါ။ စကားကို အေးအေးဆေးဆေး ပြောကြရအောင်နော်”
“ဒါဆို ရှင့်ဖာသာရှင် ပြောတော့!”။ ဝမ်ချင်းက မျက်စပစ်လျက် မျက်နှာလွှဲလိုက်ပါသည်။
ထို့နောက် ချင်းရှင်းကျစ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးကို မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ စူစူလေး။ အစ်ကိုကြီးကို ပြောပြ။ ဒီဘိုးဘိုးကို အစ်ကိုကြီး မေးပေးမယ်”
သခင်ကြီးလု၏ လက်ထောက် လာအကြောင်းကြားတုန်းက စူစူလေး လုအိမ်တော်မှာ သောင်းကျန်းနေသည်ဟုသာ ချင်းရှင်းကျစ် သိထားတာဖြစ်သည်။ သို့သော်လည်း အကြောင်းအရင်း အပြည့်အစုံကို မသိသေးပါ။
စူစူလေးက ပြန်ဖြေလိုက်၏။ “သူတို့ သမီး မိတ်ဆွေကို ဖမ်းထားတယ်!”
“သမီးမိတ်ဆွေကို ဖမ်းထားတယ် ဟုတ်လား”။ ချင်းရှင်းကျစ်က သခင်ကြီးလုကို လှည့်ကြည့်လိုက်သည်။
ဒီအဘိုးကြီးကို ချင်းရှင်းကျစ် တစ်ခါမှ မမြင်ဖူးပါ။ သို့သော်လည်း ထိုအဘိုးကြီးရဲ့ အသွင်အပြင်နဲ့ အနေအထားကို အကဲခတ်ကြည့်ခြင်းအားဖြင့် သာမန်လူမဟုတ်နိုင်မှန်း ခန့်မှန်းမိပါသည်။
“သခင်ကြီး… ကျွန်တော့် ညီမလေး ပြောနေတာ အမှန်ပဲလား။ သူ့သူငယ်ချင်းကို တကယ် ခေါ်ထားတာလား”။ ချင်းရှင်းကျစ်က မေးလိုက်သည်။
သခင်ကြီးလုက အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။ “မဟုတ်ရပါဘူး။ ကျုပ်လို အဘိုးကြီးတစ်ယောက်က ကလေးလေး တစ်ယောက်ကို ဘာကြောင့် ဖမ်းထားရမှာတုန်း”
“ကလေးမဟုတ်ဘူး! ဦးလေး ပိုင်ဟူကျစ်!” စူစူလေး သေချာ ထပ်ပြောလိုက်သည်။
ဦးလေး ပိုင်ဟူကျစ်?
စူစူလေး၏ စကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် သခင်ကြီးလုရဲ့ အပြုံး တောင့်တင်းသွားကာ မျက်မှောင်လည်း ကြုတ်သွားပါသည်။
ချင်းရှင်းကျစ်လည်း အံ့အားသင့်သွား၏။ “ဦးလေးပိုင်ဟူကျစ်ဆိုတာ အစ်ကိုကြီးတို့အိမ်ကို ဟိုတစ်ခေါက်က လာသွားတဲ့ ဦးလေးကြီးလား”
“အွန်း! ဟုတ်တယ်! သူပဲ” စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ဝမ်ချင်း အနည်းငယ် ရယ်ချင်သွားပါသည်။ “စူစူလေး ပြဿနာ မရှာပါနဲ့တော့။ ဘယ်သူက အဲ့လို အဘိုးကြီးကို ဖမ်းထားမှာလဲ”
လုမိသားစုက ဘယ်လို မိသားစုမှန်း ဝမ်ချင်း မသိသေးသော်လည်း သာမန်မိသားစုတစ်စုက ဒီလို ဥပဒေနဲ့ မကိုက်ညီသည့် လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်မှန်း သူမ သိပါသည်။ ထို့အပြင် ကျေးရွာတစ်ရွာက လယ်စိုက်စားသည့် အဘိုးကြီးတစ်ယောက်ကို ဘာအတွက်နဲ့ ပြန်ပေးဆွဲရမှာလဲ။
“သူတို့ ဖမ်းထားတာလို့! သမီးတူကြီးနဲ့ မမလှလှတို့လည်း မြင်တယ်! သူတို့ ကင်မရာထဲမှာ ဖမ်းမိထားတယ်!”။ စူစူလေးက ကြမ်းပြင်ကို ဖနောင့်ဖြင့် ပေါက်ကာ ပြောလိုက်သည်။
ဒေါသထွက်လိုက်တာ!
