← Chapters

အခန်း (၁၆၇+၁၆၈)

Vol. 7 Ch. 167+168

အခန်း (၁၆၇+၁၆၈)

Vol. 7 Ch. 167+168

အခန်း(၁၆၇) စူစူလေး ဆုံးဖြတ်တဲ့ အတိုင်းပဲ (၂)

အဘိုးဖြစ်သူ သူစိမ်းတစ်ယောက်ကို ဒီလို ကျိုးနွံစွာ ဆက်ဆံတာကို လုကျန်းယွီတောင် ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ထပ်တောင်းပန်ပါ့မယ်။ ဒီတစ်ခါ မပြုံးတော့ဘူး လေးလေးနက်နက် တောင်းပန်ပါ့မယ်”။ သခင်ကြီးလုက စူစူလေး၏ တောင်းဆိုမှုကို ထပ်မံလိုက်လျောလိုက်ပြန်သည်။

လုအိမ်တော်အတွင်းကလူတွေ မှင်သက်လွန်းသဖြင့် ပြောစရာစကား ပျောက်ဆုံးကုန်ကြသည်။

သခင်ကြီးလုကို ဒီလိုပုံစံမျိုးနဲ့ သူတို့တစ်ခါမှ မမြင်ဖူးကြပေ။

ဘုရားဘုရား… ချင်းအိမ်တော်က ကလေးမလေးကတစ်ခုခုတော့ တစ်ခုခုပဲ…။

စူစူလေး၏ တောင်းဆိုချက်အရ သခင်ကြီးလု အပြုံးကို ထိန်းချုပ်လိုက်ပြီး ဆရာကြီးရှုယီကို တည်ကြည် လေးနက်စွာ တောင်းပန်လိုက်ပါသည်။ “ကျုပ်တောင်းပန်ပါတယ် ဆရာကြီးရှုယီ။ စိတ်သောက ရောက်‌အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”။

လခွမ်း! ဒီမြေခွေးအဘိုးကြီး သူ့ကို တကယ်တောင်းပန်လိုက်တာပဲ!

အစကတော့ သခင်ကြီးရှုယီရဲ့ ရင်ထဲ မီးတောင် အလုံးတစ်ထောင်လောက် ပေါက်ကွဲနေတာဖြစ်သည်။ သို့သော်လည်း သခင်ကြီးလုရဲ့ တောင်းပန်မှုကြောင့် ပီတိဖြာပြီး စိတ်ကြီးဝင်သွားခဲ့ပါသည်။

ဒီအဘိုးကြီးက ဒါနဲ့ပဲတန်တယ်!

“မင်းတို့ကောင်တွေ အခုထိ ငါ့ကိုလွှတ်မပေးကြသေးဘူးလား။” ဆရာကြီးရှုယီက သူ့ဘေးနားရှိ ဘော်ဒီဂတ်တွေကို စိတ်ကြီးဝင်စွာ ပြောလိုက်သည်။

ဘော်ဒီဂတ်တွေလည်း ခေတ္တတွန့်ဆုတ်သွားခဲ့ကြပါသည်။ ထို့နောက် သခင်ကြီးလုကို လှမ်းကြည့်လိုက်ကြသည်။

သခင်ကြီးလုက ခေါင်းငြိမ့်ပြလိုက်မှ ဘော်ဒီဂတ်တွေ ဆရာကြီးရှုယီကို လွှတ်ပေးလိုက်ကြသည်။

“ဟမ်း!”။ ဆရာကြီးရှုယီ လွတ်မြောက်သွားပြီးနောက် ဘော်ဒီဂတ်တွေကို မကျေနပ်စွာ မျက်စောင်းထိုးရင်း စူစူလေးကို စန်းကျစ်၏ လက်ထဲမှ ခေါ်ချီလိုက်ပါသည်။

ထိုအချိန်တွင် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ အသိစိတ်ပြန်ကပ်သွားကြပြီ ဖြစ်သည်။

ဆရာကြီးရှုယီနဲ့ စူစူလေးတို့ရဲ့ သံယောဇဉ်ကြီးမားနေမှုကို မြင်ပြီး ဝမ်ချင်း ခေါင်းတွေမူးလာခဲ့ပြန်ပါသည်။

