စွမ်းအားကြီးအောင်ကြိုးစားရခြင်း
Vol. 41 Ch. 603
တောင်ဝင်ရိုးစွန်းဖီးနစ်အင်ပါယာအရှင်မဆိုသည့်နာမည်ကို ဆရာတပည့်သုံးယောက်ပေါင်း၍ စဉ်းစားထားခြင်းဖြစ်သည်။
'တောင်ဝင်ရိုးစွန်း'ဆိုသည့် ရှေ့ဆက်နာမည်ကို နတ်မယ်က ပေးသည်။ 'ဖီးနစ်'ဆိုသည့်စကားက လုယန်စိတ်ကူးဖြစ်သည်။ တိကျန်းဘိုးဘေးက သူ့ကိုယ်သူ အင်ပါယာဟု သမုတ်ထားသဖြင့် ကျန်းလျန်ယိက ထိုထက်နိမ့်သည့် ဘွဲ့အဆင့်အတန်းမျိုးကို လက်မခံလို။ ထို့ကြောင့် 'အင်ပါယာအရှင်မ'ဆိုသည့် ဘွဲ့နာမည်ကိုရွေးသည်။
အကြီးအကဲငါးယောက်သည် ခရီးမထွက်မီက ရှေးဟောင်းခေတ်ကတည်းကရှင်သန်နေထိုင်ခဲ့သည့် မသေမျိုးတစ်ဝက် အဆင့်မြင့်ပုဂ္ဂိုလ် ဒဏ္ဍာရီတိကျန်းဘိုးဘေးကို ကိုယ်တွေ့မြင်ရဖို့ မျှော်လင့်ခဲ့ကြသည်။
ပွဲတော်စဖို့ သုံးလေးရက်လိုသေးသည်။ လုယန်ကို နတ်ဆိုးမြို့တော်သို့ လောကအတွေ့အကြုံရဖို့ သွားခေါ်လိုက်သည်။
မျက်တောင်တခတ်အတွင်း ထင်မှတ်မထားသည့် အပြောင်းအလဲကြီးဖြစ်လာသည်။
ဖီးနစ်ဘိုးဘေးက ကောင်းကင်ရုံးတော်ဂိုဏ်းသို့ဝင်လာသည်။ တော်ဝင်ကာကွယ်သူတစ်ယောက်ပင် ဖြစ်လာသေးသည်။
ကောင်းကင်ရုံးတော်သည် ယုံတမ်းစကားမဟုတ်ဘဲ ရှေးဟောင်းခေတ်တွင် တကယ်ရှိခဲ့လေသလော...
သူတို့ကောင်းကင်ရုံးတော်ဂိုဏ်းသည် တကယ်ရှေးဟောင်းအဖွဲ့အစည်းလော...
လောကအနှံ့ခြေဆန့်၍ အံ့ဖွယ်အမျိုးမျိုး မြင်ဖူးခဲ့ကြသော်လည်း မသေမျိုးတစ်ဝက်တစ်ယောက်ကိုတော့ အကြီးအကဲငါးယောက် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
အနီးကပ်တွေ့ရခြင်းဖြစ်သည်။
အကြီးအကဲငါးယောက် အလွန်အကျွံစိတ်မပူပန်စေလိုသည့်သဘောဖြင့် ကျန်းလျန်ယိက လက်တစ်ဘက်မြှောက်သည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းရှင်သန်ရပ်တည်ဖို့ အကြီးအကဲတို့ရဲ့ ထောက်ပံ့မှု လိုအပ်ပါသေးတယ်"
"ဒီလိုဂုဏ်ထူးမျိုး ကျုပ်တို့မခံယူဝံ့ပါဘူး"
ကျန်လျန်ယိသရုပ်မှန်ကို မသိမီက သူတို့ကိုယ်သူတို့ အကြီးအကဲများအဖြစ် ကြွေးကြော်နိုင်ပါသည်။ ယခု သိပြီးဖြစ်၍ ထိုမျှအဆင့်မြင့်သည့်ပုဂ္ဂိုလ်ရှေ့တွင် ထိုဂုဏ်ထူးမျိုး ဘယ်လိုခံယူရဲမည်နည်း။
လုယန်၏သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က ထိုမြင်ကွင်းကိုကြည့်၍ သဘောအကျကြီးကျပြီး မြေပြင်တွင်လူးလှိမ့်ရယ်မောနေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့မြင်ချင်တာ အဲလိုအမူအရာမျိုးပဲ။ အရင်က လျန်ယိရယ်၊ ရှောင်လင်းရယ်၊ ငါရယ် ဒီလိုပဲရုပ်ဖျက်ပြီး လေလံပွဲလိုနေရာတွေကို သွားခဲ့ကြတာ ဒီလိုအမူအရာတွေကို အရသာခံပြီး ကြည့်ချင်လို့ပေါ့"
လုယန် "..."