ဦးလေးပိုင်ဟူကျစ် ထိခိုက်ဒဏ်ရာ ရထားသေးလား။ သူကြောက်နေမလား။ သူငိုများ ငိုနေမလား။
သူမရဲ့ မိတ်ဆွေကြီး စိတ်သောကရောက်နေမှာကို တွေးမိသောအခါ စူစူလေး ဒေါသထွက်ကာ တစ်ယောက်ယောက်ကို ထိုးချင်လာပါသည်။
“နားကြားများ မှားတာလား။ သူတို့ တခြားအကြောင်းအရာတစ်ခုခုပြောနေတုန်း ပြန်ပေးဆွဲတာနဲ့ နားကြားမှားပြီး နားလည်မှုလွဲတာလား”။ ဝမ်ချင်းက မေးလိုက်သည်။
“မဟုတ်ဘူး! မမှားဘူး! သမီးကိုကြီးနဲ့ မမလှလှတို့ နှစ်ယောက်စလုံး ပြောတယ် သူ အဖမ်းခံထားရတာတဲ့!”။ သူမ နားကြား မမှားမှန်း စူစူလေး သေချာပါသည်။
ပြောပြောဆိုဆိုနဲ့ စူစူလေးက သခင်ကြီးလုဘက်သို့ လှည့်ကာ ထပ်ခြိမ်းခြောက်လိုက်သည်။ “ကိုကြီးရဲ့ ဘိုးဘိုး။ ကျေးဇူးပြုပြီး ဦးလေးပိုင်ဟူကျစ်ကို ချက်ချင်း လွှတ်ပေးလိုက်ပါ! မဟုတ်ရင် သမီး တကယ် ဒေါသထွက်တော့မှာ! သမီးဒေါသထွက်ရင် သတ္တိရှိပြီး ကြမ်းတမ်းတယ်နော်!”
သခင်ကြီးလု ဘာမှ ပြန်မပြောနိုင်ပါ။
‘ဦးလေးပိုင်ဟူကျစ်’ဟူသည့် နာမည်ကို စူစူလေး ထုတ်ပြောလိုက်ကတည်းက စူစူလေးကို ကြည့်သည့် သခင်ကြီးလုရဲ့ အကြည့်တွေ ပြောင်းလဲသွားပါသည်။
သူ့မျက်နှာ တည်တံ့သွားပြီး ထိုင်းမှိုင်းသွားသည်။ သဘောလည်း မကောင်းတော့သလို ဒေါသထွက်တာလည်း မဟုတ်ပါ။ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသလိုမျိုးဖြစ်သည်။
“စူစူလေး စိတ်လျှော့ထား စိတ်လျှော့ထား။ အစ်ကိုကြီး မေးပေးမယ်နော်”။ သခင်ကြီးလုကို တိုက်ရိုက်မမေးခင် ချင်းရှင်းကျစ်က စူစူလေးအား ချော့လိုက်ပါသည်။
“သခင်ကြီး-…”
ချင်းရှင်းကျစ် စကားမဆုံးခင် သခင်ကြီးလုက ဖြတ်ပြောလိုက်သည်။ “ဒီကလေးပြောတဲ့ ဦးလေးပိုင်ဟူကျစ်က ကျုပ်အိမ်မှာ တကယ်ရှိပါတယ်”
ဘာ?
သူတကယ်ရှိတယ်?
