← Chapters

အခန်း (၁၇၃+၁၇၄+၁၇၅)

Vol. 7 Ch. 173+174+175

အခန်း (၁၇၃+၁၇၄+၁၇၅)

Vol. 7 Ch. 173+174+175

အခန်း(၁၇၃) အဘိုးလုရဲ့ ကျေးဇူးတင်လက်ဆောင်

“အချိန်တစ်ခုအထိ ကျုပ် ဆေးတွေဖော်စပ်ရမယ်၊ အပ်စိုက်ကုထုံးနဲ့ ကုသရမယ်။ ပြီးတော့ သူ့ကို နေ့တိုင်း ဆေးရည်စိမ် ရေချိုးပေးရမယ်။ ကျုပ်လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို အခုချက်ချင်း ရှာလိုက်တာ ပိုကောင်းမယ်။ ပစ္စည်းတွေကို ရတာနဲ့ ကုသမှုကို ချက်ချင်းစလို့ ရတယ်”။ အဘိုးယန်က ပြောလိုက်သည်။

“မြန်မြန် စာရင်းပြုစုလိုက်ပါ! ကျုပ်တို့ ဒီနေ့ချက်ချင်း အကုန် ရအောင် လိုက်ရှာပေးပါ့မယ်!”။ သခင်ကြီးလုက သေချာစွာ ပြောလိုက်သည်။

“အရမ်းကြီး မသေချာပါနဲ့ဦး။ ကျုပ်လိုအပ်တဲ့ ပစ္စည်းတချို့က လွယ်လွယ်နဲ့ မရနိုင်ဘူးနော်”

“ဘာပဲလိုအပ်လိုအပ် ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ကျုပ်ကို ပြောမှာသာ ပြောလိုက်စမ်းပါ။ ကမ္ဘာပေါ်မှာ ရှိတာ သေချာရင် ဘယ်လောက်ခက်ခဲနေပါစေ ရအောင်ရှာပေးမယ်!”

“ပြီးတာပဲ! အဲ့လောက် ယုံကြည်ချက်ရှိနေရင် သွားရှာ။ အကုန်ရပြီဆိုမှ ကျုပ်ကို လာပြော”။

ထို့နောက် အဘိုးယန်က စာရွက်၊ ဘောပင်တို့ ယူခိုင်းလိုက်ပြီး သူလိုအပ်သည့် ပစ္စည်းများကို A4 စာရွက် ၂ ရွက် အပြည့် ရေးပေးလိုက်ပါသည်။

သခင်ကြီးလုက စာရင်းကို ရတာနဲ့တစ်ပြိုင်နက် သူ့လူတွေကို တစ်စက္ကန့်တောင် နောက်မကျစေဘဲ ချက်ချင်း လှုပ်ရှားခိုင်းခဲ့ပါသည်။

တချို့ ပစ္စည်းတွေက တကယ်ပဲ ရှားပါးပါသည်။ သို့သော်လည်း သခင်ကြီးလုက ဟယ်လီကော်ပတာ ၇ စင်း ၈ စင်းလောက်ကို နယ်မြေပေါင်းစုံသို့ စေလွှတ်ပြီး ရှာဖွေခိုင်းလိုက်ကာ မနက်ဖြန် ရအောင် ပြန်ယူလာဖို့ အမိန့်ပေးလိုက်ပါသည်။

လူအင်အား ငွေအင်အားတွေကို ကြောက်စရာကောင်းလောက်အောင် သုံးစွဲနိုင်သည့် ဒီအဘိုးကြီး၏ အာဏာက ဟွာချန့်မြို့ရှိ သာမန်သူဌေးမိသားစုတစ်စုထက် အများကြီး ပိုပါသည်။

ဒီအဘိုးကြီးက ဘယ်သူများလဲ? သူတို့ မိသားစုက ဘယ်လို မိသားစုလဲ?

