ညီအကိုကောင်း
Vol. 41 Ch. 604
တစ်ခြားနတ်ဆိုးမျိုးနွယ်ဝင်များ ကျန်းလျန်ယိကို မမှတ်မိချင်နေမည်။ ချုန်းချီခေါင်းဆောင်အနေဖြင့် မမှတ်မိစရာအကြောင်းမရှိ။
နတ်ဆိုးမသေမျိုး၏ ပန်းချီပုံများထဲတွင် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးသည် နတ်ဆိုးမျိုးနွယ်တွင် အားအကြီးဆုံး အလေးစားရဆုံး ပုဂ္ဂိုလ်များဖြစ်သည်။
နတ်ဆိုးမျိုးနွယ်တွင် သူတို့အဆင့်အတန်းက မြင့်မားသည်။
တိကျန်းဘိုးဘေး နာမည်ကျော်ပါသည်။ သို့သော် သူတို့ကိုတော့ မယှဉ်နိုင်သေး။
မသေမျိုးအဆင့်တက်တိုက်ပွဲများတွင် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့ ပါဝင်ခဲ့သည်။ ကျရှုံးခဲ့သည့်တိုင် သူတို့ဂုဏ်အဆင့်အတန်းက ကျန်နေခဲ့သည်။
တိကျန်းဘိုးဘေးသည် မသေမျိုးအဆင့်တက်တိုက်ပွဲမျိုးတွင် ပါဝင်ဖို့ပင် အရည်အချင်းမမီခဲ့။
ကွဲပြားခြားနားချက်က သိသာနေသည်။
ချုန်းချီဘိုးဘေးငယ်(ကျင်းချိုင်ဝေ)ရှိနေလျှင် ချုန်းချီခေါင်းဆောင် ယခုလိုအသနားခံနေမည်မဟုတ်။
ပြဿနာက လောလောဆယ် အားကိုးနောက်ခံ မရှိခြင်းဖြစ်သည်။
တိကျန်းဘိုးဘေး နန်းတက်မည့်အကြောင်းကြားသော်လည်း ဘိုးဘေးငယ်က သွားကြည့်ဖို့ပင် စိတ်မဝင်စားခဲ့။
ယခု ရှေးဟောင်းခေတ်မဟာနတ်ဆိုး ကျန်းလျန်ယိနှင့် သူပက်ပင်းတိုးသည်။ သူဘာကြောင့် ထိုမျှရဲတင်းခဲ့သည်မသိ။ ကျန်းလျန်ယိ သူ့ကို မြန်မြန်အဆုံးသတ်ပေးဖို့သာ မျှော်လင့်သည်။
ထို့ပြင် ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေကြားမှ ပြဿနာက ချီလင်မသေမျိုးနှင့် ပတ်သက်နေသည်။ အိမ်တွင်းရေးပြဿနာဖြစ်သည်။ သို့မဟုတ် မယားကြီးမယားငယ်ပြဿနာဖြစ်သည်။
ထိုကိစ္စထဲ မဆီမဆိုင် သူဘာကြောင့် ကြားညပ်ရသနည်း။
ချုန်းချီမျိုးနွယ်သည် အလွန်ဆင်းရဲကြသည်။ သူသည် ချုန်းချီမျိုးနွယ်ခေါင်းဆောင်ဖြစ်၍ အသက်ရှင်ရပ်တည်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိသည်။
ရက်စက်ရမည့်အချိန် ရက်စက်မည်။ အညံ့ခံရမည့်အချိန် အညံ့ခံမည်။
ချုန်းချီခေါင်းဆောင် သက်ပြင်းကျိတ်ချသည်။ ကျင်းချိုင်ဝေစကား မှန်သည်။
ဤမဟာကပ်၏ စွမ်းအားပြိုင်ဆိုင်မှုသည် ထင်ထားသည်ထက်ပိုရှုပ်ထွေးသည်။
ဖီးနစ်ဘိုးဘေးပင် လူမသိသူမသိ ပြန်ရှင်သန်လာသည်။ ဖီးနစ်ဘိုးဘေးနောက်တွင် ချီလင်မသေမျိုးရှိသည်။ သူတို့ချုန်းချီမျိုးနွယ်အနေဖြင့် ထိပ်တန်းနေရာရဖို့ ဘယ်လိုမှန်းဆနိုင်မည်နည်း။
...မဟုတ်သေးဘူး။ ငါတို့ချုန်းချီတွေ ချီလင်မသေမျိုးနဲ့ မဟာမိတ်ဖွဲ့လိုက်ရုံပဲမဟုတ်လား...
