ချုန်းချီခေါင်းဆောင်နှင့် ကိုးငရဲဂိုဏ်း
Vol. 41 Ch. 609
"ကိုယ်တော်ချန်ယွမ်က တကယ်စိမ်းကားတာပဲ။ ကိုယ်တော်ငယ်ငယ်က မဟာရှားကို အထောက်အထားအတုနဲ့ အလှူခံဖို့ ခရီးထွက်လာတယ်။
ရုံးတော်က ကိုယ်တော့်ကို ဖမ်းတယ်။ စာရွက်စာတမ်းအတုလုပ်မှုနဲ့ ကိုယ်တော်ထောင်ကျခါနီးပဲလေ။ အဲဒီ့အချိန် ဝင်ပြီးရှင်းပြခဲ့တာ ကျုပ်ပါ။
ဒါကြောင့်လည်း ရှားရှုံးတော်က ကိုယ်တော့်ကို တရားမစွဲခဲ့တာမဟုတ်လား"
ဗုဒ္ဓကိုယ်တော်များ တာအိုဘုန်းကြီးများ တရားဝင်ဖြစ်လာဖို့ မဟာရှား၏ စည်းမျဉ်းသတ်မှတ်ချက်များက တင်းကြပ်သည်။
ဗုဒ္ဓနိုင်ငံမှကိုယ်တော်ဖြစ်စေ စွန်စီးဘုံကျောင်းတပည့်ဖြစ်စေ တန်းတူဆက်ဆံသည်။ စာမေးပွဲများ စမ်းသပ်မှုများ ဖြတ်ကျော်ဖို့လိုသည်။
တရားဝင်လက်မှတ်ရပြီးမှ မဟာရှားက ဘုန်းကြီးအဖြစ် သတ်မှတ်သည်။ ထိုသို့အသိအမှတ်ပြုခံရပြီးမှသာ အလှူခံနိုင်သည်။ ဘာသာရေးဓလေ့များ လုပ်ဆောင်နိုင်သည်။
ထိုသို့မဟုတ်လျှင် ဥပဒေနှင့်မညီ။
ကိုယ်တော်ချန်ယွမ်ငယ်စဉ်က ဗုဒ္ဓဓမ္မဖြန့်ဝေဖို့ မဟာရှားသို့လာသည်။ သူပထမဆုံးလုပ်ရသည်က ထောက်ခံချက်ရဖို့သည်။
ထိုအတိတ်အကြောင်း ပြန်ပြောချိန်တွင် ကိုယ်တော်ချန်ယွမ် ပို၍ဂဏာမငြိမ်ဖြစ်လာသည်။
"မဟာရှားမှာ တရားဟောဖို့ ထောက်ခံချက်လိုတယ်လို့ပြောပြီး ဒကာသာ ထောက်ခံချက်အတုမရောင်းခဲ့ရ ရုံးတော်က ကိုယ်တော့်ကို ဘာလို့ဖမ်းမှာလဲ"
မဟာအကြီးအကဲက တည်ကြည်သည့်လေသံဖြင့်
"ကိုယ်တော်က ကျုပ်ဆီအရင်လာတာလေ။ မဟာရှားကလူတွေဟာ ဒုက္ခတွင်းထဲမှာ နေနေရတယ်။ အတောမသတ်နိုင်တဲ့ဒုက္ခတွေ ခံစားနေရတယ်တဲ့။
ဒါကြောင့် ဗုဒ္ဓနိုင်ငံက ကျမ်းစာတွေရွတ်ပြီး လူတွေကို ကူညီကယ်တင်ပြီး ဗုဒ္ဓလမ်းစဉ်ကို ပို့ပေးမယ်လို့ ပြောခဲ့တယ်လေ။
မဟာရှားကလူတွေဟာ ဗုဒ္ဓနိုင်ငံကလူတွေထက် ပိုပြီးကောင်းကောင်းနေရပါတယ်လို့ ကျုပ်ပြောတယ်။ ဒါပေမယ့် ကိုယ်တော်မှမယုံဘူး။
ထောင်ထဲကဘဝတွေ ဘယ်လိုလဲဆိုတာ ကျုပ်က ကိုယ်တော့်ကို မြင်စေချင်ရုံပါ။ သာမန်ပြည်သူတွေက ကိုယ်တော်ပြောသလိုအခြေအနေမျိုး ဘယ်မှာနေရလို့လဲ။
