မကြားဖူးတိုင်း မရှိမဟုတ်
Vol. 41 Ch. 615
နတ်မယ်လက်သီးက မိုးရွာသလို အဆက်မပြတ်ကျလာသည်။ ဘယ်လိုမှကာကွယ်၍မရ။ သူ့ပျော့ကွက်များကိုသိနေဟန်ဖြင့် ပြိုင်ဘက်၏လက်သီးချက်တိုင်းက အားအနည်းဆုံးနေရာကိုထိသည်။ မခံမရပ်နိုင်အောင် နာကျင်သည်။
ပွဲကြည့်ပရိတ်သတ်များက တိုက်ခိုက်သူနှစ်ယောက် လူပြောင်းသွားကြောင်းမသိကြ။ သို့သော် ကျူးယွမ်ဝူ အစောပိုင်းကထက်ပို၍ ဆိုးဆိုးဝါးဝါးရိုက်နှက်ခံနေရသည်ကို အားလုံးမြင်ကြသည်။
ကျူးယွမ်ဝူက သူ့ဆရာ၏လှုပ်ရှားမှုများကို ဇွဲကောင်းကောင်းဖြင့် လေ့လာမှတ်သားနေသည်။ အတော်ပညာရသည်ဟု ထင်မိသည်။ သူ့ဆရာက ထိုသို့သင်ပေးလိုခြင်းဖြစ်လိမ့်မည်။
ကျူးထန် ဘယ်လိုမှကာကွယ်၍ မရသဖြင့် ဗျူဟာပြောင်းသည်။ ကိုယ်ဟန်ပြင်၍ ထိချက်များ နာကျင်မှုသက်သာအောင် ကြိုးစားသည်။
ကျူးထန်တွေးမရသည့်အချက်က ပြိုင်ဘက်၏တိုက်ခိုက်ပုံကို အတော်ရင်းနှီးသလို ခံစားနေရခြင်းဖြစ်သည်။ ရှေးဟောင်းခေတ်က ထိုသို့ရိုက်နှက်ခံရဖူးသည်ဟု ထင်မိသည်။
သို့သော် သေချာပြန်တွေးကြည့်လျှင်လည်း ထိုရန်သူမျိုးကို သူစဉ်းစားမရ။
တကယ်ထူးဆန်းသည်။
နာကျင်မှုကြောင့် သူအော်ညည်းလိုက်ရပြီး အတွေးပြတ်သွားသည်။
ထိုအတိုင်းဆက်သွား၍ မဖြစ်။ လူချင်းခွာပြီးမှ ပြန်တိုက်ခိုက်ရမည်။
တမင်တဟာ ဟာကွက်တစ်ခု သူပြလိုက်ည်။ သူ့အားနည်းချက်ကို နတ်မယ်တိုက်ခိုက်ချင်အောင် မျှားခေါ်သည်။ နတ်မယ်ကလည်း သူထင်ထားသည့်အတိုင်း တိုက်ခိုက်သည်။
အခြေအနေကို လက်လွတ်မခံဘဲ ကျူးထန် ညာဘက်သို့ခုန်ရှောင်လိုက်သည်။
နတ်မယ်ကလည်း ထိုအကွက်ကို ကြိုတွက်ပြီးဖြစ်၍ ညာဘက်သို့လိုက်ခုန်သည်။ ကျူးထန်ကို ဆက်တိုက်ခိုက်သည်။
ကျူးထန်တိုက်ကွက်အားလုံးကို သူခန့်မှန်းနိုင်သည်။
ခုနစ်ကြိမ် ရှစ်ကြိမ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် ကျူးထန် ကောင်းကင်သို့ ပျံတက်နိုင်ခဲ့သည်။ အသက်ဝအောင်ရှူသည်။
နတ်မယ်ကို ခပ်လှမ်းလှမ်းမှကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသည်။
ထိုအကြောက်တရားသည် အရိုက်ခံရသောကြောင့်မဟုတ်။ စိတ်ဝိညာဉ်အတွင်း၌ ကိန်းအောင်းနေသည့် အကြောက်တရားမျိုးဖြစ်သည်။
