လွှမ်းမိုးခြင်း
Vol. 41 Ch. 612
ကျူးယွမ်ဝူပြောနေသည့် ပေါက်တတ်ကရများကို လုယန် အရေးမစိုက်။
ဓားကိုဆွဲထုတ်၍ ပြုံးလိုက်သည်။
"အတော်မောက်မာတဲ့ မျိုးဆက်သစ်ပဲ။ မင်းမယုံရင် တစ်ယောက်ချင်းတိုက်ခိုက်ပြီး အနိုင်အရှုံး ဆုံးဖြတ်ကြည့်မလား"
"ကောင်းသားပဲ"
ကျူးယွမ်ဝူ ကြောက်စရာအကြောင်းမရှိ။ လုသခင်လေးအတုဟုတ်မဟုတ် သူအရေးမစိုက်။
တကယ့်အစစ်ရောက်လာလျှင်ပင် သူလုံးဝကြောက်မည်မဟုတ်။
ကျူးယွမ်ဝူက ရုပ်ရည်ချောမောခန့်ညားသည်။ ဝတ်စုံက အဖြူရောင်တောက်ပသည်။
သပ်ရပ်စွာဝတ်ဆင်ထားသည်။ လက်သည်းများပင် သပ်ရပ်စွာညှပ်ထားသည်။
ကျူးဝန်ယူကို သဘောကျနေသည့် နတ်ဆိုးမများ ပရိတ်သတ်ကြားမှ သည်းသည်းလှုပ်အော်ဟစ်အားပေးကြသည်။
"အကိုကျူး လာပြီဟေ့"
နတ်ဆိုးမဟာမိတ်ပါရမီရှင်များလည်း စိတ်လှုပ်ရှားနေသည်။ ကောင်းကင်ရုံးတော်သခင်လေးကို ကျူးယွမ်ဝူ ယှဉ်နိုင်မည်ဟု ယုံကြည်ကြသည်။
"ကျူးယွမ်ဝူ၊ ကျွတ်..သူဘာလို့ဒီရောက်လာတာလဲ"
အောင်းယွဲ့ စုပ်တစ်ချက်သပ်သည်။ ကျူးယွမ်ဝူကို သူသိပ်ရင်မဆိုင်ချင်။
"ဒီကောင်က အဲလောက်တော်လို့လား"
မုန်ကျင်းကျိုးက ကျန်းရှီရှီကို သိစိတ်အာရုံမှမေးလိုက်သည်။
ဖီးနစ်မျိုးနွယ်ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့်အချိန်ဖြစ်သည်။ ကျန်းရှီရှီ ကောင်းကင်ပလလင်ကိုကြည့်၍ စိတ်ပူနေသည်။ သူ့လက်ဝါးနှစ်ဘက် ချွေးစို့နေသည်။ မုန်ကျင်းကျိုးစကားကြောင့် သူခဏအာရုံပြောင်းသွားသည်။
"သိပ်ကိုတော်တာပေါ့။ ကျွန်မနဲ့ အောင်းယွမ်ထက်တောင် ပိုပြီးစွမ်းအားကြီးတယ်။ ကျွန်မတို့နှစ်ယောက်ကိုတောင် သူအနိုင်ယူခဲ့တာ"
"သူက ရုတ်တရက်အဲလိုစွမ်းအားကြီးလာတာလား"
"ရုတ်တရက်ဖြစ်လာတာမဟုတ်ဘူး။ နောက်မှ ကျွန်မသိရတာ။ သူက ငယ်ကတည်းက အရှင်ကျူးထန်ရဲ့ တပည့်ဖြစ်ခဲ့တာတဲ့။
အရင်ကတည်းက စွမ်းအားကြီးတာ။ အရင်က ကျွန်မနဲ့အောင်းယွဲ့ကို အနိုင်မယူတာက သူအချိန်ယူနေတာ။ သူ့စွမ်းရည်တွေကို လျှိုထားတာ။
လွန်ခဲ့တဲ့နှစ်ဝက်လောက်က အရှင်ကျူးထန် လောကထဲပြန်ပေါ်လာတော့ နတ်ဆိုးနယ်မြေထဲမှာ စပြီးလျှို့ဝှက်လှုပ်ရှားတယ်။ နတ်ဆိုးမျိုးနွယ်ကို စုစည်းဖို့ကြိုးစားတယ်။
