အခန်း (၁၆၉+၁၇၀)
Vol. 7 Ch. 169+170
အခန်း(၁၆၉) စူစူလေး ဆုံးဖြတ်တဲ့အတိုင်းပဲ (၄)
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့က ပိုပြီးအံ့ဩရပါသည်။
နောက်ဆုံးတော့ သူတို့သား ကောင်မလေး ရသွားပြီလား ။ အသက် ၃၀ ပြည့်ခါနီးကျမှ ရည်းစား ထားပြီလား။ ဒါမှမဟုတ် အစကတည်းက ရည်းစားရှိနေပြီးသားကို မိဘတွေကို ဖုံးကွယ်ထားတာလား။
“ဘာမှ မဟုတ်ဘူး! ပေါက်ကရတွေ လျှောက်မပြောနဲ့!”။ ချင်းယုဟွိုင်းက သူ့ကိုယ်သူ အမြန်ကာကွယ်လိုက်ပါသည်။
“ဒါပေမယ့် သမီးအကုန် မြင်တယ်လေ! မမလှလှက ကိုကြီးပေါ်မှာ တက်ထိုင်နေတာ! ပြီးတော့ ကိုကြီးက အား~ အား~ နဲ့အော်နေပြီး အသံရှူသံတွေလည်း ပြင်းနေရော~ မျက်နှာကြီးလည်း နီရဲပြီး အားတွေပြတ်နေတဲ့ ပုံစံနဲ့!”။ စူစူလေးက အားရပါးရ သရုပ်ဖော်ပြလိုက်ပါသည်။
သူမရဲ့ မမလှလှကတောင် တူကြီးကို အလွယ်တကူ အသက်ရှူကြပ်သွားအောင် လုပ်နိုင်လျှင် သူမရဲ့ တူကြီး အားနည်းနေကြောင်း ပြသနေတာပဲ မဟုတ်ဘူးလား။
စူစူလေး၏ ရှင်းပြမှုကြောင့် လူကြီးတွေအကုန် မျက်နှာနီရဲသွားကြသည်။
စန်းကျစ်လည်း မျက်နှာ နီမြန်းသွားပြီး အမြန်ရှင်းပြလိုက်သည်။ “စူစူလေး အဲ့လိုမဟုတ်ဘူး! နားလည်မှုလွဲနေတာ!”
သို့သော်လည်း စန်းကျစ်၏ ရှင်းပြမှုက အရာမထင်ခဲ့ပါ။ ထို့အပြင် သူမရဲ့ ရှက်ကိုးရှက်ကန်းအမူအရာကြောင့် သူမနဲ့ ချင်းယုဟွိုင်းတို့အကြား တစ်ခုခုဖြစ်ပျက်နေသည်ဟု လူကြီးတွေ ပိုသံသယဝင်သွားခဲ့ပါသည်။
ချင်းရှင်းကျစ်က သူ့သား ယုဟွိုင်းကို သတိပေးလိုက်သည်။ “ယုဟွိုင်း မင်းရည်းစားထားတာကို အဖေ ဝမ်းသာပါတယ်။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ သတိထားပါ။ တချို့ကိစ္စတွေက မင်းဒေါ်လေးရှေ့မှာ မလုပ်သင့်ဘူး။ မင်းဒေါ်လေးကို မမြင်သင့်တာတွေ မမြင်စေနဲ့ ကြားလား”
သူ့ညီမလေး ဒီအသက်ဒီအရွယ်နဲ့ မမြင်သင့်တာတွေ မြင်သွားလို့ မဖြစ်ပါ။
ချင်းယုဟွိုင်း၏ မျက်နှာ နီရဲရာမှ စိမ်းသွားပြီး၊ စိမ်းနေရာမှ မည်းနက်သွားပါသည်။
ဆက်တိုက်ဆိုသလို ပြောင်းလဲနေသော သူ့မျက်နှာအမူအရာများက ဟွာချန့်မြို့၏ ရာသီဥတုထက်တောင် ပိုပြီး အပြောင်းအလဲ မြန်ပါသေးသည်။
