ခုချိန်ကစလို ဂိုဏ်းသခင်လေးလုပဲ
Vol. 41 Ch. 607
ဂိုဏ်းသခင်လေးလုအတုတစ်ယောက် ရွေးချယ်ခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်။
တွေ့ကရာရွှေသန္ဓေအဆင့်တစ်ယောက်ကို ဆွဲခေါ်၍မရ။ တိကျန်းအမိန့်ကိုသုံးလျှင်ပင် သာမန်ရွှေသန္ဓေကျင့်ကြံသူသည် ဂိုဏ်းသခင်လေးလု၏စွမ်းရည်ကို တုပနိုင်မည်မဟုတ်။
အနည်းဆုံး အခြေခံခိုင်မာသ်ည့ ရွှေသန္ဓေအဆင့်တစ်ယောက်ဖြစ်ရမည်။ သို့မှသာ အသုံးချနိုင်မည်။
ဒုတိယတစ်ချက်က ဓားရေးကျွမ်းကျင်ရမည်။
ဂိုဏ်းသခင်လု တာအိုလမ်းစဉ်ဂိုဏ်းတွင် ပွဲကြမ်းခဲ့စဉ်က သူပိုင်ဆိုင်သည့် အထင်ရှားဆုံးစွမ်းရည်သည် ဓားပညာဖြစ်သည်။
နောက်တစ်ချက်က ရွေးချယ်မည့်လူသည် အဓိကဂိုဏ်းအဖွဲ့ဝင်တစ်ယောက်မဖြစ်ရ။
အင်အားကြီးဂိုဏ်းတစ်ခုမှ တပည့်တစ်ယောက်ပျောက်သွားလျှင် အလွယ်တကူပြဿနာတက်နိုင်သည်။
ထို့ကြောင့် တိကျန်းအကြီးအကဲ နေ့တစ်ပိုင်းရှာသည့်တိုင် မတွေ့ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ကျောတွင် တန်ဖိုးကြီးဓားတစ်လက်လွယ်ထားသည့် လုယန်ကို သူမြင်သွားသည်။
တိကျန်းဘိုးဘေးသည် လွန်ခဲ့သည့်နှစ်နှစ်ရာက နိုးထခဲ့သည်။ နတ်ဆိုးနယ်မြေစုစည်းသည့်ကိစ္စက ခြောက်လပင်မကြာသေးဟု ထင်ရသည်။ သို့သော် အမှန်တော့ နှစ်နှစ်ရာကြာအောင် အားထုတ်ခဲ့သည့်ကိစ္စဖြစ်သည်။
နှစ်နှစ်ရာအတွင်း တိကျန်းမျိုးနွယ်သည် သတင်းအမျိုးမျိူးစုစည်းခဲ့သည်။ လက်ရှိခေတ်ပါရမီရှင်များ၏အချက်အလက်များလည်း ပါဝင်သည်။
လုယန်၊ မုန်ကျင်းကျိုး၊ အရိုးရိုင်း၊ ပိုင်မင်၊ ရှီချန်းတို့၏ ပုံပန်းသွင်ပြင်ကို သူတို့သိကြသည်။
ယခုဓားလွယ်ထားသူသည် ထိုပါရမီရှင်စာရင်းထဲတွင်မပါ။ ဂိုဏ်းမဲ့ကျင့်ကြံသူ သို့မဟုတ် မထင်မရှားဂိုဏ်းတစ်ခုမှတပည့်သာ ဖြစ်ရမည်။
ဂိုဏ်းသခင်လုအယောင်ဆောင်ခိုင်းဖို့ အလွန်သင့်တော်သည်။
ထိုလူငယ်နောက်မှလိုက်လာသည့် ဝတ်ရုံနက်က စုစည်းခြင်းအဆင့်သာ ရှိပုံရသည်။ သိပ်စိုးရိမ်စရာမလို။
တိကျန်းအကြီးအကဲ ကျိတ်၍ အစီအစဉ်ချနေသည်။
ဘေးပတ်လည်တွင် လူပေါင်းများစွာရှိသဖြင့် လှုပ်ရှားဖို့အဆင်မပြေ။ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့် ထိုနှစ်ယောက်နောက်မှလိုက်သွားသည်။
ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ဖြစ်၍ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်ဝင်မလာလျင် သူ့ကိုဘယ်သူမှမယှဉ်နိုင်။ ဘယ်သူမှအာရုံခံမိမည်မဟုတ်။
"ဟိုလူကဘာလို့ ငါတို့နောက်ကို ဆက်တိုက်လိုက်လာတာလဲ"