နောက်ပိုင်း ရုံးတော်ကဖမ်းတဲ့အချိန် ကိုယ်တော်က အတင်းခုခံငြင်းဆိုနေတာမြင်လို့ ကျုပ်ကအကျိုးအကြောင်းဝင်ရှင်းပြခဲ့တယ်လေ"
မဟာအကြီးအကဲနှင့် ချန်ယွမ်က ရှေ့ဆုံးခုံတန်းတွင် ထိုင်နေကြသည်။ အောင်းလီက သူတို့ကြားတွင် ရောက်နေသည်။
သူတို့ငြင်းခုန်နေသည့်စကားကြောင့် မဟာအကြီးအကဲကို မကျေနပ်သည့်စိတ် ခဏမေ့သွားပြီး အဖြစ်အပျက်ကို အောင်းလီစိတ်ဝင်စားလာသည်။
"ရုံးတော်က ကိုယ်တော်ချန်ယွမ်ကို လွှတ်ပေးခဲ့တယ်ပေါ့"
"အဲလိုလည်းမဟုတ်ဘူး။ သူကိုင်ထားတာ အထောက်အထားအတုမှန်း သူမသိလို့ စာရွက်စာတမ်းအတုလုပ်မှုနဲ့ စွဲချက်တင်မခံရပါဘူး။
ဒါပေမယ့် မဟာရှားဥပဒေကို သူနားမလည်တော့ နယ်စပ်ကို တိုက်ရိုက်ဖြတ်လာတယ်လေ။ တရားမဝင်ပြောင်းရွှေ့မှုနဲ့ညိလို့ အဖမ်းခံရတာပါပဲ။ ငါ့ကိုပါဖမ်းကြတာ"
"မင်းကိုဘာလို့ဖမ်းတာလဲ"
အောင်းလီ ဦးနှောက်လိုက်မမီတော့။
"အထောက်အထားအတုလုပ်ခဲ့တာက ငါလေ"
"ဪ...ဟုတ်သားပဲ"
ချန်ယွမ် မျက်လုံးမှိတ်၍ အနားယူသည်။ မဟာအကြီးအကဲကို အရေးမစိုက်တော့။
မဟာအကြီးအကဲက ပွဲတော်တွင်းမှ တစ်ခြားအသိအကျွမ်းများကို ဆက်ရှာနေသည်။
ကိုယ်မြေကိုယ့်နေရာမဟုတ်သည့်အပြင် ဝစီပိတ်လည်းမရှိသဖြင့် မဟာအကြီးအကဲ၏ စကားနှင့်လုပ်ရပ်များသည် တာအိုလမ်းစဉ်ဂိုဏ်းကို ကိုယ်စားပြုသည်။
ဤအခြေအနေမျိုးတွင် သူကဦးဆောင်၍ တာအိုလမ်းစဉ်ဂိုဏ်း၏ သံတမန်ရေးရာကို ထမ်းဆောင်ဖို့ တာဝန်ရှိသည်။
သူငယ်စဉ်က နေရာအနှံ့ ခရီးထွက်ခဲ့သည်။ အရှေ့ပင်လယ်နဂါးမျိုးနွယ်၊ ဗုဒ္ဓနိုင်ငံ၊ နတ်ဆိုးနယ်မြေနဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ် ချုန်းချီမျိုးနွယ် ...စသဖြင့်သွားခဲ့သည်။
ထိုမျိုးနွယ်အားလုံးတွင် သူ့အသိအကျွမ်းများရှိသည်။
"ချုန်းချီလေး မလာဘူးလား"
ချန်းချီခေါင်းဆောင်ထိုင်ခုံ လွတ်နေသည်ကို မဟာအကြီးအကဲ သတိပြုမိသည်။ ထူးဆန်းနေသည်။
ထိုမျှခမ်းနားသည့် နတ်ဆိုးနိုင်ငံတည်ပွဲကို သူမလာဘဲနေမည်လော...