“အဖေတို့ ထင်သလို မဟုတ်ဘူး!”။ ချင်းယုဟွိုင်းက အံကြိတ်ပြီး သွားကြားထဲမှ စကားကိုညှစ်ထုတ်ကာ ပြောလိုက်သည်။
“ဪ မရှက်ပါနဲ့ကွာ။ မင်း ရှက်တတ်မှန်း အဖေသိတယ်။ ဒီကိစ္စတွေကို လူကြီးတွေရှေ့မှာ ပြောလို့မကောင်းဘူး။ အဲ့တာကြောင့် အသေးစိတ်ထပ်မမေးတော့ဘူး”။ ချင်းရှင်းကျစ်က ရယ်မောကာ ပြောလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ်။ အဖေနဲ့ အမေတို့ ဘာမှ ဆက်မပြောတော့ဘူး။ သားတို့ နှစ်ယောက် ဆက်တွဲကြပါ။ အမေတို့ ဘာမှ မတိုက်တွန်းသေးဘူး”။ ဝမ်ချင်းကလည်း သဘောတူလိုက်သည်။
သူတို့သား မိန်းကလေးတစ်ယောက်နဲ့ ခြေရှုပ်ပြီး အိမ်ထောင်ပြုကာ မြေးလေးတွေမွေးပေးတော့မှာကို ချင်းရှင်းကျစ်တို့ လင်မယားတွေ မစောင့်နိုင်တော့ပါ။
“တော်တော့! အခုက ကျွန်တော့်အကြောင်း ပြောရမယ့်အချိန် မဟုတ်ဘူး!”။ ချင်းယုဟွိုင်း သူ့ပြဿာကို ဖြေရှင်းနိုင်တော့မှာ မဟုတ်မှန်းသိသဖြင့် စကားလမ်းကြောင်းလွှဲလိုက်ရပါသည်။
“ဟုတ်တယ် ဟုတ်တယ်”။ ပိုင်ဖုန်းမြန်က သဘောတူလိုက်ပြီး စူစူလေးကို ဆက်တောင်းပန်ခဲ့ပါသည်။ “သခင်မလေးစူစူ။ ဦးလေးပိုင်ဟူကျစ်က သမီးအတွက် ထိခိုက်အောင် လုပ်မယ့်လူမျိုးမဟုတ်ဘူးလေ။ သမီးအတွက် သူဖော်စပ်ပေးထားတဲ့ ဆေးက တခြားသူတွေ တောင်းပန်လို့တောင် မရနိုင်တဲ့ ဆေးမျိုးပါ။ သမီးအဲ့ဒီဆေးကို သောက်လိုက်ရင် သခင်လေးလုက လမ်းပြန်လျှောက်နိုင်မယ့် အခွင့်အရေး ရသွားမှာ!”
စူစူလေးက အဘိုးယန်ကို မေးလိုက်သည်။ “ဦးလေး ပိုင်ဟူကျစ်။ အဲ့ဆေးကို သမီးတူကြီး သောက်လို့ မရဘူးလား”
အဘိုးယန်က စူစူလေးကို ရှင်းပြလိုက်ပါသည်။ “စူစူလေး အဲ့ဒီဆေးတွေကို သမီးအတွက် သီးသန့် ဖော်စပ် ပေးထားတာ။ သမီးတူကြီးက လူကြီးဖြစ်နေပြီမို့လို့ သောက်ဖို့ မသင့်တော်ဘူး”
“ဒါပေမယ့် သမီးမှ မကြိုက်တာ!” စူစူလေးက ငြင်းဆန်ပါသည်။။
ဘာလို့ သကြားလုံးတိုင်းက မချိုရတာလဲ။
ပိုင်ဖုန်းမြန်က အမြန် ထပ်တောင်းပန်လိုက်သည်။ “စူစူလေး ကျေးဇူးပြုပြီး သခင်လေးလုအတွက် စဉ်းစားပေးပါ! စူစူလေးသာ အဲ့ဒီ ဆေးကိုသောက်မယ်ဆိုရင် ဦးလေးတို့ကို ကြိုက်တာ တောင်းဆိုလို့ရတယ်!”
