← Chapters

ရှင်ပြောတဲ့လူပါ

Vol. 41 Ch. 602

ရှင်ပြောတဲ့လူပါ

Vol. 41 Ch. 602

"ကျင့်ကြံမှုနဲ့ပတ်သက်လို့ ကျွန်မမှာ တကယ်ပြဿနာနည်းနည်းရှိပါတယ်။ အဆင့်တစ်ခုမှာ အခုထိပိတ်မိနေတာ အတော်ကြာပြီ။ အဆင့်မတက်နိုင်ဘူး"

သတ္တမအကြီးအကဲ ခေါင်းငြိမ့်သည်။

"ဒါဆိုမင်းက ထိပ်ဆုံးအကြပ်အတည်းကာလကို ရောက်နေတာပေါ့။ ဒါမျိုးကအဖြစ်များပါတယ်။ အကြပ်အတည်းကျော်ဖြတ်ဖို့ မင်းကိုကူညီနိုင်မယ့် ဆေးဝါးတွေ ငါ့မှာရှိပါတယ်"

"အဲလိုအကြပ်အတည်းမဟုတ်ဘူး။ ကျွန်မရှေ့မှာ လူတစ်ယောက်အရင်လျှောက်နှင့်လို့ ကျွန်မအဆင့်မတက်နိုင်တာပါ"

သတ္တမအကြီးအကဲ နားလည်သည်။ ဤဂိုဏ်းမဲ့ကျင့်ကြံသူသည် ထူးခြားသည့်ကျင့်စဉ်နည်းတစ်မျိုး ကျင့်ကြံခဲ့ခြင်းဖြစ်မည်။

ထိုသို့ ထူးခြားကျင့်စဉ်များ မဟာချန်နှင့် မဟာယုခေတ်တွင် ရေပန်းစားခဲ့သည်။ ကျင့်စဉ်လမ်းတစ်ခုတွင် ရှေ့ရောက်နေသူက နောက်လူတို့၏အားထုတ်မှုကို စုပ်ယူသည်။ နိုင်လိုမင်းထက်သဘောဆန်သည်။

မဟာရှားခေတ်တွင် ကျင့်စဉ်နည်းလမ်းများ ပေါများလာသည်။ ရက်စက်လွန်းသည့် ထိုကျင့်စဉ်နည်းများကို လူကြိုက်နည်းသွားသည်။

"ဂိုဏ်းပြောင်းပြီး အသစ်ကနေစကျင့်ကြံရင်ရော"

"အဲလိုတော့ အလုပ်မဖြစ်နိုင်ဘူး။ အသစ်ပြန်စရင် ကျွန်မရဲ့ လက်ရှိစွမ်းအားအဆင့်ကို ရောက်နိုင်မယ်လို့ အာမခံချက်မရှိဘူး"

"သဘောပေါက်ပြီ။ အဲလိုဆိုမှတော့ မင်းရှေ့မှာရှိနေတာ ဘယ်သူလဲဆိုတာပြောပါ။ ငါသူ့ကို ကျင့်စဉ်ပြန်စခိုင်းမယ်"

ကျန်းလျန်ယိ နည်းနည်းစိုးရိမ်သွားသည်။

"ဒီလူက အရမ်းစွမ်းအားကြီးတယ်နော်"

"ကူးဖြတ်ခြင်းအဆင့်လား"

"မဟုတ်ပါဘူး"

ကူးဖြတ်ခြင်းအဆင့်မဟုတ်ဟု ကြားသည်နှင့် သတ္တမအကြီးအကဲ စိတ်အေးသွားသည်။ အာမခံသည်။

"ကူးဖြတ်ခြင်းအဆင့်မဟုတ်ရင် သူ့ကိုနှိပ်ကွပ်ဖို့ ငါ့အတွက် ပြဿနာမရှိပါဘူး"

တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်သည် တိုက်ခိုက်စွမ်းအားကြောင့် နာမည်ကျော်ကြခြင်းဖြစ်သည်။

"ဒီနေရာက စကားပြောလို့မကောင်းဘူး။ မြို့ထဲကိုရောက်မှ ဆွေးနွေးကြတာပေါ့"

