ပွဲတော်စပြီ
Vol. 41 Ch. 608
တိကျန်းအကြီးအကဲ အမိန့်ပေးသည်။ ထိန်းချုပ်ခံမထားရသော်လည်း လုယန်က သူ့အမိန့်အတိုင်း ဓားသိုင်းကစားပြသည်။
ဓားသွားက ထက်မြက်သည်။ တားဆီးမရ။ လေကို တဝှီးဝှီးထိုးခွဲသွားသည်။ ဘာကိုမှ ထီမထင်သည့်ဓားချက်မျိုးဖြစ်သည်။
ခွဲဓားနှင့် ဖျက်ဓားပညာများကို သုံးသည်။ ဓားချက်အားလုံးက ရန်သူကိုအသေသတ်ဖို့ စီစဉ်ထားသည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူပင် ထိပ်တိုက်ရင်ဆိုင်ဖို့ လက်တွန့်လိမ့်မည်။
"ကောင်းတယ်။ သိပ်ကောင်းတယ်ဟေ့"
တိကျန်းအကြီးအကဲ တဟားဟားရယ်မောနေသည်။
အယောင်လူမှန်းသာ သိမထားလျှင် သူကိုယ်တိုင်ပင် ထိုလူငယ်ကို ဂိုဏ်းသခင်လုဟု ထင်မိပေလိမ့်မည်။
မျက်နှာဖုံးနှစ်ခုနှင့် ပန်းချီပုံတစ်ခု မှော်လက်စွပ်ထဲမှထုတ်လိုက်သည်။
"ဒါက ငါလုပ်ထားတဲ့ လူအရေခွံမျက်နှာဖုံးပဲ။ ဝိညာဉ်စွမ်းအင်နည်းနည်းထည့်လိုက်တာနဲ့ လိုချင်တဲ့မျက်နှာပုံစံပြောင်းလို့ရတယ်။
ပြီးတော့ ဒါက ဂိုဏ်းသခင်လုရဲ့ ပုံတူပန်းချီပဲ။ ယွမ်ယန်၊ မင်းက ဒီပုံထဲကအတိုင်း မျက်နှာပြောင်းလိုက်။
...စုယီယန်၊ မင်းမျက်နှာအစစ်ကို မြင်ဖူးတဲ့လူ အတော်ရှားပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မင်းကိုသိတဲ့လူပါချင်ပါလာနိုင်တယ်။ မျက်နှာဖုံးစွပ်ပြီး မင်းကြိုက်တဲ့ပုံစံပြောင်းလိုက်"
နှစ်ယောက်လုံး လူရေခွံမျက်နှာဖုံးယူကြသည်။
ငှက်မွှေးလိုပေါ့ပါးသည်။ မျက်နှာပေါ်တင်လိုက်သည်နှင့် အေးမြသွားသည်။
လုယန် ကိုယ့်ကိုယ်ကို ဂိုဏ်းသခင်လေးလုအဖြစ် ကျွမ်းကျင်စွာ အသွင်ပြောင်းလိုက်သည်။
ကျန်းလျန်ယိကလည်း သူ့ကိုယ်ပိုင်မျက်နှာနှင့် ခြောက်ဆယ်ရာနှုန်းခန့်တူသည့် မျက်နှာတစ်ခုပြောင်းသည်။ ထို့နောက် ခြုံထားသည့်ပုဝါစကိုဖယ်လိုက်သည်။
"နောက်တစ်ခုက သရုပ်ဆောင်ပညာပဲ။ မင်းတို့မျက်လုံးအကြည့်တွေက သိပ်မဟုတ်သေးဘူး။ ရှေးကျတဲ့လက္ခဏာမျိုးမပေါ်ဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာဘာလဲ။
ဒါက ရှေးဟောင်းခေတ်ကောင်းကင်ရုံးတော်ပဲ။ နှစ်သုံသိန်းဖြတ်ကျော်ခဲ့ပြီ။ ခေတ်ကာလပတ်ဝန်းကျင်အပြောင်းအလဲတွေ ကြုံခဲ့မယ်။ လူအမျိုးမျိုးကြုံခဲ့မယ်။ အတွေ့အကြုံကျယ်ပြန့်တဲ့ လက်ရှိခေတ်ကို အထင်သေးတဲ့ မျက်လုံးအကြည့်မျိုး ရှိရမယ်။
ပြီးတော့ ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ရှေးဟောင်းခေတ်က အထင်ကရအဖွဲ့အစည်းပါ။ ရှေးဟောင်းခေတ်ဆိုတာ ကျင့်ကြံမှုလောကရဲ့ အတိုးတက်ဆုံးစွမ်းအားအကြီးဆုံး ခေတ်ကာလပဲ။
ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးနဲ့ ကာကွယ်သူအနေနဲ့ ရှေးဟောင်းအမွေအနှစ်ကို ဂုဏ်ယူတဲ့ဟန်ပန်မျိုး ပြရမယ်"
လုယန် "..."
