အခန်း (၁၆၅+၁၆၆)
Vol. 7 Ch. 165+166
အခန်း(၁၆၅) မရီးရဲ့ အံ့အားသင့်မှု (၃)
“သာမန် လယ်သမားကြီး ဟုတ်လား”။ သခင်ကြီးလု ရယ်မောလိုက်သည်။ “အဲ့တာကြောင့်ကိုး…။ အရင်ကတည်းက သူ့ပုံစံက ပညာရှင်တစ်ယောက်ရဲ့ ပုံစံ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာလည်း ကျေးရွာဘက်မှာ ပင်ပင်ပန်းပန်း နေထိုင်ခဲ့တော့ လယ်သမားကြီးနဲ့ တူနေမှာပေါ့”
“သူ့မှာ… တခြား သရုပ်မှန် ရှိသေးလို့လား”။ ဝမ်ချင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။
“သူ့မှာ တခြား သရုပ်မှန်ရှိရုံတင် မကဘူး။ သူ့ရဲ့ နောက်ကြောင်းက ပေါ့သေးသေး မဟုတ်ဘူး။ သူ့မျိုးရိုး နာမည်က ယန်။ သူ့ရဲ့ နာမည်အရင်းက ယန်ရှုယီ။ မင်းတို့အကုန်လုံးကတော့ ဆရာကြီးရှုယီဆိုတဲ့ နာမည်ကို ပိုရင်းနှီးလောက်မှာပေါ့”။ သခင်ကြီးလုက ပြန်ပြောလိုက်ပါသည်။
ဆရာကြီးရှုယီ?!
သူက ဆရာကြီးရှုယီ?!
ဒီအဘိုးကြီးက ဆရာကြီးရှုယီလား?!
အဘိုးယန်ကို ဝမ်ချင်းတစ်ယောက် စိတ်ညှို့ခံထားရသော လူတစ်ယောက်လို မလှုပ်မရှားဘဲ စိုက်ကြည့်နေခဲ့သည်။
ဝမ်ချင်းတစ်ယောက်တည်း မဟုတ်ဘဲ ချင်းရှင်းကျစ်ရဲ့ မျက်နှာကလည်း ထိုနည်းလည်းကောင်း ဖြစ်နေပါသည်။
တရုတ်ဆေးဝါးလောကမှာ ဒီလောက် နာမည်ကျော်တဲ့ ပုဂ္ဂိုလ်ကြီးက သူတို့နားမှာ တစ်ချိန်လုံး ရှိနေခဲ့တာပေါ့?!
လင်မယားနှစ်ယောက် အချိန်အကြာကြီး ဆွံ့အသွားကြသည်။
အဘိုးယန်က စိတ်မရှည်လက်မရှည်ဖြင့် သခင်ကြီးလုကို ထပ်ငေါက်လိုက်သည်။ “အဘိုးကြီး ဘာမှ ဆက်မပြောနဲ့တော့။ ဘာဆေးမှ ကုမပေးနိုင်တော့ဘူးလို့ ကျုပ်ပြောထားပြီးသား! ကျုပ်ကို ခင်ဗျားကြိုက်တဲ့ နည်းလမ်းနဲ့ ခြိမ်းခြောက်လို့ ရတယ်။ ဒါပေမယ့် စူစူလေးကိုတော့ ဆွဲမထည့်နဲ့! သူက ကလေးပဲရှိသေးတာ ခင်ဗျားရဲ့ လုပ်ရပ်တွေကို ဘာမှ နားမလည်ဘူး! ခင်ဗျားသူ့ကို တစ်ခုခုလုပ်ရဲရင် ကျုပ် ခံယူချက်တွေဘာတွေ ဂရုစိုက်မနေတော့ဘူး။ ခင်ဗျားကိုကော ခင်ဗျားရဲ့ မြေးကိုကော အဆိပ်ခတ်ပြစ်မယ်!”