ကျန်းလျန်ယိနှင့်အကြီးအကဲငါးယောက် စကားပြောနေချိန်တွင် လုယန်က စေတနာဖြင့် ကျန်းလျန်ယိသရုပ်မှန်ကိုပြောပြဖို့ အကြိမ်ကြိမ်ကြိုးစားသည်။ သို့သော် နတ်မယ်က တားခဲ့သည်။
ယခုမှ အကြောင်းရင်းက ရှင်းသွားသည်။
...အကြီးအကဲလျန်ယိက ခင်ဗျားရဲ့ အမည်မခံတဲ့တပည့် သိပ်ပီသတာပဲ။ အတိတ်က ခင်ဗျားနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို သူမေ့နေတာတောင် အကြီးအကဲတွေ ဒီလိုအမူအရာမျိုးပေါ်လာအောင် လုပ်နိုင်တယ်...
...ဒါက ဗီဇသိစိတ်လား အသွေးအသားမှတ်ဉာဏ်မျိုးလား....
နတ်မယ် ခန္ဓာကိုယ်တစ်ပတ်လှည့်ပြီး မြေပြင်မှခုန်ထ၍ ဖုန်ခါသည်။ ဒုလက်ထောက်ကို ကျင့်ကြံမှုနှင့်ပတ်သက်၍ လေးလေးနက်နက်ဩဝါဒပေးသည်။
"နင်မြင်ပြီလား၊ ပိုစွမ်းအားကြီးဖို့ကြိုးစားရတဲ့ရည်ရွယ်ချက်က အဲဒါပဲ"
မသေမျိုး၏ဩဝါဒကို နားထောင်၍ လုယန် နက်နက်နဲနဲစဉ်းစားသည်။
'ငါ့စိတ်ဓာတ်ကို အခုထိပြည့်စုံအောင် မကျင့်ကြံရသေးပါလား။ ဒီနေ့အထိ မသေမျိုးတစ်ယောက်ရဲ့ လှည့်စားမှုတွေထဲ အလွယ်တကူ မျောပါသွားတုန်းပဲ။ လေးနက်တဲ့သဘောတရားတစ်ခုခု နတ်မယ်ပြောလာနိုင်တယ်လို့ ငါယုံကြည်နေတုန်းပဲလား'
ရှေးခေတ်ဒဏ္ဍာရီပုဂ္ဂိုလ်နှင့် ကြုံကြိုက်နေသဖြင့် တတိယအကြီးအကဲက မေးခွန်းတစ်ခုမေးသည်။
အခုတလော သူဇွဲကောင်းကောင်းဖြင့် စာဖတ်နေသည်။ ဗဟုသုတတိုးတက်ဖို့ ကြိုးစားနေသည်။ လူရှေ့သူရှေ့ထွက်လျှင် အရှက်မရချင်သောကြောင့်ဖြစ်သည်။
"ကျုပ်ဖတ်တဲ့စာအုပ်တွေမှာ ယင်ထန်မသေမျိုးက သူများမိန်းမတွေကို သဘောကျတယ်။ လက်ထပ်ပြီး မျိုးပွားရတာကြိုက်တယ်။ မိန်းမပေါင်းများစွာကို ကိုယ်ဝန်တည်စေခဲ့တယ်တဲ့။ အဲဒါအမှန်ပဲလား"
ကျန်းလျန်ယိ "..."
ဘယ်လိုကောလဟာလကြီးလဲ...ကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန် ဒုက္ခရောက်မှာ မကြောက်ကြဘူးတဲ့လား...
