← Chapters

နတ်ဝိညာဉ်အဆင့်တက်ခြင်း

Vol. 41 Ch. 614

နတ်ဝိညာဉ်အဆင့်တက်ခြင်း

Vol. 41 Ch. 614

ကျူးယွမ်ဝူ ရုတ်တရက်မျက်မှောင်ကျုံ့သွားသည်။ အတောင်လေးခု ဆန့်ထွက်လာသည်။ မျက်နှာမှအပြုံးရပ်သွားသည်။

လုယန်ဘယ်လောက်စွမ်းအားကြီးမှန်း သူကောင်းကောင်းနားလည်ပြီးဖြစ်သည်။

အကယ်၍ လုယန်သာ နတ်ဝိညာဉ်အဆင့်သို့တက်သွားလျှင် သွေးသန္ဓေစတေးလျှင်ပင် သူယှဉ်နိုင်ဖို့မသေချာတော့။

လုယန် ပုံမှန်ခြေလှမ်းဖြင့် ကျူးယွမ်ဝူဆီ လျှောက်သွားသည်။ ခြေကျသံ တဒေါက်ဒေါက် ထွက်လာသည်။

ကောင်းကင်ပလ္လင်ကြမ်းခင်းပေါ် ခြေနင်းလာသည်က သိစိတ်အာရုံထဲသို့ နင်းချလာသလို ကျူးယွမ်ဝူ ခံစားရသည်။

ခြံဝန်းထဲလမ်း‌လျှောက်ထွက်သလို လုယန် အေးအေးလူလူလျှောက်လာသည်။ ကျူးယွမ်ဝူကို လုံးဝအရေးမစိုက်။

ရွှေသန္ဓေနဝမအဆင့်ရောက်နေပြီဖြစ်၍ သူအချိန်မရွေး အဆင့်တက်နိုင်သည်။ ဂိုဏ်းသို့ပြန်ရောက်မှာ ဖြေးဖြေးချင်းအဆင့်တက်ဖို့ တွေးထားခဲ့သည်။

အဆင့်ကြီးတစ်ဆင့်တက်သည့်ကိစ္စဖြစ်၍ ခမ်းခမ်းနားနားဖြစ်လိုသည်။

ယခု မမျှော်လင့်ဘဲ အစီအစဉ်ပြောင်းသွားသည်။

ကျူးယွမ်ဝူ မာန်သွင်းအော်ဟစ်၍ လက်ဦးအောင်တိုက်ခိုက်သည်။

လုယန်ကို အဆင့်တက်ခွင့်မပေးနိုင်။

တောင်ပံကိုရိုက်ခတ်အား ခွာခုတ်အားတို့ကြောင့် ဘေးပတ်လည်လေဟာနယ် တုန်ခါနေသည်။

"ဘုန်း"

ကျူးယွမ်ဝူ တိုက်ခိုက်မှုကြောင့် ကောင်းကင်ပလ္လင်လက်ရန်းကာများနှင့် လုယန် ရိုက်ဆောင့်သွားသည်။

"ဟား..မင်းကစွမ်းအားကုန်သလောက်ဖြစ်နေတာပဲ"

မှန်သည်။ ခုနကလက်ဝါးပညာကြောင့် လုယန်၏ဝိညာဉ်စွမ်းအင်အားလုံးနီးပါး ကုန်ခမ်းသွားသည်။

အဆင့်တက်ဖို့စွမ်းအား ဘယ်ကရမည်နည်း။

သိပ်စိတ်ပူဖို့မလိုကြောင်း ကျူးယွမ်ဝူ နားလည်လိုက်သည်။

"ဖွီး"

လုယန် သွေးတစ်ပွက် အန်ထုတ်သည်။ လှပသည့်အဖြူရောင်ပလ္လင်ကျောက်စိမ်းသားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ ထရပ်ပြီး ကျူးယွမ်ဝူဆီ ထပ်လျှောက်သွားသည်။ မျက်နှာက အပြုံးမပျက်။