မဟာအကြီးအကဲကပြောသည်။

ထိုကိစ္စမျိုး မြို့ဂိတ်တံခါးတွင်ပြောလျှင် မသင့်တော်။ မှော်အစွမ်းဖြင့် သူတို့အသံကိုပိတ်ထားလျှင်ပင် စိတ်မချရ။

ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ဘေးမှဖြတ်သွားရင်း သူတို့စကားကို ကြားသွားနိုင်သည်။

နတ်ဆိုးမဟာမိတ်က သေချာကြိုတင်ပြင်ဆင်ထားသည်။ အဖွဲ့တစ်ခုချင်းစီအတွက် နေရာထိုင်ခင်း စီစဉ်ထားသည်။ မသေမျိုးငါးဂိုဏ်းဝင်ဖြစ်သည့် တာအိုလမ်းစဉ်ဂိုဏ်းအတွက် တည်းခိုခန်းတစ်ခု၏ အထပ်တစ်ထပ်လုံး နေရာပေးထားသည်။

နတ်ဆိုးမြို့တော်ထဲတွင် ပို၍စည်ကားသည်။ အရောင်စုံအသွေးစုံ ကျင့်ကြံသူများ မရေမတွက်နိုင်အောင်ရှိသည်။

နတ်ဆိုးနယ်မြေ၏ နယ်ခံကျင့်ကြံသူများအပြင် အရှေ့ပင်လယ်မျိုးနွယ်မှ ငါးနှင့်တူသည့် ကျင့်ကြံသူများ၊ ရွှေဗုဒ္ဓနိုင်ငံမှ ခေါင်းတုံးဦးပြည်းနှင့် ဘုန်းကြီးများ၊ မြောက်ပိုင်းအေးခဲနယ်မြေမှ အမွှေးထူထူ ဂိုဏ်းမဲ့ကျင့်ကြံသူများလည်း ရှိသည်။

ကျန်းလျန်ယိအကြည့်က ဗုဒ္ဓနိုင်ငံမှ ဘုန်းကြီးတစ်ယောက်ဆီ ခဏရောက်သွားသည်။ ဗုဒ္ဓဝါဒသည် ရှေးဟောင်းမသေမျိုးငါးယောက် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း လုယန်ချက်ချင်းသတိရလာသည်။ ရှေးဟောင်းခေတ်တွင် ဗုဒ္ဓကျင့်ကြံသူဟူ၍ လုံးဝမရှိ။

လုယန်က သိစိတ်အသံလှိုင်းမှ ကျန်းလျန်ယိကို အကျိုးအကြောင်းရှင်းပြသည်။ သိထားသမျှဖြင့် အကြမ်းဖျင်းနားလည်အောင်ပြောသည်။

"ဪ...အဲလိုလား၊ ငါတို့ဖန်တီးခဲ့တဲ့ ပုံပြင်တွေက ကျင့်ကြံမှုလောကမှာ ဒီလောက်ပျံ့နှံ့လာမယ်လို့ မထင်ခဲ့ဘူး"

ကျန်းလျန်ယိ နည်းနည်းအံ့အားသင့်နေသည်။ ရှေးဟောင်းမသေမျိုးလေးယောက် ပုံပြင်များဖန်တီးချိန်တွင် သူနားထောင်ခဲ့သည်။ တစ်ခါတစ်ရံ အားဖြည့်ကူညီခဲ့သည်။ တစ်နည်းအားဖြင့် သူလည်း ဗုဒ္ဓဝါဒတည်ထောင်သူတစ်ယောက်ဟု ဆိုနိုင်သည်။

လုယန် ထပ်ရှင်းပြသည်။

"အချိန်တွေကြာသွားတော့ ရှေးဟောင်းခေတ်ဇာတ်လမ်းတွေက ဒဏ္ဍာရီဖြစ်လာတယ်။ အမှန်အမှား ခွဲခြားဖို့ ခက်ခဲလာတယ်လေ"

အမှားဟူသည့်စကားပင် မမှန်သေး။ ဇာတ်လမ်းများကို ခမ်းခမ်းနားနား ဖြည့်စွက်တန်ဆာဆင်၍ ရှေးဟောင်းခေတ်ပုံပြင်များအဖြစ် ရွေးထုတ်စီစဉ်ထားခြင်းဖြစ်သည်။