ထူထဲသည့်ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ခြေလှမ်းပြောင်းသည်။ တောင်ပံလေးခုကို ခတ်လိုက်သည်။ တူရိယာသံများကဲ့သို့ ထူးဆန်းသည့် စည်းချက်တစ်မျိုးပေါ်လာသည်။
လူပေါင်းရာချီ တူရိယာမျိုးစုံ သံစဉ်စုံ တီးမှုတ်နေသည်နှင့် တူသည်။ သို့သော် အတူပေါင်းစပ်လိုက်ချိန်တွင် ပြည့်စုံသည့် တေးသွားတစ်ခု ဖြစ်လာသည်။ ကြိုတင်တီးလုံးတိုက်ထားသကဲ့သို့ရှိသည်။
ထိုပညာသည် သူကျွမ်းကျင်သည့်စွမ်းရည်ဖြစ်သည်။ နတ်ဝိညာဉ်အဆင့်များ ရနိုင်ခဲသည့် အံ့ဖွယ်စွမ်းအားမျိုး ပိုင်ဆိုင်သည်။
ကြီးမားသည့် ဒီရေလှိုင်းတစ်ခု ကောင်းကင်ပလ္လင်အထက်သို့ မြင့်တက်လာသည်။ ကမ္ဘာဖျက်ရေလှိုင်းနှင့် တူသည်။ တိုက်စားနိုင်သည့် အဖျက်စွမ်းအားမျိုး ပါဝင်သည်။
ရေတစ်စက် ထိရုံဖြင့် အရေပြားလောင်ကျွမ်းနိုင်သည်။ ရေလှိုင်းထဲနစ်မြုပ်သွားလျှင် လူတစ်ကိုယ်လုံး ပျောက်ကွယ်သွားမည်။
"သူက ရေကိုဆင့်ခေါ်နေတယ်။ ဘယ်လိုပညာမျိုးသုံးနေတာလဲ။ သိတဲ့လူရှိကြလား"
"ဒဏ္ဍာရီ 'မသေမျိုးအဆုံးသတ်ကကွက်'ထင်တယ်။ အရှင်ကျူးထန်ရဲ့ ပြိုင်ဘက်ကင်းပညာပဲ။ သူတစ်ယောက်ပဲ ဒီပညာကို တတ်ကျွမ်းတယ်။
ဒါက သာမန်ရေလှိုင်းမဟုတ်ဘူး။ ကြယ်ကမ္ဘာတစ်ချို့ကို ဖျက်ဆီးခဲ့ဖူးတဲ့ အဖျက်ကပ်ဆိုးရေလှိုင်းပဲ"
"အရှင်ကျူးထန်က ဒီတပည့်ကို အတော်အလေးထားပုံပဲ"
"ဂိုဏ်းသခင်လုလည်း သာမန်လူမှမဟုတ်တာ။ ကျူးယွမ်ဝူကို အစအဆုံး နှိပ်ကွပ်ခဲ့တာ။ ရှေးဟောင်းခေတ်ရဲ့ တကယ့်ရှားပါးပါရမီရှင်ပါပဲ"
အောက်ဘက်မှ ဆွေးနွေးသံများကြောင့် လုယန် နည်းနည်းစိတ်ပူလာသည်။
"ဒီပညာက 'မသေမျိုးအဆုံးသတ်ကကွက်'ဆိုတော့ အရင်တုန်းက ဒီရေလှိုင်းကြောင့် မသေမျိုးတစ်ဝက်တစ်ယောက် သေခဲ့ဖူးတဲ့သဘောလား"
နတ်မယ်က အတင်းလက်ခါပြသည်။
"နာမည်တင်ပဲ ကြောက်စရာကောင်းတာပါ။ လက်တွေ့မှာ အဲလောက်လည်း အထင်ကြီးစရာမရှိပါဘူး။
သင်တန်းတစ်ခုမှာ ယင်ထန်မသေမျိုး တစ်ခါပြောဖူးတယ်။ ကူးဖြတ်ခြင်းအဆင့် ဒါမှမဟုတ် မသေမျိုးတစ်ဝက်တစ်ယောက်အနေနဲ့ တကယ်တိုက်ခိုက်တဲ့စွမ်းအား ဘယ်လိုပဲရှိရှိ ပညာရပ်နာမည်ကိုတော့ ပြိုင်ဘက်ရှိန်သွားလောက်တဲ့ နာမည်ဖြစ်သင့်တယ်တဲ့။
ငါတော့ ဒီအယူအဆကို မယုံကြည်ပါဘူး။ ပညာရပ်က တကယ်အသုံးဝင်ဖို့ အရေးကြီးဆုံးပဲ။ နာမည်ကတော့ သာမန်နာမည်ဆို လုံလောက်ပါတယ်"
လုယန် "..."