ဝမ်ချင်း တုန်လှုပ်သွားသည်။
သာမန် လယ်သမား အဘိုးကြီးတစ်ယောက်ကို ဘယ်သူက ပြန်ပေးဆွဲမှာလဲဟု သူမ ခုလေးတင် တွေးနေခဲ့တာဖြစ်သည်။ အခုတော့ ဘယ်လိုဖြစ်ရတာလဲ။
… … …
အခန်း(၁၆၄) မရီးရဲ့ အံ့အားသင့်မှု (၂)
ချင်းရှင်းကျစ်က ပြောလိုက်၏။ “အဘိုးယန် ဒီမှာရှိနေတယ်ဆိုရင် စူစူလေး စိတ်မပူအောင်လို့ အဘိုးယန်ကို အောက်ဆင်းလာခိုင်းလိုက်ပါလား သခင်ကြီး”
အဘိုးယန်တကယ် ပြန်ပေးဆွဲခံထားရတာလားဆိုတာ သိရဖို့ ချင်းရှင်းကျစ်က ပါးနပ်စွာ တောင်းဆိုလိုက်ပါသည်။
“ခဏလေးစောင့်ပါ။ အခုချက်ချင်း ဆရာကြီးယန်ကို သွားခေါ်ခိုင်းလိုက်ပါမယ်”
သခင်ကြီးလုက အကုန်လုံးကို အခက်တွေ့အောင် မလုပ်ဘဲ ချင်းရှင်းကျစ်၏ တောင်းဆိုချက်ကို လိုက်လျောပေးလိုက်ပါသည်။
ဘေးနားက လက်ထောက်ကို သခင်ကြီးလု အချက်ပြလိုက်ရာ ချက်ချင်း အပေါ်ထပ်သို့ တက်သွားခဲ့သည်။
သိပ်မကြာလိုက်ဘဲ ဘော်ဒီဂတ်ဟု ထင်ရသော လူ ၂ ယောက်က အဘိုးယန်ကို အောက်ထပ်သို့ ခေါ်လာကြပါသည်။
“ဦးလေးပိုင်ဟူကျစ်!” စူစူလေးက အော်ခေါ်လိုက်ပြီး လှေကားပေါ်ရှိ အဘိုးယန်ဆီ ပြေးသွားခဲ့သည်။
“စူစူလေး!”။ စူစူလေးကို မြင်သောအခါ ယန်ရှုယီ အပျော်လွန်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်နှာက ဒေါသဖြင့် တင်းမာသွားပါသည်။
သခင်ကြီးလုကို အဘိုးယန် လှမ်းအော်လိုက်သည်။ “အဘိုးကြီး! ခင်ဗျားကျုပ်ကို ဖမ်းရုံနဲ့ မလုံလောက်သေးလို့ စူစူလေးကိုပါ ဖမ်းထားတာလား?!”
ယန်ရှုယီက ဒေါသထွက်နေသော်လည်း သခင်ကြီးလုက ပြုံးသာ ပြုံးပြလိုက်ပါသည်။ ဉာဏ်နီဉာဏ်နက်များသော သခင်ကြီးလုက သူ့တောင်းဆိုချက်ကို ယန်ရှုယီ လိုက်လျောအောင် လုပ်နိုင်မည့် နည်းလမ်းတစ်ခုကို မြင်သွားသည်။
သခင်ကြီးလုက တည်ငြိမ်စွာ ရှင်းပြလိုက်ပါသည်။ “စိတ်မပူပါနဲ့။ သူ့ကို ကျုပ် ဖမ်းထားတာ မဟုတ်ပါဘူး။ သူ ခင်ဗျားကို ဒီအထိ လာရှာတာ။ ဒီကလေးမလေးက ခင်ဗျားကို တော်တော် ဂရုစိုက်တဲ့ပုံပဲနော်။ ခင်ဗျားကို ကျုပ်ခေါ်သွားမှန်း တစ်နည်းနည်းနဲ့ သိလာပြီး ဒီမှာ လာသောင်းကျန်းတာ။ ကျုပ်ပစ္စည်းတွေကိုတောင် ရိုက်ချိုးတော့မလို လုပ်နေတာ”
သခင်ကြီးလုက အဘိုးယန်ကို စူစူလေး ဘယ်လောက်ဂရုစိုက်ကြောင်းချဲ့ကား ပြောဆိုလိုက်ပါသည်။
“ဪ စူစူလေးရယ်! ဦးလေးအတွက်စိတ်မပူဘဲ မြန်မြန်ပြန်လိုက်တော့နော်!” အဘိုးယန်က စူစူလေးကို ပြောလိုက်သည်။
သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စထဲကို စူစူလေးအား ဆွဲမထည့်ချင်ပါ။