ပိုင်ဖုန်းမြန်က စူစူလေးကို ဒူးထောက်ပြီး တောင်းပန်ဖို့ အသင့်ဖြစ်နေပါပြီ။
သခင်ကြီးလုကလည်း ဝင်ပြောလိုက်သည်။ “စူစူလေး သမီးလိုချင်တာမှန်သမျှ ဘိုးဘိုး ပေးနိုင်တယ်။ သမီးလိုချင်တာသာ ပြောလိုက်။ လိုချင်တာတွေ အကုန်ဖြည့်ဆည်းပေးမယ်။ ပိုက်ဆံတွေ အများကြီးပေးနိုင်တယ်။ နေစရာ အိမ်လေးတွေ၊ အရုပ်ကလေးတွေ၊ အရသာရှိတဲ့ အစားသောက်တွေပေးနိုင်တယ်။ အဲ့ဒီအပြင် ချင်းမိသားစုရဲ့ စီးပွားရေးတွေနဲ့ စီမံကိန်းတွေပါ အကုန်လုံး ပေးနိုင်တယ်”
လုကျန်းယွီ မျက်မှောင်ကြုတ်သွားသည်။ “အဘိုးနဲ့ ဆရာကြီးပိုင်တို့ စူစူလေးကို အဲ့လိုဖိအားမပေးပါနဲ့”
အဘိုးဖြစ်သူနဲ့ ပိုင်ဖုန်းမြန်တို့၏ လုပ်ရပ်ကို လုကျန်းယွီ သဘောမကျပါ။
ထို့နောက် စူစူလေးကို လုကျန်းယွီ ပြောလိုက်သည်။ “စူစူလေး မကြိုက်တဲ့ ဆေးတွေကို သောက်စရာမလိုဘူးနော်။ ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့ ကြားလား”
သခင်ကြီးလု ချက်ချင်း ပူပန်သွားပါသည်။ “ကျန်းယွီ ငါတို့က သူ့ကို ဒီတိုင်း ဆေးလေးတစ်လုံးပဲ သောက်ခိုင်းတာပါ။ အဲ့ဆေးက သူ့ကျန်းမာရေးအတွက်လည်း ကောင်းမယ့်ဆေးပဲ အရှုံးမရှိဘူး။ ဒါပေမယ့် မင်းအတွက်ကတော့ မင်း လမ်းလျှောက်နိုင်မလား မလျှောက်နိုင်ဘူးလားဆိုတာ သူ့အပေါ် မူတည်နေတာကွ!”
… … …
အခန်း(၁၇၀) စူစူလေး ဆုံးဖြတ်တဲ့အတိုင်းပဲ (၅)
“အဘိုး။ စူစူလေးအတွက်တော့ ဆေးခါးတွေကို သောက်ရတာ အရမ်းခက်တဲ့ ကိစ္စတစ်ခုပဲ! ကိုယ့်ရှုထောင့်ကနေ သူများအတွက် ဆုံးဖြတ်ပေးလို့မရဘူး!။ သူက ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်လို သဘောထားတာ။ ကျွန်တော့်အကျိုးအမြတ်အတွက်နဲ့ ကျွန်တော့်သူငယ်ချင်းကို လုံးဝ အနစ်နာခံခိုင်းမှာ မဟုတ်ဘူး!”။
“ကျန်းယွီ! အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့! ဒါမင်းခြေထောက်တွေ ပြန်ကောင်းလာနိုင်မယ့် ကိစ္စနော်!”။ သခင်ကြီးလုက စိုးရိမ်ပူပန်စွာ ပြောလိုက်ပါသည်။
“ကျွန်တော် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်လည်း ပြန်ကောင်းချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြန်ကောင်းဖို့အတွက်နဲ့ သူများကို အနစ်နာခံခိုင်းလို့ မဖြစ်ဘူး”
“ဒါဘာမှ အနစ်နာခံရတာ မဟုတ်ဘူးကွ!”