တစ်ခြားအကြောင်းများကို ဘေးဖယ်ထားဦး။ မသေမျိုးများ ထိုမျှလွယ်လွယ်မျိုးပွားနိုင်လျှင် သူ့ယောက်ျားချီလင်၏ကလေးကို ဟိုအရင်ကတည်းက သူချီခဲ့ရပေလိမ့်မည်။
ကျန်းလျန်ယိ ညင်သာစွာခေါင်းခါသည်။
"ယင်ထန်မသေမျိုးက ကာမဂုဏ်ရှောင်ကြဉ်ပြီး တစ်ကိုယ်တော်ကျင့်ကြံတာပါ။ ဒီလိုအကြိုက်မျိုးမရှိပါဘူး"
"ပြီးတော့ သေခြင်းရှင်ခြင်းနဲ့ ပြန်ဝင်စားခြင်းကို လွှမ်းမိုးပြီး သက်ရှိအားလုံးရဲ့ သက်တမ်းကိုဆုံးဖြတ်တဲ့ ငရဲကိုးထပ်ဆိုတာ ရှေးဟောင်းခေတ်မှာ ရှိခဲ့တယ်လို့ကြားတယ်။
ဒါဟာ ကိုးငရဲဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ဂိုဏ်း လက်တွဲပြီးနောက်မှာ နောက်ဆုံးလက်ခံထားတဲ့ဝါဒယုံကြည်ချက်ပဲ"
"မဟုတ်ပါဘူး။ ရှေးဟောင်းခေတ်မှာ ငရဲကိုးထပ်တို့ လူဝင်စားသံသရာတို့ လုံးဝမကြားဖူးဘူး။ လူတွေက မီးအိမ်ငြိမ်းသလိုပဲ သေကြတယ်။ သေပြီးဘဝကူးတယ်ဆိုတာ မရှိဘူး"
"ဗုဒ္ဓဝါဒကရော။ ရှေးဟောင်းခေတ်ကတည်းက ဗုဒ္ဓဘာသာရှိနေပြီလို့ ကျမ်းစာတွေမှာပြောတယ်။ ကြယ်ကမ္ဘာတွေအနှံ့ မရေမတွက်နိုင်တဲ့ယုံကြည်သူတွေ ပျံ့နှံ့ခဲ့တယ်။ ရှေးဟောင်းခေတ်ရဲ့ အဓိကအင်အားစုတစ်ခုပဲတဲ့။ ဗုဒ္ဓဟာ မသေမျိုးတစ်ယောက်နဲ့ တစ်တန်းတည်းရပ်တည်တယ်လို့ ပြောတယ်"
ကျန်းလျန်ယိ ဆက်ခေါင်းခါသည်။
"မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒဟာ ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တာမှန်တယ်။ မသေမျိုးလေးယောက်လုံး ဗုဒ္ဓဝါဒရေးရာတွေမှာ ပါဝင်ခဲ့တယ်။ ပထမတန်းစားအင်အားစုတစ်ခုပဲ။
ဒါပေမယ့် ရှင်ထင်သလိုပုံစံမျိုးနဲ့ ရှိခဲ့တာမဟုတ်ဘူး"
"မသေမျိုးတစ်ဝက်အဆင့်ဖြစ်တဲ့အချိန် ခင်ဗျားနဲ့ နဂါးဘိုးဘေး အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်။ ကောင်းကင်မှာ ဥက္ကာပျံတွေ ပြည့်နေပြီး ကြယ်တွေ အမှုန့်ဖြစ်သွားတယ်။
ကူးဖြတ်ခြင်းအဆင့်တွေတောင် အနီးကပ်မကြည့်ရဲဘူး။ ခင်ဗျားက ပြာပုံကပြန်မွေးဖွားတဲ့ပညာကိုသုံးပြီး မီးတောက်ကြားကနေ ပြန်မွေးဖွားလာတယ်။ ဖီးနစ်အော်သံက စကြာဝဠာတစ်ခွင် ပဲ့တင်ထပ်သွားတယ်တဲ့"
"အဲဒါအမှန်ပါပဲ"
ထိုအချက်ကိုတော့ ကျန်းလျန်ယိ အတည်ပြုသည်။ သူ့မျက်နှာက လေးနက်တည်ကြည်သည်။ ထို့နောက် ကမ္ဘာတုန်ခဲ့သည့်စစ်ပွဲကို ပြန်သတိရလာသကဲ့သို့ သူအတွေးနစ်သွားသည်။