ချင်းရှင်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ လုမိသားစုအကြောင်းကို ပိုမို စိတ်ဝင်စားလာခဲ့ကြသည်။

ဆရာကြီးရှုယီနဲ့ စူစူလေးတို့ရဲ့ ဆက်နွယ်မှုကြောင့် ဒီမိသားစုနဲ့ သူတို့ ထပ်မံ ပတ်သတ်ရဦးမည်။

သို့သော် ဒီလူတွေအကြောင်းကို သူတို့ ကောင်းကောင်း မသိရသေးပါ။

ချင်းရှင်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ လုမိသားစုအကြောင်းကို သေချာ စုံစမ်းဖို့ လိုအပ်သည်ဟု ခံစားလိုက်ရပါသည်။ တခြား ဘာအတွက်မှ မဟုတ်ရင်တောင် သူတို့မိသားစုရဲ့ ဘေးကင်းမှုအတွက် စုံစမ်းရမည်။

သူတို့ လုကျန်းယွီကို ယုံကြည်လို့ရသော်လည်း တခြားမိသားစုဝင်တွေကို ယုံကြည်နိုင်သည်ဟု မဆိုလိုပါ။

များများသိထားလေလေ ပိုကောင်းလေလေဖြစ်သည်။

လက်အောက်ငယ်သားများကို တာဝန်ပေးပြီးနောက် အဘိုးယန်ကို သခင်ကြီးလု ပြောလိုက်သည်။ “ဆရာကြီး ရှုယီ။ ခင်ဗျားအတွက် ကျုပ် အခန်းတစ်ခန်း စီစဉ်ပေးထားပါတယ်။ ဒီနေ့တော့ နားလိုက်ပါဦး”

“ကျုပ် ချင်းအိမ်တော်မှာပဲ သွားနေရတာ ပိုသဘောကျတယ်။ စူစူလေးနဲ့ နီးနီးကပ်ကပ် နေရလို့လေ”။ အဘိုးယန်က ချင်းရှင်းကျစ်ကို လှည့်ပြောလိုက်သည်။ “စူစူလေးရဲ့ အစ်ကိုကြီး။ ငါ မင်းတို့ အိမ်မှာ ခဏလောက် တည်းချင်တယ်။ အဆင်ပြေနိုင်မလား”

“ရပါတယ် အဆင်ပြေပါတယ်ဗျာ”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ပြောလိုက်ပါသည်။

“အဘိုးယန် ကြိုက်တဲ့အချိန်ထိ နေနိုင်ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး”။ ဝမ်ချင်းကလည်း ကြိုဆိုလိုက်ပါသည်။

“ဒါဆို ချင်းအိမ်တော်မှာပဲ ကျုပ်တည်းလိုက်တော့မယ်”။ အဘိုးယန်က ဆုံးဖြတ်လိုက်ပါသည်။

“ကောင်းပါပြီ”။ သခင်ကြီးလု ကန့်ကွက်စရာမရှိပါ။ ချင်းအိမ်တော်က ဘေးအိမ်လေးတင် ဖြစ်သဖြင့် အလွန် အဆင်ပြေပါသည်။

ဒီနေ့ သူအလွန်ပျော်ရွှင်နေပြီး ဘာမှ ထပ်မလိုအပ်တော့ပါ။

စူစူလေးက လုပ်စရာရှိတာ လုပ်ပြီးသွားပြီဖြစ်သဖြင့် အိမ်ပြန်ဖို့ ပြင်လိုက်ပါသည်။

သူမ အိမ်ပြန်ဖို့ ကြံလိုက်စဉ် သခင်ကြီးလုက သူမနောက်ကို လိုက်လာလေသည်။

“စူစူလေး။ သမီးရဲ့ အကူအညီကို ဘိုးဘိုး တကယ် အသိအမှတ်ပြုပါတယ်။ ကျန်းယွီရဲ့ သူငယ်ချင်း တစ်ယောက် အနေနဲ့ ကူညီပေးခဲ့မှန်း ဘိုးဘိုးသိတယ်။ ဒါပေမယ့် ကျန်းယွီရဲ့ အဘိုးတစ်ယောက်အနေနဲ့ စူစူလေးကို ကျေးဇူးတင် လက်ဆောင် ပေးချင်လို့ပါ”

ထို့နောက် အိမ်တော်ထိန်းကျန်းက တမလန်းသေတ္တာလေးတစ်ခုကို သခင်ကြီးလုအား ယူပေးလိုက်သည်။