ထိုအတွေးဝင်လာသည်နှင့် သူ့ခေါင်းထဲ အားလုံးရှင်းလင်းသွားသည်။ တောက်ပသည့်အနာဂတ်ကို သူမြင်ရသည်။
အချိန်ခဏတာအတွင်း သူ့ခေါင်းထဲ အတွေးများစွာဖြစ်ပေါ်နေသည်ကို ကျန်းလျန်ယိမသိ။
ဤချုန်းချီမျိုးနွယ်ကို သူမကြည့်ချင်တော့။
အစက တွေ့သည့်ချုန်းချီတစ်ယောက်ကို ဖမ်းချုပ်ပြီး ဒေါသဖွင့်ထုတ်ဖို့ စိတ်ကူးခဲ့သည်။ ယခု ချုန်းချီခေါင်းဆောင်က အပိုးကျိုးလွန်းနေသည်။ ထိုလူမျိုးကို ဆုံးမရလျှင် စိတ်ကျေနပ်မှုရမည်မဟုတ်။ ငြီးငွေ့စရာသာဖြစ်မည်။
(**အတိတ်က ကျင်းချိုင်ဝေနှင့် ချီလင်မသေမျိုးကိစ္စကို အခဲမကြေသေးသဖြင့် ချုန်းချီများကိ သူအမြင်ကပ်နေခြင်းဖြစ်သည်)
"ငါ့မျက်လုံးထဲကိုကြည့်ပါ"
ကျန်းလျန်ယိစကားက မှော်စွမ်းအားတစ်မျိုးပါပုံရသည်။ ချုန်းချီခေါင်းဆောင် အမိန့်အတိုင်းနာခံသည်။
မျက်လုံးချင်းဆုံသည်နှင့် ချုန်းချီခေါင်းဆောင် မူလအသွင်ပြောင်းသွားသည်။ အစင်းကြောင်းများနှင့် ခံ့ညားထည်ဝါသည့်ကျားပျံက ကျယ်ပြန့်သည့် သီးခြားလေဟာနယ်ထဲ ရောက်သွားသည်။
ကျန်းလျန်ယန်စကားသံက အထက်မှပဲ့တင်ထပ်၍ထွက်လာသည်။
"ငါနဲ့တွေ့တဲ့အကြောင်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ဘယ်သူ့ကိုမှ နင်မပြောရဘူး"
ချုန်းချီခေါင်းဆောင် အသိပြန်ဝင်လာချိန်တွင် ဧည့်ခန်းထဲသို့ ပြန်ရောက်နေကြောင်း သိရသည်။ ဖြစ်သွားသည့်အခြေအနေက အိပ်မက်နှင့်တူသည်။
"အကြီးအကဲလျန်ယိ ဘာလုပ်လိုက်တာလဲ"
လုယန်က နတ်မယ်ကိုမေးသည်။
အပြင်လူများအမြင်တွင် ချုန်းချီခေါင်းဆောင် ခဏငေးကြောင်သွားရုံသာဖြစ်သည်။
ကျန်းလျန်ယိက စွမ်းအားတစ်မျိုးသုံးလိုက်သည်ဟု လုယန်ထင်သည်။
"ဒါက အားအကြီးဆုံးရှင်သန်မှုအရိယဖလလေ။ ကိုယ်အနိုင်ယူထားတဲ့လူရဲ့ ပြောစကားတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သူ့အကြောင်းတွေထုတ်မပြောဖို့ ကျားပေါက်လေးကို ကျိန်ဆိုခိုင်းလိုက်တဲ့သဘောပါပဲ"