"ချုန်းချီခေါင်းဆောင်နဲ့လည်း မင်းသိတယ်ပေါ့"
အောင်းလီက မေးသည်။
"ဘယ်မသိဘဲ နေမလဲ။ ချုန်းချီလေး နတ်ဆိုးဂိုဏ်းကို မှားဝင်မိတုန်းက သူ့ကိုအချိန်မီကယ်ထုတ်ခဲ့တာ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်ပေါ့"
အောင်းလီ ပိုစိတ်ဝင်စားလာသည်။
"ဘယ်နတ်ဆိုးဂိုဏ်းလဲ"
"ချင်ကျိုးနန်၊ ခင်ဗျားပါးစပ်ပိတ်ထား"
နောက်ကျမှရောက်လာသည့် ချုန်းချီမျိုးနွယ်ခေါင်းဆောင် သူ့အကြောင်း စားမြုံ့ပြန်နေသည့် မဟာအကြီးအကဲကို တိပေးသည်။
လွန်ခဲ့သည့်နှစ်ညက ကျန်းလျန်ယိနှင့် သူတွေ့ပြီးနောက် ကျင်းချိုင်ဝေကိုပြောဖို့ အမြန်ပြန်သွားသည်။
ကျန်းလျန်းယိ ပြန်ပေါ်လာသဖြင့် နိုင်ငံတည်ပွဲတော်တွင် တစ်ခုခုထူးခြားမည်ကို ကျင်းချိုင်ဝေ ကြိုခန့်မှန်းမိသည်။ ထို့ကြောင့် ချုန်းချီခေါင်းဆောင်ကို ပွဲတော်တက်ဖို့ အမြန်ပြန်လွှတ်ခဲ့သည်။
နတ်ဆိုးနယ်မြေတွင် တိကျန်းမျိုးနွယ်နှင့် ချုန်းချီမျိုးနွယ်တို့၏ပိုင်နက်က အတော်ကျယ်ပြန့်သည်။ ချုန်းချီခေါင်းဆောင် အချိန်မီပြန်ရောက်အောင်လာရသဖြင့် ခြေကုန်လက်ပမ်းကျနေသည်။
ရောက်ရောက်ချင်း မဟာအကြီးအကဲက သူ့အကြောင်း စားမြုံ့ပြန်နေသည်ကိုကြားရသည်။
သူသည် တစ်ခြားဂိုဏ်းအဖွဲ့အစည်းခေါင်းဆောင်များနှင့်ယှဉ်လျှင် အသက်အတော်ငယ်သည်။ နှစ်ကိုးရာကျော်သာရှိသည်။
လွန်ခဲ့သည့်နှစ်ပေါင်းကိုးရာက နတ်ဝိညာဉ်အဆင့်သို့ သူရောက်သည်။ ချုန်းချီမျိုးနွယ်သည် အတွေးအခေါ် တရားသေဆန်သည် ရှေးရိုးစွဲဆန်သည်ဟု သူယူဆသည်။
ထိုအတိုင်းဆက်သွားလျှင် မွဲသည်ထက်မွဲလိမ့်မည်ဟု သူတွေးသည်။
နည်းလမ်းရှာဖို့ သူ့ဇာတိမြို့မှထွက်၍ မဟာရှားသို့ ခိုးဝင်သည်။
တရားဝင်လက်မှတ်မရှိသဖြင့် မှောင်ခိုဈေးတွင် အချိန်အတော်ကြာ ကျက်စားခဲ့သည်။ ကံအကြောင်းတိုက်ဆိုင်၍ ကိုးငရဲဂိုဏ်းသို့ သူဝင်ခွင့်ရသည်။
ထိုဂိုဏ်းတွင် ခဏအလုပ်လုပ်ပြီးနောက် လူချမ်းသာသခင်လေးတစ်ယောက်နှင့်တွေ့သည်။
ထိုသခင်လေးသည် သူ့လိုပင် အသောက်အစား ၊ မိန်းမနှင့် လောင်းကစားကို ခုန်မင်သည်။ တစ်ခြားလူများကိုလည်း ဧည့်ပြုသည်။ ထို့ကြောင့် ချက်ချင်းခင်မင်သွားသည်။