သခင်ကြီးလုက အားလုံးရှေ့မှာ သေတ္တာလေးကို ဖွင့်လိုက်ပြီး ကျောက်စိမ်းလည်ဆွဲတစ်ကုံးနဲ့ သစ်သားအဆောင်လေး တစ်ခုတို့ကို ထုတ်လိုက်ပါသည်။

စူစူလေးက ကျောက်စိမ်းတွေ၊ သစ်သားတွေ ဘာမှ နားမလည်ပါ။

သို့သော်လည်း ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့လို ရှေးဟောင်းပစ္စည်းများကို နှစ်ပေါင်းများစွာ ထိတွေ့လာသူတွေက တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကျောက်စိမ်းလည်ဆွဲမှာ အလွန်အရည်အသွေးမြင့်မားပြီး သစ်သား အဆောင်လေးကလည်း တမလန်းသစ်နှင်းဖြင့် ပြုလုပ်ထားကာ အလွန်လက်ရာမြောက်ကြောင်း မြင်နိုင်ပါသည်။

ပစ္စည်း ၂ ခုစလုံးက ရှေးဟောင်းပစ္စည်းများဖြစ်ကြသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့လည်း အလွန် တန်ဖိုးကြီးမှန်း သိသာပါသည်။

“သမီးမလိုချင်ဘူး”။ စူစူလေးက နှစ်ခါမတွေးဘဲ ငြင်းဆန်လိုက်သည်။

“ဘာလို့ မလိုချင်တာလဲ။ သမီးမကြိုက်လို့လား”။ သခင်ကြီးလုက စိတ်ရှည်ရှည်ထားပြီး မေးလိုကသည်။

… … …

အခန်း(၁၇၄) ဒီနေ့ည တူချောလေးနဲ့အတူ အိပ်လို့ရမလား

စူစူလေးက ခေါင်းခါလိုက်ပါသည်။ “လက်ဆောင် မလိုချင်ဘူး။ သူငယ်ချင်းတစ်ယောက်ကို ကူညီတာက လက်ဆောင်ရသင့်တဲ့ လုပ်ရပ်မဟုတ်ဘူး!”

သခင်ကြီးလုက ရယ်မောလိုက်ပါသည်။ “ဘိုးဘိုး သိပါတယ်။ ဒါက ဘိုးဘိုးရဲ့ အသိအမှတ်ပြုမှုကို ဖော်ပြဖို့ ပေးတဲ့ လက်ဆောင်ပါ။ သမီးက ဘိုးဘိုးတို့ရဲ့ ကျန်းယွီလေးအပေါ် အရမ်း ကောင်းပေးခဲ့တော့ ဘိုးဘိုးက ကျေးဇူးတင်လို့ပါ။ ဒါပေမယ့် အဘိုးကြီးဖြစ်နေပြီဆိုတော့ ဘိုးဘိုး ကျေးဇူးတင်ဝမ်းသာကြောင်းကို လက်ဆောင်ပေးတာကလွဲလို့ ဘယ်လို ထုတ်ပြရမှန်း မသိလို့ပါ။ သမီးလက်ခံပေးပါနော်”

စူစူလေးက အခက်တွေ့နေပါသည်။ သူမရဲ့ မျက်နှာသေးသေးလေးက သခင်ကြီးလုကို တွန့်ဆုတ်စွာ ကြည့်နေသည်။

ထိုအချိန်တွင် အဘိုးယန်က သခင်ကြီးလု ပေးနေသည့် လက်ဆောင်တွေကို ဖြတ်ယူလိုက်ပြီး စူစူလေးလက်ထဲ ထည့်ပေးလိုက်ပါသည်။

“စူစူလေးက လိမ္မာလို့ လက်ဆောင်ပေးတာ သိမ်းထားလိုက်။ ဦးလေးက သူ့မြေးကို ဆေးကုပေးရဦးမှာ။ သူ့ဆီက လက်ဆောင် နည်းနည်းယူလိုက်လို့ ဘာမှမဖြစ်ဘူး!”။ စူစူလေးကို အဘိုးယန် ပြောလိုက်ပါသည်။

“ဒါပေမယ့်…”