အဲဒီ့အချိန်ကျမှ ကျူးယွမ်ဝူက သူ့စွမ်းအားအစစ်ကို ထုတ်ပြတာ"
ကျန်းရှီရှီ သက်ပြင်းချသည်။
"မသေမျိုးတစ်ဝက်ကိုယ်တိုင်သင်ပေးတဲ့ တပည့်ဟာ တကယ်ကိုကြောက်စရာကောင်းပါတယ်။ အခြေခံပါရမီအရ အောင်းယွဲ့နဲ့ကျွန်မက ကျူးယွမ်ဝူထက် မညံ့ဘူး။
ဒါပေမယ့် သူ့ဆရာက အရှင်ကျူးထန်လေ။ အဲဒါကွာသွားတာ။ သူက ရှေးဟောင်းခေတ်က စွမ်းအားကြီးပါရမီရှင်ပဲ။ အခုထိ ရှင်သန်နေထိုင်ခဲ့တဲ့လူပါ။
သူ့အတွေ့အကြုံတွေက အောင်းယွဲ့ဆရာနဲ့ ကျွန်မဆရာနှစ်ယောက်ပေါင်းထက် သာလောက်တယ်"
.....
ကျူးထန်က သူ့တပည့်နှင့်လုယန်ကို ပျော်ရွှင်စွာ တိုက်ခိုက်ခွင့်ပေးသည်။
သို့မှသာ သူ့တပည့်လေ့ကျင့်ထားသည့် အဆင့်အတန်းကို လူရှေ့ချပြနိုင်မည်။ စွမ်းအားပြဖို့တိုက်ပွဲ ယခုချိန် စရမည်။
ကျူးထန် နောက်ဆုတ်သွားသည်။ ကောင်းကင်ပလ္လင်ကို လုယန်နှင့် ကျူးယွမ်ဝူအတွက် နေရာပေးသည်။
ကျန်းလျန်ယိ၊ နဂါးနှင့်ဖီးနစ်မျိုးနွယ်စွမ်းအားရှင်များလည်း နောက်ဆုတ်သွားသည်။
လူစည်ကားခဲ့သည့်ပလ္လင်က ယခု နှစ်ယောက်သာကျန်တော့သည်။
အားလုံး သူတို့ကိုအာရုံစိုက်ကြည့်နေသည်။
အားလုံးက ဘယ်သူပိုသာမည်ကို သိချင်နေသည်။
လုယန် ဓားထုတ်လိုက်သည်။ ခုနစ်စဉ်ကြယ်ဓားများထဲမှ ယော်ကွမ်းဓားဖြစ်သည်။
သုံးပေလေးလက်မရှိသည်။ သတ္တုရောင်တောက်နေသည်။ ဓားစွမ်းအင်ရောင်ဖြာထွက်နေသည်။
ကျူးယွမ်ဝူ ခပ်အုပ်အုပ်တစ်ချက်အော်လိုက်သည်။ မူလအသွင် ခြေခြောက်ချေခာင်း တောင်ပံလေးခု တိကျန်းအသွင်သို့ ပြောင်းလိုက်သည်။
ခြေလှမ်းများက ပေါ့ပါး၍ ခန္ဓာကိုယ်က ပျော့ပျောင်းသည်။ အရိပ်ခွဲများစွာဖြင့် ကနေသလိုထင်ရသည်။
"ဒါက ငန်းပျံသလို ကြက်သရေရှိပြီး နဂါးဆင်းသလို ခံ့ညားတယ်ဆိုတဲ့ တိကျန်းမျိုးနွယ်ရဲ့ ဖီးနစ်ခြေလှမ်းကျင့်စဉ်ပဲ"
နတ်ဆိုးအိုတစ်ယောက်က ကျူးယွမ်ဝူသုံးသည့်ပညာကိုကြည့်၍ ရေရွတ်သည်။
ထိုခြေလှမ်းပညာရပ်ကို ပျောက်ဆုံးခဲ့ပြီဟု ပြောကြသည်။ တိကျန်းမျိုးနွယ်တွင် ဘယ်သူမှ ထိုပညာမတတ်။