ထို့နောက် သက်ပြင်းလေးပင်စွာချသည်။ အတိတ်ကို ပြန်မသွားနိုင်သည့်အဖြစ်ကို ဝမ်းနည်းနေဟန်ရှိသည်။
အကြီးအကဲငါးယောက် မင်သက်မိနေကြသည်။ ကျန်းလျန်ယိသက်ပြင်းချသံထဲမှ သမိုင်း၏လေးနက်မှုကို ခံစားမိကြသည်။
ထိုအထီးကျန်မှုမျိုးကို တစ်ခြားဘယ်သူမှ မျှဝေခံစားနိုင်မည်မဟုတ်။
ကျန်းလျန်ယိ အတွေးနက်နေရာမှ အသိပြန်ဝင်လာပြီးမေးသည်။
"ကျွန်မက အခုမှနိုးလာတာဆိုတော့ လက်ရှိကျင့်ကြံမှုလောကအကြောင်း မသိသေးဘူး။ ကျွန်မ ရှင်တို့ဆီက စုံစမ်းချင်တာရှိတယ်"
"ပြောပါ အကြီးအကဲကျန်း၊ ကျုပ်တို့သိတာမှန်သမျှ အကုန်ဖြေပါ့မယ်"
"ကျွန်မယောက်ျား နတ်ဆိုးမသေမျိုး ဘယ်နေရာမှာ ရှိနိုင်လဲဆိုတာသိလား"
ငါးယောက်လုံး ပြိုင်တူခေါင်းခါသည်။
"ဒါတော့ မသိပါဘူး အကြီးအကဲကျန်း"
နတ်ဆိုးမသေမျိုးသည် အလွန်လျှို့ဝှက်ဆန်းကျယ်သည့် စွမ်းအားရှင်ဖြစ်သည်။ သူရှိနိုင်သည့်နေရာမပြောနှင့်။ ဘာသဲလွန်စမှမရှိ။
...နေဦး၊ ခုနက နတ်ဆိုးမသေမျိုးကို 'ကျွန်မယောက်ျား'လို့ ခင်ဗျားပြောလိုက်တာလား။
အကြီးအကဲငါးယောက် ကျန်းလျန်ယိကို မယုံနိုင်ဟန်ဖြင့်ကြည့်သည်။
နတ်ဆိုးမသေမျိုးနှင့် ဖီးနစ်ဘိုးဘေးတို့ ထိုပတ်သက်မှုမျိုး ရှိနေသလော...
ရှေးဟောင်းမဟာနတ်ဆိုးတစ်ယောက်၏ အသိဗဟုသုတက ကျယ်ပြန့်လွန်းသည်ထင်သည်။
တစ်ခွန်းပြောလိုက်တိုင်း ငါးယောက်လုံး ဦးနှောက်များချာလပတ်ရမ်းသွားသည်။
ကန်ထန်ကတော့ ပုံစံမပျက်။ သားရေချပ်စီးနေစဉ်က ကျန်းလျန်ယိ ထိုကိစ္စ သူ့ကိုပြောထားသည်။ သူစကြားစဉ်ကလည်း သားရေချပ်ပေါ်မှ ပြုတ်ကျမတတ်ဖြစ်ခဲ့သည်။
ကျန်းလျန်ယိက အကဲစမ်း၍မေးခြင်းသာဖြစ်သည်။ ချီလင်းအကြောင်းသတင်းမရသော်လည်း သူမအံ့ဩလှ။
"နဂါးမျိုးနွယ်ဆီမှာ စုံစမ်းရတော့မယ်ထင်တယ်"
ဤနေရာတွင် အဓိကအင်အားစုမျိုးစုံ စုဝေးနေသည်။ နတ်ဆိုးနယ်မြေနဂါးမျိုးနွယ်နှင့် အရှေ့ပင်လယ်နဂါးမျိုးနွယ်လည်းပါသည်။
"တူတော်မုန်၊ မင်းဒီမှာရှိနေတယ်လို့ကြားတယ်"
ခြေသံနှင့်အတူ ကျယ်လောင်သည့်ရယ်မောသံက တံခါးအပြင်ဘက်မှ ပေါ်လာသည်။ ချုန်းချီမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။
နတ်ဆိုးမြို့တော်ထဲတွင် မုန်ကျင်းကျိုးကိုမြင်လျှင် ချက်ချင်းအသိပေးဖို့ သူ့လက်ထောက်များကို ညွှန်ကြားထားခဲ့သည်။