ဒီလောက် နာမည်ကြီးပြီး ဂုဏ်သရေရှိတဲ့ ဆရာကြီးရှုယီက စူစူလေးလို ကလေးတစ်ယောက်နဲ့ ဘာကြောင့် ဒီလောက် ရင်းနှီးနေရတာလဲ။

သူတို့အသက်တွေ၊ နောက်ကြောင်းတွေ၊ ဘဝအတွေ့အကြုံတွေ အကုန်လုံးက ခြားနားနေပါသည်။

ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ယောက်က သူငယ်ချင်းဖြစ်နိုင်မည့်လူမျိုးတွေ မဟုတ်ပါ…။

မထူးဆန်းလွန်းဘူးလား။

ချင်းရှင်းကျစ်ကတော့ ဒါတွေကို တွေးနေတာမဟုတ်ပါ။ သူ့မျက်လုံးထဲ သူ့ညီမလေးကို တခြားတစ်ယောက်က ချီနေတာကိုသာ မြင်ပါသည်။

ထို့နောက် ယန်ရှုယီထံမှ သူ့ညီမလေးကို ပြန်ခေါ်ဖို့ ကြိုးစားလိုက်သည်။

“ဆရာကြီးယန်။ ကျွန်တော့် ညီမလေးကို ကျွန်တော်ချီလိုက်မယ်”။

ဘယ်သူပဲဖြစ်ဖြစ် သူ့ညီမလေးကို ချီခွင့်ရှိသူတွေက ချင်းမိသားစုဝင်တွေသာ ဖြစ်ရမည်။

“ရပါတယ် ရပါတယ် ငါသူ့ကို ချီနိုင်ပါတယ်”။ ဆရာကြီးရှုယီက ငြင်းလိုက်သည်။ “ငါ့အဖိုးတန်လေးက ငါ့ကို ဒီနေ့ လာကယ်ခဲ့တာပဲ။ အရမ်း ကြည်နူးလွန်းလို့ ခဏလောက်ပဲ ထပ်ချီထားပါရစေ”

ဆရာကြီးရှုယီက စူစူလေးကို ဆက်ချီထားပြီး ပြန်ပေးဖို့ စိတ်ကူးရှိပုံမပေါ်ပါ။

အငြင်းခံလိုက်ရသည့် ချင်းရှင်းကျစ်တစ်ယောက် ဘေးနားကပဲ ကပ်ကာ လိုက်နိုင်တော့သည်။

စူစူလေးကို ချီထားသည့် ဆရာကြီးရှုယီက သခင်ကြီးလုနဲ့ လုကျန်းယွီတို့ထံ ရဲရဲတင်းတင်း လျှောက်လာခဲ့ပါသည်။

သခင်ကြီးလုက ပြုံးကာ ပြောလိုက်သည်။ “ဆရာကြီးရှုယီ ကျုပ်တောင်းပန်ပြီးပြီပဲ။ ကျုပ်မှားမှန်း ဝန်ခံပါတယ်။ ခင်ဗျားကို ပြန်ပေးဆွဲဖို့ စီစဉ်ခဲ့တာ ကျုပ်ပါ။ ကျုပ်မြေးနဲ့ ဘာမှ မသက်ဆိုင်ဘူး”

“ခင်ဗျားမြေးကို စိတ်မဆိုးပါနဲ့လို့ပြောပြီး စူစူလေးကို အသုံးချပြီးတော့ ကျုပ်ကို ဆေးကုခိုင်းဖို့ ကြံစည်နေတာလား”။ ဆရာကြီးရှုယီက သခင်ကြီးလုရဲ့ အကြည့်အစည်ကို ဖောက်ထွင်းမြင်နေပါသည်။

ဒီမြေခွေးအဘိုးကြီး ဒီလောက်သဘောကောင်းနေတာ အကြံအစည်တော့ ရှိရမယ်!