တည်းခိုခန်းသို့ရောက်ချိန်ထိ သတ္တမအကြီးအကဲ မနားတမ်းကြွားလုံးထုတ်နေဆဲဖြစ်သည်။

မည်သို့ဆိုစေ ကောင်းကင်ရုံးတော်ဂိုဏ်းသစ်တစ်ယောက်ကို တွေ့ရဖို့ခဲယဉ်းသည်။ ဤတစ်ကြိမ် 'နည်းပြ'နေရာရအောင်ယူဖို့ သူစိတ်ပိုင်းဖြတ်ထားသည်။

"ကျင့်ကြံသူလောကမှာ ငါ့ရဲ့ဆေးပညာကို ဘယ်သူမှမမီဘူးလို့ပြောရင်တောင် မလွန်လောက်ဘူး။ ဆေးဝါးနဲ့ပတ်သက်လို့ တစ်ခုခုလိုအပ်ရင် ငါ့ဆီသာလာခဲ့ပါ"

ပဥ္စမအကြီးအကဲ(ကျိုးရှင်း)ကလည်း အညံ့မခံဘဲ ဝင်ပြောသည်။

"ငါ့ရဲ့လက်နက်သန့်စင်စွမ်းရည်က ထူးခြားတယ်။ ကျင့်ကြံသူလောကမှာ အတော်ဆုံးလို့ပြောရင်တောင် မလွန်ပါဘူး။ မင်းက ဂိုဏ်းဝင်သစ်ဆိုတော့ မှော်ပစ္စည်းလိုအပ်ရင် ငါမင်းအတွက် သန့်စင်ပေးလို့ရပါတယ်"

ကျန်းလျန်ယိနှုတ်ခမ်းတွင် အပြုံးတစ်စပေါ်လာသည်။ ကျိုးရှင်းစကားကြောင့် အတိတ်ကလူတစ်ယောက်ကို သတိရသွားသည်။

"လက်နက်သန့်စင်သူလား။ တိုက်ဆိုင်လိုက်တာ။ ကျင့်ကြံသူလောကမှာ နံပတ်တစ်လို့ကြွေးကြော်တဲ့ လက်နက်သန့်စင်သူတစ်ယောက်ကို ကျွန်မလည်းသိထားတယ်"

ကျိုးရှင်း မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

"အတော်မာန်တက်နေတာပဲ။ တစ်နေ့နေ့မှ သူနဲ့တွေ့ပြီး ဘယ်သူနံပတ်တစ်အစစ်လဲဆိုတာ ပြရဦးမယ်။ ဒါနဲ့...ငါမမေးရသေးဘူး။ မင်းနာမည်က ဘယ်သူလဲ"

"ကျန်းလျန်ယိပါ"

"ကြားဖူးသလိုလိုပဲ"

တတိယအကြီးအကဲ ခေါင်းကုတ်စဉ်းစားနေသည်။

ဗဟုသုတနှံ့စပ်သည့် စာပေကျင့်ကြံသူ စတုတ္ထအကြီးအကဲက ဝင်ပြောသည်။

"ဖီးနစ်မျိုးနွယ်ရဲ့ ဖီးနစ်ဘိုးဘေးနာမည်နဲ့ အတူတူပဲလေ"

ကောင်းကင်ရုံးတော်ဂိုဏ်း၏ အကြီးတန်းအဖွဲ့ဝင်ဖြစ်ည့် သတ္တမအကြီးအကဲက ပညာရှိလေသံဖြင့် ချီးကျူးသည်။

"နာမည်ကောင်းပဲ။ ကံကြမ္မာအယူအဆအရဆို ဖီးနစ်ဘိုးဘေးနဲ့ နာမည်တူရှိနေတာဟာ ဘိုးဘေးရဲ့ ကံကြမ္မာကို ရထားသလိုပဲ။ မင်းရဲ့ကျင့်စဉ်လမ်းမှာ အများကြီးအကျိုးရှိလာလိမ့်မယ်။

နောင်တစ်ချိန် ကူးဖြတ်ခြင်းအဆင့်ကိုရောက်ဖို့တောင် မဖြစ်နိုင်စရာမရှိဘူး"