လက်ထောက်တစ်ယောက်က မုန်ကျင်းကျိုး တည်းခိုခန်းသို့သွားသည်ကိုတွေ့သည်။
မုန်ကျင်းကျိုးဘေးတွင် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲငါးယောက် အတူပါလာသဖြင့် လူမှားစရာအကြောင်းမရှိ။
မုန်ကျင်းကျိုးရောက်ပြီးဟုကြားသည်နှင့် တာအိုလမ်းစဉ်ဂိုဏ်းအတွက် စီစဉ်ထားသည့် တည်းခိုခန်းသို့ ချုန်းချီခေါင်းဆောင် ချက်ချင်းလာခဲ့သည်။
ချုန်းချီမျိုးနွယ် ငွေချေးနိုင်ခဲ့သဖြင့် သူအတော်ပျော်နေသည်။
ငွေချေးဖို့ကိစ္စ မုန်မိသားစုခေါင်းဆောင်ကို သူပြောပြီးနောက် တစ်ဘက်က ချက်ချင်းသဘောတူခဲ့သည်။
ထိုကိစ္စတွင် မုန်ကျင်းကျိုး စကားကောင်းပြောပေးထားသည့်ကျေးဇူးကို မေ့ထား၍မရ။
သူချက်ချင်းလှုပ်ရှားသည်။
စင်္ကြံလမ်းအလယ်ရှိ ဧည့်ခန်းဆောင်ထဲမှ မုန်ကျင်းကျိုးအသံကိုကြားသဖြင့် ချက်ချင်းတံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်။
"တို့ချုန်းချီမျိုးနွယ် ဝိညာဉ်ကျောက်တွေ ချေးနိုင်ခဲ့တာ မြင့်မြတ်တဲ့ တူတော်မုန်ရဲ့ ကျေးဇူးကြောင့်ပါပဲ"
ထို့နောက် ဇာပဝါဖုံးမထားသဖြင့် ဧည့်ခန်းထဲတွင်ထူးခြားထင်ပေါ်နေသည့် ကျန်းလျန်ယိကို သူမြင်သွားသည်။
မျက်လုံးချင်းဆုံသည်။
ချုန်းချီခေါင်းဆောင် အသံတိတ် နောက်ဆုတ်သွားသည်။ ဧည့်ခန်းတံခါးမှထွက်ပြီး တံခါးကိုပိတ်သည်။
ကျန်းလျန်ယိက လက်ညှိုးကိုကွေး၍ ပြန်ခေါ်သည်။ တံခါးပွင့်သွားသည်။
မမြင်နိုင်သည့်အားလှိုင်းတစ်ခုက ချုန်းချီခေါင်းဆောင်ကို ဧည့်ခန်းထဲ ပြန်ဆွဲခေါ်လာသည်။ လုံးဝခုခံနိုင်စွမ်းမရှိ။
ချုန်းချီခေါင်းဆောင် တစ်ခြားဘာမှမပြော။ မျက်လုံးမှိတ်၍ လက်မြှောက်အညံ့ခံသည်။
"စည်းမျဉ်းတွေကို ကျုပ်နားလည်ပါတယ်။ ဒီနေ့ ကျုပ်ဘာမှမမြင်ဘူး။ ဘာမှမသိပါဘူး။ ကျုပ်အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ် အကြီးအကဲကျန်း"
ကျန်းလျန်ယိ ခဏအသံတိတ်သွားသည်။
သူမှတ်မိသလောက် ချုန်းချီမျိုးနွယ်သည် အမြဲတမ်း စိတ်ဓာတ်မာကျောခဲ့သည်။
နှစ်သုံးသိန်းအတွင်း အရာအားလုံး ထိုမျှပြောင်းလဲသွားလေသလော...
မုန်ကျင်းကျိုးလည်း တွေးမရဖြစ်နေသည်။ ချုန်းချီမျိုးနွယ်မှ ထွက်လာပြီးကတည်းက နတ်ဆိုးနယ်မြေတွင်သာ ရှိခဲ့သည်။ သူ့အိမ်ကို ငွေချေးဖို့ကိစ္စ ဘာမှသတင်းမပို့ရသေး။
***************************************