← Chapters

လှုပ်ရှားခြင်း

Vol. 41 Ch. 611

လှုပ်ရှားခြင်း

Vol. 41 Ch. 611

အားလုံး အသက်အောင့်ထားသည်။ မသေမျိုးလျှပ်စီးလေးခု ဆင်းလာသည်။ နတ်ဆိုးနိုင်ငံတည်ထောင်ခြင်း၊ ကျူးထန် နိုင်ငံတည်ဘုရင်ဖြစ်လာခြင်းကို သက်သေပြုသည်။

သူတို့လာရသည့်ခရီး ထိုက်တန်သည်။ နိုင်ငံတည်အခမ်းအနားကို ကိုယ်တွေ့မျက်မြင်ကြုံရသည်။

ကျူးထန်ဟန်ပန်က ခံ့ညားသည်။ ဖိတ်ကြားထားသည့် ဖီးနစ်မျိုးနွယ်ဆီလှမ်းကြည့်ပြီး တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။

"ဖီးနစ်မျိုးနွယ်၊ အခု နတ်ဆိုးနိုင်ငံကို တည်ထောင်လိုက်ပြီ။ အကူအညီလိုနေပြီ။ အခု နတ်ဆိုးနိုင်ငံနဲ့လက်တွဲရင် မင်းတို့ကို ကောင်းကောင်းဆက်ဆံမယ်လို့ ကတိပေးတယ်။

မဟာကပ်ကာလဟာ အရေးကြီးတဲ့အတွက် မင်းတို့ဆန္ဒမရှိရင်တော့ နတ်ဆိုးမျိုးနွယ်အနာဂတ်အတွက် ငါတို့ဘက်က တစ်ချို့ကိစ္စတွေကို မလွှဲမရှောင်သာလုပ်ရမှာပဲ"

ရောက်လာသည့် အဖွဲ့အစည်းအားလုံး အံ့အားသင့်သွားသည်။

အရှင်ကျူးထန်က ဤပွဲကိုအသုံးချပြီး ဖီးနစ်မျိုးနွယ်ကို သိမ်းသွင်း၍ နတ်ဆိုးနယ်မြေကို စုစည်းလိုခြင်းလော...

ဖီးနစ်မျိုးနွယ်များ ရင်ထိတ်လာသည်။

နိုင်ငံတည်ထောင်ပြီးလျှင် ကျူးထန် သူတို့ကိုပစ်မှတ်ထားမည်မှန်း သိခဲ့သည်။ သို့သော် ထိုမျှမြန်မည်ဟု မထင်ခဲ့။

ကျန်းမင်ကျိထရပ်လပြီး အင်္ကျီလက်ကိုသိမ်း၍ နှာခေါင်းတစ်ချက်ရှုံ့သည်။ ခန္ဓာကိုယ်ပတ်လည်တွင် မီးမျှင်တန်းများ ပေါင်လာပြီး တိုက်ခိုက်ရန်အသင့်ပြင်သည်။

"အရှင်ကျူးထန်၊ ရှင့်အကြံကို ကျွန်မမသိဘူးမထင်နဲ့။ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်ကို စုစည်းပြီးရင် နတ်ဆိုးနိုင်ငံကို အင်အားအကြီးဆုံးဖြစ်အောင်လုပ်မယ်။ ပြီးရင် ရှင့်ရဲ့နောက်ထပ်အစီအစဉ်က မဟာရှားနဲ့ ဗုဒ္ဓနိုင်ငံကို တိုက်ခိုက်ဖို့မဟုတ်လား"

ကျူးထန် အေးစက်စက်ဖြင့် အရေးမစိုက်ဟန်ဖြင့်ကြည့်သည်။

"လူငယ်မျိုးဆက်တွေက အတော်ရိုင်းကြတာပဲ။ မင်းမပြောနဲ့။ ကျန်းလျန်ယိတောင် ငါနဲ့တွေ့ရင် တာအိုမိတ်ဆွေလို့ လေးလေးစားစားခေါ်ရတယ်ကွ။

မင်းအတွေ့အကြုံနည်းသေးတယ်။ ရှေးဟောင်းခေတ်ပြဿနာတွေကြားထဲမှာ မင်းမနေဖူးဘူး။ မဟာကပ်ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ မင်းနားမလည်နိုင်ဘူး။

ငါ့အတွေးကိုခန့်မှန်းဖို့ မင်းကဘာအရည်အချင်းတွေရှိနေလို့လဲ။ အခြေအမြစ်မရှိတဲ့စကားတွေနဲ့ ငါ့ကို တစ်လောကလုံးရဲ့ရန်သူလိုဖြစ်အောင် ပြောနေတာပဲ။ သေခြင်းတရားဆိုတဲ့စကားလုံးကို မင်းကောင်းကောင်းနားမလည်သေးဘူးထင်တယ်"