ကျန်းလျန်ယိ နည်းနည်းတုံ့ဆိုင်းနေသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းမှလူများသည် အလွန်ယုံကြည်စိတ်ချရသည်ဟု မသေမျိုးအမနှင့် အကိုလုက လမ်းတွင်သေချာပြောခဲ့သည်။ ထို့ကြောင့် သူခြုံထားသည့်ပုဝါစကို ဖယ်ရှားလိုက်သည်။ လှပသည့် မျက်နှာအစစ်ပေါ်လာသည်။

"ဖီးနစ်ဘိုးဘေး"

မဟာအကြီးအကဲ ချက်ချင်းမျက်လုံးပြူးသွားသည်။ ထိန်းချုပ်မရအောင် တုန်လှုပ်နေသည်။ အလန့်တကြားအော်ဟစ်ပြီးနောက် ခြေသုံးလှမ်းဆုတ်သွားသည်။

သူငယ်စဉ်က ဖီးနစ်မျိုးနွယ်သို့ခိုးဝင်၍ ရှေးဟောင်းဂူသင်္ချိုင်းသို့ ခိုးဝင်၍ ဖီးနစ်ဘိုးဘေးကျောက်ရုပ်ကို မြင်ဖူးသည်။

မျိုးနွယ်စုံတို့၏ ဂူသင်္ချိုင်းများသို့ ကန်ထန် လွတ်လပ်စွာဝင်ရောက်နိုင်ခဲ့သည်မှာ မဟာအကြီးအကဲပေးခဲ့သည့် မြေပုံများ အတွေ့အကြုံများ၏ကျေးဇူးကြောင့်လည်းပါသည်။

သတ္တမအကြီးအကဲက မဟာအကြီးအကဲကို အလိုမကျဟန်ဖြင့် လှည့်ကြည့်သည်။

"သိပါတယ်။ သူနဲ့ဖီးနစ်ဘိုးဘေး နာမည်တူတယ်ဆိုတာသိတယ်"

"သူက ဖီးနစ်ဘိုးဘေးကွ။ ဖီးနစ်မျိုးနွယ်မှာ သူ့ရုပ်ထုကို ငါမြင်ဖူးတယ်"

သတ္တမအကြီးအကဲ အော်ဟစ်ရယ်မောသည်။

"အကိုကြီးက တကယ်နောက်တတ်တာပဲ"

ထို့နောက် ချက်ချင်းမျက်ခွံလန်၍ ကြမ်းပေါ်လဲကျပြီး သတိလစ်သွားသည်။ အံ့ဩတုန်လှုပ်မှုကြောင့်ဖြစ်သည်။

ခုနက သူဘာတွေပြောခဲ့မိသနည်း။ ဖီးနစ်ဘိုးဘေးက ကျင့်စဉ်ပြဿနာကြုံနေ၍ သူ့ဆီအကူအညီတောင်းခဲ့သည်။

ခဏအကြာတွင် သတ္တမအကြီးအကဲ ပြန်သတိလည်လာသည်။ သူ့မျက်နှာတွင် အံ့ဩရိပ်ပြည့်နေသည်။ အိပ်မက်မက်နေသည်ဟုထင်၍ သူ့ပါးသူ နှစ်ချက်ရိုက်ကြည့်သည်။

"ဖီးနစ်ဘိုးဘေးက လူပြန်ဝင်စားပြီး ကျင့်စဉ်အသစ်ပြန်စတာလား"

မဟာအကြီးအကဲ စကားလုံးကို သေချာသတိထား‌၍ မေးသည်။ အသက်ပင်ရဲရဲမရှူရဲ။

လီဟော်ရန်ကြောင့် လူဝင်စားအယူအဆကို သူသိခဲ့ရသည်။

"ဘာလူဝင်စား ဘာကျင့်စဉ်ပြန်စတာမှ ကျွန်မကြားဖူးပါဘူး။ ကျွန်မက ရှင်ပြောနေတဲ့ ဖီးနစ်ဘိုးဘေးပါပဲ။ လျှို့ဝှက်မြေတစ်ခုမှာ အိပ်ပျော်နေခဲ့တာ။ ပြီးခဲ့တဲ့ရက်ပိုင်းက အကိုလုယန် ကျွန်မကို နှိုးခဲ့တယ်။

ပြာပုံကနေ ပြန်မွေးဖွားပြီး သေမျိုးလောကကို ကျွန်မပြန်လာတာပါ"

မဟာအကြီးအကဲ မင်သက်မိသွားသည်။ ဒဏ္ဍာရီပုဂ္ဂိုလ် ဖီးနစ်ဘိုးဘေး...