“စိတ်ချပါ။ သူ့ကို ဘာမှမလုပ်ပါဘူး”။ သခင်ကြီးလုက ကတိပေးလိုက်သည်။
“ခင်ဗျားရဲ့ သောက်- ခင်ဗျားစကားကို ခင်ဗျား တည်ပါစေနော်!”။ အဘိုးယန်က ဆဲဖို့ ကြံလိုက်သော်လည်း ရှေ့မှာ စူစူလေး ရှိနေသဖြင့် အဆဲစကားကို ပြန်မျိုသိပ်လိုက်ရပါသည်။
“ကျုပ်စကားက ကတိတစ်ခုလိုပါပဲ”။ သခင်ကြီးလုက အပြုံးဖြင့် ပြောလိုက်ပါသည်။
“ဟင်း!”။ အဘိုးယန်က သခင်ကြီးလုကို မျက်စပစ်လိုက်သည်။
ထိုအချိန်တွင် လုကျန်းယွီနဲ့ ပိုင်ဖုန်းမြန်တို့ အပြင်မှ ပြန်လာကြပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့လည်း စူစူလေးနောက် လိုက်လာကြပါပြီ။
သခင်ကြီးလု၏ လက်ထောက် ချင်းအိမ်တော်ကို အကြောင်းသွားကြားစဉ်က ဧည့်ခန်းထဲမှာ ရှိနေသည့် ချင်းရှင်းကျစ်နဲ့ သူ့မိန်းမ ဝမ်ချင်းတို့ကို အရင်ဆုံး တွေ့ခဲ့တာဖြစ်သည်။ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကတော့ အပေါ်ထပ် စာကြည့်ခန်းထဲမှာ ပြဿနာကို ဆွေးနွေးနေကြဆဲဖြစ်ပါသည်။ ထို့ကြောင့် စူစူလေးရဲ့ အကြောင်းကို ချက်ချင်း မကြားခဲ့ပါ။
ဆွေးနွေးလို့ပြီးခါမှ စူစူလေးကို သွားရှာသောအခါ စူစူလေးမရှိတော့မှန်း သိလိုက်ရသည်။ အောက်ထပ်သို့ ဆင်းကြည့်သောအခါ ဘာတွေဖြစ်နေလဲ နားလည်သွားကြပါသည်။
“စူစူလေး!!!”။ စန်းကျစ်က စူစူလေးကို အမြန်ပြေးဖက်လိုက်သည်။ “စူစူလေး ဘာဖြစ်သွားသေးလဲ”
“မမလှလှ! သမီး ဦးလေးပိုင်ဟူကျစ်ကို ရှာတွေ့ပြီ!”
စူစူလေး၏ မျက်နှာက တာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သူတစ်ယောက်လို တောက်ပရွှင်လန်းနေပါသည်။
“နင့်ကြောင့် ငါတို့လန့်ပြီး သေတော့မလို့! နောက်တစ်ခါ အပြင်သွားရင် ငါတို့ကို အရင်ပြောစမ်းပါ! အန္တရာယ်များတာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
“မဖြစ်ပါဘူး! သမီးက အရမ်း သတ္တိရှိတယ်! ဘာမှ မကြောက်ဘူး!”။ စန်းကျစ်ကို စူစူလေး အာမခံလိုက်သည်။
သူတို့တွေက ပိုပျော့ညံ့သည်။ သူမကတော့ သန်မာပါသည်။ ထို့ကြောင့် ဘယ်ကိစ္စပဲဖြစ်ဖြစ် သူမကိုယ်တိုင် လုပ်တာ ပိုအန္တရာယ်ကင်းသည်။
“မရဘူး မရဘူး! နောက်တစ်ခါ ငါတို့နားမှာပဲနေ!” စန်းကျစ် ထပ်ဆုံးမလိုက်သည်။
စူစူလေး ဒီလို စိတ်လိုက်မာန်ပါလုပ်တာ ကြောက်ဖို့ကောင်းသည်။ စူစူလေးက အလွန်သန်မာသည့် ကလေးလေး ဖြစ်မှန်း စန်းကျစ်သိပါသည်။ သို့သော်လည်း ကလေးက ကလေးပဲ မဟုတ်လား။
“သူပြောတာ မှန်တယ်”။ ချင်းယုဟွိုင်းကပါ စန်းကျစ်၏ စကားကို ဝင်ထောက်ခံလိုက်ပါသည်။
လုကျန်းယွီ၏ လျှပ်စစ်ဝှီးချဲက တလိမ့်လိမ့်ဖြင့် သခင်ကြီးလုနား ရောက်လာသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် သခင်ကြီးလုကို မေးမြန်းလုက်ပါသည်။ “ဘာတွေဖြစ်နေတာလဲ အဘိုး”