"ငါ့ဆီကို ထပ်လာတယ်ပေါ့"

ကျူးယွမ်ဝူမျက်လုံးများ ချက်ချင်းနီရဲလာသည်။ အကြောက်တရားက သူ့ရင်ထဲစိမ့်ဝင်လာသည်။

နွားရိုင်းတစ်ကောင်လို တဟုန်ထိုး ပြေးဝင်တိုက်ခိုက်သည်။

တိုက်ခိုက်တိုင်းလည်း လုယန် မရှောင်။ ကျူးယွမ်ဝူ၏ တိုက်ခိုက်မှုများက တိုက်ရိုက်ထိသည်။

သို့သော် တစ်ချက်ပြီးတစ်ချက် သူတို့နှစ်ယောက်ကြားအကွာအဝေးက ပိုနီးလာသည်။

နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်ချိန်တွင် လုယန် ခြေလှမ်းတစ်ဝက်သာ နောက်ဆုတ်သည်။

တိုက်ခိုက်မှုဒဏ် ဆက်တိုက်ခံရသဖြင့် ရွှေသန္ဓေ၏မျက်နှာပြင်တွင် အက်ကြောင်းများပေါ်လာသည်။

ထိုအက်ကြောင်းများမှ နို့နှစ်ရောင်အလင်းများ တောက်ပလာပြီး လုယန်၏ဒဏ်ရာများကို ချက်ချင်းကုသပေးသည်။

"ဘုန်း"

ကျူးယွမ်ဝူ နောက်တစ်ကြိမ်တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် လုယန်က ညာလက်ဝါးကို တွန်းထုတ်လိုက်သည်။ တိုက်ခိုက်မှုကို လမ်းတစ်ဝက်တွင် တားဆီးသည်။

ကျူးယွမ်ဝူမျက်နှာ အံ့ဩရိပ်များပြည့်နေသည်။ လုယန်ကို မော့ကြည့်သည်။ ပြုံးရွှင်နေသည့်မျက်နှာကို မြင်ရသည်။

နတ်ဝိညာဉ်အဆင့်လုယန် ဖြစ်လာသည်။

အရိုးများအက်ကွဲ၍ လျင်မြန်စွာ ပြန်လည်သန့်စင်ပြောင်းလဲခဲ့သည်။ သူ့ရုပ်ခန္ဓာအခြေအနေက အရင်နှင့်လုံးဝမတူတော့။

ဝိညာဉ်၊ စွမ်းအင်နှင့် သန္ဓေ ပေါင်းစပ်သွးသည်။ ပြိုင်ဘက်ကင်းသန္ဓေ၏ စွမ်းအားကို ဆွဲယူ၍ ဒန်ထန်တွင် စုစည်းသည်။ ထူးဆန်းသည့်စွမ်းအားတစ်ခုကို မွေးဖွားသည်။

ပြိုင်ဘက်ကင်းသန္ဓေ လုံးဝကွဲကြေသွားသည်။ စွမ်းအင်သန္ဓေများ ထိုးထွက်လာပြီး ကိုယ်ထဲမှ စွမ်းအင်ကြောအားလုံး ဖြတ်သန်းစီးဆင်းသည်။

အားပြင်းသည့် စွမ်းအင်လေဝဲတစ်ခု ကောင်းကင်ပလ္လင်အထက်တွင် ဖြစ်ပေါ်လာပြီး လုယန်ကိုယ်ထဲသို့ တရှိန်ထိုး တိုးဝင်သည်။ ခြောက်သွေ့သွားသည့် စွမ်းအင်ကြောများကို အားဖြည့်သည်။ မွေးဖွားလာသည့် နတ်သန္ဓေကို အားဖြည့်သည်။