“ဒါပေမယ့်တွေ လုပ်မနေပါနဲ့။ ယူထားဆို ယူထားလိုက်။ လက်ဆောင်ပေးတာပဲ ဥစ္စာ။ သူများရဲ့ စေတနာကို ငြင်းလို့မရဘူးလေ မှတ်မိလား”

“ဒါဆိုလည်း ဟုတ်ပါပြီ” စူစူလေး အကြောင်းပြချက်ကို လက်ခံလိုက်ပါသည်။

“အင်း လိမ္မာတယ်”

အဘိုးယန်က စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

သခင်ကြီးလုကို နှုတ်ဆက်ပြီးနောက် စူစူလေး ချင်းအိမ်တော်သို့ ပြန်လာခဲ့ပါသည်။ လက်တစ်ဖက်က အဘိုးယန်၏ လက်ကို တွဲထားပြီး နောက်တစ်ဖက်ကတော့ စန်းကျစ်ရဲ့ လက်ကို ဆွဲထားပါသည်။

ချင်းရှင်းကျစ်၊ ဝမ်ချင်းနဲ့ ချင်းယုဟွိုင်းတို့က အနောက်မှ ကပ်လိုက်လာခဲ့သည်။ ဒီနေ့ သူတို့ ၃ ယောက်စလုံး အနည်းနဲ့ အများ အံ့အားသင့်တုန်လှုပ်ခဲ့ရသည်။

ချင်းအိမ်တော်ကို ပြန်ရောက်သောအခါ ချင်းယုချဲက သူတို့မိသားစုအတွက် ညစာတွေ ချက်ပြုတ်ပြင်ဆင်ထားပြီးပါပြီ။

ချင်းယုချဲကို မြင်သောအခါ စူစူလေးက သူ့ထံ ပြေးသွားခဲ့သည်။

“တူချောလေး!”

ချင်းယုချဲက စူစူလေးကို ပြန်ကြည့်လိုက်ပြီး ခေါ်တာကို ထူးသင့်မထူးသင့် စဉ်းစားနေပါသည်။

သူ အသိအမှတ်မပြုချင်သော်လည်း မသိချင်ယောင်ဆောင်လို့ မရပါ။

လူတွေနဲ့ ဆက်ဆံရတာ အခက်အခဲရှိသူ တစ်ယောက်အတွက် ဒီလိုကိစ္စက အလွန် ပင်ပန်းစရာ ကိစ္စဖြစ်သည်။

“ညစာ အသင့်ဖြစ်ပြီ”။ ချင်းယုချဲက ခံစားချက် သိပ်မပါဘဲ ပြောလိုက်သည်။ စူစူလေးကို ကြည့်တောင် မကြည့်ခဲ့ပါ။

“အွန်း! တူချောလေးက အရမ်းတော်တာပဲ!”။ သူချက်ထားသည့် ဟင်းလျာတွေက အလွန်မွှေးပျံ့နေပါသည်။

“မစားခင် လက်အရင် ဆေးလိုက်ဦး”

“အွန်း!” စူစူလေးက လိမ်လိမ်မာမာနဲ့ လက်အမြန် သွားဆေးလိုက်သည်။ ထို့နောက် ချင်းယုချဲထံ ခပ်သုတ်သုတ် ပြန်လာခဲ့ပါသည်။

“ဟူကျစ်ကော ငါကော လက်ဆေးပြီးသွားပြီ”။ စူစူလေးက ချင်းယုချဲကို သူမရဲ့ လက်ကလေး ၂ ဖက်နဲ့ ဟူကျစ်ရဲ့ ခြေထောက်ကလေး ၄ ဖက်တို့ကို မြှောက်ပြလိုက်သည်။

“မြောင်~”

ဟူကျစ်ကလည်း သူ့သခင်ပြောတာကို ထောက်ခံပါသည်။ ချင်းယုချဲကို ဟူကျစ်ကော သူ့သခင်ကော သဘောကျသည်။

သူ့ရှေ့က ချစ်စရာကလေးမလေးနဲ့ ကြောင်လေးတို့ကို ကြည့်ပြီး ချင်းယုချဲ ဘာမှမပြောဘဲ မျက်နှာလွှဲသွားပါသည်။

စူစူလေးနဲ့ ဟူကျစ်တို့က ချင်းယုချဲ၏ အေးစက်မှုကို ဂရုမစိုက်ပါ။

“တူချောလေး ဒီနေ့ည ငါနဲ့ဟူကျစ်နဲ့ နင့်ဆီမှာ လာအိပ်လို့ရလား”။ စူစူလေးက မေးလိုက်သည်။

ဘာ?