ထိုပုဂ္ဂိုလ်ကြီးကို လုယန် ဘယ်နေရာက သွားတူးဖော်ခဲ့သနည်း။

ကောင်းကင်ရုံးတော်ဂိုဏ်းထဲသို့ပင် သွတ်သွင်းစည်းရုံးခဲ့သည်။

...မင်းက မင်းဆရာထက် အများကြီး ပိုသာတာပဲ။ ညီကိုးက နေ့တိုင်း အပြင်ထွက်ပြီး လိမ်ညာလှည့်ပတ်တယ်။ ဒါပေမယ့် သူ့နည်းလမ်းတွေက မင်းလောက်ဉာဏ်မပါဘူး။

ဂိုဏ်းပြန်ရောက်ရင် မင်းကို ညီကိုးရဲ့ဆရာအဖြစ်သတ်မှတ်ပေးမယ်..

"ခဏနေပါဦး။ ခုနက လုယန်ကို ခင်ဗျားဘယ်လိုခေါ်လိုက်တယ်..."

လုယန် ချက်ချင်းစကားပိတ်ပြော၍ ထိုအကြောင်းအရာကို တားဆီးလိုက်သည်။

"ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။ အကြီးအကဲလျန်ယိက မှားပြောမိတာပါ"

သတ္တမအကြီးအကဲ ကျန်းလျန်ယိကိုကြည့်၍ တုန်လှုပ်နေသည်။

...ဒါဆို အကြပ်အတည်းကြုံနေတဲ့အဆင့်ဆိုတာ မသေမျိုးတစ်ဝက်အဆင့်ပေါ့...

"ခုနက၊ ခင်ဗျားကျော်လို့မရတဲ့ လူတစ်ယောက် ခင်ဗျားရှေ့မှာရှိနေတယ်လို့ ပြောခဲ့တယ်။ အဲဒါဘယ်သူလဲ"

"ချီလင်မသေမျိုးလေ။ ဒီနေ့ခေတ်လူတွေခေါ်တာတော့ နတ်ဆိုးမသေမျိုးပေါ့"

သတ္တမအကြီးအကဲ "..."

...ခုနက ကူးဖြတ်ခြင်းအဆင့်မဟုတ်ရင် ဘယ်သူမဆို ငါဖြိုချနိုင်ပါတယ်လို့ ပြောမိခဲ့သေးလား...

ကျိုးရှင်းလည်း မျက်နှာပျက်နေသည်။ သူလည်းခုနက ရဲတင်းသည့်စကားတစ်ချို့ ပြောခဲ့မိသည်။

"လက်နက်သန့်စင်ပညာမှာ နံပတ်တစ်လို့ ကြွေးကြော်တဲ့လူကိုသိတယ်လို့လည်း ခုနက ပြောလိုက်သလားလို့။ သူက ဘယ်သူလဲ"

"ယင်ထန်မသေမျိုးပါ"

ကျိုးရှင်း အသက်ရှူကြပ်သွားသည်။

တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲက အသံတိတ်နေသည်။ ခုနက ဘာမှမပြောမိခဲ့သဖြင့် စိတ်သက်သာရာရနေကြသည်။

"ဒါဆို ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ခင်ဗျားရာထူးကဘာလဲ"

"ကောင်းကင်ရုံးတော်ရဲ့တော်ဝင်ကာကွယ်သူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တောင်ဝင်ရိုးစွန်းဖီးနစ်အင်ပါယာအရှင်မပါ"

အကြီးအကဲငါးယောက်လုံး အံ့ဩမင်သက်မိနေသည်။

အသိအမြင်ကျယ်ဖို့ နတ်ဆိုးနိုင်ငံတည်ပွဲတော်သို့ သူတို့လာလည်ကြသည်။ သို့သော် အမြင်ကျယ်ရလွန်းနေသည်။

*****************************

All Chapters