ဒန်ထန်တွင် လက်ချောင်းထိပ်အရွယ် နတ်ဝိညာဉ်က ခွေခေါက်နေသည်။ နို့နှစ်ရောင်အလင်းတစ်မျိုး ဖြာထွက်နေသည်။

ဘေးပတ်လည်မှ စွမ်းအင်များကို သူစုပ်ယူပြီး သုံးလက်မအရွယ်ထိ ကြီးထွားလာသည်။ လွတ်လပ်စွာ လှုပ်ရှားနေသည်။ စွမ်းအင်ကိုစုပ်ယူမှု ရပ်တန့်သွားသည်။

မွေးဖွားက ကလေးတစ်ယောက်နှင့်မတူ။ နတ်ဝိညဉ်သည် ဖြူဖွေးနူးညံ့သည်။ မျက်နှာက စိတ်လှုပ်ရှားရိပ်နှင့် အပျော်ရိပ် ရောယှက်နေသည်။

"ဒါပဲလား"

လုယန် ကြွက်သားများညှစ်ထုတ်လိုက်သည်။ ခန္ဓာကိုယ်က နဂါးတစ်ကောင်လိုဖြစ်လာပြီး ကျူးယွမ်ဝူမျက်နှာကို လက်သီးတစ်ချက်ထိုးလိုက်သည်။

"မဖြစ်နိုင်ဘူး.."

ကျူယွမ်ဝူ မယုံနိုင်အောင်ဖြစ်နေသည်။ ပြိုင်ဘက်က နတ်ဝိညာဉ်အဆင့်သို့ တက်နိုင်ရုံသာမဟုတ်။ အဆင့်တက်ပြီးစတွင် ထိုစွမ်းအားမျိုး ဘယ်ကရသနည်း။

စွမ်းအင်အခြေခံ ခိုင်မာအောင်လုပ်ဖို့ နတ်ဝိညာဉ်ကိုသန့်စင်ဖို့ မလိုလေသလော...

ပုံမှန်အားဖြင့် အဆင့်တက်ပြီးသူတိုင်း ကျင့်စဉ်အခြေခံတည်ငြိမ်အောင်လုပ်ဖို့လိုသည်။

သို့သော် တိုက်ပွဲတစ်ရာရှုံးပွဲမရှိသည့် အသန်မာဆုံးရွှေသန္ဓေပိုင်ရှင် အဆင့်တက်တက်ခြင်း တံခါးပိတ်စရာမလိုဘဲ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင်လုပ်နိုင်သည်။

ထိုအဖြစ်မျိး ကျူးယွမ်ဝူ တစ်ခါမှမကြုံဖူး။

လုယန်၏ ထင်မှတ်မထားသည့်လုပ်ရပ်များကြောင့် သူအငိုက်မိခဲ့သည်။ အရေးနိမ့်ခဲ့သည်။

လုယန်က ဓားပညာပင်မသုံးပဲ ခြေလက်ဗလာဖြင့်သာ ဖိနှိပ်ခဲ့သည်။

"ငါနိုင်ရမယ်"

ဒေါသနှင့်ရူးသွပ်မှုကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားပဲ သွေးစတေး၍ သူ့တိုက်ခိုက်စွမ်းအားကို ယာယီမြှင့်တင်လိုက်သည်။

ဘေးကြည့်ပရိတ်သတ်များ ပါးစပ်အဟောင်သားဖြစ်သွားသည်။

ကျိုးယွမ်ဝူ၏အခြေခံသည် မတည်ငြိမ်သေး။ ထိုအခြေအနေတွင် သွေးသန္ဓေစတေးလျှင် ဤတိုက်ပွဲကို အနိုင်ရလျှင်ပင် နောင်တစ်ချိန် တိုးတက်မှုများတွင် အခက်အခဲတွေ့ပေလိမ့်မည်။