ပုံမှန်ဆိုလျှင် ချုန်းချီခေါင်းဆောင်နှင့် ကျန်းလျန်ယိနှင့် အရင်ဆုံးတိုက်ခိုက်ရမည်ဖြစ်။ သို့သော် သူတို့နှစ်ယောက်၏ ကျင့်စဉ်အဆင့်က ကွာခြားလွန်းသဖြင့် ကျန်းလျန်ယိက အရိယဖလစွမ်းအားကို တိုက်ရိုက်သုံးနိုင်ခြင်းဖြစ်သည်။
"ဒီစွမ်းအားမျိုး အရင်က သူခဏခဏသုံးတယ်"
"ဘာလို့လဲ"
လုယန် တွေးမရအောင်ဖြစ်သွားသည်။
ရှင်းပြဖို့ခက်သည့်အကြောင်းအရာဖြစ်၍ နတ်မယ်ခေါင်းစောင်း၍ အတော်ကြာအောင် စဉ်းစားနေသည်။
"ချီလင်မသေမျိုးက မကြာခဏခိုးထွက်ပြီး နတ်ဆိုးမျိုးနွယ်က နတ်ဆိုးမတွေနဲ့ ပလူးပလဲလုပ်တယ်မဟုတ်လား။ အစပိုင်းမှာ လျန်ယိက ခပ်တင်းတင်းမေးလိုက်တာနဲ့ ချီလင်က ကိစ္စအားလုံး တစ်ခုမကျန်ဝန်ခံတယ်။
နောက်ပိုင်းကျတော့ ယင်ထန်က ချီလင်ကို သင်ပြတယ်။ မသေမျိုးတစ်ယောက်ဟာ ပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ အလောတကြီးမလုပ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြေရှင်းသင့်တယ်တဲ့။
ချီလင်ကလည်း သေချာသင်ယူတယ်။ အဲဒီ့အချိန်ကစလို့ လန်ယိ သူ့ကိုအစ်အောက်မေးတိုင်း သူအမှန်အတိုင်းမပြောတော့ဘူး။ ခေါင်းမာမာနဲ့တင်းခံနေတယ်။
လျန်ယိက ချီလင်ကို အနိုင်မယူနိုင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ဒီတော့ သူ့စိတ်ထဲမသင်္ကာတဲ့ နတ်ဆိုးမတွေကိုလိုက်ရှာပြီး တိုက်ခိုက်တယ်။ အနိုင်ယူပြီးတာနဲ့ အရိယဖလစွမ်းအားသုံးပြီး သူ့ယောက်ျားနဲ့ဇာတ်ရှုပ်မရှုပ် အမှန်အတိုင်းပြောခိုင်းတယ်။
ဇာတ်လမ်းပေါ်လာပြီဆိုတာနဲ့ ချီလင်မသေမျိုးက ဓားစက်ဝန်းအောက်မှာ ဒူးထောက်ရတာပဲ"
လုယန် "..."
ချီလင်နှင့်ယင်ထန်က ညီအကိုကောင်းတွေပဲ။ ယင်ထန်က သူ့ကို လှည့်စားနည်းသင်ပေးတယ်။ ဓားစက်ဝန်းတောင် သန့်စင်ပေးတာပဲ..