ကျူးထန် ကြောက်စရာစွမ်းအင်ရောင်တစ်ခု ထုတ်လွှတ်သည်။

ကျန်းမုန်ကျိ ရမ်းသမ်းခန့်မှန်းနေ၍ သူဒေါသထွက်ခြင်းမဟုတ်။ ခန့်မှန်းချက်များက မှန်ကန်နေသောကြောင့်ဖြစ်သည်။

နတ်ဆိုးနိုင်ငံသည် ယခုမှတည်ဆောက်ပြီးစဖြစ်သည်။ အခြေခံမတည်ငြိမ်သေး။ မဟာရှားနှင့် ဗုဒ္ဓနိုင်ငံကို ပြိုင်တူရင်ဆိုင်နိုင်စွမ်းမရှိသေး။

ထို့ကြောင့် မျက်နှာတင်းတင်းထား၍ ကျန်းမင်ကျိကိုသာ အပြစ်တင်နေရခြင်းဖြစ်သည်။

ဖီးနစ်မျိုးနွယ်တွင်လည်း ဉာဏ်ရည်မြင့်သူများ ရှိနေမည်ဟု ထင်မထား။ ထိုဉာဏ်ရည်က နေရာလွဲနေသည်မှာ နှမျောစရာကောင်းသည်။

ကျန်းမင်ကျိ ရင်ဘတ်ထဲသို့လက်နှိုက်လိုက်သည်။ ဘိုးဘေးများချန်ထားသည့် ရှေးဟောင်းရတနာတစ်ချို့ထုတ်ပြီး ကျူးထန်ကို အရေးပေါ်ရင်ဆိုင်ရန် အသင့်ပြင်သည်။

"ဝှီး ဝှီး"

သဏ္ဍာန်နှစ်ခု ကျန်းမင်ကျိဘေးတွင် ရှေ့ဆင့်နောက်ဆင့်ပေါ်လာသည်။

"နတ်ဆိုးနယ်မြေက နဂါးဘိုးဘေးနဲ့ အရှေ့ပင်လယ်ကနဂါးဘိုးဘေးပဲ"

နတ်ဆိုးနယ်မြေ နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်သည် အကျိုးစီးပွားဖက်ဖြစ်သည်။ နတ်ဆိုးနိုင်ငံ ဖီးနစ်မျိုးနွယ်ကို ဖိနှိပ်ပြီးလျှင် နောက်ထပ်ပစ်မှတ်က နဂါးမျိုးနွယ်ဖြစ်လာမသည်။

ကျူးထန်က ဖီးနစ်မျိုးနွယ်အား ထိုသို့ဆက်ဆံနေသည်ကို သူတို့ရပ်ကြည့်မနေနိုင်။

အပေါ်ယံတွင် နဂါးမျိုးနွယ်က စုစည်းခြင်းအဆင့်များကိုသာ ပွဲတက်ဖို့လွှတ်ထားသည်။ သို့သော် ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ကိုလည်း လျှို့ဝှက်စေလွှတ်ခဲ့သည်။

ထို့ကြောင့် နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်ပေါင်းလျှင် ကူးဖြတ်ခြင်းသုံးယောက်ရှိသည်။

"ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတာပဲ"

ကျူးထန်လှောင်ပြုံးပြုံးသည်။ ကူးဖြတ်ခြင်းအဆင့် မဟာနတ်ဆိုးဆယ်ယောက် ပေါ်လာသည်။

သူအမိန့်တစ်ချက်ပေးသည်နှင့် ထိုဆယ်ယောက်က နဂါးနှင့်ဖီးနစ်မျိုးနွယ်သုံးယောက်ကို တိုက်ခိုက်ကြလိမ့်မည်။

အနိုင်ယူပြီးလျှင် သခင်-ကျွန်တံဆိပ် ခတ်နှိတ်ခံရမည်။

ထိုတိုက်ခိုက်နည်းမျိုးက နှင်းလုံးလိမ့်သလိုပင်ဖြစ်သည်။ လမ်းတလျှောက်မှ ရန်သူအားလုံးကို အဆက်မပြတ်အနိုင်ယူပြီး ကိုယ့်အင်အားတိုးအောင်လုပ်သည်။

ကျူးထန်နှင့်ကူးဖြတ်ခြင်းဆယ်ယောက်ပေါင်းလျှင် ဘယ်ရှေးခေတ်မသေမျိုးတစ်ဝက်အဆင့်ကိုမဆို အနိုင်ယူနိုင်သည်။