အဖျက်ရေလှိုင်းများ စုဝေး၍ လေထဲတွင် လှည့်ပတ်လှုပ်ရှားနေသည်။ တောင်ပံလေးခုခတ်အားကြောင့် မြန်သထက်မြန်လာသည်။ ရေလှိုင်းထုထည်လည်း တိုးသထက်တိုးလာသည်။
နောက်ဆုံးတွင် တိမ်မည်းများထက် ပိုထူထဲသည့် ကောင်းကင်ဖုံးအုပ်မတတ် ရေထုကြီးဖြစ်လာသည်။
ထိုရေထုကြီးသာ အောက်သို့ရွာချလျှင် ကောင်းကင်ပလ္လင်တစ်ခုလုံး နစ်မြုပ်သွားလိမ့်မည်။
ထိုရေလျှံမှုမျိုးဖြစ်လျှင် ပျံသန်းထွက်ပြေးသူများပင် လွတ်မြောက်မည်မထင်။
"သွားတော့"
ကျူးထန်တောင်ပံလေးဘက်ကိုခတ်လိုက်သည်။ အဖျက်ရေထုက အထိန်းအချုပ်မဲ့သွားပြီး ကောင်းကင်ပလ္လင်ပေါ် အရှိန်ပြင်းစွာအော်မြည်ကျဆင်းလာသည်။
နတ်မယ်က အမူအရာမပျက်။ လေထဲသို့ လက်ညှိုးဆန့်ထုတ်လိုက်သည်။ 'ဖောက်'ခနဲ အသံထွက်လာသည်။ ရုတ်တတရက် လေထဲမှ ရေထုအားလုံး မမြင်နိုင်သည့်လက်တစ်ဘက်ဖြင့် အထက်သို့ ပြန်ရစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။
သူ့ဦးခေါင်းအထက်တွင် ရေအစအနပင်မကျန်ခဲ့။
"နတ်စွမ်းအားပညာလား....ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျူးထန် မျက်လုံးပြူးသွားသည်။
သူဂုဏ်ယူရသည့်ပညာကို အလွယ်တကူချေဖျက်သွားသည်။
ထိုနတ်စွမ်းအားမျိုးသည် သမိုင်းထဲတွင် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ ရှေးဟောင်းကျင့်ကြံသူများသာ သိကြသည်။
သူ့ပြိုင်ဘက်သည် တကယ်ရှေးဟောင်းခေတ်မှလာသူလော...
"ဟာ"
နတ်မယ်၏ ဦးခေါင်းထက်တွင် ရေထုသာ ရှိနေခဲ့သည်မဟုတ်။ ကျူးထန်ကိုယ်တိုင်လည်း ရှိနေသည်။
ယခု သူ့ကိုယ်ထဲမှ ရေဓာတ်များ လျင်မြန်စွာလျော့ပါးနေသည်ကို ခံစားရသည်။ တစ်ကိုယ်လုံး လူသေအလောင်းခြောက်လိုဖြစ်လာသည်။
သူလှုပ်ရှားဖို့ကြိုးစားလျှင် ခန္ဓာကိုယ် တစ်စစီပြုတ်ထွက်သွားလိမ့်မည်။
"နွေဦးအနွေးဓာတ်ပြန်ချိန်...သက်ရှိအားလုံးနိုးထ"
ကျူးထန် နွေဦးတေးသွားကို ကျယ်လောင်စွာရွတ်ဆိုလိုက်သည်။ နွေဦးသည် ပြန်လည်နိုးထခြင်း အသက်ဓာတ်ပြန်ပြည့်ခြင်းကို ကိုယ်စားပြုသည်။
သူနိုးထပြီးနောက် နှစ်နှစ်ရာအတွင်း မူလစွမ်းအားပြန်ရခဲ့သည်မှာ ထိုနွေဦးတေးသွားကြောင့်ဖြစ်သည်။
(**ကျူးထန်တို့တိကျန်းမျိုးနွယ်သည် ဂီတကို ကျွမ်းကျင်သည်။ သူတို့ကျင့်စဉ်ပညာများသည် ဂီတနှင့်ပတ်သက်သည်။
အထက်တွင်သုံးခဲ့သည့် 'မသေမျိုးအဆုံးသတ်ပညာ'ကို 'မသေမျိုးအဆုံးသတ်ကကွက်'ခေါ်သည်။
ကိုယ်လက်အင်္ဂါလှုပ်ရှားလျှင် ကကွက်၊ အသံစွမ်းအားသုံးလျှင် သီချင်း/တေးသွားဟု သတ်မှတ်ခြင်းဖြစ်သည်)