ကျိုးယွမ်ဝူ ကျွမ်းကျင်နေခြင်းမှာ အရှင်ကျူးထန်ကိုယ်တိုင် သင်ပေးခဲ့၍သာဖြစ်မည်။
လုယန်ခန္ဓာကိုယ်မှ ဓားချီမျှင်များ ရာထောင်ချီ၍ပေါ်လာသည်။ အရောင်ငါးမျိုးတောက်ပလျက် လှည့်ပတ်နေသည်။ ကောင်းကင်ပလ္လင်ပေါ်တွင် လင်းထိန်သွားသည်။
"အတော်ဆုံးဓားသမားက ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ပြစမ်းပါဦး"
ကျူးယွမ်ဝူက လှောင်သံပါပါဖြင့် ပြောသည်။
သူ့ခြေလှမ်းများ နောက်ထပ်ပြောင်းလဲသွားသည်။ ပုံမှန်ပေါ့ပါးသည့်လှုပ်ရှားမှုတွင် တောင်ပံလှုပ်ရှားမှုပါ ပေါင်းစပ်လာသည်။
တောင်ပံလေးခုက ဓားလေးလက်ဖြစ်လာပြီး လေထုကိုထိုးခွဲ၍ ကောင်းကင်ပလ္လင် နဝမအလွှာကို လွှမ်းခြုံသွားသည်။
လုယန်၏ဓားချီများက လှိုင်းသဖွယ်အော်ဟစ်ပြီး အလွှာအပေါ်အလွှာဆင့်၍ ကြီးမားသည့်ကြာပွင့်ကြီးတစ်ခုအသွင် ပြောင်းသွားသည်။
"ဘုန်း"
အားလှိုင်းနှစ်ခု ဆုံတွေ့သည်။ ကျူးယွမ်ဝူ လွင့်ထွက်သွားသည်။ ကောင်းကင်ပလ္လင်လက်ရန်းကာများနှင့် တိုက်မိသည်။
"ဟာ"
အားလုံး အံ့အားသင့်သွားသည်။
လုယန်က ကျူးယွမ်ဝူကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ပြီလားမသိ။
မုန်ကျင်းကျိုးက ကျန်းရှီရှီကို လှည့်ကြည့်သည်။
"အရမ်းကြောက်စရာကောင်းတဲ့ ကျူးယွမ်ဝူဆိုတာ အဲဒါလား"
ကျန်းရှီရှီ ကျောက်ရုပ်လိုဖြစ်နေသည်။ ကျူးယွမ်ဝူ ထိုမျှမြန်မြန်ရှုံးသွားမည်ထင်မထား။
ကျူးထန် ဒေါသထွက်သွားသည်။
"ဘာလဲကွာ"
သူစီစဉ်ထားသည့်အတိုင်းမဟုတ်။
ကျူးယွမ်ဝူ ရှုံးသွားလျှင် သူတို့ဘယ်လို စွမ်းအားပြမည်နည်း။
အရိယဖလသန္ဓေစွမ်းအားဖြင့် လုယန်ကို အတင်းထိန်းချုပ်ရန်ကြိုးစားသည်။
သို့သော် သူအံ့ဩသွားသည်။ ဘယ်လောက်ထိန်းချုပ်သည်ဖြစ်စေ တစ်ဘက်လူက လုံးဝအာရုံခံမိဟန်မတူ။ ဘာမှမထူးခြား။
ထိုလူငယ်သည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့။
သူ့လက်ထောက်များ ဘာတွေလုပ်ထားသည်မသိ။
တိကျန်းအမိန့်ပြားဖြင့် ရွှေသန္ဓေအဆင့်တစ်ယောက်ကိုထိန်းချုပ်၍ ဂိုဏ်းသခင်လုအယောင်ဆောင်ခိုင်းသည့်ကိစ္စ ဘာတွေခက်ခဲနေသနည်း။
ထိုမျှလွယ်ကူသည့်အလုပ်ကိုပင် မလုပ်နိုင်ကြ။