သို့သော် သူလက်လွတ်စပယ်မလှုပ်ရှားရဲ။ တစ်ဘက်သုံးယောက်ထဲတွင် အရှေ့ပင်လယ်နဂါးမျိုးနွယ်စွမ်းအားရှင်လည်း ပါနေသည်။

အရှေ့ပင်လယ်မှလူများကို တိုက်ခိုက်လျှင် နောင်တစ်ချိန် အရှေ့ပင်လယ်ကိုသိမ်းသွင်းဖို့ ခက်ခဲသွားမည်။

ယခု နှစ်ဘက်လုံး တိုက်ခိုက်ကြတော့မည့် အနေအထားရှိသည်။

သို့သော် ကျူးထန်က ထိုအဖြစ်မျိုး ကြိုတင်မျှော်လင့်ပြီးဖြစ်သည်။

"ဟားဟား၊ နတ်ဆိုးမျိုးနွယ်က နိုင်ငံတည်ထောင်နေတာပဲ။ သူတို့ပေါင်းစည်းမှုက အရေးပါတယ်။ ဒီလိုထူးခြားတဲ့ပွဲမျိုးမှာ ကောင်းကင်ရုံးတော်ဂိုဏ်းမပါလို့ဘယ်ဖြစ်ပါ့မလဲ"

အောက်ဘက်မှ လူတစ်ယောက်ရယ်မောသံပေါ်လာသည်။ အနီးအနားမှလူများ ဘေးသို့အမြန်လမ်းဖယ်ပေးကြသည်။

လွတ်နေသည့်နေရာတွင် ဂိုဏ်းသခင်လုနှင့် ဝတ်ရုံနက်လူတစ်ယောက် ရပ်နေသည်။

အားအပြည့်ဖြင့် တစ်ချက်ခုန်လိုက်သည်။ နှစ်ယောက်လုံး ကောင်းကင်ပလ္လင်ပေါ် ပျံတက်လာကြသည်။

နှစ်ယောက်တည်းဆိုသော်လည်း သုံးယောက်စာအင်အားရှိသည်။

"မင်းဘယ်သူလဲ"

ကျူးထန် ထိုနှစ်ယောက်ကို အလိုမကျဟန်ဖြင့်ကြည့်သည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ သခင်လေးလုပါ"

"သူပဲ။ သူတကယ်လာတာပဲ"

"ဒါပေါ့လေ၊ အရှင်ကျူးထန်က ရှေးဟောင်းမသေမျိုးတစ်ဝက်ပဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းကလူတွေမလာရင် ထူးဆန်းနေမှာပေါ့"

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ မူလအစဟာ ရှေးဟောင်းကောင်းကင်ရုံးတော်လို့ပြောကြတယ်။ မသေမျိုးအစစ် ကောင်းကင်ပဲဝါအရှင် အုပ်ချုပ်တယ်တဲ့"

"ရှေးဟောင်းစွမ်းအားရှင်တွေ တိုက်ခိုက်ကြတော့မှာလား"

"ဟိုဝတ်ရုံနက်က ဘယ်သူလဲ။ ကာကွယ်သူကောင်းကင်ဘုရင်နောက်တစ်ယောက်လား"

"ဖြစ်နိုင်တယ်"

အောက်ဘက်မှလူအုပ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းပေါ်လာသဖြင့် အခြေအနေ ပိုရှုပ်ထွေးလာသည်။

ယခု တိုက်ခိုက်ကြတော့မည်လော...

လူအုပ်ထဲတွင် ကိုယ်‌ယောင်ဖျောက်နေသည့် မူပိုင်ယိနှင့်ကျောက်ရိုးလည်း ကောင်းကင်ရုံးတော်ဂိုဏ်းပေါ်အလာကို စောင့်နေခြင်းဖြစ်သည်။

"သူတို့တကယ်ရောက်လာပြီပဲ။ အရှင်ကျူးထန် ဖိတ်စာတွေပို့တဲ့အချိန်ကတည်းက သခင်လေးလုက နတ်ဆိုးနယ်မြေမှာရောက်နေပြီ။

ဒီလိုအရေးကြီးတဲ့အချိန်မှာ ပေါ်လာတယ်ဆိုတော့ သူ့မှာအစီအစဉ်ရှိလို့ဖြစ်မှာပါ"

"ဟုတ်တယ်။ ဝတ်ရုံနက်နဲ့လူကတော့ ဘယ်သူမှန်းမသိသေးဘူး။ ကောင်းကင်ဘုရင်တစ်ယောက်ပဲဆိုရင်တော့ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ မလွယ်လောက်ဘူး။