“မပြန်ပါဘူး! ဦးလေးကို ဒီကနေ ခေါ်ထုတ်ဖို့ လာခဲ့တာ!”။ စူစူလေးက ပြတ်သားစွာ ပြောလိုက်သည်။ ထို့နောက် စူစူလေး လှေကားပေါ် ပြေးတက်သွား၏။ စူစူလေး၏ ခြေထောက်လေးများက တိုသော်လည်း ခြေလှမ်းတွေက မြန်ဆန်ပြီး တစ်ခဏလေးအတွင်း အဘိုးယန်ဘေးကို ရောက်လာသည်။
“စူစူလေး! ဦးလေးပြောစကားကို နားထောင်ပါ မြန်မြန် ပြန်လိုက်တော့နော်! အဲ့ဒီအဘိုးကြီးက မြေခွေးကြီး! စူစူလေးကို အခွင့်ကောင်းယူလိမ့်မယ်!”။ အဘိုးယန်က စူစူလေးကို စိတ်ပူစွာ ပြောလိုက်သည်။
“မပြန်ဘူး။ သမီးတို့က မိတ်ဆွေတွေဆိုတော့ သမီးမိတ်ဆွေတွေကို ကာကွယ်ပေးရမယ်!”။ စူစူလေးက ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း သတ္တိရှိစွာ ပြောလိုက်သည်။
“အောင်မယ်လေး စူစူလေးရယ်! ဦးလေးကို အဲ့လောက်တောင် ဂရုစိုက်တာလား”။ အဘိုးယန်တစ်ယောက် စိတ်လည်းပူ၊ ကြည်လည်း ကြည်နူးမိသွားပြီး မျက်ရည်တွေ ကျလာပါသည်။
“မငိုပါနဲ့ မငိုနဲ့ လိမ္မာတယ်။ သမီး ကိုကြီးရဲ့ဘိုးဘိုးနဲ့ စကားပြောပြီး ဦးလေးပိုင်ဟူကျစ်ကို လွှတ်ခိုင်းလိုက်မယ်”
စူစူလေးက ခြေဖျားထောက်ရင်း အဘိုးယန်၏ ရင်ဘတ်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပါသည်။
အဘိုးယန်ဘေးက ဘော်ဒီဂတ်နှစ်ယောက်ကို ကြည့်ရင်း သခင်ကြီးလုအား ချင်းရှင်းကျစ် မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။ “သခင်ကြီး အဘိုးယန်ကို တကယ် ပြန်ပေးဆွဲထားတာလား”
“ဟုတ်ပါတယ် ပြန်ပေးဆွဲထားတာပါ”။ သခင်ကြီးလုက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။
ဝမ်ချင်း ဇဝေဇဝါဖြစ်သွားကာ သခင်ကြီးလုကို မေးလိုက်ပါသည်။ “ဒီလို လယ်သမား အဘိုးကြီးကို ဘာလို့ ပြန်ပေးဆွဲရတာလဲ။ သခင်ကြီးရဲ့ မိသားစုဝင်တွေကို တစ်ခုခုများ မကောင်းတာ လုပ်ဖူးလို့လား”
ဒီလို လယ်သမားအဘိုးကြီးကို ပြန်ပေးဆွဲလို့ ဘာရမှာလဲ။ ထို့ကြောင့် ရန်ငြှိုးကလဲ့စားတွေကြောင့်သာ ဖြစ်ဖို့များသည်။
“မဟုတ်ပါဘူး။ ကျုပ်မိသားစုကိုကော ကျုပ်ကိုကော ဘာမှ မကောင်းတာ မလုပ်ဖူးပါဘူး။ ကျုပ်တို့အပေါ်မှာ အပြစ်လုပ်ထားလို့ ပြန်ပေးဆွဲခဲ့တာ မဟုတ်ဘူး။ သူ့ဆီက ကျုပ်လိုချင်တာ တစ်ခုခုရှိလို့ပါ”။ သခင်ကြီးလုက အမှန်အတိုင်း ရှင်းပြလိုက်ပါသည်။
“သူ့ဆီက တစ်ခုခုလိုချင်လို့ ဟုတ်လား။ ဒါပေမယ့် သူက… သူက သာမန် လယ်သမားကြီး မဟုတ်ဘူးလား”
ဝမ်ချင်း ဘာမှ နားမလည်နိုင်တော့ပါ။ သူမ မျက်လုံးများ အဘိုးယန်ဆီ ရောက်သွားပြီး ထပ်အကဲခတ်ကြည့်လိုက်သည်။
ဘယ်လိုပဲကြည့်ကြည့် ထိုအဘိုးကြီး၏ ပုံစံက သာမန် လယ်သမားကြီးတစ်ဦးရဲ့ ပုံစံမျိုး ဖြစ်ပါသည်။