"အဲ ငါနင့်ကိုပြောဖူးပြီးပြီလား။ လျန်ယိနဲ့ ရှောင်လင်းကို ဓားစက်ဝန်းပုံစံပြောင်းနည်းသင်ပေးခဲ့တာ ယင်ထန်မသေမျိုးပဲ။
ချီလင်က ဒီအကြောင်းလုံးဝမသိဘူး။ သူ့ဓားစက်ဝန်း ဉာဏ်ဆင်ထားတာကို သူ့မယားနှစ်ယောက် မတော်တဆ ရိပ်မိသွားတယ်ထင်ခဲ့တာ။
အမှန်တရားပေါ်လာချိန်ကတော့ သူအကြီးအကျယ် နောင်တရသွားတယ်လေ"
ရှေးဟောင်းခေတ်မှအခြေအနေများသည် ရှုပ်ထွေးလွန်းသည်ဟု လုယန်ခံစားရသည်။ မသေမျိုးများပင် စွမ်းအားအတွက် ရုန်းကန်ကြသည်။ ဖျံကျကြသည်။
"အကြီးအကဲလျန်ယိက ချီလင်မသေမျိုး အသက်ရှင်နေသေးတယ်လို့ ယုံကြည်နေပုံပဲနော်"
ကျန်းလျန်ယိသည် လမ်းတစ်လျှောက်လုံး ချီလင်မသေမျိုးကိုရှာဖို့သာ နည်းလမ်းစဉ်းစားနေသည်။ ချီလင်အသက်ရှင်နေပြီး နောက်ကွယ်မှရန်သူ့လက်ချက် မမိသေးကြောင်း ယုံကြည်ပုံရသည်။
"ချီလင်အသက်ရှင်နေသေးတယ်လို့ သူယုံကြည်တယ်ဆိုရင် တကယ်အသက်ရှင်နေသေးလို့ပဲပေါ့"
နတ်မယ်ခဏ စကားရပ်နေပြီးနောက် ဆက်ရှင်းပြသည်။
"ချီလင်မသေမျိုး မသေမျိုးရဖြစ်နေင် လျန်ယိနဲ့ရှောင်လင်း မသေမျိုးမဖြစ်နိုင်ဘူးလို့ ငါပြောခဲ့တာ မှတ်မိသေးလား။
အစက လျန်ယိဟာ မသေမျိူးဖြစ်ဖို့ အရည်အချင်းမီတယ်။ ချီလင်က သူ့ကိုအနိုင်ယူပြီး အရင်အဆင့်တက်သွားလို့သာ သူ့အခွင့်အရေးဆုံးရှုံးသွားတာ။
ချီလင်သေသွားပြီဆိုရင် အားအကြီးရှင်သန်မှုအရိယဖလဖိအားပျောက်သွားတာကို သူခံစားမိမှာပဲ။ သူချက်ချင်းတောင် မသေမျိုးဖြစ်လာနိုင်တယ်"
လုယန် သဘောပေါက်လာသည်။
"လျန်ယိနဲ့ရှောင်လင်းလို အဖြစ်မျိုးက မသေမျိုးတွေကြားမှာ အရမ်းရှားတယ်။ ရှေးဟောင်းခေတ်မှာ မသေမျိုးတစ်ဝက်အဆင့်တွေ အများကြီးရှိခဲ့တာပဲ။
သူတို့ မသေမျိုးဖြစ်မလာတာက ငါတို့ငါးယောက် ဖိနှိပ်ထားလို့မဟုတ်ဘူး။ မသေမျိုးအဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့ပါရမီ မရှိကြလို့ပဲ"
နတ်မယ်က ထိုမသေမျိုးတစ်ဝက်များကို အထင်မကြီးသည့်လေသံဖြင့် ပြောသည်။ အထူးသဖြင့် ပါရမီနည်းသည့် တိကျန်းသည် သူ့ချို့ယွင်းချက်အတွက် ခေတ်ကာလကို အပြစ်တင်သည်။ လက်ရှိခေတ်တွင် မသေမျိုးဖြစ်ဖို့ လုံးပမ်းနေသည်။
ကျန်းလျန်ယိနှင့်အောင်းလင်းတို့ကို မသေမျိုးများမှလွဲလျှင် အင်အားအကြီးဆုံးဟု သတ်မှတ်ကြသည်မှာ ထိုအကြောင်းကြောင့်ဖြစ်သည်။ ချီလင်လို စွမ်းအားကြီးယောက်ျားကိုရထား၍မဟုတ်။ သူတို့ကိုယ်တိုင် စွမ်းအားကြီးသောကြောင့်ဖြစ်သည်။