ခင်ဗျားစဉ်းစားထားတာတွေက အတော်စေ့စပ်တာပဲ..
ဂိုဏ်းသခင်လေးလုအဖြစ် ရုပ်ပြောင်းပြီးနောက် လုယန်စိတ်အတွေးများက ဇာတ်ရုပ်နှင့် တစ်သားတည်ဖြစ်သွားသည်။ ထိုစိတ်အတွေးက သူ့စရိုက်ကို ပီပြင်လာအောင် ပံ့ပိုးပေးသည်။
ထိုစိတ်ကိုဈာန်သွင်း၍ လုယန်ခပ်ညှင်းညှင်းရယ်သည်။
"ဟားဟား...ဘာတိကျန်းမျိုးနွယ်လဲ။ ဘယ်တိကျန်းဘိုးဘေးလဲ။ တောင်တန်းပေါ်မှာ ကျားတွေမရှိရင် မျောက်ဟာ ဘုရင်ဖြစ်တာပဲ။
သူက ပဲဝါအရှင်လက်အောက်မှာ ရှုံးနိမ့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်ထက် မပိုပါဘူး။ ငါတို့ကောင်းကင်ရုံးတော်ကိုဝင်ဖို့တောင် အရည်အချင်းမမီဘူး"
ကျန်းလျန်ယိက အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့သည်။ မျက်နှာကအပြုံးအရယ်မရှိ။ အကြီးအကဲကို အထင်မကြီးသည့်မျက်လုံးဖြင့် အေးစက်စက်ကြည့်နေသည်။
"ဟုတ်ပြီကွ၊ အဲဒီ့ပုံစံပဲ"
တိကျန်းအကြီးအကဲ သူ့ပေါင်သူ ဖြန်းခနဲရိုက်လိုက်သည်။ ထိုနှစ်ယောက် တစ်ခါတည်းအဆင်ချောသွားသဖြင့် အံ့အားသင့်နေသည်။
"သိပ်ကောင်းတယ်။ မင်းနဲ့မင်းတပည့်က သရုပ်ဆောင်တဲ့အပိုင်းမှာ အတော်ပါရမီရှိတဲ့ပုံပဲ"
တိကျန်းအကြီးအကဲက အလုပ်လုပ်ရာတွင် စေ့စပ်သေချာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပတ်သက်သည့် အချက်အလက်တစ်ချို့ ပြောပြပေးသည်။
လုယန်က ခေါင်းတငြိမ့်ငြိမ့်နားထောင်နေသည်။ အကြီးအကဲပြောသည့် သတင်းအချက်အလက်များက အတော်တိကျသည်။ အလွဲအချော်လုံးဝမရှိ။
"ကဲ...ဟုတ်ပြီ။ မင်းတို့နှစ်ယောက် နောက်နှစ်ရက်ကြာရင် ပွဲတော်အခမ်းအနားမှာ ငါစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြ။
အဲဒီ့မတိုင်ခင် မင်းတို့မူလရုပ်ကို ပြန်ပြောင်းပြီး ပုံမှန်အတိုင်းနေပါ။ ဘယ်သူမှ မရိပ်မိစေနဲ့"
"ဟုတ်ကဲ့"
အကြီးအကဲ ခေါင်းငြိမ့်၍ ဘိုးဘေးကို အစီရင်ခံရန် ထွက်သွားသည်။ လုယန်နှင့် ကျန်းလျန်ယိသာ ကျန်ခဲ့သည်။
သူတို့နှစ်ယောက် ခဏအသံတိတ်နေကြသည်။ ကျန်းလျန်ယိက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ဘယ်လိုသဘောရလဲ"
လုယန် ပုခုံးတွန့်ပြသည်။