“ကျွန်တော်ပြောပြီးပြီ။ ကိုယ့်ရှုထောင့်ကနေ သူများအတွက် ဆုံးဖြတ်ပေးလို့မရဘူးလို့”
“ကျန်းယွီ! ငါအသက်ကြီးနေပါပြီကွာ! ငါလိုချင်တာဆိုလို့ မင်းခြေထောက်တွေ ပြန်ကောင်းလာတာကို မြင်ချင်တာပဲ ရှိတယ်။ မင်းကျန်းမာရေး ပြန်ကောင်းလာဖို့ ငါလုပ်ပေးနိုင်တာရှိရင် ငါလုပ်ပေးပြီးသားပဲ။ ငါပေမယ့် ငါဘယ်လောက်ပဲ ချမ်းသာနေပါစေ ဒီကိစ္စမှာတော့ ဘာမှ မတတ်နိုင်ဘူးကွ!”
သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေး ပျောက်ကွယ်သွားမှာကို ဒီတိုင်း ရပ်ကြည့်နေနိုင်ပါ့မလား။
လုကျန်းယွီနဲ့ သခင်ကြီးလုတို့ အခြေအနေတွေ တင်းမာနေပြီး တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြပါ။
စူစူလေးက လုကျန်းယွီနဲ့ သခင်ကြီးလုတို့ကို အူတူတူ ကြည့်ကာ ပြောလိုက်သည်။ “ရန်မဖြစ်ပါနဲ့”
သူမရဲ့ နူးညံ့ပျော့ပြောင်းသည့် အသံလေးကြောင့် သခင်ကြီးလုကော လုကျန်းယွီကော စိတ်ပြန်တည်ငြိမ်သွားပါသည်။
“စူစူလေး…”
စူစူလေးကို လုကျန်းယွီ ကြည့်လိုက်သည်။
စူစူလေးက သခင်ကြီးလုအား အရင်ပြောလိုက်ပါသည်။ “ကိုကြီးရဲ့ဘိုးဘိုး။ သမီးက ဘိုးဘိုးရဲ့ ပစ္စည်းတွေ ဘာမှ မလိုချင်ဘူး။ သမီး ကိုကြီးရဲ့ သူငယ်ချင်းမို့လို့ သူငယ်ချင်းတစ်ယောက်ကို ကူညီပေးတာက လုပ်သင့်တဲ့ အရာပဲ။ သမီးဘာမှ ပြန်မလိုချင်ဘူး!”
ထို့နောက် စူစူလေးက ဦးလေးပိုင်ဟူကျစ်ကို မော့ကြည့်ကာ ပြောလိုက်ပါသည်။ “ဦးလေး ပိုင်ဟူကျစ် ကိုကြီးကို တကယ် ဆေးကုပေးမှာလား။ အဲ့တာဆို ခါးတဲ့ သကြားလုံးကို သမီးစားမယ်!”
“စူစူလေး ခါးတဲ့အရသာတွေ မကြိုက်ဘူးမလား။ ကိုကြီးအတွက် မစားချင်တာကို အတင်းမစားပါနဲ့”။ လုကျန်းယွီက စူစူလေးကို သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။
“သမီးမကြိုက်ပါဘူး။ ဒါပေမယ့် ကိုကြီး ပြေးလွှားနေတာကို မြင်ရရင် သမီး ပြန်ပျော်သွားလိမ့်မယ်။ ပထမတော့ နည်းနည်း ခါးပေမယ့် နောက်ကျရင် ပျော်ရမှာလေ။ အဲ့တာကြောင့် သမီးလုပ်နိုင်ပါတယ်။ သမီးမကြောက်ဘူး!”