နတ်မယ် အလိုမကျသဖြင့် မျက်မှောင်ကျုံ့သွားသည်။
ကျန်းလျန်ယိ ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ ကျွန်မတို့နောက်ကို တစ်ချိန်လုံး လိုက်နေတာ။ တိကျန်းမျိုးနွယ်က ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ပဲ"
"သူဘာလိုချင်တာလဲ"
"ဘယ်သိနိုင်မလဲ"
"ဟုတ်တာပဲ"
လူတစ်ယောက် ဝိညာဉ်တစ်ခုနှင့် နတ်ဆိုးတစ်ယောက် နတ်ဆိုးမြို့တော်ထဲ ဆက်လျှောက်သည်။
"ဒီနေရာက ဝင်လို့မရဘူးလား"
လုယန် နတ်ဆိုးမြို့တော်အလယ်သို့ ရောက်လာသည်။ ထိုနေရာတွင် မီတာတစ်ရာမြင့်သည့် ယာယီနံရံတစ်ခုဖြင့် အလုံကာထားသည်။
စုစည်းခြင်းအဆင့်နတ်ဆိုးများ စောင့်ကြပ်နေသည်။ ခွင့်ပြုချက်မရှိဘဲ ဝင်၍မရ။
"ဒါက ဂိုဏ်းတည်အခမ်းအနားအတွက်သုံးမယ့် ကောင်းကင်ပလ္လင်ပဲ"
ကျန်းလျန်ယိ ဝိညာဉ်အာရုံခဏဖြန့်ပြီးနောက် ရှင်းပြသည်။
"ကျူးထန်က အတော်အားစိုက်ထားတဲ့ပုံပဲ"
ကောင်းကင်ပလ္လင်၏ကိုယ်ထည်ကို ရောင်စုံဖန်းသားနှင့် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည်။ ရှေးဟောင်းခေတ်မှာပင် တန်ဖိုးကြီးသည်ဟု ဆိုနိုင်သည်။ လျန်ယိတွင် ထိုပလ္လင်မျိုးမရှိ။
အကယ်၍ သူလိုချင်လျှင် သဲနှင့်ကျောက်လို့ ကုန်ကြမ်းပစ္စည်းများယူ၍ အချိန်မသေမျိုးဆီသွားရမည်။ လေတိုက်နှုန်း၊ အပူချိန်၊ ဖိအား စသည့်အခြေအနေများ ချိန်ညှိရမည်။ ထို့နောက် အရိယဖလစွမ်းအားဖြင့် ဖန်သားနှင့်ကျောက်စိမ်းများ ဖန်တီးပေးဖို့ အချိန်မသေမျိုးကို တောင်းဆိုရမည်။
"အင်း...ပွဲတော်ကျင်းပချိန်မှကြည့်ရရင်လည်း အဆင်ပြေပါတယ်"
ကြိုတင်မြင်ရလျှင် စိတ်လှုပ်ရှားစရာသိပ်မကောင်းဟု လုယန်ယူဆသည်။
"ဟိုလမ်းဘက်ကို လျှောက်မလား"
လမ်းကျဉ်း၏ တစ်ခြားတစ်ဘက်ကို လုယန်လက်ညှိုးထိုးပြသည်။
"ကောင်းပြီလေ"
ကျန်းလျန်ယိနှင့်အတူ လမ်းကျဉ်းထဲသို့ ဝင်သွားသည်။ တိကျန်းအကြီးအကဲ အခွင့်အရေးရလာသည်။ အသက်ရှူနှုန်းထိန်းပြီး အာရုံစိုက်၍ အမြန်လိုက်သည်။
ဖျတ်ခနဲလှုပ်ရှားပြိး လေထဲသို့ပျံတက်သွားသည်။ လုယန်နှင့်ကျန်းလျန်ယိရှေ့သို့ ကျလာသည်။
"ကောင်လေး၊ အခုမှပဲ အခွင့်အရေးရတယ်။ စောင့်ရတာအကြာကြီးပဲကွာ"
လုယန် မတုံ့ပြန်နိုင်မီ အကြီးအကဲက တိကျန်းအမိန့်ပြားကိုထုတ်၍ သွေးသန္ဓေဖြင့် အသက်သွင်းလိုက်သည်။
တိကျန်းဘိုးဘေး၏အရိပ် ထိုးထွက်လာသည်။ အကောင်အထည်အစစ်ကဲ့သို့ အစွယ်ကိုဖြဲသည်။
လုယန်၏ မျက်လုံးအိမ်များမှတစ်ဆင့် သိစိတ်နယ်မြေထဲသို့ တိုးဝင်သွားပြီး ထိန်းချုပ်သည်။