မသေမျိုးဖြစ်ဖို့ ဇွဲလုံလသက်သက်ဖြင့်မရနိုင်။ ဉာဏ်အလင်းရဖို့ အရေးကြီးဆုံးဖြစ်သည်။
တစ်ချိန်က နတ်မယ်တွင် ရွေးချယ်စရာ အရိယဖလများလွန်း၍ အခက်တွေ့ခဲ့သည်။ ထိုသို့ဖြစ်သည်မှာ ဉာဏ်အလင်းများများရခဲ့သောကြောင့်သာဖြစ်သည်။
သူနှင့်ခေတ်ပြိုင် မသေမျိုးတစ်ဝက်များထဲတွင် ထာဝရအရိယဖလသန္ဓေ၊ အမြဲတည်တံ့ခြင်းအရိယဖလသန္ဓေ တည်ဆောက်ထားသူများ မနည်းလှ။
အရိယဖလသန္ဓေကို အရိယဖလအဖြစ် တည်ဆောက်နိုင်သည်နှင့် ထာဝရအရိယဖလအဖြစ် ပြောင်းလဲသွားသည်။
ဘယ်သူမရချင်ဘဲနေမည်နည်း။
သို့သော် အရိယဖလအစစ်တည်ဆောက်ဖို့ အလွန်တရာခက်ခဲသည်။ ယင်ထန်မသေမျိုးထံမှ စိတ်ကူးစိတ်သန်းမရခဲ့လျှင် နတ်မယ်ပင် ထာဝရအရိယဖလကို အောင်မြင်ဖို့ မသေချာခဲ့။
"ကဲ၊ နင်ပြန်လို့ရပြီ"
ကျန်းလျန်ယိ ချုန်းချီခေါင်းဆောင်ကို တံခါးအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ နတ်ဆိုးဘုရင်အဆင့်ချုန်းချီသည် သူ့အတွက် ကျားပေါက်တစ်ကောင်နှင့်မခြား။
အစေခံအဖြစ်ပင် ထားဖို့မတန်။
နိုင်ငံတည်ပွဲတော်ကို ဆက်ကြည့်ချင်စိတ်မရှိတော့ဘဲ ချုန်းချီခေါင်းဆောင် အသက်ဘေးလွတ်လာသူတစ်ယောက်လို ညအမှောင်ကိုဖြတ်၍ ချုန်းချီဘိုးဘေးဂူသင်္ချိုင်းဆီ အမြန်ပျံသန်းသွားပြီး ဘိုးဘေးငယ်ကျင်းချိုင်ဝေနှင့်တွေ့သည်။
"ဘိုးဘေးငယ်၊ သတင်းဆိုးရှိ-"
ချုန်းချီခေါင်းဆောင် အပြေးတစ်ပိုင်းရောက်လာပြီး စကားပြောရန်ပြင်သည်။ သို့သော် စကားတစ်ခွန်းမှ မထွက်နိုင်တော့။
သူ့ကိုကြည့်၍ ကျင်းချိုင်ဝေ မျက်နှာနည်းနည်းပျက်သွားသည်။
"အားအကြီးဆုံးရှင်သန်မှုအရိယဖလလား။ ဒါ ကျန်းလျန်ယိသုံးတဲ့နည်းလမ်းပဲ။ သူအသက်ရှင်နေသေးတာလား"
ရှေးဟောင်းခေတ် ကျန်းလျန်ယိ တိုက်ခိုက်ခဲ့သည့် နတ်ဆိုးမများထဲတွင် သူလည်းပါသည်။ ကျန်းလျန်ယိ၏နည်းလမ်းများကို သူကောင်းကောင်းရင်းနှီးသည်။
ကျူးထန်သည် အရိယဖလကို ထိုပုံစံမျိုးမသုံး။
အခြေအနေအရေးကြီးကြောင်း သူနားလည်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် အေးစက်စက်တွန့်ပြုံးရိပ်ပေါ်လာသည်။
"ငါက ပြဿနာမရှာချင်ခဲ့ဘူး။ မဟာကပ်ရဲ့ ထိပ်တန်းဆယ်နေရာစာရင်းဝင်ရင်တော်ပြီလို့ တွေးခဲ့တာ။ ဒါပေမယ့်အခု ကျန်းလျန်ယိ ပေါ်လာပြီးဆိုတော့...ထိပ်တန်းဆယ့်တစ်နေရာထဲ စာရင်းဝင်အောင်လုပ်ရတော့မှာပေါ့"
*******************************************