သူမ ခါးသက်သည့်အရာတွေကို တကယ်မကြိုက်ပါ။ သို့သော်လည်း ထိုခါးသက်မှုနဲ့ယှဉ်လိုက်လျှင် သူမ ကိုကြီး ခုန်ပေါက်ပြေးလွှားနိုင်ဖို့က ပိုအရေးကြီးမှန်း နားလည်ပါသည်။
“စူစူလေး…”။ စူစူလေး၏ ပြတ်သားသော မျက်လုံးလေးများကို ကြည့်ရင်း လုကျန်းယွီ စိတ်ပျော့သွားခဲ့သည်။
“စိတ်မပူပါနဲ့ ကိုကြီး! သမီးအကောင်းဆုံး ကြိုးစားပါ့မယ်!”။ လုကျန်းယွီကို စူစူလေး ပြုံးပြလိုက်သည်။
ထို့နောက် ဦးလေးပိုင်ဟူကျစ်ကို သူမ ဆက်ပြောလိုက်ပါသည်။ “ဦးလေး ပိုင်ဟူကျစ်အတွက် သမီး တောက်တိုမယ်ရလည်း လုပ်ပေးနိုင်တယ်! ထင်းတွေ ကူခွဲပေးမယ်၊ ရေနွေးအိုး တည်ပေးမယ်၊ အသီးအရွက်တွေလည်း စိုက်ပေးမယ်။ ကိုကြီးကို ဆေးကုပေးမှာလား”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ သူ့ကို ကုပေးပါ့မယ်။ ငါ့အဖိုးတန်လေးက ထင်းခွဲတာတွေ၊ ရေနွေးအိုးတည်တာတွေလို ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်စရာ မလိုပါဘူး! ပြီးတော့ ခါးတာတွေလည်း စားစရာ မလိုတော့ဘူး! ချိုတာလေးတွေပဲ စားကြရအောင်နော်!”။ ဦးလေးပိုင်ဟူကျစ်က ချက်ချင်း တောင်းဆိုချက်ကို ပြောင်းလဲလိုက်ပါသည်။
အားလုံး ကြက်သေသေသွားသည်။
သူစိတ်ပြောင်းသွားပြီလား?။ သူသဘောတူလိုက်တာလား?။
ဒီလောက်လွယ်လွယ်ကူကူနဲ့လေ?
ဆရာကြီးရှုယီ ဘာတွေဖြစ်နေတာလဲ။
ခံယူချက်တွေကော ဘယ်ရောက်သွားလဲ။ စည်းမျဉ်းစည်းကမ်းတွေကော ဘယ်မှာလဲ။
အစာအငတ်ခံ ဆန္ဒပြတုန်းက ပြတ်သားမှုတွေကော ဘယ်ပျောက်သွားပြီလဲ။
လုမိသားစု တောင်းဆိုတုန်းကကျတော့ အသေသာခံသွားမည်။ လုံးဝ လိုက်လျောဖို့ အစီအစဉ်မရှိပါ။
အခုတော့ စူစူလေးရဲ့ စကားတစ်ခွန်းတည်းနဲ့ စိတ်ပြောင်းသွားခဲ့တာလား။
စူစူလေး ဆေးခါးခါးသောက်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကိုတောင် ပြန်ရုတ်သိမ်းပေးလိုက်သေးတယ်?။
ဘေးနားက လူတွေထံမှ ကြက်သီးထစရာ အကြည့်တွေကို ခံစားမိပြီး ဆရာကြီးရှုယီ ခေါင်းမော့ရင်ကော့စွာ ပြောလိုက်ပါသည်။
“မင်းတို့ ဘာတွေကြည့်နေကြတာလဲကွ။ ငါပြောတဲ့အတိုင်းပဲလေ။ အခုချိန်ကစပြီး စူစူလေးကိုပဲ ကုသပေးတော့မယ်လို့ ခံယူထားတာ။ စူစူလေးက တောင်းဆိုတာ ဆိုတော့လည်း သဘောတူပေးရတာပေါ့! ငါကုသပေးတာ မကုသပေးတာက စူစူလေးဆုံးဖြတ်တဲ့အတိုင်းပဲ!”