တိကျန်းအမိန့်ပြားကိုင်ထားလျှင် တိကျန်းဘိုးဘေးရှိနေသည်နှင့်အတူတူပင်ဖြစ်သည်။ ရွှေသန္ဓေအဆင့်မဆိုထားနှင့်။ ကူးဖြတ်ခြင်းအဆင့်ပင် ထိုစွမ်းအားကိုမခံနိုင်။
သိစိတ်နယ်မြေတွင် နတ်မယ်က တိကျန်းဘိုးဘေးအရိပ်ကို လက်တစ်ဘက်ဖြင့် လည်ပင်းမှကိုင်ထားရင်း နားမလည်ဟန်ဖြင့်ကြည့်နေသည်။
ဘယ်လိုလှည့်ကွက်လဲမသိ။
တိကျန်းအရိပ်က သက်ရှိကဲ့သို့ တောင်ပံတဖျတ်ဖျတ်ရိုက်သည် ခြေထောက်များဖြင့် ကန်ထုတ်သည်။ သိစိတ်နယ်မြေတွင် မုန်တိုင်းထန်နေသည်။
"ဘုတ်"
နတ်မယ် ဘာမှမတွေး။ တစ်ခြားလက်တစ်ဘက်ဖြင့် တိကျန်းအရိပ်၏ဦးခေါင်းကို ရိုက်ချ၍ ကြားဖြတ်တိုက်ခိုက်သည်။
"မသေမျိုးတစ်ဝက်အဆင့် ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှု...အင်း နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ"
နတ်မယ် အတော်ယုံကြည်ချက်ရှိသည်။ လုယန်၏ သိစိတ်နယ်မြေထဲတွင် သူသည်ပြိုင်ဘက်က်ငးဖြစ်သည်။
ထို့ပြင် သိစိတ်နယ်မြေနံရံများက အလင်းရောင်များဖြာထွက်နေသည်။ မှော်အမှတ်အသားများက တိုက်ခိုက်ရန်ပြင်ဆင်နေသကဲ့သို့ အဆက်မပြတ်ပြောင်းလဲနေသည်။
လုယန်ဘေးကင်းအောင် ယွမ်ကျိချန်ထားခဲ့သည့် မှော်အတားအဆီးဖြစ်သည်။
မှော်အမှတ်အသားများ နံရံထဲ တိုးဝင်ပျောက်ကွယ်သွားသည်။
နတ်မယ်က ညာလက်ကိုအားအနည်းငယ်စိုက်၍ တိကျန်းအရိပ်ကို ဖျက်ဆီးလိုက်သည်။
အစမှအဆုံးထိ တိကျန်းအရိပ် လုံးဝမခုခံနိုင်ခဲ့။
လုယန် တိကျန်းအမိန့် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။ မျက်လုံးများ ငေးကြောင်သွားသည်။ လက်နှစ်ဘက် တွဲလောင်းကျနေသည်။ တစ်ကိုယ်လုံး တောင့်တင်းနေသည်။ ရှေ့မှအဘိုးအိုကို မမြင်တော့။
"မင်းရောပဲ"
အကြီးအကဲက ကျန်းလျန်ယိအပေါ် တိကျန်းအမိန့်စွမ်းအားသုံးလိုက်သည်။ ကျန်းလျန်ယိ ကျောက်ရုပ်လိုဖြစ်သွားသည်။
"မင်းနာမည်ဘယ်သူလဲ။ ဘယ်ဂိုဏ်းကလဲ"
တိကျန်းအကြီးအကဲက ရွေးချယ်ထားသည့်လူကို နောက်ဆုံးအကြိမ် သေချာအောင်ထပ်မေးသည်။
"ကျုပ်နာမည် ယွမ်ယန်၊ ကောင်းကင်ဂိတ်ဂိုဏ်းက"
"ယွမ်ယန်"
တိကျန်းအကြီးအကဲ ခပ်တိုးတိုးရေရွတ်လျက် သူတို့မျိုးနွယ်ရထားသည့် မဟာရှားပါရမီရှင်စာရင်းကို ပြန်စဉ်းစားနေသည်။ ယွမ်ယန်ဟူသည့်နာမည် လုံးဝမရှိ။
"မင်းဘေးကလူကရော"
ထို့နောက် ကျန်းလန်ယိကို စိုက်ကြည့်သည်။ ဝတ်ရုံနက်ခြုံထားသဖြင့် ရုပ်ရည်သွင်ပြင်မှန်းဆ၍မရ။
"ကျုပ်ဆရာ စုယီရန်"
"ဪ..စုစည်းခြင်းအဆင့်တစ်ကိုယ်တော်ကျင့်ကြံသူ စုယီရန်ဆိုတာ သူပေါ့"
တိကျန်းအကြီးအကဲ သဘောပေါက်သွားသည်။ စုယိရန်အကြောင်း နတ်ဆိုးနယ်မြေမပြောနှင့်။ မဟာရှားမှာပင် သိသူသိပ်မရှိ။