"ကျုပ်ကိုမမေးနဲ့လေ။ ကျုပ်ကအခု တိကျန်းထိန်းချုပ်တာခံထားရတာ။ သူပြောတဲ့အတိုင်း ကျုပ်လုပ်ရမှာပေါ့"
ကျန်းလျန်ယိ ခေါင်းငြိမ့်သည်။
"ငါလည်းအဲလိုပဲ"
နတ်ဆိုးမြို့တော်တွင် အကြီးမားဆုံးအခွင့်ထူးကြီးကိုရပြီးနောက် သူတို့နှစ်ယောက် လမ်းဆက်မလျှောက်တော့ဘဲ တည်းခိုခန်းသို့ပြန်သည်။ အားလုံးကို သတင်းကောင်းမျှဝေသည်။ အကြီးအကဲများက အားမလိုအားမရဖြင့် ကိုယ့်ပေါင်ကိုယ်ရိုက်နေကြသည်။
"ဘာလို့လဲကွာ...ဘာလို့ငါ့ကျတော့ ဒီလိုကိစ္စမျိုး မကြုံရတာလဲ"
အကြီးအကဲကျိုးရှင်းက ဝစီပိတ်သေသွားသကဲ့သို့ ရင်ကွဲပက်လက်ပြောသည်။
မုန်ကျင်းကျိုးလည်း နောင်တများပြည့်နေသည်။ ကောင်းကင်ရုံးတော်၏ အမွေခံသားတော်ဖြစ်ပြီး အရေးကြီးသည့်ဇာတ်လမ်းတွင် ပါခွင့်မရလိုက်။
လုယန်က စိတ်မကောင်းစွာဖြင့် မုန်ကျင်းကျိုးပုခုံးကိုပုတ်လျက်
"အားလုံးက ကံပါပဲ"
ကန်ထန်က ဘေးတွင် အသံတိတ်နေသည်။ သူသည် တာအိုလမ်းစဉ်ဂိုဏ်းဝင်ဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းတွင်မပါ။
မျက်တောင်တစ်ခတ်အတွင်း အချိန်နှစ်ရက် ကုန်လွန်သွားသည်။ နိုင်ငံတည်ပွဲတော်နေ့ ရောက်လာသည်။
ကောင်းကင်ပလ္လင်ကို ကာရံထားသည့် နံရံမြင့်များကို ဖြုတ်ချလိုက်သည်။ အဝေးမှကြည့်လျှင် ကောင်းကင်ပလ္လင်က အဖြူရောင်အလင်းများ တောက်ပနေသည်။
"ဒါက ကျောက်စိမ်းလား။ ဒီလောက်အကြီးကြီးရှိတယ်ပေါ့"
လာကြည့်သည့် ကျင့်ကြံသူများ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ကြီးများပင် ကျိတ်၍အံ့ဩနေကြသည်။
ကောင်းကင်ပလ္လင်ကို ကျောက်စိမ်းအစိတ်အပိုင်းများစွာဖြင့် တည်ဆောက်ထားခြင်းမဟုတ်။ ဖန်သားရောင်ကျောက်စိမ်းတုံးကြီးတစ်ခုတည်းကို ထွင်းထုထားခြင်းဖြစ်သည်။
အဖိုးဖြတ်မရသည့်ရတနာတစ်ခုဟုပြောလျှင် လွန်မည်မထင်။
ကောင်းကင်ပလ္လင်ကို အထပ်ကိုးခုခွဲထားသည်။ ကျင့်စဉ်အဆင့်ကိုးခုကို ရည်ညွှန်းသည်။
ပွဲတော်လာတက်သည့် ဧည့်သည်များကို နှစ်မျိုးခွဲနိုင်သည်။ တစ်မျိုးက တိကျန်းမျိုးနွယ် ဖိတ်ကြားထားသည် ဗုဒ္ဓနိုင်ငံ၊ အရှေ့ပင်လယ်နဂါးမျိုးနွယ် စသည့် အဖွဲ့များဖြစ်သည်။