“စူစူလေးနဲ့ ခင်ဗျားနဲ့ ဒီလောက် ရင်းနှီးနေမှန်းသာ သိခဲ့ရင် ခင်ဗျားကို ဒီလိုတွေ မလုပ်ခဲ့ပါဘူး”။ သခင်ကြီးလုက ရှင်းပြလိုက်သည်။

“ကျုပ်ပြောခဲ့သလိုပဲ ကျုပ်ခံယူချက်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးနော်”။ ဆရာကြီးရှုယီက ခေါင်းမာစွာ ပြောလိုက်ပါသည်။

“ဒါပေမယ့် ကျုပ်မြင်သလောက်တော့ စူစူလေးက ခင်ဗျားရဲ့ ခြွင်းချက်ဆိုတာပဲဖြစ်မယ်”။ သခင်ကြီးလုက ဆရာကြီးရှုယီအတွက် စူစူလေးရဲ့ အရေးပါမှုကို သတိထားမိကာ ပြောလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားမြင်တာ မှားတယ်။ စူစူလေးက ကျုပ်ရဲ့ခြွင်းချက်မဟုတ်ဘူး။ သူက ကျုပ်ရဲ့ ခံယူချက်ထဲမှာ ပါတယ်။ ကျုပ်ရဲ့ခံယူချက်ထဲမှာ စူစူလေးနဲ့ ပတ်သတ်တဲ့ အချက်တစ်ချက် ပါဝင်တယ်”။ ထို့နောက် ပိုင်ဖုန်းမြန်ကို ဆရာကြီး ရှုယီ လှည့်ပြောခဲ့သည်။ “မစ္စတာပိုင်။ ခင်ဗျားရဲ့ သခင်လေးကို ကုသပေးဖို့ ကျုပ်ကို လိုက်နှောင့်ယှက်ပြီး တောင်းဆိုခဲ့တုန်းက ကျုပ်ပြောခဲ့တဲ့ အခြေအနေရပ်တွေကို မှတ်မိသေးလား”

… … …

အခန်း(၁၆၈) စူစူလေး ဆုံးဖြတ်တဲ့အတိုင်းပဲ (၃)

“မှတ်မိပါတယ်။ ကောင်းကင်ပေါ်က ကြယ်ပွင့်ကို ခူးပေးဖို့ရယ်၊ ကိုးရွက်ပါတဲ့ လေးညှင်းပွင့် ရှာပေးဖို့ရယ်၊ ဆောင်းယဉ်စွန်း ပုစဉ်းရင်ကွဲ ပိုးတုံးလုံးကို ရှာပေးဖို့ရယ်၊ မနှစ်တစ်နှစ်က ကျခဲ့တဲ့ နှင်းပွင့်တစ်ပွင့်ကို ရှာပေးဖို့ရယ်၊ ဆရာကြီးလုပ်ပေးထားတဲ့ ဆေးလုံးတွေကို အဲ့ဒီကောင်မလေး…”။

ပိုင်ဖုန်းမြန် ရုတ်တရက် စကားရပ်သွားသည်။

အဲ့ဒါကို ဆိုလိုတာကိုး!!

အရင်တုန်းကတော့ ဆရာကြီးရှုယီ ငြင်းဆန်ချင်သဖြင့် မဖြစ်နိုင်သည့် တောင်းဆိုချက်တွေချည့်ပဲ တောင်းဆိုနေခြင်း ဖြစ်သည်ဟု ပိုင်ဖုန်းမြန်ထင်ခဲ့ကာ ဘာမှလေးလေးနက်နက် မစဉ်းစားခဲ့ပါ။

ယခု သေချာပြန်စဉ်းစားကြည့်မှ နောက်ဆုံးတောင်းဆိုချက်က တကယ်ဖြစ်နိုင်ချေရှိပါသည်။

ပိုင်ဖုန်းမြန်က စူစူလေးနားသို့ အမြန်ရောက်လာပြီး တောင်းတောင်းပန်ပန်ပြောလိုက်သည်။ “သခင်မလေး စူစူ! ကျေးဇူးပြုပြီး ဦးလေးတို့ရဲ့ သခင်လေးအတွက် ခါးသီးတာတွေ နည်းနည်းလောက် သည်းခံပေးနိုင်လားဟင်”

“ခါးတာဟုတ်လား။ သမီးက ခါးတာတွေ မကြိုက်ဘူး”။ စူစူလေးက နားမလည်ဘဲ ပြန်ပြောလိုက်ပါသည်။