"ဓားကျွမ်းလား"
"ကျွမ်းပါတယ်"
"မင်းတို့နှစ်ယောက် ဘိုးဘေးရွေးချယ်ခံလိုက်ရတာ ကံကောင်းတယ်။ နောက်နှစ်ရက်ကြာရင်ကျင်းပမယ့် နိုင်ငံတည်ပွဲတော်မှာ ကောင်းကင်ရုံးတော်ဂိုဏ်းဝင်တွေအဖြစ် မင်းတို့ဟန်ဆောင်ရမယ်။
မင်းက ယွမ်ယန် မဟုတ်တော့ဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးလုပဲ"
"ဟုတ်ကဲ့၊ ကျုပ်က ဂိုဏ်းသခင်လေးလုပါ"
အတက်အကျမရှိသည့်လေသံဖြင့် လုယန် ပြောသည်။
"သိပ်ကောင်းတဲ့စိတ်ဓာတ်ပဲ"
တိကျန်းအကြီးအကဲ ကျေနပ်စွာခေါင်းငြိမ့်သည်။
"စုယီရန်၊ မင်းကတော့ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူ ကောင်းကင်ဘုရင်ဘဲ"
ဝတ်ရုံနက်အောင်မှ ကျန်းလျန်ယိ မျက်ခွံလှန်၍ နှာခေါင်းရှုံနေသည်။ ဘာမှပြန်မပြော။
အကြီးအကဲက အရေးမစိုက်ဘဲ ဆက်ပြောသည်။
"ယွမ်ယန်၊ မင်းလုပ်ရမှာက နိုင်ငံတည်အခမ်းအနားမှာ ဂိုဏ်းသခင်လုအဖြစ်ဟန်ဆောင်ပြီး ငါတို့မျိုးနွယ်က ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့ပဲ။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးရင် ငါတို့ပါရမီရှင်တွေက မင်းကိုနိုင်ယူလိမ့်မယ်"
"ဟုတ်ကဲ့၊ တာဝန်ပြီးမြောက်စေရပါမယ်"
အကြီးအကဲက တိကျန်းအမိန့်ကို ထပ်အသက်သွင်းသည်။
"ငါ့အမိန့်နာခံပါ၊ ပေးဆပ်ရမယ့်အရင်းအနှီးကို ထည့်မစဉ်းစားပဲ မင်းရဲ့စွမ်းအားအကုန်ထုတ်ပါ။ အချိန်တိုအတွင်း ဂိုဏ်းသခင်လုရဲ့ စွမ်းအားအဆင့်ကို ရောက်ရမယ်"
စကားဆုံးသည်နှင့် လုယန်ခန္ဓာကိုယ် မီးနီရောင်ပြောင်း၍ မြေပေါ်သို့လဲကျသွားသည်။ ဘောလုံးလိုခွေခေါက်၍ ရင်ဘတ်နေရာကိုဆုပ်ထားသည်။ မချိမဆန့်အော်ဟစ်နေသည်။
"အရမ်းနားတယ်....ပူလိုက်တာ...စွမ်းအား...စွမ်းအားတွေ ဆက်တိုက်ထိုးထွက်နေပြီ"
စွမ်းအားတိုးဖို့ တန်ဖိုးတစ်ခုပေးဆပ်ရသည်။ တိုးလာသည့်စွမ်းအားကို လုယန်မခံနိုင်ဘဲ မြေပေါ်တွင်လူးလှိမ့်နေသည်။ နဖူးမှ ချွေးသီးများကျလာသည်။ မကြာမီ သူ့ခေါင်းမှဆံပင်များ ချွေးရွှဲရွှဲစိုသွားသည်။
"ရှဲ...ရှဲ..."
သူ့ခန္ဓာကိုယ်အပူချိန် ပို၍မြင့်တက်လာသည်။ ထွက်နေသည့်ချွေးများ အငွေ့ပျံလာသည်။
ရေငွေ့များကြားမှ လုယန်ထရပ်လာသည်။ စွမ်းအားကို ထိန်းညှိသည်။
တိကျန်းအကြီးအကဲ ပျော်သွားသည်။ ဘိုးဘေးချီးမြှင့်သည့် တိကျန်းတံဆိပ်က တကယ်အစွမ်းထက်သည်။ အကျိုးသက်ရောက်မှုက အံ့ဩစရာကောင်းသည်။
"သခင်၊ ကျုပ် ဂိုဏ်းသခင်လေးလုရဲ့ စွမ်းအားအဆင့်ကို ရောက်ပါပြီ"
***********************************