ထိုစကားကြားတော့ ချင်းရှင်းကျစ် ဂနာမငြိမ်ဖြစ်လာပါသည်။ သူ မနာလိုဖြစ်မိသည်။

သူ့ညီမလေးက ချင်းယုချဲဆီမှာ သွားအိပ်ဖို့ တောင်းဆိုနေတာပဲ!

သူမ အစ်ကိုကြီးဖြစ်တဲ့ သူ့ဆီမှာတောင် လာအိပ်ခွင့်တစ်ခါမှ မတောင်းဖူးသေးဘူး!

“ညီမလေး ဘာလို့ တူချောလေးနဲ့ ရုတ်တရက်ကြီး သွားအိပ်ချင်တာလဲ။ အရင်တုန်းက တစ်ယောက်တည်း အိပ်နေကျ မဟုတ်ဘူးလား”။ ချင်းရှင်းကျစ်က မေးလိုက်ပါသည်။

ချင်းယုချဲလည်း ဒါကို သိချင်သည်။

“မမလှလှတွေကို အနိုင်ကျင့်တဲ့ လူဆိုးကြီးတွေ ရှိတယ်လို့ သတင်းမှာ တွေ့လိုက်တယ်!”

သတင်းတွေမှာ လာနေကျ လူသတ်မှု၊ အဓမ္မမှုတွေကို စူစူလေး ပြောနေတာဖြစ်သည်။ တရားခံက လှလှပပ မိန်းကလေးတွေကို ပစ်မှတ်ထားတတ်ပြီး သူ့ နည်းလမ်းတွေက အလွန်ကြောက်ဖို့ကောင်းလွန်းပါသည်။

“မဟုတ်သေးပါဘူး။ အဲ့ဒီလူဆိုးကြီးက မမလှလှတွေကို ပစ်မှတ်ထားတာဆိုရင် အစ်မရှောင်းကျစ်နဲ့ အိပ်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ အာ့ချဲနဲ့ သွားအိပ်ချင်ရတာလဲ”။ ချင်းရှင်းကျစ်က မေးလိုက်ပါသည်။

… … …

အခန်း(၁၇၅) တူကြီးကို ခေါ်သွားပါ

“မမရှောင်းကျစ်က တော်တယ်လေ! သူက တိုက်ခိုက်ရဲတယ် မကြောက်တတ်ဘူး! တူချောလေးက ပျော့ညံ့တယ်။ ဟူကျစ်နဲ့ သမီးနဲ့ သူ့ကို ကာကွယ်ပေးလိုက်မယ်!”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။

ဒေါ်လေးတစ်ယောက်အနေနဲ့ မိသားစုဝင်တိုင်းကို ကာကွယ်ပေးရမှာ သူမရဲ့ တာဝန်ဖြစ်သည်။ ထို့အပြင် သူမနဲ့ ဟူကျစ်တို့ တူချောလေး ချက်ပြုတ်ပေးသည့် အရသာရှိတာတွေကို အများကြီး စားခဲ့ပြီးပါပြီ။ သူတို့ အလကား ထပ်စားမှာ မဟုတ်ပါ။

ဟမ်?