တိကျန်းအကြီးအကဲ ချွေးပြန်နေသည်။ တိကျန်းအမိန့်ပြားစွမ်းအားကို အဆုံးထိမြှင့်တင်သည်။ သို့သော် မီးခိုးများသာထွက်လာသည်။ လုယန်ကို ထိန်းချုပ်၍မရ။
လုယန်က အောင်ပွဲခံဖို့ ဓားချက်ထပ်ထုတ်သည်။
ယော်ကွမ်းဓားမှ ကြယ်အလင်းများဖြာထွက်လာသည်။ ထို့နောက် ပလ္လင်စွန်းတွင်ရောက်နေသည့် ကျိုးယွမ်ဝူဆီ ဥက္ကာပျံတစ်ခုကဲ့သို့ ထိုးဆင်းသွားသည်။
လုယန် လုံးဝမညှာ။ အစကတည်းက စွမ်းအားကုန်ထုတ်သုံးသည်။
ပထမဓားချက်ကြောင့် မူးဝေနေသည့်ကျူးယွမ်ဝူက အန္တရာယ်ကို ခံစားမိသဖြင့် လှိမ့်ရှောင်သည်။
ကြယ်ဓားက သူ့ပုခုံးကိုပွတ်၍ ဖြတ်သန်းသွားသည်။
သူစိုးရိမ်လာသည်။ ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်တော့။
ပုံမှန်လေ့ကျင့်သကဲ့သို့ တိုက်ခိုက်ရုံလောက်သာဟု ဇာတ်တိုက်ထားသည်။
ပြိုင်ဘက်အတုက သူ့ထက်စွမ်းအားပိုမသာနိုင်။
ခုနကသုံးသွားသည့် ဓားပညာကို သူနားမလည်။
လုသခင်လေးအစစ်တကယ်ရောက်လာလျှင်ပင် ထိုစွမ်းအားအဆင့်လောက်သာ ရှိပေလိမ့်မည်။
ကျူးယွမ်ဝူသည် ရုပ်ချောရုံသာမဟုတ်။ သူ့တိုက်ပွဲအောင်မြင်မှုများက ကြိုးစားအားထုတ်မှုကြောင့် ရခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာသော်လည်း သူအရေးမစိုက်။
တကယ်တိုက်ပွဲအစစ် တိုက်ခိုက်ဖို့အချိန်ကျပြီဟု ဆုံးဖြတ်လိုက်သည်။
သူလျှိုမထားတော့။ စွမ်းအားကုန်ထုတ်သည်။
"ကောင်းကင်ခြေလှမ်း"
ခြေခြောက်ချောင်းဖြင့် ကောင်းကင်သို့တက်သွားသည်။ ခြေလှမ်းတိုင်းက ကြောက်စရာကောင်းလောက်အောင် လေးလံသည်။ ဘေးပတ်လည်လေဟာနယ် တုန်ခါနေသည်။
ထိုပညာသည် သူ့စွမ်းအားအကြီးဆုံးတိုက်ကွက်ဖြစ်သည်။ အောင်းယွဲ့ကို ထိုပညာဖြင့် အနိုင်ယူခဲ့သည်။
ပြိုင်ဘက်က အင်အားကြီးမှန်းသိသည်။ အကဲစမ်း၍တိုက်ခိုက်နေလျှင် ဒုက္ခရောက်လိမ့်မည်။
ထို့ကြောင့် သူအကျွမ်းကျင်ဆုံးတိုက်ကွက်ကို ထုတ်သုံးသည်။
ကျူးယွမ်ဝူ ခြေနှစ်လှမ်းတိုး၍ လေထဲသို့တက်သွားသည်။ ရှေ့တွင် မမြင်နိုင်သည့်လှေခါးထစ်များ ရှိနေသယောင်ထင်ရသည်။