"နင်သီချင်းဆိုတာ ကောင်းသားပဲ"
နတ်မယ် တီးတိုးရေရွတ်သည်။
ကျူးထန်သည် ဩဝါဒတစ်ခုခုမပေးမီ ပတ်ဝန်းကျင်မြူကြွလှုပ်ရှားလာအောင် သီချင်းဆိုလေ့ရှိသည်။
နတ်မယ် လေထဲသို့တက်သွားပြီး တိမ်တိုက်ကိုစီးလျက် ကျူးထန်နှင့် ဆက်၍တိုက်ခိုက်သည်။
'နတ်မယ်လက်သီး'ပညာသည် ခန့်မှန်းမရ။ သဘောတရားအားလုံး လွှမ်းခြုံနေသည်။ ကျူးထန်၏ တိုက်ခိုက်နည်းမျိုးစုံကို နတ်မယ်က ကျင်လည်စွာ ပြန်လည်ခုခံတိုက်ခိုက်သည်။
နတ်မယ်လက်သီးပညာသည် ဆေးပင်လက်သီးပညာမျိုးစုံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဆေးပင်သည် အဆိပ်ဖြစ်နိုင်သည် ဆေးဖြစ်နိုင်သည်။ နတ်မယ်လက်ထဲတွင် ထိုနှစ်ခုကို လိုသလိုပြောင်းလဲနိုင်သည်။
ထို့ပြင် ကျူးထန်က နတ်မယ်၏ တိုက်ခိုက်ပုံကို မေ့နေသည်။ မမေ့ခဲ့လျှင်ပင် နတ်မယ်ကိုရင်ဆိုင်လျှင် သူအပြတ်သတ်ရှုံးမည်သာဖြစ်သည်။
"တော်တော့"
သူစိတ်မထိန်းနိုင်တော့။ သိစိတ်ဝိညာဉ်က သူ့မူလခန္ဓာကိုယ်သို့ ပြန်သွားသည်။ ကျယ်လောင်စွာအော်ဟစ်၍ တိုက်ပွဲကို တားလိုက်သည်။
နတ်ဝိညာဉ်အဆင့်ဆိုသည်က သူနှင့်ဝေးကွာလွန်းသည်။ ထိုအဆင့်တွင် ဘယ်လိုစွမ်းရည်မျိုး အသုံးပြုခဲ့သည်ကို သူမမှတ်မိတော့။ ဂိုဏ်းသခင်လေးလုကို သူအနိုင်မယူနိုင်။
တောင်ကုန်းငယ်တစ်ခုစာအရွယ်ရှိသည့် ကျူးထန်က တောင်ပံလေးခုကိုလှုပ်ရှားလိုက်သည်။ လေလှိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ကောင်းကင်ပလ္လင်ဆီ ပျံသန်းသွားသည်။
လေလှိုင်းက ဘေးပတ်လည်မှလူများကို ရိုက်ခတ်သည်။ လူတစ်ချို့ လွင့်ထွက်သွားသည်။
ကူးဖြတ်ခြင်းနတ်ဆိုးဆယ်ယောက် သူ့နောက်မှကပ်လိုက်သွားပြီး လုယန်ကို ဝိုင်းထားကြသည်။
ကျူးထန်က အေးစက်စက်ပြုံး၍ လုယန်ကို သေလူတစ်ယောက်လို စိုက်ကြည့်သည်။
"ငါက ရှေးဟောင်းခေတ်မှာ အုပ်စိုးခဲ့တဲ့အဓိပဓိပါ။ ဘာကောင်းကင်ရုံးတော်မှ ငါမကြားဖူးဘူး။
ကောင်လေး၊ မင်းတို့က မရှိတဲ့ကောင်းကင်ရုံးတော်ကို တီထွင်တယ်။ ဂိုဏ်းသခင်လေးလုဆိုပြီး ကြေညာတယ်။ ဒါဟာ ရှေးဟောင်းခေတ်ရဲ့ နာမည်ဂုဏ်ကို ဖျက်ဆီးတာပဲ။
ငါ့လိုလူကို မျက်လုံးထဲမထည့်တဲ့သဘောလား။
မင်းရဲ့ကျင့်စဉ်လမ်းခက်ခဲမှာစိုးလို့ ငါမင်းရဲ့သရုပ်မှန်ကို မဖော်ထုတ်ချင်ခဲ့ဘူး။ ဒါပေမယ့်မင်းက နိုင်ငံတည်အခမ်းအနားပွဲကို အထပ်ထပ်နှောက်ယှက်တယ်။ ဒါဟာနတ်ဆိုးမျိုးနွယ်ကို မလေးမစားလုပ်တာပဲ။ နတ်ဆိုးနယ်မြေကို မလေးမစားလုပ်တာပဲ"