ထိုသခင်လေးက ဘဝကိုသာယာစွာသုံးဖြုန်းခံစားနေသည်။ သို့သော် သူ့ငွေများက ကုန်သွားသည်မရှိ။ ချုန်းချီခေါင်းဆောင် အတော်အားကျလာသည်။
တစ်ကြိမ်တွင် ထိုသခင်လေးနောက်ခံကို အကဲစမ်း၍ တည်းခေါက်ကြည့်သည်။ စွမ်းအားကြီးမိသားစုမှလာသူဟု ယူဆသည်။
သခင်လေးက သူသည် စွမ်းအားကြီးမိသားစုမှမဟုတ်ကြောင်း သူ့သုံးဖြုန်းသည့်ငွေသည် သူ့ဘာသာရှာခြင်းဖြစ်ကြောင်း ပြောသည်။
ချုန်းချီခေါင်းဆောင် ပို၍စိတ်ဝင်စားသွားသည်။ ထိုသခင်လေး၏ ငွေရှားနည်းလျှို့ဝှက်လမ်းကြောင်းများအကြောင်း မေးမြန်းသည်။ ဖြစ်နိုင်လျှင် သူလည်းရင်းနှီးမြှုပ်နှံချင်သည်။
အစပိုင်းတွင် သခင်လေးက လက်မခံ။ အတော်ကြာအောင် အောက်ကျိူ့၍ ကပ်ဖားယပ်ဖားမျက်နှာချိုသွေးပြီးမှ လက်ခံသည်။
သက်တမ်းဆွဲဆန့်နိုင်သည့် ဆေးနည်းတစ်ခု တီထွင်ထားသည့် မိတ်ဆွေတစ်ယောက်ရှိကြောင်း သခင်လေးကပြောသည်။
ဆေးအာနိသင်က ပုံမှန်သာဖြစ်သော်လည်း သက်တမ်းကုန်ခါနီးကျင့်ကြံသူများ အတင်းဝယ်ချင်အောင်လုပ်နိုင်သည်။
ထိုလုပ်ငန်းတွင် ရင်းနှီးမျြှုပ်နှံလျှင် ငွေရနိုင်သည်။ တစ်ရာရင်းနှီးလျှင် တစ်ရာ့နှစ်ဆယ်ရမည်။ များများရင်းနှီးလေ အမြတ်များများကျန်လေဖြစ်သည်။
ချုန်းချီခေါင်းဆောင်က အစမ်းသဘောဖြင့် ဝိညာဉ်ကျောက်နှစ်သောင်းရင်းနှီးလိုက်သည်။ သခင်လေးက နှစ်သောင်းလေးထောင်ပြန်ပေးသည်။
ထိုညက ပျော်လွန်းသဖြင့် သူအိပ်ပင်မအိပ်နိုင်ခဲ့။ ငွေရှာနိုင်မည့်အခွင့်အလမ်း ရောက်လာပြီဟု ခံစားရသည်။
သို့သော် သူမပေါ့ဆ။ မတည်ငြိမ်သည့်လုပ်ငန်းဖြစ်မည်ကို စိုးရိမ်သည်။ နောက်ထပ်နှစ်နှစ် စမ်းသပ်ကြည့်သည်။
သုံးနှစ်ဆက်တိုင်း နှစ်တိုင်း အကျိုးအမြတ်ရသည်။ ထိုသခင်လေး မလိမ်။
ချမ်းသာဖို့လမ်းစက သူ့ရှေ့တွင်ရှိနေပြီဖြစ်သည်။
သို့သော် ထင်မှတ်မထားသည့် အခြေအနေများပေါ်လာသည်။ သူ့အထက်အရာရှိ ကိုးငရဲဂိုဏ်း၏ ဂိုဏ်းခွဲသခင်က ထိုအကြောင်းသိသွားသည်။
ဂိုဏ်းခွဲသခင်က သူ့ကိုကန်ထုတ်ပြီး သခင်လေးနှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးသည်။
အချိန်တစ်ချို့ကြာသွားပြီးနောက် ချုန်းချီမျိုးနွယ်ခေါင်းဆောင်ကို ကိုးငရဲဂိုဏ်းက အမဲလိုက်သည်။ ဘာမှန်းညာမှန်းမသိဘဲ အသက်လုထွက်ပြေးရသည်။