သူပြောတာ အဓိပ္ပာယ်ရှိသလိုလိုပဲ။

“ငါက ယောက်ျားလေး၊ အဲ့လိုလုပ်ဖို့ မလိုဘူး”။ ချင်းယုချဲက ပြောလိုက်၏။

“ဟုတ်တယ် ဟုတ်တယ်။ သတင်းထဲက လူဆိုးကြီးက မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားတာ။ ဒါပေမယ့် သမီးရဲ့ တူချောလေးက ယောက်ျားလေးဆိုတော့ ကြောက်စရာ မလိုဘူးလေ”

“ဒါပေမယ့် တူချောလေးက အပြင်က မမလှလှတွေလိုပဲ လှတယ်လေ! လူဆိုးကြီးက မသိလောက်ဘူး!” စူစူလေး ပြန်ပြောလိုက်ပါသည်။

စူစူလေး၏ စကားကြောင့် ချင်းရှင်းကျစ်နြ့ ချင်းယုချဲတို့ ပြန်မချေပနိုင်တော့ပါ။

သူ့ရှေ့က ကလေးမလေး သူ့ကို လှသည်ဟု ချီးမွမ်းနေသော်လည်း ချင်းယုချဲ မပြောနိုင်ပါ။

ပထမဆုံးအနေနဲ့ သူက ယောက်ျားလေးဖြစ်သဖြင့် လှပသည်ဟု ချီးကျူးခံရတာ ဂုဏ်ယူစရာ မဟုတ်ပါ။ ဒုတိယ အနေဖြင့် ဒီကလေးမလေးရဲ့ စိတ်အားထက်သန်မှုနဲ့ အပြောအဆိုလေးတွေကို ချင်းယုချဲ ဘယ်လို တုန့်ပြန်ရမလဲ မသိပါ။ တတိယအနေဖြင့် ချင်းယုချဲက ဒီကလေးမလေးရဲ့ ကာကွယ်ပေးမှုကို မခံချင်ပါ။

“တော်လောက်ပြီ ညစာစားကြစို့” ချင်းယုချဲ စကားလမ်းကြောင်းသာ လွှဲလိုက်ပါတော့သည်။

ညစာစားပွဲတိုင်းတွင် အဘွားချင်းက စန်းကျစ်ကို သေချာ အာရုံစိုက်ကာ အကဲခတ်နေပြီ။

ဒီမိန်းကလေးက ယုဟွိုင်းရဲ့ ရည်းစားဖြစ်ကြောင်း သူမသားနဲ့ ချွေးမတို့ထံမှ ကြားပြီးပါပြီ။ ထို့အပြင် အဆင့်တွေလည်း အလွန်ကျော်ကုန်ကြပြီ။

နောက်ဆုံးတော့ အဘွားချင်း မနေနိုင်တော့ဘဲ မေးလိုက်သည်။ “ရှောင်းကျစ် သမီး မိဘတွေ ဘယ်အချိန်လောက် အားမလဲ။ အချိန်တန်ပြီလို့ ဒေါ်လေးထင်တယ်။ ဒေါ်လေးရဲ့ သားနဲ့ ချွေးမတို့ကို သမီးရဲ့ မိဘတွေဆီ လွှတ်လိုက်မယ်”

“ဒေါ်လေး မှားနေပြီ။ သမီးနဲ့ သခင်လေးယုဟွိုင်းတို့ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး!”။ စန်းကျစ် အမြန် ရှင်းပြလိုက်ပါသည်။

စူစူလေးက စန်းကျစ်ကို မမဟု ခေါ်သဖြင့် စန်းကျစ်က အဘွားချင်းကို “ဒေါ်လေး”ဟုသာ ခေါ်ပါသည်။

သူမ ချင်းယုဟွိုင်းကို တကယ် အခွင့်အရေးယူခဲ့တာ မဟုတ်ပါ။

“ရှောင်းကျစ် ဘာလို့ ဒေါ်လေးကို ဖုံးကွယ်ထားချင်တာလဲ။ သမီးက လူကောင်းသူကောင်းလေးမှန်း ဒေါ်လေး သိပါတယ်။ ပြီးတော့ သမီးနဲ့ ယုဟွိုင်းတို့ တွဲကြတာကို ဒေါ်လေး အပြည့်အဝ သဘောတူတယ်!”။ အဘွားချင်းက အမြန်ပြောလိုက်သည်။