သခင်ကြီးလုက စိတ်ရွှင်နေဟန်ဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။ “ဘာရယ် မဟုတ်ပါဘူး။ မလိုအပ်ဘဲ အများကြီး ပင်ပန်းခဲ့တာကို တွေးမိလို့ပါ”
လုကျန်းယွီက သူ့အဘိုးဘာတွေပြောနေသလဲ နားမလည်ပါ။
မြေးဖြစ်သူကို ပြန်ဖြေပြီးနောက် သခင်ကြီးလုက စူစူလေးကို လှည့်ပြောလိုက်သည်။ “စူစူလေး၊ သမီးကိုကြီးကို မချစ်ဘူးလား”
… … …
အခန်း(၁၆၆) စူစူလေး ဆုံးဖြတ်တဲ့အတိုင်းပဲ (၁)
“သူ့ကို ချစ်ပါတယ်! ကိုကြီးက သဘောကောင်းတယ်!”။ စူစူလေးက တွန့်ဆုတ်မှုမရှိဘဲ ပြန်ဖြေလိုက်ပါသည်။
“အဲ့တာဆို ကိုကြီး မတ်တပ်ပြန်ရပ်နိုင်အောင် ကူညီပေးချင်တယ် ဆိုတာကော တကယ်ပဲလား”။ သခင်ကြီးလုက ထပ်မေးလိုက်သည်။
“တကယ်ပါ!”။ စူစူလေး ပြန်ဖြေလိုက်သည်။
ထိုသို့ပြန်ဖြေပြီးနောက် စူစူလေး တစ်ခုခုကို သတိရသွားပါသည်။
“ဪ ဟုတ်သားပဲ ဦးလေးပိုင်ဟူကျစ်! ဦးလေးကို သမီးတောင်းဆိုစရာ ရှိတယ်! ကိုကြီး မတ်တပ်ပြန်ရပ်နိုင်အောင် သမီးကူညီပေးချင်လို့ ဦးလေးမှာ နည်းလမ်းလေးဘာလေးများ ရှိလား”။ အဘိုးယန်ကို စူစူလေး မေးမြန်းလိုက်ပါသည်။
အဘိုးယန်ကြက်သေသေသွားသည်။ ပိုင်ဖုန်းမြန်လည်း ကြက်သေသေသွား၏။ လုကျန်းယွီလည်း ထိုနည်းလည်းကောင်းပင်။
ဟိုမြေခွေးအဘိုးကြီးရဲ့ မြေးနဲ့ စူစူလေး ရင်းနှီးနေမှန်း မသိတာကြောင့် အဘိုးယန်က အံ့အားသင့်သွားခြင်းဖြစ်သည်။
ပိုင်ဖုန်းမြန်နဲ့ လုကျန်းယွီတို့ကလည်း စူစူလေးနဲ့ ယန်ရှုယီတို့ ရင်းနှီးနေတာကို မသိသဖြင့် အံ့အားသင့်ရခြင်း ဖြစ်သည်။
အဘိုးယန်က စူစူလေးကို မေးလိုက်၏။ “စူစူလေး အဲ့ဒီ ဝှီးချဲနဲ့ ကောင်လေးကို သိလို့လား”
“အွန်း! အရင်တစ်ခေါက် သမီး အိမ်မပြန်တတ်တုန်းက ကိုကြီးပဲ သမီးကို အိမ်ပြန်ပို့ပေးခဲ့တာ”။ စူစူလေးက ပြောလိုက်သည်။
“စူစူလေးကို အရင်တစ်ခေါက်က ကယ်ခဲ့တာ ဒီကောင်လေးလို့ ပြောချင်တာလား”
ထိုသို့ပြောပြီးနောက် အဘိုးယန်က လုကျန်းယွီကို အတန်ကြာအောင် စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ ဘယ်လိုမှ ချိတ်ဆက်ကြည့်လို့ မရပါ။
“ဦးလေးပိုင်ဟူကျစ် ကူညီပေးပါလားနော်” စူစူလေးက ချိုချိုမြိန်မြိန် ကလေးသံလေးနဲ့ တောင်းဆိုလိုက်သည်။
အဘိုးယန် ချက်ချင်း ပြန်မဖြေသေးဘဲ တစ်ခုခုကို သေချာ စဉ်းစားနေခဲ့ပါသည်။
အကုန်လုံးရဲ့ ဆက်နွယ်မှုကို နားလည်သွားပြီဖြစ်သည့် ချင်းယုဟွိုင်းက စူစူလေးအား ပြောလိုက်ပါသည်။ “စူစူလေး ထူးဆန်းတာတစ်ခုခုကို သတိမထားမိဘူးလား။ နင်က နင့်ကိုကြီးကို ဆေးကုပေးခိုင်းဖို့ ဦးလေးပိုင်ဟူကျစ်အိမ်ကို သွားခဲ့တယ်။ ဒါပေမယ့် ဦးလေးပိုင်ဟူကျစ်ကို နင့်ကိုကြီးရဲ့ ဘိုးဘိုးက ဖမ်းခေါ်သွားခဲ့တာ”
“အမ်”။ စူစူလေး အူတူတူဖြစ်သွားသည်။ “အင်း… တစ်ခုခုတော့ ပုံမှန်မဟုတ်သလိုပဲ…”