နတ်ဆိုးနယ်မြေသို့ ပြန်ရောက်ပြီးသည်အထိ ကိုးငရဲဂိုဏ်း ဘာကြောင့်သူ့ကိုသတ်ချင်ကြသည်ကို နားမလည်။
လွန်ခဲ့သည့်နှစ်နှစ်ရာက မဟာအကြီးအကဲနှင့် စကားပြောရင်း ထိုကိစ္စကို အမှတ်မထင်သူပြောမိသည်။ ထိုအချိန်ကျမှ တစ်ချိန်ကသခင်လေးသည် တာအိုလမ်းစဉ်ဂိုဏ်း၏ အဋ္ဌမအကြီးအကဲဖြစ်ကြောင်း သိရသည်။
တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်က ကိုးငရဲဂိုဏ်းကို ထောင်ချောက်ဆင်၍ လိမ်လည်ခဲ့သည်။ ချုန်းချီခေါင်းဆောင်သည် ပထမဆုံးအလိမ်ခံရသည့် ကိုးငရဲဂိုဏ်းဝင်ဖြစ်သည်။
ကိုးငရဲဂိုဏ်းချုပ်က ဒေါသဖွင့်ထုတ်ဖို့ သူ့ကိုသေမိန့်ချခဲ့ခြင်းဖြစ်မည်။ သို့သော် သူလွတ်မြောက်ခဲ့ပါသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က ကိုးငရဲဂိုဏ်းဝင်သုံးယောက် နတ်ဆိုးနယ်မြေထဲ ခိုးဝင်လာသည်ကို သူတွေ့ခဲ့သည်။
အမဲလိုက်ခံခဲ့ရသည့် နေ့ရက်များကို ပြန်သတိရလာပြီး ဒေါသထွက်လွန်းသဖြင့် ထိုသုံးယောက်ကို အသေရိုက်သတ်ပစ်ခဲ့သည်။
ကိုးငရဲဂိုဏ်းသို့ဝင်ပြီး တာအိုလမ်းစဉ်ဂိုဏ်းဝင်များ လှည့်စားခံခဲ့ရသည့် ထိုအဖြစ်ကို သူရှက်သည်။ မဟာအကြီးအကဲကို လုံးဝထုတ်ပြောခွင့်မပေးနိုင်။
ရန်လိုရိပ်ပြည့်နေသည့် ကျားမျက်လုံးများဖြင့် မဟာအကြီးအကဲကို သူကြည့်သည်။ အကြီးအကဲက မပြောတော့ကြောင်း လက်ဖြန့်ပြသည်။
ငါကအတိတ်အကြောင်းပြန်ပြောပြရုံပါ။ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး...
အသိအကျွမ်းဟောင်းများနှင့် မဟာအကြီးအကဲ ဆက်စကားပြောချင်သည်။ သို့သော် ထိုခဏမှာပင် ကျယ်လောင်သည့် ခေါင်းလောင်းသံ ထွက်လာသည်။ ရှေးဟောင်းခေတ်မှ ရိုက်ခတ်လာသကဲ့သို့ ကောင်းကင်ပလ္လင်အထက်တွင် ပဲ့တင်ထပ်သွားသည်။
ပလ္လင်အထက်သို့ တိမ်တိုက်များ ထိုးထွက်လာသည်။ တိမ်ခိုးများကြားတွင် ကြီးမားသည့်တိကျန်းခန္ဓာကိုယ်က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ အတော်ဆန်းကျယ်သည့်မြင်ကွင်းဖြစ်သည်။
ကောင်းကင်မှ တိမ်တိုက်များ ရွှေရောင်ပြောင်းသွားသည်။
နိုင်ငံတည်ပွဲတော် တရားဝင်စတင်သည်။
လောကဝတ်တရားအရ မဟာအကြီးအကဲ စကားဆက်မပြောတော့။
**********************************