ကျူးယွမ်ဝူနောက်တွင် ကျူးထန်၏အရိပ်ပေါ်လာသည်။

စွမ်းအားအကြီးဆုံး တိကျန်းမျိုးနွယ်ဘိုးဘေးဖြစ်သည့် ကျူးထန်သည် သူတို့၏သွေးဆက်ရင်းမြစ်ဖြစ်သည်။ ထိုအရိပ်ပေါ်လာခြင်းသည် သွေးစတေးခြင်းလက္ခဏာတစ်ခု ဖြစ်သည်။

အင်အားကြီးရန်သူကို နှိပ်ကွပ်ဖို့ ဘိုးဘေးထံမှစွမ်းအားငှားယူခြင်းဖြစ်သည်။

"ဝေါင်း"

ကျူးယွမ်ဝူ သားရဲသံဖြင့် အော်ဟစ်လိုက်သည်။ သိစိတ်လုံးဝလွတ်သွားသည်။

သူအော်နေစဉ် လုယန်က ဆေးတစ်လုံးထုတ်၍ သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ကျူးယွမ်ဝူ ထွေးထုတ်ရန်ကြိုးစားသည်။ သို့သော် လုယန်က ရှေ့သို့အမြန်တိုးပြီး မေးကိုအပေါ်သို့ပင့်လိုက်သည်။ ကျူးယွမ်ဝူ ဆေးလုံးကို အလိုလိုမျိုချမိသွားသည်။

"မင်းငါ့ကိုဘာကျွေးလိုက်တာလဲ"

ကျူးယွမ်ဝူ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သွေးစတေး၍ရထားသည့် သူ့စွမ်းအားများ လျင်မြန်စွာပျောက်ကွယ်သွားသည်။ ထိုဆေးက သွေးစတေးဖြစ်စဉ်ကို အတင်းတားဆီးသည်။

လုယန်က ပြုံး၍ရှင်းပြသည်။

"အဆင့်ပြောင်းဆေးလုံးပါ။ အခြေတည်အဆင့်ကနေ ရွှေသန္ဓေအဆင့်ကိုတက်ဖို့ ကူညီနိုင်သလို နတ်ဝိညာဉ်အဆင့်ကနေ ရွှေသန္ဓေအဆင့်ကို ပြန်ကျအောင်လည်း ကူညီနိုင်တယ်လေ"

သတ္တမအကြီးအကဲ၏ လက်ဆောင်ဖြစ်သည်။ အဆင့်ပြောင်းဆေးလုံး စမ်းသပ်အောင်မြင်သွားပြီးနောက် လုယန်အတွက် ဝိညာဉ်အားဖြစ်ဆေးစပ်ရင်း လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

လည်ပင်းထဲ အလုံးတစ်ခုဆို့လာသလို ကျူးယွမ်ဝူ ခံစားရသည်။

မှန်သည်။ သွေးစတေးစွမ်းအားများ ဆုံးရှုံးသွားရုံမက သူ့ကျင့်စဉ်အဆင့်လည်း ကျဆင်းနေသည်။

သူမျက်နှာအကြီးအကျယ်ပျက်သွားသည်။

ယခုအနေအထားဖြင့် သူဘယ်လိုဆက်တိုက်ခိုက်နိုင်မည်နည်း။

"သုံးစားမရတဲ့ကောင်"

အရှင်ကျူးထန် ဒေါသထွက်သွားသည်။

ယခု သေချာသွားသည်။ ကောင်းကင်ပလ္လင်ပေါ်မှလူသည် ဂိုဏ်းသခင်လုအစစ်ဖြစ်သည်။

အစစ်မဟုတ်လျှင် ထိုမျှပြိုင်ဘက်ကင်းပါရမီမျိုး မရှိနိုင်။

သို့သော် မည်သို့ဆိုစေ ကျူးယွမ်ဝူ ဤနေရာတွင် ရှုံးနိမ့်၍မဖြစ်။

သိက္ခာနှင့်သက်ဆိုင်သည့်တိုက်ပွဲဖြစ်သည်။

နတ်ဆိုးနိုင်ငံတည်ထောင်ပြီးချိန် ပထမဆုံးတိုက်ပွဲတွင် ကောင်းကင်ရုံးတော်ဂိုဏ်းကို ရှုံးသွားလျှင် တစ်သက်လုံး အများရယ်စရာဖြစ်နေတော့မည်။

သူ့သိစိတ်ဝိညာဉ်တစ်စ ပို့လွှတ်၍ ကျူးယွမ်ဝူကို ပူးကပ်လိုက်သည်။

"ဆရာ.."