သူ့ညီမလေး ခါးသီးတာတွေ ခံစားရတော့မည်ဟု ကြားလိုက်ရသောအခါ ချင်းရှင်းကျစ် ချက်ချင်း ဒေါသထွက်သွားပါသည်။ “ခင်ဗျားတို့ ဘာလုပ်မလို့လဲ။ ကျုပ်ညီမလေးကို အန္တရာယ်များတာတွေ ဘာမှ မလုပ်ခိုင်းဘူးနော်! ကျုပ်ညီမလေးက အရမ်း ငယ်သေးတာ! ခါးသီးတာတွေ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။ ဒီလောက် နူးညံ့တဲ့ ကောင်မလေးက ဒါတွေ ဘယ်လိုလုပ် ခံစားနိုင်မှာပဲ”

သူများ သားသမီး လမ်းလျှောက်နိုင်တာ မလျှောက်နိုင်တာကို ချင်းရှင်းကျစ် စိတ်မဝင်စားပါ။ သူတို့ မိသားစုရဲ့ စူစူလေးကတော့ ဘာ ခါးသီးတာကိုမှ ခံစားလို့ မဖြစ်ပါ။

“မဟုတ်ပါဘူး မဟုတ်ပါဘူး မစ္စတာချင်း နားလည်မှုလွဲနေပြီ။ ကျုပ်ပြောတဲ့ ခါးသီးမှုဆိုတာ ခါးတဲ့အရသာကို ပြောတာပါ။ ခါးတာတစ်ခုခု စားနိုင်လားလို့ မေးတာပါ!” ပိုင်ဖုန်းမြန်က အမြန်ရှင်းပြလိုက်ပါသည်။

“ကျုပ်ညီမလေးကို ဘာလို့ ခါးတာတွေ စားခိုင်းမှာလဲ”။ ချင်းရှင်းကျစ်က မကျေနပ်သေးပါ။

“ငါ့ ရတနာလေးအတွက် ဖော်စပ်ပေးထားတဲ့ ဆေးတစ်မျိုးရှိတယ်။ သူ့ခန္ဓာကိုယ်ကို ဖွံ့ဖြိုးနှုန်းမြန်စေတယ်။ ပြီးတော့ ကိုယ်ခံအားကောင်းစေတယ်။ ပြီးတော့ ခွန်အားတိုးလာစေမယ့် ဆေးတစ်မျိုးပဲ!”။ အဘိုးယန်က ရှင်းပြလိုက်သည်။

ဒါဆို ဆရာကြီးရှုယီ ဖော်စပ်ထားတဲ့ ဆေးကိုပြေတာပေါ့။ ဒါဆို ခါးရင်လည်း ခါးပါစေတော့။ ဆေးခါးခါးတွေကမှ အာနိသင်ရှိတတ်သည်။ စူစူလေးရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းနိုင်သည်။

ချင်းရှင်းကျစ်က ဘာမှ မကန့်ကွက်တော့ပါ။

ပိုင်ဖုန်းမြန် ထပ်ပြောလိုက်သည်။ “ဆရာကြီးရှုယီ အရင်က ပြောဖူးတယ်။ သခင်မလေးစူစူသာ အဲ့ဒီဆေးကို သောက်မယ်ဆိုရင် ကျုပ်တို့ သခင်လေးကို သူကုသပေးမယ်ဆိုပြီး ပြောဖူးပါတယ်!”

“ဘယ်လို…”။ ချင်းရှင်းကျစ် ကြောင်စီစီဖြစ်သွားသည်။ “ဆရာကြီးရှုယီက ဘာလို့ အဲ့လို တောင်းဆိုရတာလဲ။ ကျုပ်ညီမလေး ဆေးတစ်လုံးသောက်ဖို့က အဲ့လောက် အရေးကြီးလို့လား”

ဆေးတစ်လုံးသောက်ရတာက ဆရာကြီးရှုယီ လူတစ်ယောက်ကို ဆေးကုပေးရတာထက်စာလျှင် အသေးအဖွဲ ကိစ္စလေး တစ်ခုလိုပင်။ ဘယ်လိုပဲကြည့်ကြည့် ဖြစ်ရပ်နှစ်မျိုးက တန်ဖိုးချင်းမတူညီနိုင်ပါ။