သူမက ကိုကြီးကို ဆေးကုပေးဖို့အတွက် ဦးလေးပိုင်ဟူကျစ်အား သွားရှာခဲ့သည်။ ဦးလေးပိုင်ဟူကျစ်က သူများ ဖမ်းတာ ခံရပြီး ကိုကြီးရဲ့ အိမ်မှာရောက်နေသည်။
စူစူလေးရဲ့ ဦးနှောက်သေးသေးလေးက ဆက်နွယ်မှုတွေကို ချက်ချင်း နားမလည်နိုင်ပါ။ စူစူလေး ဦးနှောက် ခြောက်သွားခဲ့သည်။ ထို့ကြောင့် ချင်းယုဟွိုင်းကို အကူအညီတောင်းသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ချင်းယုဟွိုင်းလည်း ခေါင်းခါလျက် သေချာ ရှင်းပြလိုက်ပါသည်။ “နင့်ကိုကြီးရဲ့ ဘိုးဘိုးကလည်း သူ့မြေးကို ဆေးကုပေးဖို့အတွက် ဦးလေးပိုင်ဟူကျစ်ကို တောင်းဆိုခဲ့တာ။ ဒါပေမယ့် ဦးလေးပိုင်ဟူကျစ်က လက်မခံလို့ အဖမ်းခံရပြီး ဒီလိုရောက်လာခဲ့တာ။ နင်နဲ့ နင့်ကိုကြီးရဲ့ ဘိုးဘိုးတို့ အကြံအစည်က တူတူပဲ။ နင့်ကိုကြီးရဲ့ ဘိုးဘိုးက အကြမ်းနည်း သုံးလိုက်တာ တစ်ခုပဲ”
နားလည် သဘောပေါက်သွားသောအခါ စူစူလေးက ခါးထောက်လိုက်ပြီး ပြောလိုက်သည်။ “ကိုကြီးရဲ့ဘိုးဘိုးက လူဆိုးကောင်ကြီးပဲ!”
“လူဆိုးကောင်ကြီးပဲ”ဟူသော စကားတစ်ခွန်းကြောင့် လုအိမ်တော်အတွင်းရှိ လူအားလုံး ဂုတ်တိုသွားကြသည်။
သခင်ကြီးလုကို ဘယ်လိုပြောလိုက်တာလဲ?!
ဒီကလေးမလေး ဘယ်သူ့ကို စကားပြောနေတာလဲ ဆိုတာကော သိရဲ့လား?!
သူတို့ သခင်ကြီးကို လူဆိုးကောင်ကြီးလို့တောင် ခေါ်ရဲတယ်!
ပိုင်ဖုန်းမြန်လည်း လန့်သွားသည်။ သခင်ကြီးလု စိတ်မဆိုးအောင် စူစူလေးကို ဘယ်လိုကူရှင်းပြရမလဲဆိုတာ စဉ်းစားလိုက်ပါသည်။
သို့သော်လည်း သခင်ကြီးလု၏ မျက်နှာကို ကြည့်လိုက်သည့်အခါမှာတော့ သခင်ကြီးလုက လုံးဝ စိတ်ဆိုးမနေပါ။
စိတ်ဆိုးရမည့်အစား သခင်ကြီးလုက တောင်းပန်လိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဘိုးဘိုးက လူဆိုးကောင်ကြီးပါ။ ဘိုးဘိုးကို စူစူလေး ဒေါသထွက်သင့်ပါတယ်”
“ဒါဆို တောင်းပန်စမ်း!”။ စူစူလေး အမိန့်ပေးလိုက်သည်။
တောင်းပန်စမ်းတဲ့!
သခင်ကြီးလုကို ပြန်တောင်းပန်ခိုင်းနေတာလား?!
ဘုရားသခင်!
သခင်ကြီးလုက အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “ဟုတ်ကဲ့ပါ။ စူစူလေး သဘောအတိုင်းပါပဲ။ တောင်းပန်ပါတယ်ဗျာ”
လခွမ်း!
သခင်ကြီးလုက ကလေးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ပြန်တောင်းပန်ရတယ်တဲ့! သခင်ကြီးလု သူများကို ပြန်တောင်းပန်တာ ဒါပထမဆုံး ကြားဖူးတာပဲ!!
“တောင်းပန်တယ်ဆိုတာ လေးလေးနက်နက် တောင်းပန်ရတယ်။ ပြုံးရွှင်နေပြီး တောင်းပန်လို့ မရဘူး! ပြန်တောင်းပန်!”။ စူစူလေးက သခင်ကြီးလုရဲ့ တောင်းပန်ပုံတောင်းပန်နည်းကို သဘောမကျသဖြင့် အစက ပြန်တောင်းပန်ခိုင်းလိုက်သည်။
ပြန်တောင်းပန်ခိုင်းနေတယ်?!
စူစူလေးကြောင့် ပိုင်ဖုန်းမြန်၊ အိမ်တော်ထိန်းကျန်းနဲ့ လုမိသားစုအိမ်စေတွေ အကုန်လုံး လိပ်ပြာလွင့်ခါနီးနေပါပြီ။
တော်တော် အကြောက်တရားမရှိတဲ့ ကလေးမလေးပဲ!