“အမေ သူခေါ်တဲ့ပုံစံ မှားနေပြီ”။ ချင်းရှင်းကျစ်က တီးတိုး သတိပေးလိုက်သည်။

“ဪ ဟုတ်သားပဲ!”။ အဘွားချင်းက အမြန်ထပ်ပြောလိုက်သည်။ “ရှောင်းကျစ် ဒီနေ့ကစပြီး သမီးအဘွားကို ခေါ်တဲ့ ပုံစံ ပြောင်းရမယ်။ ဒီနေ့ကစပြီး ဒေါ်လေးလို့ မခေါ်နဲ့တော့ အဘွားလို့ပဲ ခေါ်တော့နော်”

“မဟုတ်…”

ဘေးနားမှာ လူတွေလည်း အများကြီးရှိနေပြီး ဒီလိုမေးခွန်းမျိုး အမေးခံရသဖြင့် စန်းကျစ် စကားတောင် မပြောနိုင်တော့ပါ။

“အဘွား စိတ်ထင်တိုင်း လျှောက်မလုပ်ပါနဲ့။ စန်းကျစ်နဲ့ ကျွန်တော်နဲ့ ဘာမှမဟုတ်ဘူး”။ ချင်းယုဟွိုင်းက အတည်ပေါက် ပြောလိုက်သည်။

“ငါစိတ်ထင်တိုင်း လျှောက်လုပ်နေတာ မဟုတ်ဘူး။ ရှောင်းကျစ်က အရမ်း လိမ္မာတဲ့ ကလေးမလေးပဲ။ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်လည်းဖြစ်တယ်။ အစွမ်းအစရှိပြီး သဘောလည်း ကောင်းတယ်။ နင့်လို ငတုံးကောင်ကို တွဲရတာ သူ့အတွက်တောင် ပိုအရှုံးရှိဦးမယ်!”။ အဘွားချင်းက ပြောလိုက်သည်။

ချင်းယုဟွိုင်း နှုတ်ခမ်းတွန့်သွားသည်။ သို့သော်လည်း သူ့အဘွားရဲ့ စားကို ပြန်မချေပနိုင်ခဲ့ပါ။

“ဒေါ်လေး သမီးတို့က အဲ့လို တကယ် မဟုတ်ပါဘူး”

စန်းကျစ်က ဘယ်လိုရှင်းပြရမလဲ မသိတော့သဖြင့် ဘေးမှာထိုင်နေသည့် စူစူလေးကိုသာ အကူအညီ တောင်းလိုက်ရတော့သည်။ “စူစူလေး ငါ့ကို ကူရှင်းပြပေးပါဦး။ နင့်တူကြီးနဲ့ ငါနဲ့ အဲ့လို ပတ်သတ်မှုမျိုး မရှိဘူးဆိုတာကို…”

“ဘယ်လို ပတ်သတ်မှုမျိုးလဲ”။ စူစူလေးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ငါတို့က ကောင်လေးနဲ့ ကောင်မလေး မဟုတ်ဘူးလို့” စန်းကျစ်က ရှင်းပြလိုက်သည်။

“ကောင်လေးနဲ့ ကောင်မလေး? မမလှလှက မိန်းကလေး၊ တူကြီးက ယောက်ျားလေး ကောင်လေးနဲ့ ကောင်မလေး သူငယ်ချင်းဖြစ်တာ ဘာထူးဆန်းလို့လဲ”

ချင်းယုကျီးက တီးတိုးရှင်းပြလိုက်သည်။ “စူစူလေး၊ သူတို့ ပြောနေတဲ့ ကောင်လေးနဲ့ ကောင်မလေးဆိုတာ အရင်တုန်းက ငါနင့်ကို ပြောပြဖူးတဲ့ ပတ်သတ်မှုကို ပြောနေတာ။ သိတယ်မလား ကလေးယူလို့ရတဲ့ ပတ်သတ်မှုမျိုးလေ”

“မမလှလှနဲ့ တူကြီးနဲ့ ကလေးယူလို့ရလို့လား”။ စူစူလေး မေးလိုက်သည်။

“ရတာပေါ့”။ ချင်းယုကျီး ပြန်ဖြေပေးလိုက်၏။

အဖြေကို အတည်ပြုပြီးနောက် စန်းကျစ်ကို စူစူလေး ပြောလိုက်ပါသည်။ “အဲ့တာဆို မမလှလှ သမီးတူကြီးကို ခေါ်သွားလိုက်လေ!”

… … …

All Chapters