ထိုအဖွဲ့အစည်းများကို လျစ်လျူရှုမထားရဲ။ အကောင်းဆုံးပွဲကြည့်စင်နေရာများ ဖန်တီးပေးထားသည်။ ဝိညာဉ်သစ်သီးများ တစ်ခြားအစားအသောက်များလည်း ဧည့်ခံထားသည်။
နောက်တစ်မျိုးက မဖိတ်ခေါ်ဘဲရောက်လာသည့် ဂိုဏ်းငယ်များ ဂိုဏ်းမဲ့ကျင့်ကြံသူများဖြစ်သည်။
ထိုဧည့်သည်များက ကောင်းကင်ပလ္လင်ပတ်လည်တွင် ဝန်းရံစုရုံးနေကြသည်။ ပွဲတော်မြင်ကွင်းကို ကောင်းကောင်းမြင်နိုင်ဖို့ ကံကိုသာအားကိုးရသည်။
လုယန်နှင့်ကျန်းလျန်ယိက ဂိုဏ်းမဲ့ကျင့်ကြံသူများအဖြစ် လောလောဆယ် အကြီးအကဲများနှင့် သီးခြားခွဲနေသည်။
ကန်ထန်လည်း နတ်ဆိုးနယ်မြေတွင် လေ့ကျင့်မှုဆက်လုပ်ရမည်ဖြစ်၍ ဂိုဏ်းမဲ့ကျင့်ကြံသူလူစုထဲတွင်နေသည်။
"လောင်ချိုး၊ ထပ်တွေ့ကြပြန်ပြီနော်"
မဟာအကြီးအကဲက ပြုံးရွှင်သည့်မျက်နှာဖြင့် နှုတ်ဆက်သည်။ သူ့ဘယ်ဘက်တွင် ချိုးကျင်အန်းရှိနေသည်။
လူရှေ့သူရှေ့တွင်ဖြစ်၍ ချိုးကျင်အန်းလည်း အပြုံးဖြင့်သာ တုံ့ပြန်ရသည်။
"ဒုတိယမင်းသား၊ ဒီတစ်ခါ ခင်ဗျားရောက်လာတာလား"
မဟာအကြီးအကဲ ထရပ်၍ လူအတော်များများကိုကျော်၍ လှမ်းနှုတ်ဆက်သည်။
အိမ်ရှေ့မင်းသား ကျန်းချွန်အစား ဒုတိယမင်းသားကျန်းကျူးကို မဟာရှားကစေလွှတ်သည်။
ကျန်းကျူးက အရပ်မြင်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်သည်။ စာပေရော သိုင်းပညာပါ ထူးချွန်သည်။ နန်းပလ္လင်ကို မျှော်မှန်းနေသည်ဟု ကောလဟာလကြားသည်။
ကျန်းကျူးက ဂျူနီယာဖြစ်၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍ အကြီးအကဲကို ပြန်နှုတ်ဆက်သည်။
"မိတ်ဆွေအောင်းလီ၊ မတွေ့ရတာ နှစ်နှစ်ရာတောင်ကြာပြီပဲ။ နဂါးအင်ပါယာအိုကြီး ကျန်းမာတယ်မဟုတ်လား"
မဟာအကြီးအကဲ ညာဘက်သို့လှည့်ကြည့်သည်။ အရှေ့ပင်လယ်နဂါးအိုအင်ပါယာစေလွှတ်လိုက်သည့် ကိုယ်စားပြုအောင်းလီ ထိုင်နေသည်။
အောင်းလီဦးခေါင်းတွင် နဂါးဦးချိုများရှိသည်။ ဦးချိုမှ ခြေထောက်အထိ ကျောက်မျက်ရတနာများ တန်ဆာဆင်ထားသည်။ သူ့ဝတ်စုံတစ်ခုတည်းကပင် သာမန်စုစည်းခြင်းအဆင့်တစ်ယောက်၏ ပိုင်ဆိုင်မှုအားလုံး၏တန်ဖိုးနှင့် ညီမျှသည်။