ကျူးထန်နဲ့ အဆင့်တူယှဉ်နိုင်ဖို့ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာတာများလား"

နှစ်ယောက်သား တီးတိုးပြောနေကြသည်။

တိကျန်းမျိုးနါယ်က သူတို့ကိုဖိတ်မထားသော်လည်း ထိုပွဲမျိုးကို လာမကြည့်ဘဲမနေနိုင်။

'နတ်ဆိုးနယ်မြေနှင့် မဟာမိတ်ဖွဲ့ပါ'ဆိုသည့် လုယန်အကြံပေးချက်ကို အစက သူတို့နားမလည်ခဲ့။

နတ်ဆိုးမျိုးနွယ်တွင် မျိုးနွယ်စုပေါင်းများစွာရှိသည်။ ဘယ်သူ့ကိုဆက်သွယ်ရမှန်းမသိကြ။

ယခု အဖြေပေါ်လာသည်။ ကျူးထန်က နယ်မြေကိုစည်းရုံးနေသည်။ နတ်ဆိုးနယ်မြေနှင့် သူတို့အဆက်အသွယ်ဖန်တီးရမည်။

"ဒီကိစ္စကိုလည်း သခင်လေးလု ကြိုတင်ခန့်မှန်းမိထားတာများလား။...ပြောရရင် ကျူးထန် နတ်ဆိုးနယ်မြေတည်ထောင်တဲ့ကိစ္စကိုတောင် ကောင်းကင်ရုံးတော်ဂိုဏ်းက စီမံထားတာဖြစ်နိုင်တယ်"

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြသည်။ မျက်လုံးတွင် အကြောက်တရားရိပ်များ မြင်နေရသည်။

ဂိုဏ်းသခင်လေး၏ အကွက်ချစီမံပုံကပင် ကြောက်စရာကောင်းနေသည်။ ဂိုဏ်းချုပ်ဆိုလျှင် ဘယ်လိုလူဖြစ်မည်မသိ။

ကြောက်စရာကောင်းလှသည်။

ကျူးထန်နှုတ်ခမ်းထောင့်တွင် တွန့်ပြုံးရိပ်ပေါ်လာသည်။

"ကောင်းကင်ရုံးတော်တဲ့လား...ပေါက်တတ်ကရထွင်ထားတဲ့ နာမည်ပါ"

ကောင်းကင်ရုံးတော်သည် မသေမျိုးလေးယောက်၏လိမ်ဆင်ဖြစ်သည်။ ဘယ်လိုမှအစစ်မဖြစ်နိုင်။

သူ့လေသံထဲမှ ရန်လိုရိပ်ကို ဉာဏ်ထက်သူများ သတိထားမိသည်။

ကျူးထန်သည် ကောင်းကင်ရုံးတော်ကို အသိအမှတ်ပြုပုံမပေါ်။

လုယန် ဆက်ပြောရမည့်စကားလုံးများကို စဉ်းစားနေစဉ် မခိုးမခန့်စကားသံတစ်ခု ပေါ်လာသည်။

သို့သော် စကားသံက တိကျန်းမျိုးနွယ်စင်မြင့်အောက်မှ ထွ်ကလာခြင်းဖြစ်သည်။

"ကောင်းကင်ပလ္လင်ဆိုတာ ကြုံရာလူဝင်လို့ရတဲ့နေရာမဟုတ်ဘူးကွ"

အသံရှင်က မြေကိုတစ်ချက်ကန်၍ ပလ္လင်ထက်သို့ တက်လာသည်။ ခေါင်းနည်းနည်းမော့ထားသည်။ လုယန်ကိုသာ စိုက်ကြည့်နေသည်။

"ဪ... တာအိုလမ်းစဉ်ဂိုဏ်းကလုယန်နဲ့ လက်ရည်တူယှဉ်နိုင်တယ်ဆိုတဲ့ သခင်လေးလုဆိုတာ မင်းလား။ မင်းအတော်စွမ်းအားကြီးတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ဘာမှမထူးခြားပါလား။

ငါ့အမြင်တော့ မင်းနဲ့လုယန်က ချဲ့ကားချီးမွှမ်းခံရတဲ့ ပါရမီရှင်နှစ်ယောက်ပါ။ အိုင်သေးသေးလေးထဲမှာ ငါးကြီးကြီးဖြစ်နေတဲ့သဘောပါပဲ"

"မင်းကဘယ်သူလဲ"

"ကျူးယွမ်ဝူ"

အရှင်ကျူးထန်၏ လက်ရင်းတပည့်၊ တိကျန်းမျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင် ကျူးယွမ်ဝူ။

********************************

All Chapters