"အသုံးမကျတဲ့ကောင်။ ငါတိုက်မယ်"

ကျူးယွမ်ဝူခန္ဓာကိုယ်ကို ယာယီထိန်းချုပ်လိုက်သည်။ ထိုးကျနေသည့် ကျင့်စဉ်စွမ်းအားကို ရပ်တန့်လိုက်သည်။

"တက်စမ်း"

အမိန့်တစ်ချက်ပေးရုံဖြင့် ကျူးယွမ်ဝူ၏ ကျင့်စဉ်စွမ်းအားက နတ်ဝိညာဉ်အဆင့်သို့ ထူးဆန်းစွာ ပြန်ရောက်လာသည်။

ပြိုင်ဘက်သည် ကျူးယွမ်ဝူမှ ကျူးထန်အဖြစ်ပြောင်းသွားပြီဖြစ်ကြောင်း နတ်မယ်က လုယန်ကို သတိပေးသည်။

သူအတော်စိတ်ပျက်သွားသည်။

နတ်ဆိုးနိုင်ငံအကြီးအကဲများ ဘက်လိုက်ခဲ့သည်ကပင် အတော်လွန်နေသည်။ ယခု ကိုယ်တိုင်ပင် ဝင်တိုက်တော့မည်။

နတ်မယ်လည်း သည်းမခံနိုင်။ အင်္ကျီလက်ကိုမ၍ တိုက်ပွဲဝင်ရန် အသင့်ပြင်သည်။

"ကျူးထန်၊ ဒီခွေးသူတောင်းစား၊ သူ့ကိုငါစသိကတည်းက အမြဲတမ်း ဉာဏ်နီဉာဏ်နက်များခဲ့တဲ့ကောင်။

ဒီလောက်ထိတောင် လုပ်ရဲတယ်ပေါ့။ ဘေးဖယ်စမ်း၊ ငါဝင်မယ်"

လုယန် နတ်မယ်ကို စိတ်ကြိုက်တိုက်ခိုက်ခွင့်ပေးလိုက်သည်။

ထိုအချိန်တွင် အရှင်ကျူးထန်က ကျူးယွမ်ဝူကို သိစိတ်နယ်မြေတွင် ဆူပူ‌ငေါက်ငမ်းနေသည်။

"အသုံးမကျတဲ့ကောင်၊ ဒီလိုပြိုင်ဘက်တစ်ယောက်ကိုတောင် နိုင်အောင်မတိုက်နိုင်ဘူး။ မင်းဆရာကိုယ်တိုင် ဝင်ပါရတယ်။ အခုငါဘယ်လိုတိုက်ခိုက်လဲ သေချာကြည့်ထား"

အရှင်ကျူးထန် ကျူးယွမ်ဝမ်ခန္ဓာကိုယ်ဖြင့် ပြန်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ထိုစဉ် ရုတ်တရက် လုယန်၏ လက်သီးချက်က သူ့မျက်နှာပေါ် ပြင်းထန်စွာကျလာသည်။ သူငေးကြောင်သွားသည်။

ထိုသို့ငေးကြောင်နေစဉ် "နတ်မယ်လက်သီး"ဟု အော်သံလိုလိုလည်း သူကြားလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကျူးယွမ်ဝူ အသံတိတ်သွားသည်။ အပိုးကျိုးစွာ သင်ခန်းစာယူနေသည်။

******************************

All Chapters