ဘေးတွင်ထိုင်နေသည့် မဟာအကြီးအကဲကိုကြည့်၍ အောင်းလီ မျက်နှာရှုံ့သွားသည်။ စကားလုံးဝမပြောတော့။
"နန်းတော်သခင်၊ နေကောင်းရဲ့နော်။ ကြည့်ပါဦး၊ မင်းအမူအရာက ငါတို့ချင်း သူစိမ်းတွေကျနေတာပဲ။
အကြောင်းမသိတဲ့သူတွေဆို ငါတို့ကြား ရန်ငြှိုးရန်စတွေဘာတွေ ရှိတယ်လို့ ထင်သွားနိုင်တယ်။ မင်းရဲ့ အတွင်းနတ်ဆိုးစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်အောင် ငါကူညီပေးခဲ့တာ မေ့နေပြီလား"
ထိုကိစ္စအကြောင်းပြောလာသည်နှင့် အောင်းလီမျက်နှာ ပို၍ရှုံ့မဲ့သွားသည်။
လွန်ခဲ့သည့်နှစ်နှစ်ရာက နှလုံးနတ်ဆိုးဖြတ်ကျော်ရသည့်အခြေအနေ ကြုံခဲ့သည်။ နဂါးဗီဇသည် ရာဂစိတ်များသည်။ ထိုအတွင်းနတ်ဆိုးကာမစမ်းသပ်မှုများကြား သူပိတ်မိနေခဲ့သည်။
ထိုအချိန်က အရှေ့ပင်လယ် နဂါးမျိုးနွယ်လည်း အကြံအိုက်နေခဲ့သည်။ ဘယ်လိုရှေ့ဆက်ရမှန်းမသိဖြစ်နေသည်။
ကံကောင်းထောက်မစွာဖြင့် အလည်အပတ်ထွက်လာသည့် မဟာအကြီးအကဲက ကြားဝင်ဖြေရှင်းပေးသည်။
အပ်စိုက်ပညာနှင့် ဆေးဝါးများသုံး၍ အောင်းလီကို ပန်းသေအောင်လုပ်ပြီး အတွင်းနတ်ဆိုးစမ်းသပ်မှု ဖြတ်ကျော်နိုင်အောင် ကူညီခဲ့သည်။
သို့သော် ထိုနောက်ပိုင်းတွင် ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ အောင်းလီသည် နာမည်ကျော်သမားတာ်များစွာ ရှာဖွေ၍ နှစ်တစ်ရာကြာအောင် ဆေးကုသခဲ့ရသည်။
မဟာအကြီးအကဲက သဘောထားကြီးလှသည်။ အောင်းလီအမူအရာကို စိတ်ထဲမထား။ အောင်းလီဘေးတွင်ထိုင်နေသည့် ဗုဒ္ဓနိုင်ငံမှ ချန်ယွမ်ကိုယ်တော်ကို နှုတ်ဆက်ပြန်သည်။
"ကိုယ်တော်ချန်ယွမ်၊ မတွေ့ရတာ နှစ်ငါးဆယ်လောက်ကြာပြီနော်။ နေကောင်းရဲ့လား"
ချန်ယွမ်က တည်ငြိမ်သည့်အမူအရာဖြင့် ထိုင်နေသည်။
မဟာအကြီးအကဲလှမ်းနှုတ်ဆက်သံကြားပြီးနောက် ခပ်ညှင်းညှင်းရယ်သည်။ လက်ဝါးတစ်ဘက်ထောင်၍ ရင်ဘတ်တွင်ကပ်လျက် ယဉ်ယဉ်ကျေးကျေးပြန်ပြောသည်။
"ဘုန်းကြီးဆိုတာ အကျိုးမရှိတဲ့စကားတွေ မပြောဘူး။ အရိုးသားဆုံးပြောရရင် ဒကာတော်ကို ဒီမှာတွေ့ရမယ် ထင်မထားဘူး။ တကယ်ကို ကံမကောင်းတဲ့ တိုက်ဆိုင်မှုပါပဲ"
******************************