ကျူးထန်စကားကြောင့် အောက်ဘက်မှလူအုပ် ပွက်လောရိုက်သွားသည်။
"ရှေးဟောင်းခေတ်မှာ ကောင်းကင်ရုံးတော်မရှိဘူးတဲ့လား"
"ကောင်းကင်ရုံးတော်ဂိုဏ်းက အတုပေါ့"
"ဒါဆို ဒီဂိုဏ်းသခင်လေးလုဆိုတာ ဘယ်သူလဲ"
"မဖြစ်နိုင်ပါဘူး။ ကောင်းကင်ရုံးတော်ဂိုဏ်းက အတုဆိုရင် မဟာယုကျင့်ကြံသူကို အနိုင်ယူခဲ့တဲ့ ကောင်းကင်ပဲဝါအရှင်ကိုလည်း အတုလို့ပြောသလိုဖြစ်မသွားဘူးလား"
"ဘာမဖြစ်နိုင်စရာရှိလဲ။ ဒါက လူထုကိုလှည့်စားဖို့ မဟာယုကျင့်ကြံသူတွေ သူတို့ဘာသာ ဇာတ်လမ်းဆင်ထားတာလည်း ဖြစ်နိုင်တာပဲ"
"အရှင်ကျူးထန်က ဘယ်လိုလူလဲ စဉ်းစားဦးလေ။ ဒီကိစ္စမျိုးမှာတော့ လူတွေကိုသူလိမ်မှာမဟုတ်ဘူး"
မူပိုင်ယိနှင့် ကျောက်ရိုးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ သူ့တို့စိတ်ထဲတွင် သံသယများမြင့်တက်လာသည်။
ကောင်းကင်ရုံးတော်သည် အတုလော။
ဘယ်လိုဖြစ်နိုင်မည်နည်း။
သို့ဆိုလျှင် သူတို့နှင့် ပူးပေါင်းထားသူသည် ဘယ်လိုနောက်ခံမျိုးရှိသနည်း။
သို့သော် အရှင်ကျူးထန်စကားကလည်း ရှိနေသည်။ သူ့စကားကို မယုံ၍မဖြစ်။
"ငါတို့ လှည့်စားခံလိုက်ရတာများလား"
အားလုံး ဆွေးနွေးနေကြသည်။
ထိုစဉ် အေးစက်စက်စကားသံတစ်ခု နတ်ဆိုးမြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ လောကကြီးကို အရေးမစိုက်ဘဲ ကျူးထန်၏စကားကို လှောင်ရယ်နေသလိုရှိသည်။
"ကျူးထန်၊ နင်မကြားဖူးရုံနဲ့ ကောင်းကင်ရုံးတော်မရှိတော့ဘူးတဲ့လား"
"ဘယ်သူပြောနေတာလဲကွ"
ကျူးထန် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စစ်ဆေးကြည့်သည်။ ဝိညာဉ်အာရုံကိုဖြန့်သည်။ ထိုစကားသံက ခြောက်ခြားစရာကောင်းလောက်အောင် ရင်းနှီးနေသည်။
ခေါင်းစွပ်ဝတ်ရုံနက်လူတစ်ယောက် ကောင်းကင်ပလ္လင်ပေါ်ပျံတက်လာပြီး လုယန်ရှေ့တွင် ကာကွယ်လိုက်သည်။
"မင်းဘယ်သူလဲ"
ကျူးထန် သတိမပြတ်။ ဝတ်ရုံနက်ကိုကြည့်ရင်း သူ့စိတ်ထဲ လေးလံလာသည်။
ဝတ်ရုံနက်က ခေါင်းစွပ်ကိုချွတ်လိုက်သည်။ ပြိုင်ဘက်ကင်းအောင်လှပသည့် မျက်နှာတစ်ခုပေါ်လာသည်။
ထိုအလှပိုင်ရှင်က ကျူးထန်ကို အပြုံးမဟုတ်သည့်အပြုံးဖြင့် ကြည့်နေသည်။ သူ့အကြည့်တွင် မခိုးမခန့်ရိပ် အထင်သေးရိပ် ပြည့်နေသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ တောင်ဝင်ကာကွယ်သူလေးယောက်ထဲကတစ်ယောက်။ တောင်ဝင်ရိုးစွန်းဖီးနစ်အင်ပါယာအရှင်မ ကျန်းလျန်ယိပါ"
*******************************