တောင်ပံစွမ်းအားနှင့် မှော်စွမ်းအားသုံးသွားခြင်းမဟုတ်။ သူ့ခြေနှစ်လှမ်းက မြန်ဆန်အားပြင်းလွန်းသဖြင့် လေထုက အစိုင်အခဲလို ပြောင်းလဲသွားခြင်းဖြစ်သည်။
လုယန် ဓားကိုပြန်ခေါ်သည်။ ဓားစွမ်းအင်ရောင်က ဓားအော်သံနှင့် လိုက်လျောညီထွေရှိသည်။ ခံ့ညားထည်ဝါသည်။
ဓားပညာအမျိုးမျိုး မြန်ဆန်သွက်လက်စွာ ထုတ်သုံးလိုက်သည်။ ဓားရေးကျွမ်းကျင်လွန်းသည်။ ပွဲကြည့်နေသည့် ဓားပညာရှင်များပင် သိမ်ငယ်စိတ်ဝင်ကြပေလိမ့်မည်။
လူသားနှင့်နတ်ဆိုးပါရမီရှင်နှစ်ယောက် နောက်တစ်ကြိမ်ရင်ဆိုင်တွေ့သည်။ ရိုက်ခတ်လာသည့်အင်အားကြောင့် လေဟာနယ်တုန်ခါနေသည်။ အလင်းရောင်များ စူးရှစွာပေါက်ကွဲထွက်နေသည်။
မျက်တောင်တခတ်အတွင်း အကြိမ်ရာချီ ရင်ဆိုင်တိုက်ခိုက်ကြသည်။ မြန်လွန်းသဖြင့် သာမန်မျက်လုံးဖြင့်လိုက်မကြည့်နိုင်။
လူငယ်မျိုးဆက်များက တိုက်ပွဲစွမ်းအားကိုကြည့်၍ အံ့အားသင့်နေကြသည်။ သို့သော် တိုက်ကွက်များကို သေချာမြင်နိုင်သည့် စုစည်းခြင်းအဆင့်များက သဘောပေါက်သည်။ ကျူးယွမ်ဝူသည် ကြောက်စရာကောင်းသည်။ သို့သော် ဂိုဏ်းသခင်လုက ပို၍ကြောက်စရာကောင်းသည်။
တိုက်ပွဲက လက်ရည်တူယှဉ်နေခြင်းမဟုတ်။ ဂိုဏ်းသခင်လုက ကျူးယွမ်ဝူကို အဆက်မပြတ်ဖိတိုက်နေခြင်းဖြစ်သည်။
တိုက်ခိုက်စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။
ရာထောင်ချီသည့် ဓားစွမ်းအင်မျှင်တို့က အရာအားလုံးကို ထိုးဖောက်နိုင်သည့် စွမ်းအားရှိသည်။
ကျူးယွမ်ဝူ အကောင်းဆုံးပညာများ ထုတ်သုံးသော်လည်း လုယန်၏ဓားချက်များကို ကာကွယ်နိုင်စွမ်းမရှိ။
လုယန်၏ဓားစွမ်းရည် ကြောက်စရာကောင်းပုံကိုကြည့်၍ ကျန်းလျန်ယိပင် ကျိတ်၍သက်ပြင်းချသည်။
မသေမျိုးအမ(နတ်မယ်)သည် ဓားပညာမတတ်။ သို့ဆိုလျှင် လုယန်သည် ကိုယ်တိုင်လေ့ကျင့်ထားခြင်း သို့မဟုတ် တစ်ခြားဆရာထံမှ သင်ထားခြင်းသာဖြစ်မည်။
တစ်ခြားဆရာထံမှသင်ထားလျှင် သိပ်မဆိုးလှသေး။
ကိုယ်တိုင်တီထွင်လေ့ကျင့်ထားသည်ဆိုလျှင် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းနေသည်။
**********************************