“ဒါပေါ့ အရေးကြီးတာပေါ့ကွ! ငါ့မှာ ခံယူချက်တစ်ခုရှိတယ်။ အခုချိန်ကစပြီး စူစူလေးကိုပဲ ဆေးကုသပေးတော့မယ်။ စူစူလေးအတွက်ပဲ ဆေးတွေဖော်စပ်ပေးတော့မယ်။ စူစူလေးသာ ဆေးသောက်မယ်ဆိုရင် ငါဘာမဆို လုပ်ပေးနိုင်တယ် ဆိုပြီးတော့ သန္နိဌာန် ချမှတ်ထားတယ်!”။

ဆရာကြီးရှုယီက တကယ်ကြီး အဲ့လို စည်းမျဉ်းမျိုး ချမှတ်ထားတာလား?!

စူစူလေးနဲ့ ဆရာကြီးရှုယီတို့ ရင်းနှီးတာကို သူတို့ လက်ခံနိုင်သေးသည်။ စူစူလေးကို ဆရာကြီးရှုယီက ချစ်မြတ်နိုးပြီး အလိုလိုက်ထားသည် ဆိုတာကိုလည်း လက်ခံနိုင်ပါသေးသည်။

သို့သော် စူစူလေးက ဆရာကြီးရှုယီအတွက် ဒီလောက်တောင် အရေးပါလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပါ။

စူစူလေးကို အားလုံး အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။

ဒီလိုကလေးမလေးတစ်ယောက်က ဆေးလောကရဲ့ အကျော်အမော်ကြီးတစ်ယောက်ကို ဘယ်လိုများ ထိန်းချုပ်လိုက်တာလဲ။

တခြားသူတွေ ဘယ်လိုပဲ အံ့အားသင့်နေပါစေ စူစူလေးကတော့ သကြားလုံးခါးခါးကြီးတွေ အကြောင်း ပြန်စဉ်းစားနေပါသည်။

ထို ခါးသက်သက် အရသာကြီးကို တွေးမိရုံနဲ့တင် စူစူလေး မျက်မှောင်ကြုတ်သွားမိသည်။

သူမ ထိုသကြားလုံးတွေကို မစားချင်ပါ။ တကယ် မစားချင်ပါ။

စူစူလေး ပြန်ပြောလိုက်သည်။ “ဒါပေမယ့် သမီးက သန်မာပြီးသားလေ။ အဲ့ဆေး သောက်စရာမှ မလိုတာ! သမီးတူကြီးကို ပေးလိုက်ပါလား။ သူက ပိုပျော့ညံ့တော့ သူ့အတွက် ပိုမကောင်းဘူးလား”

နတ်သားရဲတစ်ကောင်က ဆေးမလိုပါ။ အသားပဲ လိုအပ်သည်။

အလကားနေရင်း ချင်းယုဟွိုင်း စကားဝိုင်းထဲ ပါလာခဲ့သည်။

“ငါဘာမှမဖြစ်ဘူး သောက်စရာ မလိုဘူး”။ ချင်းယုဟွိုင်း၏က ယောက်ျားမာနဖြင့် အေးတိအေးစက် ပြန်ပြောလိုက်ပါသည်။

“တူကြီးက အားနည်းနေတယ်လေ! မမလှလှက မြေပေါ် တွန်းလှဲတာကိုတောင် မခုခံနိုင်ဘူး။ ဒီလို ဒီလို ဒီလိုလုပ်ပြီး တူကြီးကို မမလှလှက လှဲချပြစ်လိုက်တာ!”။ စူစူလေးက သူမရဲ့ လက်သေးသေးလေးများနဲ့ သရုပ်ပြလိုက်သည်။

စူစူလေးရဲ့ အဆန်းတကြယ် သရုပ်ပြကွက်တွေကြောင့် ချင်းယုဟွိုင်းကို လူကြီးတွေအားလုံး ထူးထူးဆန်းဆန်း အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

All Chapters